အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈) ရင်းနှီးနေသော နာမည်တစ်ခု
ချ။
ချူဟန် လုံးဝ မမှတ်မိသော အမျိုးသမီး ဖြစ်သည်။ ဒီမိန်းမက တစ်ချိန်က မောက်မာခဲ့ဖူးတာလား။ ရှန်ကျိုတီ သို့မဟုတ် ပိုင်ယွန့်အာ တို့နှင့် နှိုင်းယှဉ်လျှင် အဝေးကြီး ကွာဟနေသေးသည်။ နတ်ဘုရားမတစ်ပါးနဲ့ ဒုက္ခသည်တစ်ယောက်ကြားက ကွာဟချက်ဆိုတာ ဒါမျိုးဖြစ်ပုံ ရသည်။
"ငါ မကန်းသေးဘူး"
ချူဟန်၏ ထိုစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆူညံနေသော နေရာလေးမှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ ပေါ်တင် လှောင်ပြောင်ခံလိုက်ရသော ရှုဝမ်ယန်မှာ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များကြောင့် မျက်နှာ ရှုံ့မဲ့သွားလေသည်။
"မကန်းဘူး ဟုတ်လား... ဘာအဓိပ္ပာယ်လဲ… ရှင်က ကျွန်မကို အထင်သေးနေတာလား"
ရှုဝမ်ယန်မှာ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး နားကွဲမတတ် စူးရှစွာ အော်ဟစ်လိုက်သည်။
"ရှင်က ဘာကောင်မို့လို့လဲ... ဒီကောင်စုတ်လေးကများ... သိပ်ပြီး အထင်ကြီးမနေနဲ့"
"တော်တော့... ဆူညံလွန်းလို့ နားတွေတောင် အူလာပြီ"
ချန်ယွီဖေးက စိတ်ရှုပ်စွာနဲ့ ရှုဝမ်ယန်ရဲ့စကားကို ဖြတ်ပြောလိုက်သည်။ ဒီအချိန်မှာပဲ ချန်ယွီဖေးရဲ့ တပည့်တစ်ယောက်က ချူဟန်ကို လက်ညှိုးထိုးပြီး အသံကျယ်ကြီးနဲ့ အော်ပြောလိုက်သည်။
"အစ်ကိုချန်... ဒီကောင်ပဲ ကျွန်တော်တို့ နယ်မြေထဲ ဝင်လာပြီး ကျွန်တော့်သေနတ်ကို လုသွားတာ… အခု သူ့လက်ထဲက သေနတ်က ကျွန်တော့်ဟာပဲ… ပြီးတော့ ဝေကျွင်းချိုက်ကိုလည်း သတ်ပစ်လိုက်တယ်"
"ဟင်... ဟုတ်လား ဟေ့ကောင်... ဒီကိစ္စကို ဘယ်လို ဖြေရှင်းပေးမလဲ"
ချန်ယွီဖေးက မောက်မာစွာ ပြုမူလိုက်ပြီး ချူဟန်အား လူကြီးတစ်ယောက်၏ သဘောထားကြီးမှုမျိုးကို ပြသသည့်အနေဖြင့် အခွင့်အရေး ပေးလိုက်သည်။
ချူဟန်က လက်ထဲရှိ သေနတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အား ရိုင်းပျစွာ လက်ညှိုးထိုးနေသော လူငယ်လေးကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ ချန်ယွီဖေးကို ပြတ်သားစွာ ပြောလိုက်သည်။
"လုယူတာ မဟုတ်ဘူး၊ ငါ့ပစ္စည်း ဖြစ်သွားတာပဲ တစ်ခါရပြီးသား ပစ္စည်းကို ဘယ်တော့မှ ပြန်ပေးလေ့မရှိဘူး။ လူသတ်တာ ဟုတ်လား... ငါ့ကို သတ်ချင်တဲ့ကောင်ကို ပြန်သတ်တာ ဘာဆန်းလို့လဲ"
ထိုထူးဆန်းသော အကြောင်းပြချက်ကြောင့် ဘေးရှိလူများမှာ ဆွံ့အသွားကြသည်။ ချူဟန်ကို အရူးတစ်ယောက်လို ဝိုင်းကြည့်ကြတော့သည်။
"ဟေ့... နောက်နေတာလားကွ ဟားဟားဟား"
"ရယ်ရလွန်းလို့ ဗိုက်တောင် နာလာပြီ… ဒီကောင် ဘယ်သူနဲ့ စကားပြောနေလဲဆိုတာကော သိရဲ့လားမသိဘူး"
"အစ်ကိုချန်ကို ဒီလို လေလုံးထွားရဲတဲ့ကောင် ပထမဆုံး အကြိမ် မြင်ဖူးတာပဲ"
"ဒီကောင် ဒီနေ့ ငရဲပြည် သွားရတော့မယ်"
ပတ်ဝန်းကျင်မှ လှောင်ပြောင်သံများ ထွက်ပေါ်နေပြီး ချူဟန်က ခံစားချက်မဲ့စွာ အေးစက်စက် ရပ်နေစဉ်မှာပင် အမျိုးသား တစ်ဦးထံမှ အံ့အားသင့်ဖွယ် အော်သံတစ်သံ ထွက်ပေါ်လာသည်။
"ချူဟန်... မင်းက ချူဟန်လား"
ထိုအသည်းအသန် အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ အားလုံး၏ အကြည့်များက ထောင့်တစ်နေရာမှ လျှောက်လာသော အသက်နှစ်ဆယ်အရွယ် လူငယ်လေးထံသို့ ရောက်ရှိသွားသည်။ အဝတ်အစားများမှာ မလျှော်ထားသကဲ့သို့ ညစ်ပတ်နေပြီး၊ သန်းများ မတွယ်စေရန် ဆံပင်ကို ပြောင်နေအောင် ရိတ်ထားပုံရသည်။
"လီလန်ရှန်... မင်းက ဒီကောင်နဲ့ သိနေတာလား"
ချန်ယွီဖေး မျက်မှောင်ကြုတ်သွားသည်။
"အစ်ကိုချန်... ဒီကောင်က ကျွန်တော်နဲ့ တစ်ရွာတည်းသားပါ"
လီလန်ရှန်ဟု ခေါ်သော လူငယ်က ချန်ယွီဖေးကို ရိုသေစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ချူဟန်ကို စိုးရိမ်တကြီးဖြင့် လှမ်းပြောလိုက်သည်။
"ချူဟန်... မင်း အခုချက်ချင်း အစ်ကိုချန် ကို တောင်းပန်လိုက်စမ်း"
ချူဟန်က ရှေ့ရှိ လူငယ်ကို စိုက်ကြည့်ရင်း ဝေးကွာနေပြီဖြစ်သော မှတ်ဉာဏ်များကို ပြန်လည် ဆွဲထုတ်လိုက်သည်။
လီလန်ရှန်... လန်ရှန်လား။
"မင်းက... လန်ရှန်လား"
ချူဟန်၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။ အန်းလော်မြို့ရှိ တိုက်ခန်းတစ်ခုတည်းတွင် နေထိုင်ခဲ့ဖူးသော အိမ်နီးချင်း ဖြစ်သည်။ အတိတ်ဘဝက ဆယ်နှစ်တာ ကာလအတွင်း တစ်ကြိမ်မျှ မတွေ့ခဲ့ရသဖြင့် မေ့လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။
"ငါလေကွာ"
လီလန်ရှန်မှာ တစ်ရွာတည်းသားနှင့် ပြန်လည်ဆုံတွေ့ရသဖြင့် စိတ်လှုပ်ရှားနေသော်လည်း ချက်ချင်းပင် မျက်နှာထား တင်းမာသွားသည်။
"ဘယ်နှခါ ပြောရမလဲ... ငါ့ကို လန်ရှန်လို့ မခေါ်ပါနဲ့ဆို"
"တကယ်ပဲ သိနေကြတာလား"
ချန်ယွီဖေးက သူတို့နှစ်ဦးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဟုတ်ပါတယ် အစ်ကိုချန်… ဒီကိစ္စကို ကျွန်တော့်မျက်နှာ ထောက်ပြီး ခွင့်လွှတ်ပေးလိုက်ပါဗျာ"
လီလန်ရှန်က ချူဟန်ထံသို့ အသည်းအသန် မျက်ရိပ်ပြရင်း နှိမ့်ချစွာ တောင်းပန်လိုက်သည်။
"ချူဟန်... မြန်မြန် တောင်းပန်လိုက်လေ"
ချန်ယွီဖေးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"တစ်ရွာတည်းသားဆိုတော့လည်း ငါ့တပည့် မျက်နှာကို ထောက်ရမှာပေါ့… ချူဟန်... နောက်ဆိုရင် မင်းကို ငါ စောင့်ရှောက်ပေးမယ်… အခုချက်ချင်း ဒူးထောက် တောင်းပန်ရင် ဒီနေ့ကိစ္စကို အပြစ်မယူတော့ဘူး... အဲဒီအစား နောက်တစ်လလုံး အခြားသူတွေထက် စားစရာ နှစ်ဆ ပေးရမယ်... အဲဒါဆို သဘောတူတယ်"
ဒူးထောက်ရမယ်။ တောင်းပန်ရမယ်…ဟုတ်လား။
ချူဟန်၏ မျက်ဝန်းများတွင် ရိုင်းစိုင်းကြမ်းကြုတ်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ဘဝပေါင်းများစွာ ပြန်လည်မွေးဖွားလာခဲ့သော်လည်း အတိတ်ဘဝ၏ မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားကြည့်လျှင် မည်သူ့ရှေ့တွင်မျှ ဒူးထောက်ခဲ့ဖူးခြင်း မရှိပေ။
"ချူဟန်... ခေါင်းမာမနေစမ်းနဲ့"
ချူဟန် ငြိမ်သက်နေသည်ကို မြင်သောအခါ လီလန်ရှန်မှာ စိုးရိမ်တကြီး ဆက်လက် ဖျောင်းဖျနေသည်။
"သေချာ စဉ်းစားစမ်းပါ… အသက်နဲ့ ဂုဏ်သိက္ခာ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ"
ချူဟန်က ချန်ယွီဖေးကို တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်သည်။
"တစ်ကြိမ်ပဲ ပြောမယ်… မင်း တောင်းပန်မယ်ဆိုရင် မင်းရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးမယ်"
တစ်ရွာတည်းသားဖြစ်သူ နောက်လိုက်လုပ်နေသော ခေါင်းဆောင် ဖြစ်သည်။ ဖြစ်နိုင်ပါက အကြောင်းမဲ့ သွေးထွက်သံယို ဖြစ်ခြင်းကို ရှောင်ရှားချင်သည်။
ထိုနေရာရှိ လူအားလုံးမှာ မေးရိုးများ ပြုတ်ကျတော့မတတ် အလွန်အမင်း အံ့အားသင့်သွားကြသည်။ ချူဟန်က တကယ်ပဲ ဘာတွေ ပြောနေတာလဲ။ လီလန်ရှန် တစ်ယောက်လုံး အံ့အားသင့်သွားပြီး၊ အလွန်အမင်း ကြောက်လန့်သွားကာ၊ ချန်ယွီဖေးကို အလျင်အမြန် ပြာပြာသလဲ ပြောလိုက်သည်။
"အစ်ကို... အစ်ကိုချန် စိတ်ထဲ မထားပါနဲ့ဗျာ… ဒီကောင် နည်းနည်း ရူးနေလို့ပါ"
ပြောပြီးနောက်၊ လီလန်ရှန်က ချူဟန်ကို မျက်စပစ်ပြနေသည်။
'မြန်မြန် အရူးဟန်ဆောင်လိုက်'
ချူဟန်က လီလန်ရှန်ကို စိုက်ကြည့်လိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူ၏ အသက်အန္တရာယ်ကို စိုးရိမ်ပူပန်ပေးနေသေးသဖြင့် အသုံးမကျသူတော့ မဟုတ်ပေ။
"ဘာ... ရူးနေတယ် ဟုတ်လား"
ချန်ယွီဖေး၏ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။
"ခေါင်းသိပ်မကောင်းမှတော့ အသက်ရှင်ထားပြီး ဘာလုပ်မှာလဲ… သတ်လိုက်"
အမိန့်ပေးသံနှင့်အတူ လူအချို့က အေးစက်စက် လှောင်ပြုံးများဖြင့် ချူဟန်ထံ ချဉ်းကပ်လာကြသည်။
ထိုစဉ်မှာပင်...
" ချူဟန်... ဒီနာမည် ငါတို့နဲ့ ရင်းနှီးနေသလိုပဲနော်"
ပါးဖောင်းဖောင်းနှင့် လူတစ်ယောက်သည် ခေါင်းကုတ်ကာ စဉ်းစားနေပြီးနောက် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားသည်။
"ဟုတ်ပြီ… တိုက်ခိုက်မှု အဆင့်သတ်မှတ်ချက်စာရင်းပဲ"
အဆင့်သတ်မှတ်ချက်စာရင်း ဟုတ်လား။
ထိုစကားကြောင့် အားလုံး၏ လှုပ်ရှားမှုများ ရပ်တန့်သွားကြသည်။
အဆင့်(၁) စွမ်းအားအဆင့်သတ်မှတ်ချက် စာရင်း။ ၎င်း၏ ထိပ်ဆုံးတွင် လွှမ်းမိုးထားသော အမျိုးသား၏ နာမည်သည် တကယ်ပင် ချူဟန် ဖြစ်သည်။
"ချူဟန်… အသက်(၂၀)… အကဲဖြတ်ချက် S+… အစွမ်း (ဆင့်ကဲပြောင်းလဲသူ)… အဆင့် နံပါတ်(၁)” “
တစ်စုံတစ်ယောက်က တုန်ယင်နေသော အသံဖြင့် ထိုအချက်အလက်များကို ရေရွတ်လိုက်သည်။
တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပေါက်ကွဲသွားသည့်အလား ဆူညံသံများက စူပါမားကတ် အတွင်းသို့ ဖုံးလွှမ်းသွားတော့သည်။
"တကယ်ကြီးလား... ဒီကောင်က အဲဒီလူလား"
"တစ်ယောက်ယောက် ငါ့ပါးကို ရိုက်ကြည့်စမ်းပါ"
"အဆင့်(၁) တိုက်ခိုက်ရေးစွမ်းအားရှင် စာရင်းမှာ နံပါတ်(၁)ချိတ်နေတဲ့သူလေ"
"ငါဆိုရင် အဆင့် နှစ်သောင်းအောက်မှာတောင် ရှိတာ"
"ဟေ့... တကယ်ပဲ နာမည် ပါနေတာလား"
"မဖြစ်နိုင်တာ... နံပါတ်(၁) တဲ့... ငါ သေရတော့မှာလား"
လီလန်ရှန်မှာ ငေးမောကာ မတ်တတ်ရပ်နေမိသည်။ သူကိုယ်တိုင် ထိုအဆင့်သတ်မှတ်ချက်စာရင်းကို ကြည့်ဖူးသော်လည်း၊ ပထမနေရာက ချူဟန်နှင့် သူသိကျွမ်းသော ချူဟန်တို့ကို မည်သို့မျှ ဆက်စပ်၍ မရခဲ့ပေ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
အခွင့်အရေးရပါက ချူဟန်ကို နှိပ်စက်ကာ ဒေါသဖြေရန် ကြံရွယ်ထားသော ရှုဝမ်ယန်မှာလည်း ထိုနေရာတွင်ပင် ဆွံ့အသွားတော့သည်။ သူမက ဤအမျိုးသားကို အကြိမ်ကြိမ် စိန်ခေါ်စော်ကားခဲ့သည် မဟုတ်ပါလား။ တိုက်ခိုက်ရေးစွမ်းရည် သုညဟု ထင်ရသော ဤလူငယ်လေးသည် အဘယ်ကြောင့် ဒဏ္ဍာရီလာ အဆင့်(၁) ပုဂ္ဂိုလ် ဖြစ်နေရသနည်း။
ချန်ယွီဖေးလည်း တွေးတောနိုင်စွမ်းများ ရပ်တန့်သွားသည်။ နံပါတ်(၁) ဟူသော ဂုဏ်ပုဒ်၏ ကြီးမားလှသော အလေးချိန်ကို သူလည်း နက်နက်ရှိုင်းရှိုင်း နားလည်ထားပေသည်။ သူ၏ လက်အောက်တွင်လည်း ဆင့်ကဲပြောင်းလဲသူ အများအပြား ရှိသော်လည်း ကျောက်နံရံကြီး၏ အကဲဖြတ်မှုများကို ဝင်ရောက်ယှဉ်ပြိုင်ကြည့်တိုင်း အားလုံးမှာ စာရင်း၏ အောက်ဆုံးအဆင့်များ၌သာ နစ်မွန်းကာ ပြန်လာခဲ့ကြရသည်။
"မင်းက အဲ့ဒီ ချူဟန်လား... အဆင့် ၁ တိုက်ခိုက်ရေးစွမ်းအားရှင် စာရင်းမှာ နံပါတ်တစ်ဖြစ်နေတဲ့ ချူဟန်လား"
နာမည်တူ လူကွဲဆိုတာမျိုးကလည်း ရှိနိုင်သေးသည်မို့ ချန်ယွီဖေးမှာ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မယုံနိုင်စွာဖြင့် ထပ်မေးလိုက်မိသည်။ နာမည်တူနေခြင်းသာ ဖြစ်လိမ့်မည်ဟူသော ဖြစ်နိုင်စွမ်းကို မျှော်လင့်ချင်နေပုံရသည်။
လီလန်ရှန်မှာ အံ့အားသင့်မှုမှ ပြန်လည်မနိုးထလာနိုင်သေးဘဲ မည်သည့်စကားမျှ မပြောနိုင်ပေ။
"အင်း... ဟုတ်လောက်မယ်"
ချူဟန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ အကဲဖြတ် ကျောက်နံရံကြီးတွင် စံချိန်သစ် တင်ပြီးနောက် မည်သူကမျှ ကျော်တက်မသွားသေးပါက အဆင့်မှာ ထိုအတိုင်းပင် တည်ရှိနေဦးမည် ဖြစ်သည်။ ချန်ယွီဖေး မျက်ဝန်းများတွင် ရည်မှန်းချက်ကြီးမားသော အရောင်များ တောက်ပလာပြီး ချူဟန်ကို သွေးဆောင်ရန် ပါးစပ်ဟလိုက်ချိန်မှာပင် ချူဟန် ထပ်မံ ပြောလိုက်သော စကားကြောင့် ချန်ယွီဖေး၏ မျက်နှာမှာ ဖြူရော်သွားတော့သည်။
" မင်း တောင်းပန်မှာလား… မတောင်းပန်ဘူးလား… ငါ စောင့်နေတယ်… ငါ့အချိန်တွေကို အလကား မဖြုန်းနဲ့"