← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း (၁၉၉) နာကျင်မှုမရှိဘဲ သတ်ပေးမယ်

"တောင်းပန်မှာလား"

"စောင့်နေတယ်နော်"

"အချိန်မဖြုန်းစမ်းနဲ့"

ထိုထိတ်လန့်ဖွယ် စကားသုံးခွန်းကြောင့် ဆူညံနေသော နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ လူတိုင်းက စိုးရိမ်တကြီး အသက်အောင့်ထားလိုက်ကြသည်။ ချူဟန်၏ အလွန်ရိုင်းစိုင်းပြီး အထက်စီးဆန်လွန်းသော အပြုအမူကြောင့် သူတို့အားလုံး အသိစိတ်လွတ်သွားကြသည်။ သေနတ်ကိုလုယူကာ အပေါင်းအပါများကို သတ်ဖြတ်ခဲ့သည့်အပြင် ချန်ယွီဖေးကိုပါ တောင်းပန်ခိုင်းနေသေးသည်။

လီလန်ရှန်သည် အစပိုင်းတွင် ဆွံ့အသွားခဲ့သော်လည်း ချက်ချင်းပင် ချွေးများ ရွှဲနစ်လာကာ အထိတ်တလန့် အော်ပြောလိုက်သည်။

"ချူဟန်... ရပ်လိုက်တော့။ မင်း..."

"ပါးစပ်ပိတ်ထားစမ်း"

ချန်ယွီဖေးက လီလန်ရှန်၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး ချူဟန်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ကောင်လေး... မင်းက အဆင့်(၁) တိုက်ခိုက်ရေးစွမ်းရည်စာရင်းမှာ နံပါတ်(၁) ဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် အရမ်းတော်လှပြီ ထင်နေတာလား… မင်းက အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ပဲ ရှိသေးတယ်… အဆင့်(၁) တွေကြားထဲမှာတော့ မင်းက ထိပ်ဆုံးက ဖြစ်နေနိုင်ပေမဲ့ ဝမ်းနည်းစရာပဲကွာ… ငါ ချန်ယွီဖေးက အဆင့်(၂)ဆင့်ကဲပြောင်းလဲသူကွ"

အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ။

လီလန်ရှန်က အဆက်မပြတ် ခေါင်းညိတ်ပြလိုက်ပြီး ချန်ယွီဖေး၏ လူသတ်ချင်နေသော အကြည့်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချူဟန်ကို အမြန်လှမ်းပြောလိုက်သည်။

"ချူဟန်... မြန်မြန် တောင်းပန်လိုက်ပါ။ ချန်အစ်ကိုကြီးက အဆင့်(၂) ကွ"

ချန်ယွီဖေးက မာနထောင်လွှားစွာဖြင့် ရင်ကော့လိုက်သည်။ "ကြောက်သွားပြီလား… လူတစ်ယောက်ထက် ပိုတော်တဲ့သူ ရှိသလို၊ တောင်တစ်တောင်ထက် ပိုမြင့်တဲ့တောင် ရှိတယ်ဆိုတဲ့ စကားကို မကြားဖူးဘူးလား… ငါက အဆင့်(၂) ကွ… မင်းကရော ဘာလဲ… သာမန် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူလေးပဲ မဟုတ်ဘူးလား"

လူတိုင်းက အသက်ကိုပြင်းပြင်းမရှူရဲဘဲ ချူဟန်၏ မျက်နှာကိုသာ စူးစိုက်ကြည့်နေကြသည်။ သူ လန့်ဖြန့်သွားမည့် အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ သို့သော် သူတို့ ထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ချူဟန်က ခေါင်းလေးစောင်းကာ မေးလိုက်သည်။

"ပြီးတော့ရော"

ပြီးတော့ရော ဟုတ်လား။ ပြီးတော့ရော ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အားလုံး ဆွံ့အသွားကြသည်။ ချူဟန်၏ ပါးစပ်မှ ထိုသို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ ဘေးတွင်ရှိနေသော လီလန်ရှန်သည် ချူဟန်၏ မျက်နှာကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ သူနှင့် တစ်ရွာတည်းသားဖြစ်သော ဤလူငယ်သည် တကယ်ပဲ ရူးနေတာလား။

ချန်ယွီဖေးသည်လည်း မယုံကြည်နိုင်သော အမူအရာဖြင့် ချူဟန်ကို စူးစိုက်ကြည့်လိုက်သည်။

"မင်း နားလေးနေတာလား… ခုနလေးတင် ငါပြောလိုက်တယ်လေ၊ ငါက အဆင့်(၂) ဆင့်ကဲပြောင်းလဲသူလို့"

နောက်ဆုံး စကားစုကို အော်ဟစ်လိုက်ခြင်းပင် ဖြစ်သည်။

ချူဟန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ချန်ယွီဖေးတစ်ယောက် ထိုခေါင်းညိတ်ပြခြင်း၏ အဓိပ္ပာယ်ကို နားလည်သွားရန် အချိန်ပင်မပေးဘဲ ထပ်မေးလိုက်ပြန်သည်။

"အဲဒီတော့"

အဲဒီတော့။ ဘာဖြစ်လဲ။ ပြီးတော့ ဘာဖြစ်လဲ။ မင်းက အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူက အဲဒီလောက်တောင် အရေးပါနေလို့လား။

ဟာ...

ချူဟန်၏ အပြုအမူကြောင့် ထိုနေရာတစ်ခုလုံး ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"ဒီကောင်က အဆင့်(၁) နဲ့ (၂) ရဲ့ ကွာခြားချက်ကို နားမလည်တာလား"

"စာမတတ်တာလား… တကယ်ပဲ ရူးနေတာလား"

"ဟေ့ကောင်... မင်းက အရမ်း အထင်သေးလွန်းနေပြီ"

"အစ်ကိုကြီးချန်က အဆင့်(၂) တိုက်ခိုက်ရေးစွမ်းရည်စာရင်းမှာ အဆင့်(၉၀) ရှိတာကွ"

"အဲဒီကောင်က အဆင့်(၁) ဆိုတာ အမြင့်ဆုံးလို့ ထင်နေတာလား"

"ရေတွင်းထဲက ဖားပါလား…မာနထောင်လွှားလွန်းတာပဲ"

လက်အောက်ငယ်သားများ၏ စကားကို ကြားလိုက်ရချိန်တွင် မိမိအပေါ် ချီးကျူးမှုများနှင့် ချူဟန်အပေါ် လှောင်ပြောင်မှုများကြောင့် ချန်ယွီဖေးမှာ ဖော်ပြ၍မရအောင် ကျေနပ်သွားတော့သည်။ သူ၏ အမြင်တွင် ချူဟန်သည် ကိုယ့်အဆင့်ကိုယ်မသိဘဲ သေလမ်းရှာနေသည်ဟုသာ ထင်မြင်နေမိသည်။ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဟုတ်လား။ အဆင့်(၁) စာရင်းမှာ နံပါတ်တစ် ဟုတ်လား။ အဲဒါတွေက အဆင့်(၁) ရဲ့ ဘောင်ထဲမှာပဲ ရှိသေးသည်။ သူက အဆင့်(၂) ဖြစ်သည့်အပြင် အဆင့်(၂) တိုက်ခိုက်ရေးစွမ်းရည်စာရင်း၏ ထိပ်ဆုံး အယောက်တစ်ရာစာရင်းဝင် အစွမ်းထက်သူတစ်ဦး ဖြစ်သည်။

ချူဟန်သည် အဆင့်(၁) တွင် မည်မျှပင် အစွမ်းထက်နေပါစေ အရေးမကြီးပေ။ အဆင့်(၂) ဖြစ်သော သူ့ကို အနိုင်ယူနိုင်စရာ အကြောင်းမရှိပေ။ ဆင့်ကဲပြောင်းလဲသူများ၏ အဆင့်များကို ဤမျှ တိတိကျကျ ခွဲခြားထားခြင်းမှာ အားကြီးသူနှင့် အားနည်းသူကို ခွဲခြားနိုင်ရန်အတွက်ပင် ဖြစ်သည်။ လီလန်ရှန်မှာ ဘာလုပ်ရမှန်း မသိတော့ပေ။ ချူဟန်က ဤမျှ ပြဿနာရှာတတ်သူမှန်း သူ အခုမှ သိလိုက်ရသည်။ အဆင့်(၁) နှင့် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ နှစ်ယောက်တွင် မည်သူက ပို၍အစွမ်းထက်သနည်း ဆိုသည်ကို တွေးကြည့်စရာပင် မလိုပေ။

" အဆင့်(၁) စာရင်းဝင် ဆိုတာကို အားကိုးပြီး မာနကြီးနေတာလား…အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း..."

ချန်ယွီဖေးက အေးစက်စက် ပြုံးလျက် ချူဟန်ကို ငုံ့ကြည့်လိုက်ပြီး သူ၏ လက်ထဲရှိ ဓားရှည်ကြီးက အေးစက်စွာ တောက်ပနေသည်။

"နာကျင်မှုမရှိဘဲ သတ်ပေးမယ်"

"ချန်အစ်ကိုကြီး"

လီလန်ရှန်က အလျင်အမြန် ဝင်ရောက် တောင်းပန်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်...

ချူဟန်၏ အသံ ထွက်ပေါ်လာသည်။ ယခင်က ပျင်းရိပျင်းတွဲ အသံမျိုး မဟုတ်တော့ဘဲ အလွန် အေးစက်သွားလေသည်။

"နာကျင်မှုမရှိဘဲ သတ်ပေးမယ် ဟုတ်လား"

"ဒါပေါ့"

ချန်ယွီဖေး၏ မျက်လုံးများတွင် လူသတ်ချင်စိတ်များ လွှမ်းမိုးနေသည်။

"ဒီနေ့ ဒီစူပါမားကတ်ထဲကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ် မထင်နဲ့…ငါ့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို မခံချင်ဘူးဆိုရင်… ဒူးထောက်လိုက်တာ အကောင်းဆုံးပဲ..."

ဒုန်း...

ရုတ်တရက် တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာပြီး ချန်ယွီဖေး၏ စကားကို ဖြတ်တောက်လိုက်သည်။ အလွန် ရုတ်တရက်ဆန်ပြီး မျှော်လင့်မထားသော အသံကြောင့် လူတိုင်း လန့်ဖျပ်သွားကြကာ ဘာဖြစ်သွားမှန်းမသိဘဲ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သို့သော် နောက်တစ်စက္ကန့်တွင်တော့...

ချန်ယွီဖေးသည် ကြမ်းပြင်ပေါ်သို့ ရုတ်တရက် ဒူးထောက်ကျသွားတော့သည်။ သူ၏ မျက်လုံးများမှာ အစွမ်းကုန် ပြူးကျယ်နေပြီး လည်ချောင်းထဲတွင် တစ်ခုခု ဆို့နေသကဲ့သို့ အသံထွက်မလာနိုင်တော့ပေ။ သွားများကြားမှ သွေးများ စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ တောက်တောက်ကျနေလေသည်။ ထိုအနီရောင် သွေးများက မျက်စိထဲတွင် မြင်မကောင်းလောက်အောင်ပင်။

ဤရုတ်တရက်ဆန်ပြီး ထူးဆန်းသော မြင်ကွင်းကြောင့် စူပါမားကတ်တစ်ခုလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ မျက်မြင်တွေ့ရှိသူ အားလုံးမှာ အလွန်အမင်း ကြောက်ရွံ့သွားသဖြင့် အသံပင် မထွက်နိုင်တော့ပေ။ သူတို့ အမြင်မှားနေတာများလား။

ခုနလေးတင် ဘာဖြစ်သွားတာလဲ။

ဘယ်အချိန်ကတည်းက မှန်းမသိ၊ ချူဟန်သည် ချန်ယွီဖေး၏ ဘေးတွင် ရပ်နေခဲ့သည်။ လေထဲတွင် မြောက်နေသော သူ၏ ခြေထောက်တစ်ဖက်ကို ဖြည်းညင်းစွာ ပြန်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ရပ်နေလေသည်။ သူ၏ မျက်ဝန်းများတွင် မည်သည့် ခံစားချက်မှ မရှိနေပေ။

လီလန်ရှန်လည်း လုံးဝ ဆွံ့အသွားတော့သည်။ ဘယ်လို အခြေအနေကြီးလဲ။ ချူဟန်က ဘာလုပ်လိုက်တာလဲ။ မာနထောင်လွှားနေခဲ့သော ရှုဝမ်ယန်မှာ ခေါင်းအစခြေအဆုံး အေးစက်သွားလောက်အောင် ကြောက်ရွံ့တုန်လှုပ်နေတော့သည်။ မီတာအနည်းငယ် အကွာတွင် ရှိနေခဲ့သော ချူဟန်က ဘာလို့ ချန်ယွီဖေး၏ ဘေးကို ရုတ်တရက် ရောက်လာရတာလဲ။ အခြားသူများလည်း တံတွေးများကို အကြိမ်ကြိမ် မျိုချလိုက်ကြသည်။ သူတို့သည် အရေးကြီးသော အချက်တစ်ခုကို လုံးဝ လျစ်လျူရှုမိကာ မေ့လျော့နေခဲ့သလို ခံစားနေကြရသည်။

"ဒူးထောက်လိုက်ပြီပဲ… တောင်းပန်ဖို့ပဲ ကျန်တော့တယ်"

ချူဟန်၏ အသံမှာ အေးစက်ပြီး တည်ငြိမ်နေသည်။ သို့သော် ဆက်ပြောလိုက်သော စကားကြောင့် လူတိုင်း၏ ကျောရိုးထဲမှ စိမ့်တက်သွားတော့သည်။

"စိတ်ချပါ... နာကျင်မှုမရှိဘဲ သတ်ပေးမယ်"

လုံးဝ တူညီသော စကားပင် ဖြစ်သည်။ စာလုံးတစ်လုံးမှ မလွဲစေဘဲ ပြန်လည် တုံ့ပြန်လိုက်သော ထိုစကားသည် ချန်ယွီဖေး၏ မျက်နှာကို လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

"အဟွတ်... အဟွတ်..."

ထိုအချိန်ကျမှသာ ပြင်းထန်သော နာကျင်မှုနှင့် ထူးဆန်းသော အခြေအနေများကြောင့် အသိစိတ် ပြန်ဝင်လာသော ချန်ယွီဖေးသည် သူ ချူဟန်၏ ရှေ့တွင် ဒူးထောက်နေရကြောင်းကို သတိပြုမိသွားပြီး ကြောက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့သည်။

ချူဟန်က အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ မဟုတ်ဘူးလား။ ခုနက အရှိန်က ဘာကြီးလဲ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဟန်က သူ့ကို နှစ်ချက် ကန်ခဲ့ခြင်း ဖြစ်သည်။ ပထမတစ်ချက်မှာ ကျောကို အားပါပါ ကန်လိုက်ခြင်းဖြစ်ပြီး အသက်ရှူမဝဖြစ်ကာ စကားမပြောနိုင်တော့ပေ။ ဒုတိယတစ်ချက်မှာမူ ဒူးခေါက်ကွေးကို ကြာပွတ်ဖြင့် ရိုက်ချလိုက်သည့်အလား ကန်လိုက်ခြင်းဖြစ်ရာ သူ့ကို အတင်းအကျပ် ဒူးထောက်သွားစေခဲ့ခြင်း ဖြစ်သည်။

"မင်း... ဘယ်လိုလုပ် အဲဒီလောက် မြန်နေရတာလဲ"

ချန်ယွီဖေးသည် ခန္ဓာကိုယ်မှ နာကျင်မှုများအရ အခြေအနေကို ခန့်မှန်းရုံသာ တတ်နိုင်တော့သည်။ ချူဟန်၏ လှုပ်ရှားမှုကို သူ လုံးဝ မမြင်လိုက်ရပေ။ "မဟုတ်ဘူး... မင်းက အဆင့်(၁) မဟုတ်ဘူး"

ဟာ...

ချန်ယွီဖေး၏ စကားကြောင့် ဘေးတွင် မှင်သက်နေကြသော လူများမှာ ပြန်လည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

"မဟုတ်ဘူး… အဆင့်(၁)ဆင့်ကဲပြောင်းလဲသူ မဟုတ်ဘူးလား"

"အဆင့်တက်သွားတာလား"

"ငါ အခုလေးတင် ခံစားမိလိုက်တယ်… ချူဟန်ဆီက ထွက်လာတဲ့ စွမ်းအင် လှိုင်းကိုလေ"

"ငါလည်း ခံစားမိတယ်… အရမ်း အစွမ်းထက်တယ်"

လူတိုင်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုနှင့် နောင်တတရားများ ကူးစက်ပြန့်နှံ့သွားတော့သည်။ ချူဟန်သည် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ မဟုတ်ခဲ့ပေ။ သူသည် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်သည့်အပြင် ချန်ယွီဖေးထက် များစွာ ပို၍ အစွမ်းထက်သော အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ တစ်ဦး ဖြစ်နေခဲ့သည်။ လီလန်ရှန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ချူဟန်ကို အထက်အောက် စုန်ဆန် ကြည့်လိုက်မိသည်။ မဖြစ်နိုင်ဘူး... ဒီကောင်က ဒီလောက်တောင် အစွမ်းထက်နေတာလား။

ချူဟန်က ခေါင်းလေးစောင်းကာ အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူကိုယ်တိုင် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူဟု တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ဖူးပေ။ ယခုအခါ သူသည် အဆင့်(၂) ဖြစ်နေရုံသာမက တိကျမှုအစွမ်းသည်လည်း အဆင့်(၂) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သာမန် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ တစ်ယောက်က သူ့ကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။

"မဟုတ်ဘူး... မဟုတ်ဘူး"

ချူဟန်၏ မျက်လုံးထဲမှ ရက်စက်သော အရိပ်အယောင်ကို ရိပ်မိသွားသော ချန်ယွီဖေးသည် အလျင်အမြန်ပင် ကြမ်းပြင်ပေါ်သို့ နဖူးနှင့် အကြိမ်ကြိမ် ဆောင့်ကာ တောင်းပန်တော့သည်။

"တောင်းပန်ပါတယ်... အသက်တော့ ချမ်းသာပေးပါဗျာ… ကျွန်တော့် မျက်လုံးက အကန်းပါ... အထက်မှာ အထက်ဆိုတာ ရှိသေးတယ်ဆိုတာကို မသိခဲ့ပါဘူး… ကျွန်တော်က ရေတွင်းထဲက ဖားသူငယ်ပါ… အရမ်း မောက်မာမိသွားပါတယ်…ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

စောစောက ချူဟန်ကို နှိမ့်ချရန် အသုံးပြုခဲ့သော စကားများမှာ သူ့ဆီသို့ အတိအကျ ပြန်လည် ကျရောက်လာခဲ့သည်။ ယခုအချိန်တွင် ချန်ယွီဖေးသည် ရင်ထဲအသည်းထဲမှ ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ အဆုံးအစမရှိသော ကြောက်ရွံ့မှုက သူ့ကို ကြီးစိုးထားပြီး လွန်ခဲ့သော ဆယ်မိနစ်ခန့်ကို ပြန်သွားခွင့်ရမည်ဆိုလျှင် ပြန်သွားချင်မိကြောင်း ဆန္ဒပြုမိသည်။ ဤသို့သော ပြိုင်ဘက်ကိုမှ ဒူးထောက်လိုက်စမ်း ဟု ရဲတင်းစွာ ပြောဆိုခဲ့မိသောကြောင့် ဖြစ်သည်။

သူ တကယ်ကို ဆက်ပြီး အသက်မရှင်ချင်တော့ပေ…

All Chapters