← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း (၂၀၀) အမြစ်ပြတ် ရှင်းလင်းခြင်း

လီလန်ရှန်မှာ လုံးဝ စကားမပြောနိုင်အောင် ဆွံ့အသွားတော့သည်။

တစ်ရွာတည်းသားဖြစ်၍ နှုတ်ဆက်လိုက်မိရာ ထိုသူက အဆင့်(၁) တိုက်ခိုက်ရေးစွမ်းရည်စာရင်း ၏ ဂုဏ်ယူဖွယ် နံပါတ်တစ် ဖြစ်နေမည်ဟု သူ မထင်ထားခဲ့ပေ။ ထို့အပြင် အဆင့်(၁) သာမက အဆင့်(၂) ဆင့်ကဲပြောင်းလဲသူပင် ဖြစ်နေကြောင်း သိလိုက်ရသည့်အတွက် အလွန်တုန်လှုပ်သွားရသည်။

၎င်းအပြင် တူညီသော အဆင့်(၂) ဖြစ်သည့် ချန်ယွီဖေးကို လက်နက်ပင်မသုံးဘဲ ကလေးငယ်တစ်ဦးပမာ သဘောထားကာ အပြတ်အသတ် အနိုင်ယူလိုက်သည်။ မုန်တိုင်းဆန်ဆန် လျင်မြန်လှသော အခြေအနေများကြောင့် သူ၏ ဦးနှောက်မှာ လုံးဝ အလုပ်မလုပ်နိုင်တော့ဘဲ မှင်သက်စွာ ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

'ငါ စိတ်ပူပေးခဲ့ရတာတွေတောင် အလကားဖြစ်သွားတာပဲ...'

သို့သော် လီလန်ရှန်၏ မျက်နှာထက်တွင် ထိန်းချုပ်မရသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာပြီး စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။

ချူဟန်က တကယ်ကို ကြောက်ခမန်းလိလိ လူတစ်ယောက် ဖြစ်လာခဲ့ပြီ။ တိုတောင်းသော အချိန်ကာလအတွင်း ဤမျှ လွှမ်းမိုးနိုင်သော အစွမ်းမျိုးကို ပိုင်ဆိုင်လာမည်ဟု မယုံကြည်နိုင်အောင်ပင်။ တကယ်ကို အံ့မခန်းပါတကား။

အခြားတစ်ဖက်တွင် ချန်ယွီဖေး၏ လက်အောက်ငယ်သားများမှာ စကားတစ်ခွန်းမျှပင် မဟရဲကြတော့ပေ။ ချူဟန်၏ ဒေါသက သူတို့ဆီသို့ လှည့်လာမည်ကို စိုးရိမ်သဖြင့် အားလုံး အသက်အောင့်ထားကာ ကြောက်လန့်တကြား ဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အချိန်လေးအထိ သူတို့က ချူဟန်ကို အပြတ်အသတ် လှောင်ပြောင်ပြီး အထင်သေးခဲ့ကြသောကြောင့် ဖြစ်သည်။ ယခု အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ကိုယ်ပြုသောကံ ကိုယ်ထံပြန်လာခြင်းပင် ဖြစ်တော့သည်။

"အသက်တော့ ချမ်းသာပေးပါဗျာ"

ဒုန်း... ဒုန်း... ဒုန်း...

ချန်ယွီဖေးသည် အသေအလဲ ကြမ်းပြင်နှင့် နဖူးကို ဆောင့်ကာ အကြိမ်ကြိမ် တောင်းပန်နေတော့သည်။ ကြမ်းပြင်၏ အအေးဓာတ်က ဒူးမှတစ်ဆင့် စီးဝင်လာပြီး အဆုံးမဲ့ ကြောက်ရွံ့မှုက သူ၏ တစ်ကိုယ်လုံးကို ကြီးစိုးသွားသည်။ စောစောက သူအန်ချထားသော သွေးများက ကြမ်းပြင်ပေါ်တွင် အနီရောင်ရင့်ရင့်ဖြင့် ပြန့်ကျဲနေပြီး ထိုမြင်ကွင်းက ကြောက်ရွံ့မှုကို ပိုမို ကြီးထွားလာစေသည်။

အုပ်စုတစ်စု၏ ခေါင်းဆောင်အဖြစ် စိုးမိုးခဲ့သော အမျိုးသားတစ်ဦးက မျက်စိတစ်မှိတ်အတွင်း ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ကျဆင်းသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ထိုမျှ ကြီးမားသော ကွာဟချက်ကြောင့် ဘေးလူများမှာ ဆွံ့အသွားကြရသည်။ သေရေးရှင်ရေး အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ဂုဏ်သိက္ခာနှင့် မာနဆိုသည်မှာ လွယ်ကူစွာ စွန့်ပစ်နိုင်သော အရာများ ဖြစ်သွားလေသည်။

အဆက်မပြတ် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေသော ချန်ယွီဖေးကို ငုံ့ကြည့်လိုက်ချိန်တွင် ချူဟန်၏ မျက်ဝန်းထဲမှ နောက်ဆုံးကျန်ရှိနေသော သနားညှာတာမှုများပင် ပျောက်ကွယ်သွားတော့သည်။

"တကယ်ကို အသုံးမကျတဲ့ ကောင်ပဲ။ ကောင်းပြီလေ... နာကျင်မှုမရှိဘဲ သတ်ပေးမယ်"

ထိုစကားဆုံးသွားသည်နှင့် တစ်ပြိုင်နက်...

"သတိထား"

လီလန်ရှန်က ရုတ်တရက် အော်ဟစ် သတိပေးလိုက်သည်။

စောစောက ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေခဲ့သော ချန်ယွီဖေးသည် ရုတ်တရက် ချက်ချင်း ထလိုက်သည်။ သူ၏ လက်ထဲတွင် အနီးနား၌ ကျနေသော ဓားရှည်ကြီးကို ဆုပ်ကိုင်ထားလေသည်။ ထက်ရှနေသော ဓားသွားက လင်းလက်နေပြီး သူ၏ မျက်နှာထက်တွင် အလွန် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လွင်နေသည်။

"ချူဟန်... သွားသေလိုက်စမ်း"

'ငါ့ကို ဒူးထောက်ခိုင်းတဲ့ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး။ မင်းရဲ့ အလောင်းကို အပိုင်းပိုင်းခုတ်ထစ်ပြီး ဇွန်ဘီတွေကို ကျွေးပစ်မယ်'

ထက်ရှနေသော ဓားရှည်ကြီးက ချူဟန်ထံသို့ တည့်မတ်စွာ ပြေးဝင်လာသည်။ လေထုကို ခွဲဖြတ်သွားသော အသံနှင့်အတူ ထိုလင်းလက်နေသော ဓားသွားက ချူဟန်ကို နှစ်ပိုင်းပိုင်းပစ်မည့်အလား ချဉ်းကပ်လာလေသည်။

လီလန်ရှန်၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထသွားလောက်အောင် မျှော်လင့်ချက်မဲ့သွားတော့သည်။ သူ၏ ခေါင်းထဲတွင် ပြီးသွားပြီ ဆိုသော စကားလုံးတစ်လုံးသာ ပေါ်လာတော့သည်။

ပတ်ဝန်းကျင်ရှိ လူများမှာလည်း ဤရုတ်တရက်ဆန်သော တိုက်ခိုက်မှုကို လုံးဝ မတုံ့ပြန်နိုင်ခဲ့ပေ။ ချန်ယွီဖေး၏ ဓားချက်က ချူဟန်ထံသို့ ကျဆင်းလာသည်ကို ပြူးကျယ်နေသော မျက်လုံးများဖြင့်သာ ရပ်ကြည့်နေနိုင်တော့သည်။

သို့သော်...

ချွင်...

နားစည်ကွဲမတတ် ပြင်းထန်သော သတ္တုချင်း ထိခိုက်သံကြီး ထွက်ပေါ်လာသည်။ ချူဟန်က ညာလက်မောင်းကို လျင်မြန်စွာ ပင့်တင်လိုက်ပြီး ချန်ယွီဖေး၏ ဓားရှည်ကြီးကို တိုက်ရိုက် ခုခံလိုက်ခြင်းပင် ဖြစ်သည်။ လေထဲတွင် မြောက်နေသော ညာလက်မောင်း။ မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်း မရှိသော်လည်း ထူးဆန်းစွာပင် စူးရှသော သတ္တုချင်း ရိုက်ခတ်သံကြီး ထွက်ပေါ်လာခဲ့သည်။

ခုခံလိုက်နိုင်တယ် ဟုတ်လား။

ချန်ယွီဖေး၏ မျက်နှာပေါ်ရှိ ရက်စက်သော အပြုံးမှာ မျက်စိတစ်မှိတ်အတွင်း အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဒီကောင်ရဲ့ ညာလက်မောင်းမှာ ဘာတွေ တပ်ဆင်ထားတာလဲ။

လီလန်ရှန်၏ မျက်လုံးများမှာ ပြုတ်ထွက်မတတ် ပြူးကျယ်သွားပြီး အခြားသူများလည်း ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားကြသည်။ ချူဟန်သည် တစ်လှမ်းမျှပင် မရွေ့ခဲ့ပေ။ ညာလက်မောင်းကို ပေါ့ပေါ့ပါးပါး ပင့်တင်ထားရုံသာ ဖြစ်သည်။ သို့သော် ချန်ယွီဖေးက မည်မျှပင် အားကုန်သုံးနေပါစေ ထိုလက်မောင်းမှာ အနည်းငယ်မျှ မတုန်ခါဘဲ တစ်မီလီမီတာပင် နိမ့်မသွားခဲ့ပေ။

နှာခေါင်းဝအထိ ရောက်ရှိလာသော ဓားရှည်ကြီးကို အေးစက်စွာ ကြည့်ရင်း ချူဟန်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

သူ၏ ညာလက်မောင်းတွင် သံဆူးချွန်လက်နက်ကို အမြဲတမ်း တပ်ဆင်ထားလေ့ရှိသည်။ ယင်းအရာ မရှိလျှင်ပင် ချန်ယွီဖေးကဲ့သို့ လူမျိုး၏ ရုတ်တရက် တိုက်ခိုက်မှုက သူ့အတွက် အရေးမပါလှပေ။ သို့သော် ဤသံဆူးချွန်၏ ကြောက်ခမန်းလိလိ မာကျောမှုက သူထင်ထားသည်ထက် ပိုနေခဲ့သည်။ ယဲ့မော့၏ လက်ရာဖြစ်သည်မှာ အမှန်ပင်။

"မင်း...”

ချန်ယွီဖေး၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားတော့သည်။ အသေအလဲ တိုက်ခိုက်မှုက လုံးဝ အရာမထင်ခဲ့ပေ။ ဒီကောင်က ဒီလို လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားသေးတာလား။

"တောင်းပန်ပါတယ်... အသက်တော့ ချမ်းသာပေးပါ"

အသိစိတ် ပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ချန်ယွီဖေးမှာ ချက်ချင်း သနားစရာကောင်းသော အမူအရာသို့ ပြောင်းလဲသွားပြီး အသေအလဲ အသက်လု တောင်းပန်တော့သည်။ သို့သော် ချူဟန်က သူ့ကို ဒုတိယအကြိမ် အခွင့်အရေးပေးစရာ အကြောင်းမရှိပေ။ လက်ကောက်ဝတ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး ချန်ယွီဖေး၏ လက်ဖျံကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။

ချလွမ်...

ထုံကျင်သွားသော ချန်ယွီဖေး၏ လက်ထဲမှ ဓားရှည်ကြီးက အားပျော့စွာဖြင့် လွတ်ကျသွားတော့သည်။

ရွှီး...

နောက်တစ်စက္ကန့်တွင် ချူဟန်၏ ဒူးက အောက်မှနေ၍ ပင့်တက်လာသည်။ သနားညှာတာမှု ကင်းမဲ့သော ထိုတိုက်ခိုက်မှုက ချန်ယွီဖေး၏ ရင်ဘတ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားတော့သည်။

ဘုန်း...

ချန်ယွီဖေး၏ ခန္ဓာကိုယ်မှာ လေထဲသို့ မြောက်တက်သွားပြီး ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအလွန် ပြင်းထန်သော အင်အားကြောင့် ရင်အုပ်ရှိ နံရိုးများစွာ ကျိုးကြေသွားပြီး ပါးစပ်ထဲမှ သွေးများ အမြောက်အမြား ပန်းထွက်လာတော့သည်။

အသက်ရှူချိန်ပင် မပေးဘဲ ချူဟန်က ညာခြေထောက်ကို အမြင့်သို့ မြှောက်လိုက်ပြီး ချန်ယွီဖေး၏ ခေါင်းကို ကြမ်းပြင်ပေါ်သို့ အားပါပါ ဖိနင်းလိုက်သည်။ ချန်ယွီဖေးသည် ဦးခေါင်းပေါ်သို့ ဖိကျလာသော ဧရာမ အင်အားကြီးကို ခံစားလိုက်ရပြီး အသေအလဲ ရုန်းကန်လိုက်သည်။ သို့သော် ခေါင်းမော့ရန် ခွန်အားပင် မကျန်တော့သဖြင့် သူ၏ မျက်နှာမှာ ချူဟန်၏ ခြေဖဝါးအောက်တွင် ရက်စက်စွာ အနင်းခံထားရလေသည်။

ထိုအရာက သနားညှာတာမှု မရှိသော စော်ကားမှုပင် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူများ အားလုံး အသက်ရှူမှားသွားကြသည်။ ဤမျှ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော အပြုအမူကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရမှသာ သူတို့ နားလည်သွားတော့သည်။ ချန်ယွီဖေးသည် လုံးဝ ရန်မစသင့်သော မိစ္ဆာတစ်ကောင်ကို အမျက်ဒေါသ ထွက်စေခဲ့ပြီ ဖြစ်သည်။

"မင်း... ငါသေရင်တောင် မင်းကို အလွတ်မပေးဘူး…. မင်းရဲ့ မိသားစုကို အကုန်သတ်ပစ်မယ်"

မျက်နှာကို ခြေဖြင့် အနင်းခံရသော အရှက်ရမှုကြောင့် ချန်ယွီဖေးက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ကျိန်ဆဲစကားများကို ဆက်တိုက် ပြောဆိုနေတော့သည်။

"ငါ့မိသားစုကို သတ်မယ် ဟုတ်လား"

ဤအခြေအနေသို့ ရောက်နေသည်အထိ ဤလူသည် လက်တွေ့အခြေအနေကို သဘောမပေါက်သေးပုံရသည်။ ထို့နောက် ရုတ်တရက်ဆိုသလိုပင် ချန်ယွီဖေး၏ မျက်နှာပေါ် ဖိနင်းထားပြီးဖြစ်သော သူ၏ ခြေထောက်က မည်သူမျှ ထင်မှတ်မထားလောက်အောင် ပြင်းထန်သော အားတစ်ခုဖြင့် အောက်သို့ အပြင်းအထန် ဖိကြိတ်ချလိုက်တော့သည်!

ဖောက်...

ချန်ယွီဖေး၏ အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။

ဖောက်ခနဲ မြည်သံနှင့်အတူ...

ချန်ယွီဖေး၏ အော်သံကြီးမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သွေးများနှင့် ဦးနှောက်အစအနများ အရပ်လေးမျက်နှာသို့ ပြန့်ကျဲသွားပြီးနောက်၊ သူ၏ ဦးခေါင်းကြီးမှာ လေပူပေါင်းတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားလေရာ လူ့ရုပ်ဟူ၍ လုံးဝ မပေါ်တော့ပေ။

ပတ်ဝန်းကျင်ရှိ လူများမှာ မျက်စိတစ်မှိတ်အတွင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြပြီး ဤနေရာမှ ချက်ချင်း ထွက်ပြေးချင်စိတ်များ ပေါ်ပေါက်လာကြသည်။ ဇွန်ဘီများ၏ ခေါင်းကို ဖြတ်ချသော မြင်ကွင်းမျိုးကို သူတို့ အကြိမ်ကြိမ် မြင်ဖူးခဲ့ကြသည်။ သို့သော် အသက်ရှင်နေသော လူတစ်ယောက်၏ ခေါင်းကို ခြေထောက်ဖြင့် တိုက်ရိုက် ဖိခြေဖျက်ဆီးပစ်သည်ကို ယခုမှပင် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

လီလန်ရှန်သည် ပျို့တက်လာသော အန်ချင်စိတ်ကို အသေအလဲ မျိုချလိုက်ရသည်။ မျက်မှောက်ရှိ ချူဟန်ကို စိုက်ကြည့်နေရင်း ရုတ်တရက် ပြင်းထန်သော ထူးဆန်းသည့် ခံစားချက်ကြီးတစ်ခု ပေါ်လာတော့သည်။

တုံ့ဆိုင်းမှု အလျဉ်းမရှိသော အကြမ်းဖက်မှု။ သွေးနံ့များ။ ဒီကောင်က တကယ်ပဲ ငါသိခဲ့တဲ့ ချူဟန် ဟုတ်ရဲ့လား။

"တောင်းပန်ပါတယ်… ငါက အန္တရာယ်ပေးမယ့်အရာအားလုံးကို အစဖျောက်တတ်တဲ့ အကျင့်ရှိလို့ပါ"

ချူဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ခြေထောက်ကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်သည်။ ထို့နောက် ချန်ယွီဖေး၏ အလောင်းရှိ ကျောဘက်အဝတ်အစားပေါ်တွင် ဖိနပ်အောက်ခံကို ပွတ်တိုက်ကာ သွေးစွန်းနေသည်များကို သုတ်ပစ်လိုက်သည်။

ညစ်ပေနေသည်များကို သန့်စင်စွာ သုတ်ပစ်ပြီးနောက် ချူဟန်က ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး ကြောက်ရွံ့မှုကြောင့် အေးခဲနေကြသော လက်အောက်ငယ်သားများထံသို့ အကြည့်ရောက်သွားသည်။

ဂလု... ဂလု...

ကြောက်ရွံ့လွန်းသဖြင့် တံတွေးမျိုချသံများသာ တိတ်ဆိတ်မှုကြားတွင် ထွက်ပေါ်နေတော့သည်။ သွေးနံ့နံလွန်းပြီး အလွန် ကြမ်းတမ်းလွန်းသော မြင်ကွင်းကြောင့် မည်သူကမျှ အသက်ပင် မရှူရဲကြတော့ပေ။ အလွန် ကြောက်စရာကောင်းလွန်းသည်။ ထို့အပြင် အလွန်အမင်း လွှမ်းမိုးနိုင်လွန်းသည်။

ချန်ယွီဖေးသည် ဤဒေသတစ်ဝိုက်၏ ခေါင်းဆောင်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးက သူ၏ အမိန့်ကို နာခံခဲ့ကြသည်။ သူက ဤနေရာတစ်ဝိုက်တွင် တစ်ဦးတည်းသော အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

သို့သော် ယခုအခါ ထိုခေါင်းဆောင် သေဆုံးသွားခဲ့ပြီ။ အပြင်လူတစ်ယောက်၏ လက်ချက်ဖြင့် လွယ်ကူစွာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ မနက်ဖြန်မှစ၍ ဤဒေသ၏ အုပ်စိုးသူက ဤလူဆီသို့ ပြောင်းလဲသွားတော့မည်လား။

စူပါမားကတ်အတွင်း၌ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေပြီး မည်သူမျှ အသံမထွက်ရဲကြပေ။ မဟုတ်သေး၊ အာဏာအပြောင်းအလဲနှင့် ပတ်သက်၍ တွေးတောရန်ပင် သူတို့ ခေါင်းထဲတွင် အချိန်မရှိကြတော့ပေ။ အဆုံးစွန်သော ထိတ်လန့်မှုအပြီးတွင် ကျန်ရစ်ခဲ့သည်မှာ ချူဟန်ဆိုသော အမျိုးသားအပေါ် အဆုံးအစမရှိသော ကြောက်ရွံ့ရိုသေမှုများသာ ဖြစ်တော့သည်။

‘ဒီလူက သူ့ကို စော်ကားခဲ့ဖူးတဲ့သူတွေ အကုန်လုံးကို တကယ်ပဲ သတ်ပစ်တော့မှာလား’

ချူဟန်သည် ထိုလူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ ဘာမှမဖြစ်ခဲ့သည့်အလား သူ၏ ယခင် အန္တရာယ်ကင်းမဲ့သော အသွင်အပြင်သို့ ချက်ချင်း ပြန်ပြောင်းသွားလေသည်။ သူ့ထံတွင် အာဏာရှင်ဆန်ဆန် ပြုမူခြင်းလည်းမရှိ၊ မာနထောင်လွှားနေခြင်းလည်း မရှိတော့ချေ။ သတ်ဖြတ်လိုသည့် အငွေ့အသက်များက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ လူငယ်တစ်ယောက်လို အန္တရာယ်ကင်းပြီး သာမန် လူငယ်လေးတစ်ယောက်၏ ပုံစံသာ ရှိနေတော့သည်။

ချူဟန်သည် ပတ်ဝန်းကျင်၏ အကြည့်များကို ဂရုစိုက်ပုံမရဘဲ စောစောက သူထိုင်နေခဲ့သော ထောင့်ရှိ နံရံဘေးသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင်မူ ဖြူဖွေးနေသော ယုန်လေးတစ်ကောင်(ဝမ်ချိုက်)က အလွန်အမင်း နက်မှောင်နေသော ဧရာမ ပုဆိန်ကြီးကို ပွေ့ပိုက်ထားလျက်၊ ပေါက်စီတစ်လုံးပမာ မျက်နှာလေးရှုံ့မဲ့ကာ ကွေးကွေးလေး နေနေလေသည်။

မည်သူ့ကိုမျှ ဘာစကားမှ မပြောတော့ဘဲ ချူဟန်သည် နံရံကိုမှီကာ ထိုင်ချလိုက်ပြီး လက်တစ်ဖက်ကို ဒူးပေါ်သို့ အားပျော့စွာ တင်လိုက်ကာ...

ထိုအတိုင်းပင် မျက်လုံးများကို မှိတ်လိုက်တော့သည်။

ထိုနေရာတွင် ရှိနေသူ အားလုံး၏ အတွေးများ ရပ်တန့်သွားကြသည်။ အခြေအနေကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ ဘာဖြစ်သွားတာလဲ။

သူ အိပ်ပျော်သွားတာလား...

All Chapters