← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း (၂၆၀) မုန်တိုင်းတစ်ခု ကျရောက်လာတော့မည် (အပိုင်း ၁)

"အစ်မယွင်... ချန်ဖုန်းကလေ..."

ရှန်ယန်းယန်းက ငိုယိုလျက် ပြောလိုက်သည်။

"ချန်ဖုန်းက တကယ်​တော့ ငယ်ငယ်လေးကတည်းက စေ့စပ်ထားတာ... တကယ်လို့ သူက ကျွန်မကို မလိုချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ..."

သူမက ချန်ဖုန်း၏ ဇာတ်ကြောင်းကို ပြန်လည်ပြောပြလေ၏။

ထိုအခါမှသာ ယွင်ထင်သည် ချန်ဖုန်း၌ ဤကဲ့သို့သော နောက်ခံမျိုး ရှိနေကြောင်း သိရှိသွားပေသည်။

သူမက ခေါင်းခါယမ်းကာ ရှန်ယန်းယန်းအား နှစ်သိမ့်ပေးလိုက်၏။

"ယန်းယန်း... နင့်ဘာသာနင် သူ့ကို သဘောကျတာက နင့်ကိစ္စလေ... သူက နင်နဲ့ စေ့စပ်ထားတာပဲဖြစ်ဖြစ် မစေ့စပ်ထားတာပဲဖြစ်ဖြစ် နင် သူ့ကို ဆက်ပြီး သဘောကျလို့ ရသေးတာပဲ..."

"ဒါ့အပြင် ဘာကိစ္စမှ မဖြစ်သေးဘူးလေ... တကယ်လို့ နင်တို့ အဲဒါကို လုပ်ပြီးသွားရင်တောင် ဘာပဲဖြစ်ဖြစ် သူ့ကို ပြန်အရယူလို့ ရသေးတာပဲ... ဟုတ်တယ်မလား..."

"ဒါပေမဲ့..."

ရှန်ယန်းယန်းက ပါးစပ်အဟောင်းသား ဖြစ်သွားချေသည်။

"တကယ်ကြီး ဖြစ်နိုင်ပါ့မလား... တကယ်ပဲ ပြန်အရယူလို့ ရနိုင်ပါ့မလား..."

ယွင်ထင်က ပြုံးလျက် ပြောဆိုလိုက်၏။

"ငါတို့ရဲ့ ယန်းယန်းလေးက ဒီလောက် လှပပြီး လိမ္မာရေးခြားရှိတာ... ချန်ဖုန်းက နင့်ကို ဘယ်လိုလုပ် ထားရစ်ခဲ့နိုင်မှာလဲ... အများကြီး တွေးမနေပါနဲ့တော့..."

"နင်က သူ့ကို ကူညီပေးချင်တယ် မဟုတ်လား... အခု နင် ထျန်ဖုန်းဂရုရဲ့ ကိစ္စတွေကို သေချာ တာဝန်ယူသင့်ပြီ..."

"နင်က ယွမ် ဘီလီယံရာချီ ဒါမှမဟုတ် ထရီလီယံချီ တန်ဖိုးရှိတဲ့ ထျန်ဖုန်းဂရုရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှသာ ချန်ဖုန်းနဲ့ ထိုက်တန်မှာလေ... ဟုတ်တယ်မလား..."

"အင်း..."

ရှန်ယန်းယန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

သူမက မျက်ရည်များကို အမြန်သုတ်ဖယ်ကာ ပြောလိုက်၏။ "အစ်မယွင်... ကျွန်မ အခု ကုမ္ပဏီကို သွားတော့မယ်... ကုမ္ပဏီက ကိစ္စတွေ ရှင်းလင်းပြီးသွားရင် ကျွန်မတို့ အတူတူ သူ့ကို သွားရှာကြမယ်နော်..."

"ကောင်းပါပြီ... ကောင်းပါပြီ..."

နောက်ဆုံးတွင် ယွင်ထင်သည် ရှန်ယန်းယန်းအား အောင်မြင်စွာ နှစ်သိမ့်ပေးနိုင်ခဲ့ပေ၏။

သူမကိုယ်တိုင်လည်း နက်ရှိုင်းသော အတွေးများထဲသို့ ထပ်မံနစ်မြုပ်သွားခဲ့လေသည်။

ပြည်နယ်မြို့တော်၌ သခင်လေးယွီ၏ ပြဿနာကို ချန်ဖုန်း ဖြေရှင်းပေးခဲ့သည့် အချိန်မှစ၍ သူမ၏ အတွေးများသည် ချန်ဖုန်းအပေါ်၌သာ အာရုံစိုက်နေခဲ့၏။

"အခု ချန်ဖုန်းမှာ နောက်ထပ် စေ့စပ်ထားတာ ရှိနေပြီ... ငါ့ရဲ့ ခံစားချက်တွေက အလဟဿ ဖြစ်သွားမှာကို စိုးရိမ်မိတယ်..."

ချန်ဖုန်းကတော့ ထိုအမျိုးသမီးနှစ်ဦး၏ အတွေးများကို မသိရှိခဲ့ချေ။

သူသည် ယခုအချိန်တွင် ရှန်ယန်းယန်းအား မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိသောကြောင့် နောက်မှသာ ရှင်းပြရန် ဆုံးဖြတ်ထားလိုက်သည်။

ထိုအချိန်၌။

ဖုန်းထဲတွင် ဗီဒီယိုတစ်ခု ပေါ်လာခဲ့ပေ၏။

"ဟင်..."

ချန်ဖုန်း ရုတ်တရက် အေးခဲသွားလေသည်။

ထိုဗီဒီယိုထဲတွင် ကျိုတိုမြို့မှ လူငယ်တစ်ဦး Blind Date တွေ့ဆုံရာ၌ အမျိုးသမီးနှင့်အတူ ထမင်းတစ်နပ်တည်းအတွက် ယွမ် ရှစ်သိန်းအထိ အသုံးပြုခဲ့ကြောင်း ဖော်ပြထားပေ၏။

ပုံမှန် အခြေအနေများအောက်တွင်။

ကျိုတိုမြို့ရှိ အဆင့်အမြင့်ဆုံး စားသောက်ဆိုင်များ၌ပင် လူတစ်ဦးလျှင် ပျမ်းမျှကုန်ကျစရိတ်မှာ ယွမ် ထောင်ဂဏန်းခန့်သာ ရှိလေသည်။

သေချာပေါက် ဆိုင်တစ်ဆိုင်လုံးကို ငှားရမ်းခြင်းမှလွဲ၍ပေါ့။

ပုံမှန် သုံးစွဲမှုမျိုးက ယွမ် ရှစ်သိန်းအထိ ဘယ်သောအခါမှ ရောက်ရှိနိုင်မည် မဟုတ်ချေ။

ချန်ဖုန်းကို အံ့အားသင့်စေခဲ့သည်မှာ ဗီဒီယိုထဲရှိလူက သူ၏ဦးလေးဖြစ်သူ၏သား အိုယန်ဝူ ပင် ဖြစ်နေခြင်း ဖြစ်ပေသည်။

သူသည် အပြင်ဘက်သို့ အလျင်အမြန် ထွက်သွားလိုက်၏။

ဦးလေးဖြစ်သူကို ရှာတွေ့သွားပြီးနောက် သူက ထူးဆန်းသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။ "ဦးလေး... ဝမ်းကွဲအစ်ကိုက Blind Date သွားတွေ့တာလား..."

"မင်းက ဘယ်လိုလုပ် သိတာလဲ..."

အိုယန်ဖူက သက်ပြင်းချလျက် ပြောဆိုလိုက်၏။ "အိုယန်မိသားစုက နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီး ကောင်းမွန်တဲ့ ဘဝမျိုး မရှိခဲ့ဘူးလေ... မင်းရဲ့ ဝမ်းကွဲအစ်ကိုက အခု အသက် နှစ်ဆယ့်ရှစ်နှစ် ရှိနေပြီ... ဒါပေမဲ့ အခုထိ လက်တွဲဖော် မရှာတွေ့သေးဘူး..."

သူ့ကို အောင်သွယ်တော်များက အမျိုးသမီး အတော်များများနှင့် မိတ်ဆက်ပေးခဲ့ဖူးပေသည်။

သို့သော် လူတွေက အိုယန်မိသားစုမှဖြစ်ကြောင်း ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့နှင့် မပတ်သက်ချင်ကြတော့ချေ။

"ဘာဖြစ်လို့လဲ..."

ချန်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ယနေ့ခေတ် အိုယန်မိသားစုသည် ချမ်းသာကြွယ်ဝပြီး ဂုဏ်သတင်းကြီးမားသော မိသားစုများနှင့် နှိုင်းယှဉ်၍ မရနိုင်သည်မှာ မှန်ပေ၏။

သို့သော် သာမန်မိသားစုများထက်တော့ များစွာ သာလွန်နေသေးသည်။

ဘေးတွင် ရပ်နေသော ဝမ်းကွဲအစ်ကို အိုယန်ဝူက ခါးသီးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။

"ငါတို့ အိုယန်မိသားစုက ကုမ္ပဏီတစ်ခုကို လည်ပတ်နေပြီး အိမ်ကြီးအကြီးကြီးထဲမှာ နေနေရပေမဲ့...အဆုံးမှာတော့ ဒေဝါလီခံရလိမ့်မယ်လို့ သူတို့ အကုန်လုံးက ပြောကြတယ်လေ..."

"အဲဒီအချိန်ကျရင် အကြွေးတွေ နစ်မွန်းနေပြီး အိမ်ကိုပါ ပေါင်နှံရနိုင်တာကြောင့် အိမ်ရာမဲ့ ဖြစ်သွားလိမ့်မယ်တဲ့..."

"သာမန်မိသားစုက မိန်းကလေးတွေတောင် ဒီမိသားစုထဲကို ဝင်လာဖို့ ဆန္ဒမရှိကြဘူး...ဒါက အောင်သွယ်တော်ကနေတဆင့် ခက်ခက်ခဲခဲ စီစဉ်ပေးထားတဲ့ မိတ်ဆက်ပွဲလေးမို့လို့ ငါ သွားတွေ့ချင်တယ်..."

အိုယန်ဖူက သက်ပြင်းချလျက် ပြောဆိုလိုက်၏။ "ငါတို့ အိုယန်မိသားစုမှာ သားတစ်ယောက်တည်း ရှိတာလေ... သူ့ကို တစ်သက်လုံး လူပျိုကြီးအဖြစ် နေခွင့်ပြုလို့ မဖြစ်ဘူး... သွားတွေ့တာ ကောင်းပါတယ်... တကယ်လို့ အဆင်ပြေသွားရင် ကိစ္စတွေကို အမြန်ဆုံး အဆုံးသတ်လို့ ရတာပေါ့..."

"ဦးလေး... စိတ်မပူပါနဲ့..."

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။

"အခု ကျွန်တော် ပြန်ရောက်လာပြီဆိုတော့ ကျွန်တော့်ရဲ့ ယွမ် ၅ ဘီလီယံ

ရင်းနှီးမြှုပ်နှံမှုနဲ့အတူ အိုယန်မိသားစုက သေချာပေါက် ပိုပိုပြီး ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်..."

"အဲဒီအချိန်ကျရင် ဝမ်းကွဲအစ်ကိုက ကောင်မလေး ရှာတွေ့ဖို့ အခက်အခဲ ရှိနေဦးမှာလား..."

"ပွင့်ပွင့်လင်းလင်း ပြောရရင် ပိုက်ဆံ ရှိမရှိ ဆိုတဲ့ ကိစ္စလေးပါပဲ... ဘာပဲဖြစ်ဖြစ် ကျွန်တော် အခု အားနေတာဆိုတော့ ဝမ်းကွဲအစ်ကိုနဲ့ အတူလိုက်သွားပြီး အခြေအနေကို ကြည့်ပေးမယ်... သူ့ကို အကြံဉာဏ်တချို့လည်း ပေးလို့ရတာပေါ့..."

"ကောင်းပြီလေ ရှောင်ဖုန်း... မင်းက ငါ့ထက် အတွေ့အကြုံ ပိုများတယ်ဆိုတော့ ကျေးဇူးပြုပြီး ငါ့ကို အကြံဉာဏ်လေး ပေးပါဦး..."

အိုယန်ဝူက ဖျော့တော့စွာ ပြုံးလျက် ပြောလိုက်ပေ၏။

သူသည် တော်တော်လေး ရုပ်ဖြောင့်သူ တစ်ဦးဖြစ်သည်။ သို့သော် မကြာသေးမီ နှစ်များအတွင်း အိုယန်မိသားစု၏ အခြေအနေများကြောင့် သူသည် အမျိုးသမီးများနှင့် တွေ့ဆုံရန် အခွင့်အရေး အတော်လေး နည်းပါးခဲ့လေ၏။

"ငါ့မှာ အချစ်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ လုံးဝ မရှိဘူး..."

"ပြဿနာ မရှိပါဘူး..."

ချန်ဖုန်းက အမျိုးသမီး၏ အခြေအနေကို မမေးမြန်းခဲ့ချေ။ နောက်မှသာ သူကိုယ်တိုင် လေ့လာကြည့်ရှုမည်ဟု တွေးတောထားလိုက်သည်။

သူတို့နှစ်ဦးသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ချိန်းဆိုထားသော စားသောက်ဆိုင်သို့ အချိန်မတိုင်မီ ထွက်ခွာသွားကြလေ၏။

တစ်ချိန်တည်းမှာပင်

အဘိုးကြီးအိုယန်သည် ချန်ဖုန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပေသည်။

ဤသည်က ကျိုတိုမြို့ရှိ အချို့သော အသိုင်းအဝိုင်းများတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။

"မင်းတို့ ကြားပြီးကြပြီလား... အဘိုးကြီးအိုယန်ရဲ့ မြေး ပြန်ရောက်လာပြီတဲ့..."

"သူ့မြေးက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက သေသွားပြီလို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ရုတ်တရက် နောက်ထပ် မြေးတစ်ယောက် ထွက်လာရတာလဲ..."

"အဲဒါက အိုယန်ဖေးရဲ့ သားလေ... အိုယန်ဖေးနဲ့ စစ်ဘုရင် ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း မှတ်မိသေးလား... အဲဒီနှစ်ယောက်က အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုခုကို စော်ကားမိခဲ့တာ သေချာတယ်... ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်လုံး ညတွင်းချင်း သေဆုံးသွားခဲ့ကြတာကိုး..."

"ဒီတစ်ကြိမ် အဘိုးကြီးရဲ့ မြေးက ယွမ် ၅ ဘီလီယံ ယူဆောင်လာတယ်လို့လည်း ငါ ကြားထားတယ်... ဒီတစ်ခါတော့ အိုယန်မိသားစုက အခြေအနေကို ပြောင်းပြန်လှန်ပစ်တော့မယ့် ပုံပဲ..."

"ဟုတ်တယ်... မနက်ဖြန်ကျရင် အဘိုးကြီးက သူ့မြေးအတွက် ကြိုဆိုပွဲ ညစာစားပွဲကို ဟွမ်ဟောင်ဟိုတယ်မှာ ကျင်းပမှာ... ပြီးတော့ သူက ထင်ရှားတဲ့ မိသားစုတချို့ကိုလည်း ဧည့်သည်အဖြစ် ဖိတ်ကြားထားသေးတယ်..."

"ဒီတစ်ကြိမ် လူဘယ်နှယောက်လောက် တက်ရောက်ကြမလဲဆိုတာ တကယ် သိချင်မိတယ်..."

လူတစ်စုက ထိုအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေခဲ့ကြလေသည်။

သူတို့သည် ရုတ်တရက် ပေါ်လာသော ဤမြေးဖြစ်သူမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း အလွန်အမင်း သိချင်နေကြပေ၏။

သူက တစ်ကြိမ်တည်းဖြင့် ယွမ် ၅ ဘီလီယံ

ကို အမှန်တကယ် ထုတ်ပေးနိုင်ခဲ့သည်တဲ့လား။

ကျိုတိုမြို့လယ် တောင်ဘက်ပိုင်းရှိ ဗီလာတစ်လုံးအတွင်း၌။

လူလတ်ပိုင်းအရွယ် အချို့သည်လည်း ချန်ဖုန်းအကြောင်းကို ပြောဆိုနေကြပေသည်။

"အဘိုးကြီးဟွမ်... ခင်ဗျားတို့ အကုန်လုံး အဘိုးကြီးအိုယန်ရဲ့ ဖိတ်စာကို လက်ခံရရှိပြီးပြီ မဟုတ်လား... သူက ဘာတွေ ကြံစည်နေတယ်လို့ ထင်လဲ..."

မစ္စတာဟွမ်က ခေါင်းခါယမ်းလိုက်သည်။ "ငါ အခုလေးတင် စုံစမ်းစစ်ဆေးမှုတချို့ လုပ်ခဲ့တယ်... အိုယန်မိသားစုဆီကို သူစိမ်းတစ်ယောက် ရောက်လာတာ အမှန်ပဲ... သူက သူတို့ရဲ့ မြေးဖြစ်ရမယ်... သူ့ရဲ့ သရုပ်မှန်နဲ့ ပတ်သက်ပြီးတော့ ငါတို့ ဆက်ပြီး စုံစမ်းနေတုန်းပဲ..."

သူက စကားပြောရင်း…

ဗီလာထဲရှိ လူများကို တစ်ချက်ကြည့်ကာ ရယ်မောကာ ပြောလိုက်၏။ "ဒီနှစ်တွေ တစ်လျှောက်လုံး ငါတို့ အိုယန်မိသားစုကို ဖိနှိပ်နေခဲ့တာ... သူတို့ တော်တော်လေး သနားစရာ ကောင်းပါတယ်..."

"နောက်ဆုံးတော့ သူတို့မှာ မြေးတစ်ယောက် ရလာပြီပဲ... ငါတို့ သွားပြီး ဂုဏ်ပြုပေးသင့်တယ်..."

"ငါကတော့ သေချာပေါက် သွားမှာပေါ့..."

မန်နေဂျာဟယ်က ပြုံးလျက် ပြောဆိုလိုက်သည်။ "ရန်ပုံငွေ ယွမ် ၅ ဘီလီယံ ဆိုတာ အဆုံးမှာတော့ ငါတို့အတွက်ပဲ အကျိုးရှိလာမှာလေ... တကယ်လို့ ငါတို့ လေးယောက် အညီအမျှ ခွဲဝေလိုက်ရင် တစ်ယောက်ကို ယွမ် ဘီလီယံ အညီအမျှ ရမှာပဲ..."

"ဒါနဲ့ မစ္စတာလုက ဘယ်ရောက်နေတာလဲ... ဒီနေ့ သူ့ကို မတွေ့မိဘူး..."

မစ္စတာဟွမ်က မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။ "ငါ အခုလေးတင် လုရှောင်ရှင်းဆီကို ဖုန်းဆက်ခဲ့တယ်... သူက သူ့အိမ် ပြိုကျသွားလို့ အခု ပြန်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောတယ်..."

"သူတို့က ငါတို့ကို ခဏလောက် ဒုက္ခပေးမှာ မဟုတ်ဘူး..."

"အဲဒီကောင်က တကယ်ကို ထက်မြက်တဲ့ အနံ့ခံနိုင်စွမ်း ရှိတယ်... သူက အမြဲတမ်း မယုံနိုင်လောက်အောင် ပါးနပ်တယ်လေ... ဒီတစ်ခါ တစ်ခုခု မှားယွင်းသွားနိုင်တယ်လို့ မင်းတို့ ထင်လား..."

"ဘာများ ဖြစ်နိုင်မှာမို့လို့လဲ..."

မန်နေဂျာဟယ်က လှောင်ပြောင်လိုက်သည်။ "ဒါက ညစာစားပွဲ သက်သက်ပဲလေ... ဘာများ မှားယွင်းနိုင်မှာလဲ..."

"ကောင်းပြီ... မနက်ဖြန် မနက် ၁၁ နာရီ ဟွမ်ဟောင်ဟိုတယ်မှာ တွေ့ကြတာပေါ့..."

ထိုလူစု ထွက်ခွာသွားပြီးနောက်။

ဗီလာတစ်ခုလုံးတွင် မန်နေဂျာဟယ် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပေ၏။

ထိုအချိန်မှာပင် သူ၏ အနောက်ဘက်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တိတ်ဆိတ်စွာ ရပ်နေလေသည်။

မန်နေဂျာဟယ်မှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ဆံပင်များပင် ထောင်မတ်သွားရချေ၏။

ထိုလူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့ပြီးနောက်မှသာ ဟယ်ရွှိုက်က သက်ပြင်းတစ်ချက် ချကာ ပြောလိုက်၏။

"သခင်... ခင်ဗျား ကျွန်တော့်ကို သေလုမတတ် လန့်သွားအောင် လုပ်လိုက်တာပဲ..."

(အသိပေးချက်)

ဤစာအုပ်သည် အနှစ်တစ်ထောင် စိုက်ပျိုးခြင်း အမျိုးအစား ဝတ္ထုမဟုတ်ကြောင်း ထပ်မံ အသိပေးလိုပါသည်။ အရေးကြီးသည့်အတွက် ထိုအချက်ကို သုံးကြိမ်တိုင်တိုင် အလေးအနက် ပြောဆိုထားခြင်း ဖြစ်ပါသည်။

ထို့အပြင် ဤဝတ္ထုသည် စိတ်ကူးယဉ်ကမ္ဘာ ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး လက်တွေ့ဘဝနှင့် သက်ဆိုင်ခြင်း မရှိပါ။

ဖတ်ရှုနေစဉ် စာလုံးပေါင်းအမှားများ သို့မဟုတ် အရေးအသားလိုအပ်ချက်များ တွေ့ရှိပါက မှတ်ချက်ပေး၍ ထောက်ပြနိုင်ပါသည်။ စာရေးသူအနေဖြင့် တစ်ခုချင်းစီကို ပြန်လည်စစ်ဆေးကာ အမြန်ဆုံး ပြင်ဆင်ပေးသွားပါမည်။

အားပေးဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။

All Chapters