← Chapters

အခန်း ၇၇၁

Vol. 75 Ch. 771

အခန်း ၇၇၁

Vol. 75 Ch. 771

ယန်နတ်ဘုရား စာစဉ် (၇၅)

ဘာသာပြန်သူ နေဇင်။

အခန်း (၇၇၁)။

ဤ‘ကောင်းကင်ဘုံချောက်ကမ္ဘာ နတ်ဘုရားပြစ်ဒဏ်’ တိုက်ကွက်ကြောင့် အမှန်တကယ် ပင် ကောင်းကင်နှင့် မြေပြင်မှာ အဖြူရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့ သည်။ ထိုအလင်းတန်းများကြားတွင် ပလက်တီနမ်အရောင်ရှိသော ခန္ဓာကိုယ်များမှာ ပင်လယ်ပြင်ကဲ့သို့ စုစည်းကာ ဟုန်ယွိထံသို့ တိုးဝင်သွားကြသည်။

"အို... ဒီလောက် အစွမ်းထက်တဲ့လူ တစ်ယောက် ပုန်းနေတာကို ငါတောင် သတိမထားမိ ပါလား" ရှင်းက ရုတ်တရက် တိုးဝင်တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ ယန်ဖန်မှာ အံ့အားသင့်သွားသည်။

သို့သော် တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ မြင်နိုင်သည်။ ဤအခွင့်အရေးကို အသုံးချ၍ ဟုန်ယွိကို သတ်ဖြတ်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့် မည်။

"ငါလည်း ဒီတိုက်ပွဲထဲမှာ လက်တစ်လမ်း ပါဝင်ရမှာပေါ့၊ ဧကရာဇ်ကောင်းကင်တံဆိပ်၊ ဖန်ဆင်းခြင်းကောင်းကင်တာအို" ယန်ဖန်သည်လည်း အကြောက်အလန့်မရှိ ပြတ်သားစွာ တိုက်ခိုက်လိုက်လေပြီ။ သူ စတင်တိုက်ခိုက်လိုက်သည်နှင့် ဧကရာဇ်ကောင်းကင်တံဆိပ် ကို ချက်ချင်း အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဖန်ဆင်းခြင်းသင်္ဘော၏ စွမ်းအားကို အသက်သွင်းကာ ဟုန်ယွိထံသို့ ပစ်လွှတ်လိုက်၏။ ထို့ပြင် သူ၏ ပြင်းထန်လှ သော နတ်ဘုရား စိတ်အာရုံဖြင့် မလှုပ်မယှက် ရှိနေသေးသော မုန့်ရှန်းကျီထံသို့ လှမ်း၍ ဆက်သွယ်လိုက်သည်။

"ညီအစ်ကို ရှန်းကျီ... အခုက ဟုန်ယွိကို သတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ အခုချိန် သူ့ကို မသတ်နိုင်ရင် နောက်ဆိုရင် သူ့ကိုသတ်ဖို့ အခွင့်အရေးရမှာ မဟုတ်တော့ဘူး။ နောက်ခြောက်နှစ်ဆိုရင် ညီအစ်ကိုရှင်းကျီအနေနဲ့ သူနဲ့နောက်ဆုံးတိုက်ပွဲမှာ ရှုံးနိမ့်သွားနိုင် ပြီး ထာဝရနိုင်ငံတော်လည်း သူ့လက်ထဲ ရောက်သွားလိမ့်မယ်။ ဒီနေ့ ဟုန်ယွိကို သတ်ကြရ အောင်၊ အတူတူ တိုက်ခိုက်ကြစို့။ ဒီနေ့သာ ငါတို့အားလုံး ပူးပေါင်းပြီး ဟုန်ယွိကို သတ်နိုင် ရင်၊ ၊ ငါ 'ဖန်ဆင်းခြင်း သင်္ဘော' ကို အသုံးပြုပြီး ဒီလူဦးရေသန်း ၃၀၀ လုံးကို ညီအစ်ကို ရှင်းကျီနဲ့အတူ သွေးယဇ်ပူဇော်ကြမယ်။ မဟုတ်ရင်တော့ ငါ 'ကောင်းကင်ကိုးလွှာ၊ မြေကြီး ကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက်အစီအရင်' ကို ဖျက်ဆီးပစ်ပြီး မင်းနဲ့အတူ ငါပါ အသေခံလိုက်တော့မယ်။"

ယန်ဖန်သည် မုန့်ရှန်းကျီနှင့် အရင်ကတည်းက ပူးပေါင်းကြံစည်ထားသူ ဖြစ်သည်။ တစ်ဦး ချင်းစီတွင် ကိုယ်ပိုင်အကြံအစည်များ ရှိကြသော်လည်း ဤအရေးကြီးသော အချိန်တွင် ဆက်သွယ်ရန်မှာ အလွန်လွယ်ကူလှသည်။

ယန်ဖန်က ပြောဆိုနေရင်း မုန့်ရှန်းကျီနှင့် ဆက်သွယ်ကာ ဧကရာဇ်ကောင်းကင်တံဆိပ်နှင့် ဖန်ဆင်းခြင်းသင်္ဘောကို အသုံးပြု၍ တိုက်ခိုက်လိုက်သည်။ ရုတ်တရက် ကောင်းကင်ယံ တွင် ကြီးမားသော ကြိတ်ဆုံကျောက်တုံးကြီးနှစ်ခု ပေါ်ထွက်လာပြီး ဟုန်ယွိကို ကြိတ်ခြေ ရန် ကြိုးစားတော့သည်။ ၎င်းမှာ 'ကောင်းကင်နှင့်မြေကြီးကြိတ်ဆုံ' ပင် ဖြစ်၏။

ထို 'ကောင်းကင်နှင့်မြေကြီးကြိတ်ဆုံ' ၏ နောက်ကွယ်တွင်မူ အမွေးထူထူ မျောက်ဝံကြီး တစ်ကောင် ရှိနေသည်။ ထိုမျောက်ဝံကြီးမှာ ခုန်းပင် ဖြစ်သည်။ ခုန်းသည်လည်း သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်အထိ ကျင့်ကြံထားပြီး ဖြစ်ရာ သူသည် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်နှင့် ညီမျှသဖြင့် ဤတိုက်ပွဲတွင် အလွန် ကြီးမား သော အကူအညီ ဖြစ်စေသည်။

ထို 'ကောင်းကင်နှင့်မြေကြီးကြိတ်ဆုံ' သည် ဟုန်ယွိထံသို့ ပြေးဝင်လာသည်နှင့်အမျှ ကြောက်မက်ဖွယ် အမည်းရောင် စွမ်းအင်များလည်း ပါဝင်လာသည်။

ထိုအမည်းရောင် စွမ်းအင်များကြားတွင် တာအိုပညာရှင်တစ်ဦး ပေါ်ထွက်လာပြီး ကျောက်မီးသွေးကဲ့သို့ မည်းနက်နေသော ဂြိုဟ်တစ်လုံးကို စီးနင်းထားသည်။ ထိုဂြိုလ်မှာ 'အမှောင်ကြယ်' ဖြစ်ပြီး ထိုတာအိုပညာရှင်မှာ 'အမှောင်ဧကရာဇ်တာအိုသခင်' ပင်။

ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို တည်ထောင်သူဖြစ်သည့် 'အမှောင်ဧကရာဇ်တာအို သခင်' မှာ ရွှီဝူယွိ၏ ကုသပေးမှုကြောင့် အားနည်းနေသော အခြေအနေမှ ပြန်လည် ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။ နေ့ရက်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူသည် သူ၏ အထွတ်အထိပ် စွမ်းအားများကို ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။ သူက အရင်ကထက်ပင် ပိုမို သန်မာလာကာ စစ်ဘက်ရေးရာဝန်ကြီးထက်ပင် ပို၍ အစွမ်းထက်လာသည်။ သူ ထွက်ပေါ် လာသည်နှင့် သူ၏ 'အမှောင်ကြယ်' ကို အသုံးပြုကာ ဟုန်ယွိကို တိုက်ခိုက်လိုက်တော့ သည်။

ယခုအခါ ရွှီယွိ၊ မန်ပိုင်ရှင်း၊ ဧကရာဇ်ရှန်၊ ဧကရီယင်၊ ရှင်း၊ ခုန်း၊ 'အမှောင်ဧကရာဇ် တာအို သခင်' နှင့် ယန်ဖန်တို့အားလုံးမှာ ဟုန်ယွိကို သတ်ဖြတ်ရန် တစ်ပြိုင်နက်တည်း တိုက်ခိုက် နေကြပြီ။

မုန့်ရှန်းကျီ၏ မျက်လုံးများမှာ စူးရှနေပြီး ဝရုန်းသုန်းကား ဖြစ်နေသော ဟင်းလင်းပြင်ကို စိုက်ကြည့်လိုက်သည်။ ထိပ်တန်းပညာရှင် ရှစ်ဦးမှာ သူတော်စင်ပေါင်းစုံခန်းမကို ဝိုင်းဝန်း တိုက်ခိုက်နေကြသည်။ ဤအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ ရှိတော့ သည်။ ထာဝရမှာ တခဏတာ ဖြစ်သွားပြီး၊ ခဏတာမှာလည်း ထာဝရအဖြစ် ပြောင်းလဲ သွားသည်။

"အထွတ်အထိပ်တာအိုဟာ မိမိစိတ်အလိုအတိုင်း ဖြစ်နေရမယ်။ ကောင်းကင်ဘုံရဲ့ အလို ဆန္ဒအောက်မှာ အားလုံးဟာ ပုရွက်ဆိတ်တွေပဲ။ ထာဝရနိုင်ငံတော်၊ ပြောင်းလဲခြင်း တာအို ကို ဖျက်ဆီးစမ်း" မုန့်ရှန်းကျီသည် တွန့်ဆုတ်နေခြင်းမရှိတော့ဘဲ တိုက်ခိုက်လိုက်ပြီ။

သူ၏ တိုက်ခိုက်မှုတွင် သူသည် မည်သည့်အရာကိုမျှ ချန်မထားခဲ့ချေ။ ထာဝရနိုင်ငံတော် သည် အစွမ်းကုန်ထုတ်ကာ ရှေ့သို့ ပျံသန်းသွားသည်။ ထာဝရနိုင်ငံတော် အတွင်းရှိ အစီအရင်များစွာမှာ ဟုန်ယွိထံသို့ အဆက်မပြတ် ပေါက်ကွဲပြီး တိုးဝင်သွားတော့သည်။

မုန့်ရှန်းကျီသည် နတ်ဘုရားလက်နက်များ၏ ဘုရင်ကို ပိုင်ဆိုင်ထားသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ထို့ပြင် သူသည် ယန်ဖန်နှင့် မတူပေ။ ယန်ဖန်တွင် ဖန်ဆင်းခြင်းသင်္ဘော ရှိသော် လည်း သူသည် လူဦးရေ သန်း ၃၀၀ ကို တင်ဆောင်ထားရသဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေ သည်။ သို့သော် မုန့်ရှန်းကျီ၏ ကျင့်ကြံမှုအဆင့်မှာ ယန်ဖန်ထက် များစွာ သာလွန်လှသည်။ ဤတိုက်ပွဲတွင် ဟုန်ယွိကို ဖယ်လိုက်ပါက သူသည် အသန်မာဆုံးသူဟု ဆိုနိုင်သည်။ သူ၏ စိတ်ဆန္ဒမှာ ဤတိုက်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်ပေလိမ့်မည်။

သူက မည်သည့်ဘက်ကို ကူညီသည်ဖြစ်စေ ထိုဘက်မှာ အနိုင်ရမည်မှာ သေချာသည်။ သူသည် နှစ်ပေါင်း ၃၀၀ ကျော်တိုင်အောင် ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။ ဟုန်ယွိနှင့် တိုက်ပွဲမတိုင်ခင် ယခုအချိန်အထိပင် သူ၏ ဂုဏ်သတင်းမှာ နဂိုအတိုင်း ရှိနေဆဲ ဖြစ်သည်။

ယခုအခါ သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဖြစ်သည်။ သူသည် ထာဝရနိုင်ငံတော်ကို အသုံးပြုကာ ဟုန်ယွိကို သတ်ဖြတ်ရန် အစွမ်းကုန် တိုက်ခိုက်တော့မည်။ ဤသည်မှာ ရှေးယခင်ကတည်းက မရှိဖူးသော၊ တစ်သက်တွင် တစ်ခါသာ ကြုံရမည့် အခွင့်အရေးပင် ဖြစ်သည်။

သို့သော် မုန့်ရှန်းကျီ၏ တိုက်ခိုက်မှုမှာ ဟုန်ယွိ တစ်ဦးတည်းကိုသာ ရည်ရွယ်ခြင်း မဟုတ် ဘဲ၊ ထိုနေရာတွင် ရှိနေသော လူတိုင်းကို ရည်ရွယ်နေခြင်း ဖြစ်သည်။ သူသည် ဤတိုက်ပွဲ တွင် ရှိနေသော လူတိုင်းကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်လိုသည်။

ထာဝရနိုင်ငံတော်ကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်တွင် မုန့်ရှန်းကျီ၏ အစစ်မှန် ခန္ဓာကိုယ်နှင့် သူ၏မူလစိတ်ဝိညာဉ်မှာ မထင်မှတ်ထားဘဲ ဖန်ဆင်းခြင်းသင်္ဘောထံသို့ ပျံသန်းသွားပြီး၊ သင်္ဘော၏အမြင့်ဆုံး ကုန်းပတ်ပေါ်သို့ ဝင်ရောက်ကာ ယန်ဖန်၏ ဘေးတွင် ပေါ်လာသည်။

"ယန်ဖန်၊ ဖန်ဆင်းခြင်းသင်္ဘောရဲ့ မိုးကြိုးရေကန်ကို အသက်သွင်းပြီး ဖောက်ခွဲစမ်း။ အဆုံးအစမဲ့ ဟင်းလင်းပြင်ကို ဖျက်ဆီးပြီး အတွင်းပိုင်းကိုပါ ချေမှုန်းပစ်စမ်း။ ဒီလူဦးရေ သန်း ၃၀၀ ကို သန့်စင်ပြီး သွေးယဇ်အဖြစ် အသုံးပြုမယ်။ ငါတို့ရဲ့ သွေးအသား ခန္ဓာကိုယ် တွေဟာ အဲဒီကနေ ထွက်လာတဲ့ အနှစ်သာရ မူလစွမ်းအင်တွေနဲ့ ဟင်းလင်းပြင်ဖျက်ဆီး ခြင်းအဆင့်ကို ရောက်အောင် ချိုးဖျက်နိုင်မယ်။ မင်းလည်း အဲဒီအဆင့်ကို ရောက်ချင်တယ် မဟုတ်လား။ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ဆိုတာ မြေကြီးရဲ့ လျှို့ဝှက်ချက်တွေကို နားလည်သဘောပေါက်အောင် ဆင်ခြင်ရတာပဲ။ လူသားတွေဟာ ပြည်နယ် ၉၉ ခုရဲ့ မြေကြီးစွမ်းအင်ကနေ မွေးဖွားလာကြတာ။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ မြေကြီးရဲ့ မူလ အစနဲ့ကိုက်ညီတဲ့ အပ်စိုက်မှတ် ၉၉ ခု တည်ရှိနေတာ။ ယန်နတ်ဘုရား အဆင့်ဆိုတာ ကောင်းကင်တာအိုပဲ။ တစ်ခုချင်းစီက ကွဲပြားပေမဲ့ တစ်ခုနဲ့တစ်ခု ဖြည့်ဆည်းပေးကြတယ်။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်ပြီးရင် ယန်နတ်ဘုရားအဆင့်ဆိုတာ လက်တစ်ကမ်းမှာပဲ... မင်း မလိုချင်ဘူးလား" မုန့်ရှန်းကျီ၏ အသံထဲတွင် ယန်ဖန်၏ အတွေးစများအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်သော မှော်ဆွဲဆောင်မှုတစ်ခု ပါဝင်နေ သကဲ့သို့ ရှိနေသည်။

"ကောင်းပြီ"

ယန်ဖန်က တွန့်ဆုတ်ခြင်းမရှိဘဲ ဖန်ဆင်းခြင်းသင်္ဘောကို အစွမ်းကုန် အသက်သွင်းလိုက် တော့သည်။

ဖန်ဆင်းခြင်းသင်္ဘောကို အသက်သွင်းလိုက်သည်နှင့်... ဘုန်း…. ဖန်ဆင်းခြင်းသင်္ဘော အတွင်းရှိ ဟင်းလင်းပြင်ထဲတွင် နေထိုင်သော သန်းနှင့်ချီသည့် စစ်တပ်ကြီးမှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။ ဖန်ဆင်းခြင်းသင်္ဘော အတွင်းရှိ ဟင်းလင်းပြင် အသီးသီးတွင် ရာနှင့်ချီသော၊ သန်းနှင့်ချီသော စစ်သည်များ ရှိနေကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် တစ်ခုတည်းတွင် နေထိုင်ကြသော ကောင်းကင်သခင် ၃၀၀ ကျော်နှင့် ရွှီဝူဟွေ အပါအဝင် အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်များမှာ ဟင်းလင်းပြင်၏ တုန်ခါမှုများကို ခံစားလိုက်ရသည်။

"ဟုန်ယွိ သေပြီ။ ဗဟိုကမ္ဘာ ပျက်စီးပြီ။ ကောင်းကင်နဲ့ မြေကြီးကြားက အရာအားလုံးဟာ အခု ငါ့အပိုင်ပဲ။ ငါဟာ ယန်နတ်ဘုရား အဖြစ်နဲ့ အားလုံးကို အုပ်စိုးပြီး ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းပြမယ်..." ယန်ဖန်က ဖန်ဆင်းခြင်းသင်္ဘောကို အစွမ်း ကုန် အသက်သွင်းထားပြီး သူ၏ စိတ်ဝိညာဉ် အတွေးစတစ်ခုဖြင့် ဟုန်ယွိ၏ တိုက်ပွဲကို စောင့်ကြည့်နေသည်။

မုန့်ရှန်းကျီမှာ နောက်ဆုံးမှ လှုပ်ရှားခဲ့သူဖြစ်ပြီး ထာဝရနိုင်ငံတော်ကို ထုတ်ကာ ဟုန်ယွိကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် သူ၏ သွေးအသားခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့မှာ ဖန်ဆင်းခြင်းသင်္ဘောထဲသို့ ပျံဝင်သွားပြီး၊ ယန်ဖန်နှင့် ပူးပေါင်းကာ ကျွမ်းကျင်သူ သန်း ၃၀၀ ကို သန့်စင်လိုက်ကြသည်။ ဤအရာအားလုံးမှာ ခဏတာအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဟုန်ယွိသည်လည်း မကြုံစဖူးသော ဖိအားများကို ခံစားနေရသည်။

ထိပ်တန်းကျွမ်းကျင်သူ ကိုးဦးစလုံးမှာ သူ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြသည်။ သူတို့သည် ဤမဟာကမ္ဘာလောကကြီး၏ ကံကြမ္မာကြီးမားသော ပြောင်းလဲခြင်းတာအို၏ ခေါင်းဆောင်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။ ဤသည်မှာ "သစ်ပင်မြင့် ရင် လေတိုက်ခံရသည်" ဟူသော စကားနှင့် အမှန်တကယ်ပင် ကိုက်ညီလှသည်။

အကယ်၍ ဟုန်ယွိသာ ယန်နတ်ဘုရား အဆင့်သို့ ချိုးဖျက်ရန် မကြိုးစားဘဲ ဤလောကရှိ အထွတ်အထိပ် ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို မခံရပါက၊ ကိုယ်ပိုင်အကြံအစည် အသီးသီးရှိ ကြသော ဤလူအုပ်စုကြီးမှာ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ရန် အမှန်တကယ် ပူးပေါင်းကြလိမ့် မည် မဟုတ်ပေ။

သူသည် ဤခေတ်၏ အမြင့်ဆုံးနေရာတွင် ရပ်တည်နေပြီး နောက်ဆုံးခြေလှမ်းကို လှမ်းရန် အနီးစပ်ဆုံးသူ ဖြစ်နေသည်။ သူ့ကို မသတ်ရင် မည်သူ့ကို သတ်ကြမည်နည်း။

ဘုန်း…. ဘုန်း…. ဘုန်း….. ဘုန်း……

ပထမဆုံးအနေဖြင့် ဧကရာဇ်ရှန်နှင့် ဧကရီယင်တို့၏ ပူးပေါင်းစွမ်းအားကြောင့် သူ၏ ဗုဒ္ဓလက်ဝါးမှာ ကြေမွသွားပြီး ပြန်လည် တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ ထို့နောက် ရွှီယွိနှင့် မန်ပိုင်ရှင်းတို့၏ စွမ်းအားများကလည်း သူတော်စင်ပေါင်းစုံခန်းမကို ဗုံးကြဲသကဲ့သို့ ကျရောက်လာသည်။ ကောင်းကင်ယံရှိ 'ကောင်းကင်နှင့်မြေကြီးကြိတ်ဆုံ' ကြီးမှာလည်း တဂျိန်းဂျိန်း မြည်ဟည်းကာ ဟုန်ယွိကို အပိုင်းပိုင်း ကြိတ်ခြေရန် ကြိုးစားနေသည်။ 'အမှောင်ဧကရာဇ်တာအိုသခင်' ၏ 'အမှောင်ကြယ်' တိုက်ခိုက်မှုမှာလည်း သမုဒ္ဒရာကြီး တစ်စင်းကဲ့သို့ပင်။ အမှောင်ထု အစစ်မှန် စွမ်းအင်များမှာ နေရာအနှံ့ ပျံ့နှံ့နေတော့သည်။

ယန်ဖန်၏ စွမ်းအင်များနှင့် ဧကရာဇ်ကောင်းကင်တံဆိပ်၏ တိုက်ခိုက်မှုမှာလည်း သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားသည်။

နောက်ဆုံးတွင် ကြီးမားလှသော နတ်ဘုရားလက်နက် ဘုရင်ဖြစ်သည့် ထာဝရနိုင်ငံတော် မှာလည်း ပြိုကျလာတော့သည်။ ထာဝရအလင်းတန်းများမှာ နေရာအနှံ့ တောက်ပနေပြီး သူတော်စင်ပေါင်းစုံခန်းမကို အမှန်တကယ် ဖျက်ဆီးတော့မည့်အလား ရှိနေသည်။ ထာဝရ နိုင်ငံတော်၏ စွမ်းအားမှာ သူတော်စင်ပေါင်းစုံခန်းမနှင့် အဆင့်တူပြီး တစ်ဖက်နှင့်တစ်ဖက် အားပြိုင်နေကြသည်။

အကယ်၍ ထိုနတ်ဘုရားလက်နက်ဘုရင်သာ မပါဝင်ပါက၊ ဤမျှ လူများစွာက တိုက်ခိုက် နေသော်လည်း ဟုန်ယွိသည် ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် ယခုအခါ နတ်ဘုရား လက်နက်ဘုရင်ပါ ထပ်ပေါင်းလိုက်သောအခါ သူ့စွမ်းအား ကန့်သတ်ချက်ထက် ကျော်လွန် သွားခဲ့ပြီ။

ညှာတာမှုကင်းမဲ့သော စွမ်းအားများမှာ ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် မှော်ရတနာများကို ဖုံးလွှမ်းကာ အစွမ်းကုန် ဖိနှိပ်ကာ လည်ပတ်နေပြီး ကြိတ်ခြေနေ၏။ ခဏချင်းအတွင်းမှာ ပင် စကြာဝဠာကြီးမှာ အကြိမ်ပေါင်းထောင်ချီ ပျက်စီးပြီး ပြန်လည်မွေးဖွားနေသကဲ့သို့ပင်။ ဤအခြေအနေတွင် မည်သူမျှ မလွတ်မြောက်နိုင်သလို၊ လှုပ်ရှားနိုင်ခြင်းလည်း မရှိပေ။ သူတို့သည် မျက်လုံးများကိုသာ ပိတ်ပြီး သေဆုံးမည့်အချိန်ကို စောင့်နေရုံသာ ရှိတော့ သည်။

ထိုအခိုက်အတန့်တွင် ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ် သော အမူအရာများ ပေါ်ထွက်လာသည်။ သူသည် အလွန်အမင်း တုန်လှုပ်နေ၏။ ဤမျှ ကြီးမားသော စွမ်းအားကို ရင်ဆိုင်ရလျှင် မည်သူမျှ မတုန်လှုပ်ဘဲ မနေနိုင်သလို၊ မည်သည့် တည်ရှိမှုမျိုးမဆို ကြောက်ရွံ့သွားမည်သာ ဖြစ်သည်။

ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင် သာမက၊ သူတော်စင်ပေါင်းစုံခန်းမထဲရှိ 'မူလတာအို သခင်' ပင်လျှင် ထိတ်လန့်သော အမူအရာ ပြသနေသည်။ စစ်ပွဲနှင့် မိုးကြိုးကို အုပ်စိုးသော ဤနတ်ဘုရားမှာ ဤမျှ ကြီးကျယ်လှသော တိုက်ပွဲကြီးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သို့သော်လည်း ဟုန်ယွိမှာမူ အနည်းငယ်မျှပင် တုန်လှုပ်ချောက်ချားခြင်း မရှိသည့်အပြင် မည်သည့် ခံစားချက်ကိုမျှလည်း ထုတ်ဖော်မပြခဲ့ပေ။ ဤအခိုက်အတန့်တွင် သူ၏ စိတ် အခြေအနေမှာ အလွန်အမင်း လှုပ်ရှားနေပြီး စိတ်အားထက်သန်မှုများမှာ ရင်ဘတ်အတွင်း ၌ မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်ပေါ်နေ၏။

ဤပြင်းထန်လှသော ဖိအားများအောက်တွင် သူသည် တစ်စုံတစ်ရာသော အရှိန်အဟုန်၊ တစ်စုံတစ်ရာသော တိုးတက်မှုနှင့် တစ်စုံတစ်ရာသော နားလည်သဘောပေါက်မှုကို ရရှိခဲ့ပုံ ရသည်။

"ခင်ဗျားတို့က ကျုပ်ကို ဝိုင်းတိုက်နေကြတာလား။"

"ခင်ဗျားတို့ ကျုပ်ကို သတ်ချင်နေကြတာလား"

"ခင်ဗျားတို့ ဖြစ်ချင်သလို ဖြစ်လာမယ်လို့ ထင်နေတာလား"

"မဖြစ်နိုင်ဘူး"

"ခင်ဗျားတို့ရဲ့ ဖိအားတွေက ကျုပ်ကို အကူအညီ ပေးနေသလိုပဲ"

“ဒီအခြေအနေ၊ အခုလို အခက်အခဲမျိုးကို ကျုပ် ကြိုတင် မခန့်မှန်းထားဘူးလို့ ခင်ဗျားတို့ ထင်နေတာလား”

"ခင်ဗျားတို့ မှားသွားပြီ။ အကြီးအကျယ်ကို မှားသွားတာ။ ခင်ဗျားတို့ရဲ့ ဖိအားတွေကြောင့်ပဲ ကျုပ်ဟာ အမြင့်ဆုံးနယ်ပယ်ကို တက်လှမ်းဖို့ အထောက်အပံ့ ရသွားခဲပြီ။ ပြည်နယ် ၉၉ ခု ရဲ့ အပ်စိုက်မှတ်တွေ... ငါ့ခန္ဓာကိုယ်ဆီ ပြန်လာခဲ့ကြစမ်း"

ထိုအခိုက်အတန့်တွင် ဟုန်ယွိ၏ သွေးသား အစစ်မှန် ခန္ဓာကိုယ်မှာ သူတော်စင်ပေါင်းစုံ ခန်းမနှင့်အတူ တိုက်ခိုက်မှုပေါင်းများစွာ၏ ရိုက်ခတ်မှုကို ခံနေရသဖြင့် မူလစွမ်းအင်လုံး ကြီးများအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ၎င်းမှာ ဆက်လက်၍ ကျယ်ပြန့်လာနေ၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ ပြင်းထန်လှသော စုပ်ယူမှု စွမ်းအားတစ်ခု ထွက်ပေါ် လာသည်။ ထိုစုပ်ယူမှုစွမ်းအားမှာ အလွန်ပင် ကြီးမားလှသဖြင့် စကြာဝဠာအတွင်းရှိ မူလ စွမ်းအင်အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းပြီး တစ်ဖန် ပြန်လည်ခြေမွှကာ စကြဝဠာ အသစ်တစ်ခုကို တည်ဆောက်နေသကဲ့သို့ ဖြစ်နေသည်။

ဝူး... ဝူး... ဝူး... ဝူး... ဝူး...

ဒီရေလှိုင်းကဲ့သို့ တုန်ခါသံ ကိုးဆယ်ကိုးကြိမ်နှင့်အတူ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် နယ်ပယ်မှာ ရုတ်တရက် ကွဲအက်သွားပြီး ထိုလွင့်မျောနေသော တိုက်ကြီးဖြစ်သည့် မဟာ ကမ္ဘာလောက၏ ပုံရိပ်ယောင်မှာ ထွက်ပေါ်လာသည်။

ထိုလွင့်မျောနေသော တိုက်ကြီး၏ နက်ရှိုင်းလှသော ဗဟိုချက်အတွင်းမှ ဟင်းလင်းပြင် အမှတ် ၉၉ ခုမှာ အဆက်မပြတ် တုန်ခါနေပြီး အလင်းလျှင်ထက် အဆပေါင်း ဆယ်သန်း၊ သန်းတစ်ရာမက မြန်သော အရှိန်ဖြင့် လေဟာနယ်နှင့် အချိန်ကို ဖြတ်ကျော်ကာ ဟုန်ယွိ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားခဲ့သည်။

'မဟာကမ္ဘာလောက' မှ ထွက်ပေါ်လာသော ထိုဟင်းလင်းပြင် အမှတ် ၉၉ ခုမှာ ဟုန်ယွိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ဟုန်ယွိ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များမှာ ချက်ချင်း ပြည့်စုံသွားပြီး၊ အပ်စိုက်မှတ်ပေါင်း ၁,၂၉၆ ခု အဖြစ် ပြောင်းလဲကာ ဝမ်ယွမ် ကိန်း ဂဏန်းအထိ ဖြစ်လာတော့သည်။

"ငါ့ခန္ဓာကိုယ်ထဲက အပ်စိုက်မှတ်တွေ အားလုံး... ဝမ်ယွမ် တစ်ခေတ်စာ ပြည့်စုံသွားပြီ။ ကြီးမြတ်တဲ့ ကံတရား၊ ကြီးမြတ်တဲ့ အောင်မြင်မှု။ ငါဟာ ဟင်းလင်းပြင်ဖျက်ဆီးခြင်း နယ်ပယ်ကို ချိုးဖျက်မယ်..."

“ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း၊ ပျက်စီးစမ်း”

အပ်စိုက်မှတ် ၁,၂၉၆ ခု ပြည့်စုံသွားပြီးနောက် ချက်ချင်းပင် အရှိန်အဟုန်ဖြင့် လည်ပတ်လာ တော့သည်။ ဟုန်ယွိကို ဗဟိုပြု၍ အခြားသော မူလစွမ်းအင်များအားလုံးမှာ စတင်ကြွေကွဲ ကာ အမှုန့်ဖြစ်သွားခဲ့သည်။ ဟုန်ယွိ၏ ဦးခေါင်းထက်သို့ ရောက်ရှိနေသော 'ထာဝရ နိုင်ငံ တော်' ၏ အလင်းတန်းများပင်လျှင် ပြိုကွဲပျက်စီးလာပြီး အပြည့်အဝ ပြည့်စုံသွားသော 'ဝမ်းယွမ်' အပ်စိုက်မှတ်များ၏ ပြင်းထန်သော လည်ပတ်မှုအတွင်းသို့ စီးဝင်သွားခဲ့သည်။

ဟုန်ယွိက "ပျက်စီးစမ်း" ဟူသော စကားလုံးကို ကိုးကြိမ် ဆက်တိုက် ရွတ်ဆိုလိုက်သည်။

ထို "ပျက်စီးစမ်း" ဟူသော စကားလုံး ကိုးလုံးမှာ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်း အတွင်း၊ ကြယ်တာရာများ၊ နေနှင့်လအားလုံး၏ နက်ရှိုင်းဆုံး ဗဟိုချက်များ၊ ကမ္ဘာမြေကြီး ၏ အနက်ရှိုင်းဆုံးနေရာ၊ ကောင်းကင်၏ အမြင့်ဆုံးနေရာနှင့် အထွတ်အထိပ် ကျွမ်းကျင်သူ တိုင်း၏ နှလုံးသားထဲတွင် စွဲထင်သွားတော့သည်။ ဖန်ဆင်းရှင်များသာမက၊ ခြောက်ကြိမ် မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားပြီး ဖန်ဆင်းရှင်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အလွန်အာရုံခံစားလွယ်သော ကျွမ်းကျင်သူများ၏ စိတ်ထဲတွင်ပါ ထိုအသံမှာ ပဲ့တင်ထပ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေပြင်မှာ ပဲ့တင်ထပ်သွားပြီး နေနှင့် လတို့မှာ ဦးညွှတ်သွားကြကာ ဟင်းလင်းပြင်က အညံ့ခံလာပြီး၊ တစ္ဆေနှင့် နတ်ဘုရားများက ဦးညွှတ် ကြလေသည်။ နတ်ဘုရားစွမ်းရည်များမှာ သူ၏ အသုံးတော်ခံ ဖြစ်လာပြီး ကြယ်များမှာ လည်း ကြွေလွင့်ပျက်စီးသွားခဲ့ရသည်။

ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်

"မကောင်းတော့ဘူး၊ သူ ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့်ကို ချိုးဖျက်နေတာပဲ။ ဒါဟာ နှစ်ပေါင်း သောင်းနဲ့ချီပြီး မထွက်ပေါ်ခဲ့ဖူးတဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်း အစစ်အမှန်ပဲ။ သူ တကယ် အောင်မြင်သွားပြီ။ အရင်တစ်ခါ ယန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကြိုးစား တုန်းကလို မဟုတ်တော့ဘူး၊ အခု သူဟာ ဘာအတားအဆီးမှ မရှိတော့ဘဲ တကယ်ကြီးကို အောင်မြင်သွားခဲ့ပြီ”

ယန်ဖန်သည်လည်း ကောင်းကင်နှင့် မြေပြင်ကြားမှ ပဲ့တင်ထပ်သံများကို ခံစားလိုက်ရပြီး သူ့မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားတော့သည်။ နတ်ဘုရားလက်နက်များ၏ ဘုရင်ကို ပိုင်ဆိုင်ထားသော သူပင်လျှင် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ တုန်ယင်လာခဲ့ရသည်။ ဤစွမ်းအား၊ ဤဒဏ္ဍာရီလာ နယ်ပယ်သည် ယန်နတ်ဘုရားနှင့် အဆင့်တူဖြစ်သဖြင့် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။

"ဟုတ်တယ်... ဒါဟာ ဟင်းလင်းပြင်ဖျက်ဆီးခြင်းပဲ..." မုန့်ရှန်းကျီသည်လည်း သူ့ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ဤအခိုက်အတန့်၏ မွေးဖွားလာမှု၊ ဒဏ္ဍာရီတစ်ခု၏ မွေးဖွားလာမှုကို မျက်ဝါးထင်ထင် ကြည့်ရှုနေတော့သည်။

All Chapters