အခန်း ၇၈၉
Vol. 76 Ch. 789
အခန်း (၇၈၉)။
ယန်ချန်း၏ စကားများက လူအများ၏ စိတ်ကူးစိတ်သန်းများကို ချက်ချင်းပင် ရုန်းကြွ လှုပ်ရှားစေခဲ့သည်။ ဗဟိုကမ္ဘာ၏ စတုတ္ထမြောက်မျိုးဆက်ခေါင်းဆောင် အီဗေးလ် မထွက် ခွာမီက သူသည် သူတော်စင်သင်္ချိုင်းကို တူးဖော်ပြီး ပညာရှင် သူတော်စင်တစ်ရာ၏ ရုပ် အလောင်းများကို ထုတ်ယူကာ အစွမ်းထက် ရုပ်သေးများအဖြစ် သန့်စင်သွန်းလုပ်မည်ဟု ဆိုခဲ့သည်။ ၎င်းမှာ မှန်ကန်ခြင်း ရှိ၊ မရှိကို မည်သူမျှ မသိနိုင်သော်လည်း လျစ်လျူရှုထား၍မူ မရပေ။
အထူးသဖြင့် ဟုန်ယွိအနေဖြင့် ပို၍ပင် လျစ်လျူရှု၍ မရနိုင်ချေ။ သူသည် ပညာရှင် သူတော်စင်တစ်ရာ၏ တရားဝင် အစဉ်အလာ အမွေအနှစ်ကို ဆက်ခံထားသူဖြစ်ရာ ထိုလူများက သူတော်စင်တို့၏ ရုပ်အလောင်းများကို ယူဆောင်သွားပြီး အစွမ်းထက် ရုပ်သေးများအဖြစ် ပြောင်းလဲပစ်မည်ကို မည်သို့ ဘေးထိုင်ကြည့်နေနိုင်ပါမည်နည်း။ ထိုလုပ်ရပ်မှာ သူတော်စင်တို့အပေါ် စော်ကားခြင်း ဖြစ်ရုံသာမက ရန်သူ၏ အင်အားကို လည်း အတိုင်းအဆမရှိ တိုးပွားစေလိမ့်မည်။
ပညာရှင် သူတော်စင်တစ်ရာ၏ အစွမ်းမှာ ဒိုင်ဇင်ဘုရားကျောင်းမှ ဇင်ဗုဒ္ဓများနှင့် အဆင့်တူ ဖြစ်သည်။ သူတို့ထဲမှ အချို့မှာဆို ဇင်ဗုဒ္ဓများထက်ပင် ပို၍အစွမ်းထက်ကြသေးသည်။ ဥပမာအနေဖြင့် ဗြဟ္မာလမ်းစဉ် ခြောက်သွယ်ကျမ်းကို ရေးသားခဲ့ပြီး ဗြဟ္မာစက်ဝန်းကို သန့်စင်ခဲ့သည့် ဗြဟ္မာ့သားတော် (သူတော်စင်ဖန်း) ကဲ့သို့သော ပုဂ္ဂိုလ်များ ဖြစ်သည်။ အကယ်၍ ထိုသူတော်စင်များ အားလုံးသာ ရုပ်သေးများအဖြစ် အသွင်ပြောင်းခံလိုက်ရပါက ထိုရုပ်သေးရာပေါင်းများစွာ၏ အင်အားမှာ ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်ကဲ့သို့ ဖြစ်လာ ပေလိမ့်မည်။ သူတို့အားလုံး စုပေါင်း၍ အစီအရင်တစ်ခု တည်ဆောက်လိုက်ပါက ဟုန်ယွိ ပင်လျှင် ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။
"သူတော်စင် တစ်ရာကတော့ မူလအစနယ်မြေထဲမှာ ရှိနေမှာ အသေအချာပါပဲ။ သူတို့ သေဆုံးသွားပြီလားဆိုတာကတော့ နက်ရှိုင်းတဲ့ ပဟေဠိတစ်ခုပဲ။ တစ်ခါတလေမှာ လူတစ်ယောက်ဟာ မနက်ခင်းမှာ တာအိုကို ရှာဖွေတွေ့ရှိခဲ့ရင် ညနေခင်း သေရမှာကို တောင် ကျေနပ်တတ်ကြတယ်။ ဒါမှမဟုတ် သူတို့ဟာ သူတို့၏ အနှစ်သာရ မူလစွမ်းအင် တွေကို တစ်စုံတစ်ခုအတွက် ပူဇော်နေတာလည်း ဖြစ်နိုင်သလို၊ သူတို့ရဲ့ စိတ်ဆန္ဒတစ်ခုခု ကို ဖြည့်ဆည်းဖို့ ဒါမှမဟုတ် လက်နက်တစ်ခုခုကို သွန်းလုပ်ဖို့အတွက်လည်း ဖြစ်နိုင်ပါ တယ်။ ငါ့ရဲ့ တဖက်ကမ်းကူး ပါရမီတံတားလိုမျိုးပေါ့..."
ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ လူတိုင်း ထိုင်ချလိုက်ကြပြီး သူတို့၏ အငွေ့အသက် အစအနအားလုံးကို ချက်ချင်း ဖုံးကွယ်လိုက်ကြသည်။
အီဗေးလ်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အရပ်မျက်နှာအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များ ၏ အာရုံကို ဆွဲဆောင်ခဲ့ပြီး ဖြစ်သည်။ သူတို့၏ နတ်ဘုရားအာရုံများမှာ ဤနေရာသို့ အနည်းငယ် ရောက်ရှိလာနေသည်။ ဟုန်ယွိအနေဖြင့် ထိုပုဂ္ဂိုလ်များကို ကြောက်ရွံ့နေ၍ မဟုတ်သော်လည်း မလိုအပ်သော ပြဿနာများကို မဖန်တီးလိုခြင်းသာ ဖြစ်သည်။
ဤမူလအစနယ်မြေတွင်ပင် ဟုန်ယွိ၏ ကျင့်ကြံမှုက တလောကလုံးကို လွှမ်းမိုးနိုင်ဖို့ လုံလောက်သည်။ ရှေးဟောင်း ယန်နတ်ဘုရားတစ်ပါးပါးသာ အသက်ရှင်မနေပါက တစ်ဦး ချင်း တိုက်ခိုက်ရာတွင် သူ့ကို ယှဉ်နိုင်သူ ရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ခြင်္သေ့ကို ခြင်ကောင်များစွာက ဝိုင်းကိုက်လျှင် သေနိုင်သည်ဟူသော စကားပုံရှိသည်။ လူအများကြီး မလိုပေ၊ ဆယ်ယောက်ခန့်ရှိလျှင် ရပြီ။ အကယ်၍ စတုတ္ထမြောက်မျိုးဆက်ခေါင်းဆောင် အီဗေးလ်ကဲ့သို့သော ပုဂ္ဂိုလ်ဆယ်ယောက်သာ ပူးပေါင်းပြီး အစီအရင်တစ်ခု တည်ဆောက် ကာ နှစ်ပေါင်းထောင်ချီသော ကျင့်ကြံမှုကို အသုံးပြု၍ ဝိညာဉ်ဖြိုခွဲပညာရပ်ကို ထုတ်ဖော် လိုက်ပါက ဟုန်ယွိပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်ပြီး ပြန်လည်ကုသရန် ခက်ခဲ ပေလိမ့်မည်။
ဟုန်ယွိအနေဖြင့် ဤမူလအစနယ်မြေထဲတွင် အီဗေးလ်ကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များ ဆယ်ယောက်ထက်မက ရှိနေနိုင်ကြောင်း ကောင်းစွာ သိရှိထားသည်။
ပို၍စိုးရိမ်စရာကောင်းသည်မှာ ဗဟိုကမ္ဘာမှ လူများဖြစ်သော ရွှီယွိနှင့် ဝန်ကြီးခုနစ်ဦးတို့က အီဗေးလ်ကဲ့သို့သော လူမျိုးနှင့် ဆက်သွယ်မိသွားခြင်း ရှိ၊ မရှိပင် ဖြစ်သည်။ အကယ်၍ သူတို့ ပူးပေါင်းသွားပါက ကိုင်တွယ်ရ အလွန်ခက်ခဲသွားပေလိမ့်မည်။
ထို့ပြင် မုန့်ရှန်းကျီက တိုင်၏ ကြွင်းကျန်အမွေနှစ်များနှင့် ယန်စိတ်ဝိညာဉ် အတွေးစများကို ရှာတွေ့သွားပြီး ယန်နတ်ဘုရားနယ်ပယ်ကို နားလည်သွားမလား ဆိုသည်မှာလည်း မသိနိုင်သေးပေ။ ဟုန်ရွှန်ကျိ၊ အင်မော်တယ်နတ်ဘုရားဘုရင်နှင့် ယန်ဖန်တို့မှာလည်း ဖန်ဆင်းခြင်းသင်္ဘောကို ယူဆောင်ကာ ဖန်ဆင်းခြင်းတာအိုသခင်၏ အကြွင်းအကျန်များ ဆီသို့ သွားရောက်ပြီး သူ၏အမွေအနှစ်များကို ရယူကာ သူတို့၏ စွမ်းအားများကို အဆမတန် တိုးမြှင့်သွားကြမည်လား။
"ဟုန်ရွှန်ကျိ... ဒီလူကတော့ အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ငါ သူ့ကို တမင်တကာ လွှတ်ပေးလိုက်တာ ဆိုပေမယ့် အဲဒါက မလုံလောက်သေးဘူး။ သူ မူလအစနယ်မြေကို လာတာဟာ ဖန်ဆင်းခြင်းတာအိုသခင်ရဲ့ အမွေအနှစ်ကို ရယူဖို့ပဲ။ လက်ရှိ အခြေအနေ တွေကတော့ ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေပါသေးတယ်..." ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ လက်ခနဲ ဖြတ်ပြေးသွားသည်။
"ဒါနဲ့ အာယွိ... အခုနက လူက ဘယ်သူလဲ" ရွှေပင့်ကူက မေးလိုက်သည်။
"သူက ဗဟိုကမ္ဘာရဲ့ စတုတ္ထမြောက်မျိုးဆက် ခေါင်းဆောင်ပဲ။ သူ့နာမည်က အီဗေးလ်တဲ့၊ သူက တကယ်ကို နာမည်ကြီးတဲ့သူ တစ်ယောက်ပါ" ဟုန်ယွိက အီဗေးလ်၏ မည်သူမည် ဝါဖြစ်ကြောင်း ရှင်းပြလိုက်သည်။
"အီဗေးလ် ဟုတ်လား။ ဒါဆို သူက မကောင်းမှုအားလုံးရဲ့ မြစ်ဖျားခံရာပေါ့။ ဒီလိုလူမျိုးက... ဒါဟာ ရှေးဟောင်း ဒဏ္ဍာရီတစ်ခုပဲ" ရှောင်ရှိူက်မှာ ထိတ်လန့်သွားရသည်။ သူ၏ ကျင့်ကြံ မှုအဆင့်နှင့်ပင် သူ၏မျက်လုံးများမှာ မျက်တွင်းထဲမှ ထွက်ကျမတတ် ဖြစ်သွားရသည်။
"မကောင်းမှုအားလုံးရဲ့ မြစ်ဖျားခံရာ..." ဝူကျွင်းနှင့် အခြားလူများမှာလည်း ယင်ကောင် တစ်ကောင်ကို မျိုချလိုက်မိသကဲ့သို့ ခံစားချက်ဖြင့် တံတွေးများကို မျိုချလိုက်ကြရသည်။
အီဗေးလ်တွင် တစ်ခါက "မကောင်းမှုအားလုံး၏ အရင်းအမြစ်" ဟူသော ဘွဲ့နာမည် ရှိခဲ့ဖူး သည်။ ၎င်းမှာ သူ၏ အစွမ်းအစကို ပြသရန် လုံလောက်ပေသည်။
"ဒါနဲ့ ဟုန်ယွိ... အဲဒီအီဗေးလ်ရဲ့ 'နှလုံးနှိုက်ယူတဲ့နည်းလမ်း’ က မင်းခန္ဓာကိုယ်ကို တကယ် ပဲ ထိုးဖောက်သွားနိုင်ခဲ့တာပဲ။ အဲဒါက ဘယ်လို တာအိုနည်းလမ်းလဲ။ ငါက ရှေးဦး နတ်ဘုရားဘုရင်မ တစ်ယောက်အနေနဲ့ တာအိုနည်းလမ်းပေါင်းစုံကို သိထားပေမယ့် ဒီလိုနည်းလမ်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါက ဘယ်ဂိုဏ်းကလဲ"
ကော့လီနတ်ဘုရားဘုရင်မက ထပ်မံမေးမြန်းလိုက်သည်။
အီဗေးလ် ယခုလေးတင် ထုတ်ဖော်သွားသော သွေးသားပေါင်းစပ် ဝိညာဉ်ဖြိုခွဲပညာရပ်မှာ ထုံးတမ်းစဉ်လာများနှင့် လုံးဝကွဲပြားနေပြီး ၎င်း၏ စွမ်းအားမှာလည်း မယုံနိုင်လောက် အောင် ကြီးမားလွန်းသည်။
"အခုနက ပညာဟာ ငါတစ်ခါမှ မမြင်ဖူးတဲ့ သွေးသားပေါင်းစပ် ဝိညာဉ်ဖြိုခွဲ နည်းလမ်းပဲ။ ကိုယ်စိတ်ဝိညာဉ်ကို လောင်ကျွမ်းရတဲ့ ရိုးရာ တာအိုနည်းစနစ်တွေနဲ့ ယှဉ်ရင် ဒါက ပိုပြီး အစွမ်းထက်တယ်။ ဒီတာအိုနည်းလမ်းဟာ ပြောင်းလဲခြင်းကျမ်းလိုပဲ ရိုးရာ ကန့်သတ်ချက် တွေကို ချိုးဖျက်နိုင်တဲ့ ဖန်တီးမှုတစ်ခုပဲ။ ဒါဟာ တစ်စုံတစ်ယောက်က အသစ်ဖန်တီးထား တာ ဖြစ်ရမယ်။ ငါ တွက်ချက်ကြည့်သလောက်တော့ ဒီပညာကို အသုံးပြုမယ်ဆိုရင် ဖန်ဆင်းရှင်အဆင့် စိတ်ဝိညာဉ်တစ်ခုကတောင် သိုင်းဆန္ဒကို အထည်ကိုယ်ဒြဗ် အသွင် စုစည်းခြင်းအဆင့် ပညာရှင်တစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိတယ်"
ဟုန်ယွိ၏ အကြည့်မှာ ရှောင်ရှိူက်၊ ဝူကျွင်း၊ လီဖူ၊ ယန်ယန်နှင့် မြောက်ပြန်ကြယ်သခင်မ တို့ဆီသို့ ရောက်သွားသည်။ ဤအထွက်အထိပ် လူသားအင်မော်တယ်ငါးဦးမှာ သိုင်းဆန္ဒကို အထည်ကိုယ်ဒြဗ်အသွင် စုစည်းနိုင်ကြသူများ ဖြစ်သည်။ သူတို့သည် သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းနယ်ပယ်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သူများ ဖြစ်ကြ သည်။ (နင်ဂျာဘုန်းတော်ကြီးမှာ အထွက်အထိပ် လူသားအင်မော်တယ် ဖြစ်သော်လည်း ဟုန်ယွိ၏အကြည့်တွင် မပါဝင်ခဲ့ပေ)။
"ငါဆိုလိုတာက ခင်ဗျားတို့ထဲမှာ ဘယ်သူမှ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း နယ်ပယ်ကို မရောက်သေးဘူး။ တကယ်လို့ အဆင့်နိမ့်ဖန်ဆင်းရှင်တွေသာ ဒီဝိညာဉ်ဖြိုခွဲ ပညာရပ်ကို တတ်မြောက်သွားမယ်ဆိုရင် သူတို့ဟာ ခင်ဗျားတို့ အားလုံးကို သတ်နိုင်စွမ်း ရှိသွားလိမ့်မယ်။ သူတို့ ပေးဆပ်ရမယ့် တန်ဖိုးကတော့ ခြောက်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးအဆင့်ကို ပြန်ကျသွားရုံပဲ"
သူ့စကားကြောင့် လူတိုင်း ကျောစိမ့်သွားကြရသည်။
"ဒီလိုတာအိုနည်းစနစ်ကို ဘယ်သူက ဖန်တီးခဲ့တာလဲ။ ဒါက အရာအားလုံးကို ကျော်လွန် နေတာပဲ။ ရှေးဦးခေတ်က 'ယန်နတ်ဘုရား' တစ်ပါးတောင် ဒီလို တာအိုပညာမျိုးကို ဖန်တီး နိုင်မှာ မဟုတ်ဘူးလို့ ငါ သေချာပေါက် ပြောနိုင်တယ်" ကော့လီနတ်ဘုရားဘုရင်မက ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
အကယ်၍ ခုနက ' အီဗေးလ်' နှင့် သူမသာ တိုက်ခိုက်ခဲ့လျှင် သူမသည် ယခုအချိန်တွင် သေဆုံးနေလောက်ပြီ၊ သို့မဟုတ်ပါကလည်း တစ်ပိုင်းသေ ဖြစ်နေလောက်ပြီ။
ဟုန်ယွိကဲ့သို့ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့် ပညာရှင်တစ်ဦးသာလျှင် ထိခိုက်ဒဏ်ရာ မရဘဲ နေနိုင်ခြင်း ဖြစ်သည်။ သို့သော် ထိုသို့သော အခြေအနေမျိူးမှာပင် အီဗေးလ်က သူ့နှလုံးကို နှိုက်ယူသွားနိုင်ခဲ့သည်ဆိုလျှင် ၎င်းမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းပါသ နည်း။
"ဒီတန်ခိုးစွမ်းအားမျိုးက ခေတ်သစ်ကို ဖော်ဆောင်တဲ့ တာအိုပညာ တော်လှန်ရေးတစ်ခုပဲ။ ဒါကို အီဗေးလ်ဖန်တီးခဲ့တာ မဟုတ်ဘူလို့ ငါ သေချာပေါက် ပြောရဲတယ်။ ဗဟိုကမ္ဘာရဲ့ ခေါင်းဆောင်တွေ အားလုံး စုပေါင်းရင်တောင် ဒါကို ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဒါက အလယ်ခေတ်က သူတော်စင်တစ်ရာရဲ့ စုပေါင်းဉာဏ်ပညာရဲ့ ရလဒ်ဖြစ်ရမယ်။ အခုတော့ ဒီပညာဟာ ဗဟိုကမ္ဘာရဲ့လက်ထဲကို ရောက်သွားခဲ့ပြီ"
ဟုန်ယွိက ခေတ္တရပ်၍ စကားလုံးတစ်လုံးချင်းစီကို ပြောလိုက်သည်။
ထိုစကားမှာ ခန့်မှန်းချက်နှင့် တွက်ချက်မှုတစ်ခုသာ ဖြစ်သော်လည်း အမှန်တရားတစ်ခုကဲ့ သို့ပင် ပြတ်သားလှ၏။ အမှန်စင်စစ် သူပြောသည်မှာ အမှန်တရားနှင့် သိပ်မကွာလှပေ။ ယခုအခါ သူသည် အနာဂတ်အားလုံးကို ထိုးဖောက်မြင်နိုင်နေပြီ ဖြစ်သည်။ ယန်နတ်ဘုရား ပညာရှင်များ တမင်ဖုံးကွယ်ထားသည့် အနာဂတ်ဆိုင်ရာများနှင့် ကန့်သတ်ချက် အချို့မှ လွဲ၍ ကျန်ရှိသည်များကို မြင်နိုင်စွမ်း ရှိနေပြီ။
"ပညာရှင် သူတော်စင်တစ်ရာရဲ့ စုပေါင်းဉာဏ်ပညာ၊ ခေတ်တစ်ခေတ်ကို ပြောင်းလဲစေ နိုင်တဲ့ အနှိုင်းမဲ့ မှော်ပညာရပ်..." ကော့လီနတ်ဘုရားဘုရင်မ အပါအဝင် လူတိုင်းသည် ဟုန်ယွိ၏ စကားကို ကြားသောအခါ ဧရာမ တောင်ကြီးတစ်လုံးကို မော့ကြည့်နေရသကဲ့သို့ ခံစားလိုက်ကြရသည်။
ပညာရှင် သူတော်စင်တစ်ရာ၏ အစွမ်းမှာ သူတို့၏ အထွတ်အထိပ်အချိန်တွင် ရှိနေစဉ်မှာ ပင် ကော့လီနတ်ဘုရားဘုရင်မထက် နိမ့်ကျနိုင်သလို သူတို့၏ အတွေ့ကြုံများမှာလည်း ကော့လီနတ်ဘုရားဘုရင်မထက် များစွာ လျော့နည်းနိုင်သော်လည်း သူတို့သည် ခေတ် တစ်ခေတ်ကို ပြောင်းလဲစေနိုင်သော နတ်ဘုရားပညာရပ်ကို ဖန်တီးခဲ့ကြသည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားပညာမှာ အခြားလူများ မချီးကျူးဘဲ မနေနိုင် လောက်အောင်ပင် ဖြစ်ရသည်။
"ဒါကိုကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပညာရှင် သူတော်စင်တစ်ရာဟာ တကယ်ပဲ မူလအစနယ်မြေကို ရောက်လာခဲ့ကြတာပဲ။ ဒါ့အပြင် သူတို့ဟာ တစ်ခုခုကို အတူတူ လေ့လာဆည်းပူးဖို့ စုဝေးခဲ့ကြတာ။ သူတို့က ခေတ်တစ်ခေတ်ကို ပြောင်းလဲစေနိုင်တဲ့ အရာ တစ်ခုကို ဖန်တီးခဲ့တယ်။ သွေးသားပေါင်းစပ်၊ ဝိညာဉ်ဖြိုခွဲပညာရပ်ဆိုတာ အဲဒီထဲက အစိတ်အပိုင်းလေးတွေပဲ။ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် မူလအစနယ်မြေမှာ တန်ဖိုး အရှိဆုံးအရာက ယန်နတ်ဘုရားတွေရဲ့ အတွေးစတွေ ဒါမှမဟုတ် သူတော်စင် ဧကရာဇ် တွေရဲ့ အမွေအနှစ် မဟုတ်ဘဲ ပညာရှင် သူတော်စင်တစ်ရာရဲ့ အမွေအနှစ်ပဲ ဖြစ်လိမ့်မယ်"
"ပညာရှင်သူတော်စင်တစ်ရာက ဒီလောက်တောင် အစွမ်းထက်တာကို သူတို့ ဘာလို့ ယန်နတ်ဘုရား အဆင့်ကို မရောက်ခဲ့ကြတာလဲ" ချန်ယင်းရှာက မေးလိုက်သည်။
"တချို့က နတ်ဘုရားအဆင့်ကို ရောက်ခဲ့ရင်လည်း ရောက်ခဲ့မှာပေါ့၊ ဒါမှမဟုတ် မရောက်ခဲ့ တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးကို အနှိုင်းမဲ့ မှော်ပညာရပ်တွေ ဖန်တီးဖို့ ဒါမှမဟုတ် ကြီးမားတဲ့ အိပ်မက်တစ်ခုကို အကောင်အထည် ဖော်ဖို့အတွက်ပဲ အသုံးချခဲ့ကြတာ။ ပညာရှင်သူတော်စင်တွေရဲ့ အမြင်မှာတော့ နတ်ဘုရား အဆင့်ဆိုတာ အရေးအကြီးဆုံး မဟုတ်ဘူး။ အရေးအကြီးဆုံးက ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ပဲ" ဟုန်ယွိ ပြောလိုက်ချိန်တွင် သူ၏ အတွေးစများမှာ မူလအစ နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ပညာရှင်သူတော်စင်တစ်ရာ၏ အတွေးများနှင့် ပဲ့တင်ထပ် ဆက်သွယ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
"ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ။ သွေးသားပေါင်းစပ်၊ ဝိညာဉ်ဖြိုခွဲခြင်းဆိုတဲ့ ဒီမှော်ပညာ နှစ်ခုက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်..." ရှောင်ရှိူက်က ကြောက်ရွံ့ဟန် ဖြင့် ပြောလိုက်သည်။
ဟုန်ယွိ၏နှလုံးပင် ထုတ်ယူခံခဲ့ရသည် မဟုတ်ပါလား။ သူသည် မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ သော်လည်း သူ့ခုခံကာကွယ်မှု ထိုးဖောက်ခံခဲ့ရသည်မှာ အမှန်ပင်။ အခြားသူများအတွက် ဆိုလျှင် ပို၍ ပြောစရာပင် မလိုတော့ပေ။
"ဒါက ဘာမှမဟုတ်ပါဘူး" ဟုန်ယွိက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ငါ့မျက်လုံးထဲမှာတော့ ဘယ်မှော်ပညာရပ်မှ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ ပြောင်းလဲခြင်း တာအိုရဲ့ ရှေ့မှာဆိုရင် လျှို့ဝှက်ချက်ဆိုတာ ပိုတောင် မရှိသေးဘူး။ ငါ့မှာ အနာဂတ်သခင် မရှိရင်တောင် ဒီမှော်ပညာရပ်နှစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်ပြီး မင်းတို့ကို သင်ပေးနိုင်တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ဖန်ဆင်းခြင်းသင်္ဘော ဘယ်မှာရှိနေလဲဆိုတာကို ဟုန်ရွှန်ကျိရဲ့ စိတ်ကတစ်ဆင့် အရင် ကြည့်ကြည့်ရအောင်"
ထိုသို့ ပြောပြီးနောက် ဟုန်ယွိသည် တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး သူ့ပုံရိပ်ကို ဖုံးကွယ်လိုက် သည်။ သူ့မျက်ဝန်းများမှာ လင်းလက်လာပြီး ထိုမျက်ဝန်းထဲတွင် မှော်သင်္ကေတများစွာ ပေါ်လာသည်။ နောက်ဆုံးတွင် ထိုအရာများမှာ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ဖန်ဆင်းခြင်းသင်္ဘောကြီးပင် ဖြစ်သည်။
ထိုအချိန်တွင် ဧရာမ ဖန်ဆင်းခြင်းသင်္ဘောကြီးသည်လည်း မူလအစနယ်မြေ၏ တစ်နေရာ တွင် ခရီးနှင်နေသည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး ခံစားမိပြီ..." သင်္ဘောဦးတွင် ရပ်နေ သော ဟုန်ရွှန်ကျိက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ယန်ဖန်ကို ပြောလိုက်သည်။