← Chapters

အခန်း ၇၈၁

Vol. 76 Ch. 781

အခန်း ၇၈၁

Vol. 76 Ch. 781

ယန်နတ်ဘုရား စာစဉ် (၇၆)

ဘာသာပြန်သူ နေဇင်။

အခန်း (၇၈၁)။

“ဟုန်ယွိ... မင်း ငါတို့ကို ဘာလုပ်ဖို့ ကြံစည်နေတာလဲ”

‘ထိုက်ကျိ မိုးကြိုးရေကန်’ ၏ အနက်ရှိုင်းဆုံးနေရာတွင် ပိုးသားကဲ့သို့ နူးညံ့ချောမွေ့သော မိုးကြိုးရည်များကြား၌ အစီအရင်တစ်ခု ပိတ်မိနေ၏။ ထိုအစီအရင်မှာ ရှေးဦးရတနာ တစ်ခု ဖြစ်သည့် ‘မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ’ ဖြစ်ပြီး ရွှီဝူဟွေက ဦးစီးနေခြင်း ဖြစ်သည်။ ထိုအစီအရင်အတွင်း၌ လူသားအင်မော်တယ် သုံးရာ ရှိနေပြီး သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ပေါင်းစည်းကာ ထိုက်ကျိ မိုးကြိုးရေကန်၏ ဖိနှိပ်မှုကို အသည်း အသန် ခုခံနေကြရသည်။

ပိုးသားမျှင်ကဲ့သို့သော မိုးကြိုးရည်များက ကမ္ဘာပေါ်တွင် အခိုင်မာဆုံး ကြိုးများထက်ပင် ပိုမိုတင်းကျပ်စွာ ချည်နှောင်နိုင်စွမ်းရှိသည်။ ထိုပိုးသားမျှင်များက မသေမျိုးတက်လှမ်းခြင်း အစီအရင်ကို ရစ်ပတ်ထားပြီး ငွေဖြူရောင် ပိုးအိမ်ကြီးတစ်ခုအသွင် ဖန်တီးထားရာ အစီအရင်မှာ မည်မျှပင် ရုန်းကန်ပါစေ လွတ်မြောက်နိုင်ခြင်း မရှိချေ။

ထိုစဉ် ဟုန်ယွိက ထိုက်ကျိ မိုးကြိုးရေကန်အထက်သို့ ဆင်းသက်လာသည်။ သူ၏ လက်ညှိုးဖြင့် တစ်ချက်မျှ ညွှန်လိုက်ရုံဖြင့် မိုးကြိုးရေကန်တစ်ခုလုံး အလယ်မှ ကွဲအက် သွားပြီး ရွှီဝူဟွေနှင့် လူသားအင်မော်တယ် သုံးရာတို့မှာ သူတို့အပေါ် ကျရောက်နေသော ဖိအားများ ရုတ်တရက် လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။

ရွှီဝူဟွေသည် ချက်ချင်းပင် လေချွန်သံတစ်ချက်ပေးကာ အစီအရင်ကို လှုပ်နှိုးလိုက်ပြီး ကမ္ဘာမြေကို တုန်ဟည်းစေမည့် ရှေးဦးနတ်ဘုရား သိုင်းပညာရပ်ဖြစ်သော ‘လှိုင်းလုံးဓား ဘုရင်’ ကို ထုတ်ဖော်လိုက်သည်။ ဝူး... ကမ္ဘာပျက်မတတ် ပြင်းထန်လှသော သွေးရောင် အလင်းတန်းများမှာ ဟုန်ယွိထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ ၎င်းမှာ ကောင်းကင်စည်ကြီးကို တီးခတ်လိုက်သကဲ့သို့၊ တောင်ကြီးများ ရွေ့လျားသွားသကဲ့သို့ သို့မဟုတ် နေ၊ လ၊ ကြယ်တို့၏ လမ်းကြောင်းများ ပြောင်းလဲသွားသကဲ့သို့ အရာအားလုံးကို ချေမှုန်းဖျက်ဆီးပစ်မည့် အရှိန်အဝါမျိုး ဖြစ်သည်။

သို့သော်လည်း ထိုသွေးရောင်အလင်းတန်းများ ဟုန်ယွိ၏ ရှေ့မှောက်သို့ ရောက်လာသော အခါတွင်မူ သူက အေးအေးလူလူပင် လက်ဖြင့် ဖမ်းဆီးလိုက်သည်။ ‘ဘုန်း’ ဆိုသော အသံနှင့်အတူ ထိုစွမ်းအင်များမှာ အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားပြီး သွေးမိုးများအဖြစ် မိုးကြိုးရေကန်အတွင်းသို့ ပြန်လည်ကျဆင်းသွားတော့သည်။ ထိုသွေးရောင်အလင်းတန်း မှာ လူသားအင်မော်တယ် သုံးရာ၏ သွေးစွမ်းအင်များကို စုစည်းထားခြင်း ဖြစ်သော်လည်း ဟုန်ယွိအတွက် ဘာမှမဟုတ်ပေ။

“တော်စမ်း... ငါက သူတော်စင်ပေါင်းစုံခန်းမရဲ့ စွမ်းအားကို အသုံးမပြုရင်တောင် မင်းတို့က ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒီလူသားအင်မော်တယ် သုံးရာထဲမှာ တစ်ယောက်မှ အထွတ် အထိပ်အဆင့်ကို မရောက်သေးသလို ခန္ဓာကိုယ်ရဲ့ အပ်စိုက်မှတ် တစ်ခုကိုတောင် မဖွင့်နိုင် သေးဘူး။ တကယ်လို့ မင်းတို့ သုံးရာလုံးက လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ကို ရောက်နေပြီး စိတ်ဆန္ဒတွေကို ပေါင်းစည်းနိုင်မယ်ဆိုရင်တော့ ဟင်းလင်းပြင် ဖျက်ဆီး ခြင်းအဆင့်ကို ရောက်နေတဲ့ငါတောင် သတိထားရလိမ့်မယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက မင်းတို့က အဲဒီလို မဟုတ်ဘူး။ အချည်းနှီး ခုခံနေတာကို ရပ်လိုက်စမ်းပါ။ ငါက မင်းတို့ရဲ့ အမှားတွေကို တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ ခွင့်လွှတ်ပေးနိုင်ပေမဲ့ လေးကြိမ်၊ ငါးကြိမ်ဆိုရင်တော့ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ငါ့ရဲ့ နောက်ဆုံးသည်းခံနိုင်စွမ်းကို ထပ်ခါ တလဲလဲ စမ်းသပ်မယ်ဆိုရင်တော့ မင်းတို့အားလုံး ဝိညာဉ်ဘဝကို ရောက်သွားရလိမ့်မယ်”

ဟုန်ယွိက နောက်တစ်ကြိမ် လက်ဖြင့် လှမ်းဖမ်းလိုက်ရာ အစီအရင်ကို ဦးစီးနေသော ရွှီဝူဟွေသည် အတင်းအဓမ္မ ဆွဲထုတ်ခြင်းခံလိုက်ရပြီး ဟုန်ယွိ၏ ရှေ့မှောက် မိုးကြိုးရေကန် ပေါ်သို့ ကျဆင်းသွားသည်။ ထိုအချိန်မှာပင် ဗုန်းကနဲ ပေါက်ကွဲသံနှင့်အတူ မသေမျိုး တက်လှမ်းခြင်း အစီအရင်မြေပုံမှာ စတင်ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် လက်ကိုင်ပုဝါ ခန့်ရှိသော ရှေးဟောင်းလိပ်စာမူတစ်ခုအဖြစ် ပြောင်းလဲကာ ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်လာတော့သည်။

လူသားအင်မော်တယ် သုံးရာ၏ ပြန်လည်တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ဟုန်ယွိ သည် ထိုမြေပုံကို သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။ ထိုမြေပုံမရှိလျှင် ထိုသူတို့၏ စွမ်းအင်၊ သွေးစွမ်းအင်နှင့် စိတ်ဆန္ဒများကို အလွယ်တကူ ပေါင်းစည်းနိုင်မည် မဟုတ်ဘဲ တစ်ဦးချင်း စီသာ ဖြစ်သွားပေလိမ့်မည်။

အင်မော်တယ်တာအို၏ မဟာအစီအရင်များသည် သာမန်လူသားတို့၏ စစ်ဝင်္ကပါ အစီအရင်များထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သည်ကို သိထားရမည်။ သာမန် စစ်တပ်တစ်ခုပင်လျှင် ရိုးရှင်းသော စစ်ဝင်္ကပါအစီအရင်ကို သုံးခြင်းဖြင့် မိမိထက် နှစ်ဆပို အစွမ်းထက်သော ရန်သူကို အနိုင်ယူနိုင်စွမ်းရှိရာ လူသားအင်မော်တယ် ပညာရှင်များအဖို့ ဆိုဖွယ်ရာမရှိချေ။

ရှေးဦးခေတ်က ယန်နတ်ဘုရား ပညာရှင်တစ်ဦးပင်လျှင် လူသားအင်မော်တယ် အထွတ် အထိပ်အဆင့်ရှိသူ ၁၀၀ ၏ မဟာအစီအရင်ဖြင့် ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရကာ ပြင်းထန် စွာ ဒဏ်ရာရခဲ့ဖူးသည်ဟု အဆိုရှိသည်။

“အရှက်ရပြီး အသက်ရှင်နေရတာထက် ဂုဏ်သိက္ခာရှိရှိ သေရတာက ပိုမြတ်တယ်”

“သူ့ကို အသေသတ်ကြစို့”

“ဟုန်ယွိ... ငါတို့ကို လက်နက်ချခိုင်းဖို့ လုံးဝ မစဉ်းစားနဲ့”

“အားလုံး ပူးပေါင်းပြီး တိုက်ကြစို့”

မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ သိမ်းဆည်းခံလိုက်ရသည်နှင့် ကောင်းကင်သခင် လူသားအင်မော်တယ်များမှာ အပြင်သို့ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးသည် အရုဏ်ဦးချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး မိုးကြိုးရေကန်အထက်တွင် ခြင်ကောင်များ ကဲ့သို့ ပျံသန်းနေကြရင်း ဟုန်ယွိကို အံတုရန် ပြင်ဆင်နေကြသည်။

“အားလုံး ရပ်စမ်း... စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့”

ရွှီဝူဟွေက ကျယ်လောင်စွာ ဟစ်အော်တားဆီးလိုက်သည်။ သူမသည် လူအားလုံးကို စုစည်းလိုက်ပြီး ဟုန်ယွိနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရပ်လိုက်သည်။

“ဟုန်ယွိ... ငါတို့ ရွှီမိသားစုရဲ့ တပည့်ပေါင်း သန်းတစ်ရာကျော်ရဲ့ အသက်ကို ကယ်တင် ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်။ လူသားအင်မော်တယ် သုံးရာရဲ့ အင်အားကို လည်း မင်းက ထိန်းသိမ်းပေးခဲ့တယ်” အခြေအနေကို သုံးသပ်ပြီးနောက် သူမက ပြောလိုက် သည်။ လက်ရှိအခြေအနေအရ သူမသာ လူမိုက်လူအမဟုတ်လျှင် ဟုန်ယွိနှင့် အသေအလဲ တိုက်ခိုက်မည် မဟုတ်ပေ။

“မင်းက အခြေအနေကို နားလည်သားပဲ။ ငါသာ မကယ်ခဲ့ရင် ရွှီမိသားစုဝင် သန်းသုံးရာလုံး သေသွားမယ်ဆိုတာ မင်း သိနေတာပဲ” ဟုန်ယွိက လက်နှစ်ဖက်ကို နောက်ပစ်ကာ ရွှီဝူဟွေ ကို ကြည့်လိုက်သည်။

“ငါ သိချင်တာက ဟုန်ယွိ... ငါတို့ကို လွှတ်ပေးပြီး လွတ်လပ်ခွင့်ရဖို့ ငါတို့ ဘာလုပ်ပေး ရမလဲ။ ငါ မင်းရဲ့ ပြောင်းလဲခြင်းကျမ်းကို ဖတ်ကြည့်ပြီးပြီ။ အဲဒါက အရမ်းနက်နဲပြီး အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ရဲ့ တာအိုတွေကို ဖော်ပြထားတယ်။ ဧကရာဇ်ချန်ရှန်း ဟောကိန်းထုတ်ခဲ့တဲ့ လူသားတာအိုကျမ်းဆိုတာ ဒါပဲဖြစ်ရမယ်။ မင်းက ရက်စက်တတ်တဲ့ လူ မဟုတ်ဘူးဆိုတာ ငါ ယုံကြည်တယ်။ မင်းရဲ့ လက်နက်တွေ ဒါမှမဟုတ် မှော်စွမ်းအား တွေ တိုးတက်ဖို့ ငါတို့ကို အသုံးချမှာ မဟုတ်ဘူးမလား”

ရွှီဝူဟွေ၏ မျက်လုံးများက တောက်ပသွားပြီး သူမစိတ်ထဲမှ မျှော်လင့်ချက်ကလေးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“ရွှီဝူဟွေ... တကယ်လို့ ရွှီမိသားစုဝင် သန်းတစ်ရာက လွတ်လပ်ခွင့် ရသွားမယ်ဆိုရင် အဲဒါက မဟာကမ္ဘာလောကအတွက် ဘေးဒုက္ခဖြစ်လာလိမ့်မယ်။ မင်းတို့ကို ငါ ဘယ်လို အနေထားမျိုးနဲ့ လွှတ်ပေးရမလဲ ပြောပါဦး” ဟုန်ယွိက ပြုံးလိုက်သည်။ “ဒါပေမဲ့ ဒီကိစ္စက ညှိနှိုင်းလို့ မရတာတော့ မဟုတ်ဘူး။ အရမ်းရိုးရှင်းပါတယ်။ မင်းတို့အားလုံး ငါပြောတဲ့ အတိုင်း လုပ်မယ်ဆိုရင် တစ်နေ့မှာ ငါ မင်းတို့ကို ပြန်လွှတ်ပေးပါ့မယ်”

“ငါတို့ကို ဘာလုပ်စေချင်တာလဲ” ရွှီဝူဟွေ မျက်မှောင်ကြုတ်လိုက်သည်။

“ရိုးရိုးလေးပါပဲ။ မင်းတို့ လူသားအင်မော်တယ် သုံးရာကို မတူကွဲပြားတဲ့ ဟင်းလင်းပြင်တွေ ဆီ သွားခိုင်းချင်တယ်။ အဲဒီမှာရှိတဲ့ မင်းတို့တပည့်သန်းတစ်ရာကို သွားရောက် နှစ်သိမ့်ပေး ပါ။ သူတို့ကို ဆူပူအုံကြွမှု မလုပ်ဖို့နဲ့ စိတ်အေးအေးထားပြီး သူတို့ရဲ့ စိတ်နှလုံးကို ပြုပြင် ကျင့်ကြံဖို့ သွားပြောပေးပါ” ဟုန်ယွိက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ဒါက မင်းတို့ အတွက် မခက်ခဲပါဘူး မဟုတ်လား။ သူတို့ ဆူပူနေလည်း အလကားပဲဆိုတာ မင်းတို့ သိနေတာပဲ”

“ဒါပဲလား၊ ဒါက ငါတို့အတွက်တောင် အကျိုးရှိဦးမယ်” ဟုန်ယွိ၏ စကားကို ကြားသော အခါ ရွှီဝူဟွေသာမက လူသားအင်မော်တယ် သုံးရာလုံး အံ့အားသင့်သွားကြပြီး အချင်းချင်း တီးတိုးရေရွတ်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဟုန်ယွိ၏ အခြေအနေမှာ သူတို့အတွက် ခက်ခဲသော အခြေအနေ မဟုတ်သောကြောင့်ပင်။

လူသန်းတစ်ရာကို စိတ်အေးအေးထားပြီး ကျင့်ကြံခိုင်းခြင်းမှာ သူတို့ကိုယ်တိုင်လည်း လုပ်ဆောင်လိုသောအရာ ဖြစ်သည်။ ဟုန်ယွိ၏ အခြေအနေမှာ သူတို့ကို ကူညီပေးနေခြင်း ပင်။

“ဒါပေမဲ့ စိတ်နှလုံးကို ပြုပြင်ကျင့်ကြံဖို့အတွက် မင်းတို့အားလုံး ပြောင်းလဲခြင်းကျမ်းကို ဖတ်ရမယ်” ဟုန်ယွိက ထပ်ပြောသည်။ “ဒါပေမဲ့ ဗဟိုကမ္ဘာရဲ့ ယဉ်ကျေးမှုက ငါတို့ရဲ့ ယဉ်ကျေးမူနဲ့ အရမ်းကွာခြားတယ်။ ဒီလူသန်းသုံးရာက ပြောင်းလဲခြင်းကျမ်းကို နားလည် နိုင်ပါ့မလား။ အဲဒါကြောင့် ငါက ဟင်းလင်းပြင်တိုင်းမှာ အနာဂတ်သခင်ရှီရဲ့ ပုံရိပ်ယောင် တွေကို ထားပေးထားတယ်။ ပြောင်းလဲခြင်းကျမ်းကို ဖတ်ချင်တဲ့သူတိုင်း အဲဒီပုံရိပ်ယောင် တွေကို အနက်ဖွင့်ဆိုချက်တွေ မေးလို့ရတယ်”

“အော်... မင်းက မင်းရဲ့ ပြောင်းလဲခြင်းကျမ်းနဲ့ ငါတို့ကို ဦးနှောက်ဆေးဖို့ ကြံနေတာပေါ့။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ လှည့်ကွက်ပဲ...” ရွှီဝူဟွေ၏ မျက်လုံးများ မှေးစင်းသွား သည်။

“ဗဟိုကမ္ဘာက လူတွေက ထက်မြက်ကြပါတယ်။ သူတို့ စာမဖတ်တတ်ဘူးလို့ မင်း ထင်နေ တာလား။ တကယ်လို့ ဒါက ဦးနှောက်ဆေးတာဆိုရင်တောင် မင်းတို့မှာ တခြားရွေးချယ်စ ရာ မရှိဘူး။ ငါက မင်းတို့ကို အတင်းအကျပ် မလုပ်ပါဘူး။ ဒါ့အပြင် နောက်ထပ် ဆွဲဆောင်မှု တစ်ခုလည်း ရှိသေးတယ်။ တကယ်လို့ မင်းတို့ ပြောင်းလဲခြင်းကျမ်းကို အသေအချာ ဖတ်မယ်ဆိုရင် မူလအစနယ်မြေကို သွားတဲ့အခါ အများကြီး အထောက်အကူ ဖြစ်လိမ့် မယ်” ဟုန်ယွိက အေးဆေးစွာ ပြောလိုက်သည်။

“မူလအစနယ်မြေလား။ အဲဒါက ဘာလဲ” လူသားအင်မော်တယ် သုံးရာလုံး ဆွေးနွေးငြင်းခုံ ကြပြန်သည်။ ရွှီဝူဟွေမှာမူ တုန်လှုပ်သွားပြီး ဟုန်ယွိကို ကြည့်လိုက်သည်။ ဟုန်ယွိက သူမ စိတ်ထဲက အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို သိနေသကဲ့သို့ပင်။

“ကြည့်ရတာ ရွှီယွိက သူ့သမီးကို မူလအစနယ်မြေရဲ့ လျှို့ဝှက်ချက်တွေ ပြောပြထားပုံပဲ” ဟုန်ယွိက ရွှီဝူဟွေ၏ မျက်နှာအမူအရာကို ကြည့်ပြီး သိလိုက်သည်။ “ဗဟိုကမ္ဘာရဲ့ ခေါင်းဆောင်တွေအားလုံး အဲဒီနေရာကို သွားခဲ့ကြတာ။ ငါလည်း မကြာခင် သွားတော့ မယ်။ မင်းတို့ကို အဲဒီကို ခေါ်သွားရမလား၊ မခေါ်သွားရဘူးလားဆိုတာကတော့ မင်းတို့ ပြောင်းလဲခြင်းကျမ်းကို ဘယ်လောက် ကောင်းကောင်းဖတ်လဲ၊ ငါ့ရဲ့ သူတော်စင်ပေါင်းစုံ ခန်းမအတွက် ဘယ်လောက် စွမ်းအင်တွေ မြှင်တင်ပေးနိုင်လဲဆိုတဲ့အပေါ်မှာ မူတည် တယ်။ ကဲ... ဒါကို မင်းတို့ဘာသာ ဆွေးနွေးကြဦး”

စကားပြောပြီးသည်နှင့် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး သူ၏ အပ်စိုက်မှတ်များမှ စွမ်းအင်များ ထွက်ပေါ်လာကာ ဟင်းလင်းပြင်ထဲတွင် ပျားအိမ်ကဲ့သို့ ဥမင်လိုဏ်ခေါင်းများ စွာ ဖြစ်ပေါ်လာသည်။ “ဒီဥမင်လိုဏ်ခေါင်းတွေက မတူကွဲပြားတဲ့ ဟင်းလင်းပြင်တွေဆီကို ဦးတည်နေတယ်။ အဲဒီမှာ ရွှီမိသားစုဝင် သန်းတစ်ရာကျော်ကို ချိပ်ပိတ်ထားတယ်။ မင်းတို့ စဉ်းစားလို့ ပြီးပြီဆိုရင် သူတို့ကို သွားရောက် နှစ်သိမ့်ပေးဖို့ အချိန်မရွေး ဝင်သွားလို့ရတယ်။ ငါ မင်းတို့နဲ့ အတူ မလိုက်တော့ဘူး”

ဟုန်ယွိမှာ လျှပ်တပြတ်အတွင်း ပျောက်ကွယ်သွားပြီး မိုးကြိုးရေကန်အထက်တွင် ဆွေးနွေးနေကြသော လူအုပ်ကြီးသာ ကျန်ရစ်ခဲ့သည်။

“သခင်မလေး ဝူဟွေ၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ကောင်းကင်သခင် လူသားအင်မော် တယ် သုံးရာက ရွှီဝူဟွေကို မေးလိုက်သည်။

“ဒါက အခွင့်အရေးကောင်းပဲ။ တကယ်လို့ ဟုန်ယွိက တကယ်ပဲ မူလအစနယ်မြေကို သွားမှာဆိုရင် သူပြောသလို လုပ်ကြတာပေါ့။ အားလုံးပဲ သက်ဆိုင်ရာ ဟင်းလင်းပြင်တွေ ထဲ ဝင်ပြီး ရွှီမိသားစု တပည့်တွေကို သွားရောက် နှစ်သိမ့်ပေးကြပါ။ သူတို့စိတ်တွေကို တည်ငြိမ်အောင်လုပ်ခိုင်းပြီး ပြောင်းလဲခြင်းကျမ်းကို လေ့လာခိုင်းပါ။ တကယ်တော့ ဒီကျမ်း က ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရပါပဲ။ မင်းတို့ အသေအချာ လေ့လာရင် မင်းတို့ရဲ့ သိုင်းပညာတွေလည်း အများကြီး တိုးတက်လာလိမ့်မယ်”

ရွှီဝူဟွေက တစ်လုံးချင်း အမိန့်ပေးလိုက်ရာ လူသားအင်မော်တယ် သုံးရာလုံးသည် ဟင်းလင်းပြင် အက်ကွဲကြောင်းများအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြတော့သည်။

‘မင်းတို့ ပြောင်းလဲခြင်းကျမ်းကို ဖတ်ပြီးတာနဲ့ မင်းတို့ရဲ့ စိတ်တွေက မင်းတို့ အလိုအတိုင်း ဖြစ်တော့မှာ မဟုတ်ဘူး’ ဟုန်ယွိက စိတ်ထဲက တွေးလိုက်သည်။

နောက်ရက်အနည်းငယ်တွင် ဟုန်ယွိသည် လျှို့ဝှက်နက်နဲသော မူလအစနယ်မြေသို့ ချက်ချင်း မသွားသေးဘဲ တရားထိုင်ကာ ဟင်းလင်းပြင် ဖျက်ဆီးခြင်း' နတ်ဘုရား စွမ်းရည် ကို ပိုမိုကျွမ်းကျင်အောင် လေ့ကျင့်နေခဲ့သည်။ သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်း ပညာ ရပ်အပေါ် သူ၏ နားလည်မှုကို စိတ်ထဲတွင် ထပ်ခါတလဲလဲ ပြန်လည်သုံးသပ်နေခဲ့သည်။ ၎င်းမှာ သူ၏တာအိုနှင့် သိုင်းပညာရပ်များကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။

သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို သူ၏ အစစ်မှန် ခန္ဓာကိုယ်သက်သက်ဖြင့် ရောက်ရှိခဲ့ခြင်း မဟုတ်ဘဲ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသားနှင့် အင်မော်တယ် ကျောက်စာတိုင်နှစ်ခု၏ စွမ်းအားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ အင်မော်တယ် ကျောက်တိုင်နှစ်ခုမှာ သူ၏ သွေးသားခန္ဓာကိုယ်နှင့် အမှန်တကယ် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီ။ အင်မော်တယ် နတ်ဘုရားဘုရင်က အဓိကကျောက်စာ တိုင်ကြီးဖြစ်သော 'အရာခပ်သိမ်း မြစ်ဖျားခံရာ' နှင့် 'ဓာတ်ကြီးငါးပါးမိခင်' တို့ကို ထုတ်ယူ လိုက်လျှင်ပင် ဟုန်ယွိ၏ ခန္ဓာကိုယ်အတွင်းရှိ ကျောက်စာတိုင်နှစ်ခုကိုမူ လုံးဝ လှုပ်ရှား အောင် ပြုနိုင်မည်မဟုတ်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ထိုကျောက်တိုင်နှစ်ခုတွင် ဧကရာဇ်ချန်ရှန်း၏ အမှတ်အသားများ မရှိတော့သောကြောင့် ဖြစ်သည်။

သီအိုရီအရဆိုလျှင် ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်မှာ ယန်နတ်ဘုရား အဆင့်နှင့် တန်းတူပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဟုန်ယွိသည် ဧကရာဇ်ချန်ရှန်း၏ အမှတ်အသားများ ကို ဖယ်ရှားနိုင်ခဲ့ပြီး ကျောက်စာတိုင်များကို မူလ 'ရှေးဦးစွမ်းအင်' အဖြစ် ပြန်လည်ပြောင်း လဲကာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဟင်းလင်းပြင် ဖျက်ဆီးခြင်းပညာရပ်ကို ခိုင်မာအောင် ပြုလုပ်ပြီးနောက် ဟုန်ယွိသည် သူ၏အတွေးစများကို သူတော်စင်ပေါင်းစုံခန်းမရှိ ဟင်းလင်းပြင်အသီးသီးသို့ တစ်ဖန် စေလွှတ်လိုက်ပြန်သည်။

ထိုဟင်းလင်းပြင်များအတွင်း၌ လူသန်းပေါင်းများစွာ နေထိုင်နေကြသည်။ သူတို့မှာ မဟာ ကမ္ဘာလောကရှိ သာမန်လူများနှင့် မတူဘဲ စိတ်ဓာတ်ခိုင်မာသူများ၊ ထက်မြက်သူများနှင့် လွတ်လပ်သော အတွေးအခေါ်ရှိသူများ ဖြစ်ကြသည်။

ဟင်းလင်းပြင်တစ်ခုအတွင်း၌ မြို့ပြများစွာရှိသော တိုက်ကြီးတစ်ခု ရှိနေသည်။ မြို့တွင်းရှိ အိမ်ရာများမှာ အလွန်ခမ်းနားထည်ဝါပြီး ရာသီဥတုမှာလည်း သာယာလှသည်။ ထိုနေရာ တွင် လူဦးရေ ငါးသန်းမှ ခြောက်သန်းခန့်အထိ နေထိုင်ကြသည်။ သူတို့တွင် စားဝတ်နေရေး ပြည့်စုံပြီး မည်သည့်အလုပ်ကိုမျှ ပင်ပန်းကြီးစွာ လုပ်ဆောင်ရန် မလိုပေ။ သူတို့ လုပ်ဆောင် ရမည့် တစ်ခုတည်းသောအလုပ်မှာ 'ပြောင်းလဲခြင်းကျမ်း' ကို ဖတ်ရှုပြီး မိမိတို့၏ ကျင့်ကြံမှု အဆင့်များကို နားလည်သဘောပေါက်အောင် ကြိုးစားရန်သာ ဖြစ်သည်။

'ဘုန်း'

ရွှီမိသားစုမှ ရှင်တန်သိုင်းသခင် ပါရမီရှင်တစ်ဦးက ပြောင်းလဲခြင်းကျမ်းကို မြေပြင်ပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်သည်။ “ဗဟိုကမ္ဘာက အသိဉာဏ်ပွင့်လင်းတဲ့ ငါတို့တွေက ဒီတိုင်း ပြည်က လူရိုင်းတွေရဲ့ စာအုပ်ကို ဖတ်နေရတယ်ဆိုတာ ရယ်စရာပဲ။ သူက ငါတို့ကို မဟာ ကမ္ဘာလောကက လူရိုင်းတွေလို ဖြစ်သွားအောင် ဦးနှောက်ဆေးဖို့ ကြံနေတာလား၊ ငါတို့မှာ ကိုယ်ပိုင်ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေကို ရွေးချယ်နိုင်တဲ့ စနစ်ရှိပြီးသား။ အခုမှ ဘာလို့ အဆင့်အတန်းခွဲခြားမှုတွေ၊ ကိုယ်ကျင့်တရားတွေအကြောင်း ပြောနေရတာလဲ”

“အဲဒီလိုလည်း မဟုတ်ပါဘူး” ထိုရှင်တန်သိုင်းသခင်က စာအုပ်ကို ပစ်ချလိုက်သည်နှင့် တစ်ပြိုင်နက် ပုံရိပ်တစ်ခုမှာ ရေပြင်ပေါ်တွင် ဝဲပျံနေသော ဇင်ယော်ငှက်ကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ထိုပုံရိပ်မှာ မည်သည့်အသံမျှ မထွက်ဘဲ စာအုပ်ကို ကောက်ယူကာ စားပွဲပေါ်သို့ ဖုန်တစ်စပင် မထွက်အောင် အသာအယာ တင်လိုက်သည်။ “မဟာဆရာ သခင်... မင်းရဲ့လှုပ်ရှားမှုတွေက။ မဟာဆရာသခင်က သိုင်းသူတော်စင်အဆင့်ကို ရောက်သွားတာလား” ထိုစစ်သည်က မေးလိုက်သည်။ သူသည် မဟာဆရာသခင် ပညာရှင် ထံမှ ငရဲကဲ့သို့ ပြင်းထန်လှသော ဖိအားတစ်ခုကို ခံစားနေရသောကြောင့် ဖြစ်သည်။

“မှန်တယ်... ငါ မနေ့ကပဲ သိုင်းသူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ။ ပြောင်းလဲခြင်း ကျမ်းကို အထင်မသေးစမ်းပါနဲ့။ အစကတော့ ငါလည်း ဟုန်ယွိက ငါတို့ကို ဦးနှောက်ဆေးဖို့ ကြံနေတယ်လို့ ထင်ပြီး ခုခံတဲ့စိတ်နဲ့ ဖတ်ခဲ့တာ။ ဒါပေမဲ့ အဲဒါက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာနဲ့ မြို့လယ်က အနာဂတ်သခင်ဆီသွားပြီး အနက်ဖွင့်ဆိုချက်တွေ မေးကြည့်ခဲ့ တယ်။ ပြန်လာတဲ့အခါမှာတော့ ငါ ဉာဏ်အလင်းပွင့်သွားပြီး သိုင်းသူတော်စင်အဆင့်ကို ရောက်သွားခဲ့တာပဲ။ ကောင်းကင်နဲ့ မြေကြီးရဲ့ လေနဲ့ မိုးကြိုး၊ မီးနဲ့ ရေ၊ တောင်နဲ့ ကန်စတဲ့ ဟေစ်ဇာဂရမ်တွေရဲ့ နိမိတ်သဘောတရားတွေကို ငါ ခံစားသိရှိနိုင်ခဲ့ပြီ”

“တကယ်လား၊ သိုင်းတာအို နောက်တစ်ဆင့်ကို ဒီလိုဖတ်ရုံနဲ့ တက်လှမ်းနိုင်တယ် ဟုတ်လား” ထိုရှင်တန်သိုင်းသခင်က မယုံကြည်နိုင်သဖြင့် ပြောင်းလဲခြင်းကျမ်းကို တစ်ဖန် ပြန်လည်ဖတ်ရှုတော့သည်။

ဤကဲ့သို့သော အဖြစ်အပျက်မျိုးမှာ ဟင်းလင်းပြင်အသီးသီးရှိ လူသန်းပေါင်းများစွာကြား တွင် ဖြစ်ပျက်နေသည်ကို ဟုန်ယွိ ကိုယ်တိုင် မြင်တွေ့နေရသည်။

“မင်းတို့ ပိုပြီး ထက်မြက်လေ၊ ပြောင်းလဲခြင်းကျမ်းရဲ့ အကျိုးကျေးဇူးကို ပိုပြီး နားလည်လေ ဖြစ်လိမ့်မယ်။ အခြားတစ်ဖက်မှာတော့ အသိဉာဏ်မရှိတဲ့ သာမန်လူတွေက 'ကိုး-ငါး လမ်းစဉ်' (Nine Five Daos) တွေ ဒါမှမဟုတ် 'ဟေစ်ဇာဂရမ် ၆၄ ခု' ကို နားလည်မှာ မဟုတ်ဘူး။ ရွှီမိသားစုမှာ တပည့်ပေါင်း သန်းနှစ်ရာနီးပါးရှိပြီး အားလုံးက ထူးချွန် ထက်မြက်တဲ့ လူတွေချည်းပဲ။ သူတို့ ပြောင်းလဲခြင်းကျမ်းကို ဖတ်တဲ့အခါ သူတို့တောင် မသိလိုက်ဘဲ ယုံကြည်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်၊ အဲဒါက ငါ့ရဲ့နတ်ဘုရား စိတ်ဝိညာဉ်ကို အားကောင်းစေဖို့ ကူညီပေးလိမ့်မယ်”

ဟုန်ယွိက ထိုအခြေအနေများကို စောင့်ကြည့်ရင်း အချိန်တွေ ကုန်ဆုံးသွားခဲ့သည်။ ဟင်းလင်းပြင်များအတွင်း စွမ်းအင်နှင့် စိတ်ဆန္ဒမျိုးစေ့များ စတင်ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် အတိုင်းအဆမရှိသော ယုံကြည်မူစွမ်းအင်လှိုင်းလုံးကြီးအဖြစ် ဖြစ်ပေါ်လာ တော့သည်။

လူတစ်ဦးသည် ပိုမိုထက်မြက်လေ ယုံကြည်မှုဖြစ်ပေါ်ရန် ပိုမိုခက်ခဲလေ ဖြစ်သည်။ အကြောင်းမှာ ထိုသူတွင် ခိုင်မာသော ကိုယ်ပိုင်အသိစိတ် ရှိနေသောကြောင့် ဖြစ်သည်။ သို့သော် ထိုကဲ့သို့သောလူမျိုးတွင် ယုံကြည်မှုတစ်ခါ ဖြစ်ပေါ်သွားလျှင်မူ ၎င်းမှာ လုံးဝ မယိမ်းယိုင်ဘဲ သန့်စင်ကြည်လင်နေတတ်သည်။ ယခုအခါ ထက်မြက်လှသော ရွှီမိသားစု တပည့်များသည် သူတို့၏စွမ်းအားများ တိုးတက်စေရန် ပြောင်းလဲခြင်းကျမ်းကို ဖတ်ရှု နေကြရင်း သူတို့ပင် မသိလိုက်ဘဲ သူတို့၏ ယုံကြည်မှုနှင့် အခြေခံမူများမှာ ပေါင်းစည်း သွားကာ ကြီးမားသော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုသို့ဖြင့် ကြီးမားလှသော ယုံကြည်ခြင်းစွမ်းအင်များက ဟုန်ယွိ၏ ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်ထားသော သန့်စင်သည့် ယန်စိတ်ဝိညာဉ်ကို ဝန်းရံရစ်ပတ်သွားပြီး ၎င်းအတွင်းသို့ တစ်သားတည်း ပေါင်းစည်းဝင်ရောက်သွားကာ သူ၏ စွမ်းအားများကို အဆမတန် တိုးပွားလာစေတော့သည်။

All Chapters