← Chapters

အခန်း ၇၉၀

Vol. 76 Ch. 790

အခန်း ၇၉၀

Vol. 76 Ch. 790

အခန်း (၇၉၀)။

"အို... ရွှန်ကျိ၊ မင်း ဘာ ခံစားမိလို့လဲ"

ဧရာမ ဖန်ဆင်းခြင်းသင်္ဘောကြီးပေါ်တွင် ယန်ဖန်က ဟုန်ရွှန်ကျိ တစ်ချက်မှိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်သည်ကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းများမှာ တောက်ပစွာ လင်းလက်နေသဖြင့် သူကိုယ်တိုင် အားကိုးအားထားပြုရသော ဤအရေးပါသည့် လက်ရုံး မှာ တစ်စုံတစ်ခုကို အာရုံရသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။

မူလအစနယ်မြေသို့ ရောက်ရှိလာကတည်းက ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့ နှစ်ဦးစလုံးမှာ စိတ်ဓာတ်များ တက်ကြွနေကြပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း တစ်ဖန် ပြန်လည်တိုးတက် လာခဲ့သည်။ အထူးသဖြင့် ဟုန်ရွှန်ကျိ၏ တိုးတက်မှုမှာ အံ့မခန်း မြန်ဆန်လှသည်။ သူ၏ ကျင့်ကြံမှုမှာ မူလကတည်းက အလွန်မြင့်မားခဲ့သဖြင့် ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့် သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အလားအလာရှိသော ပညာရှင်တစ်ဦး ဖြစ်သည်။ များပြား လှသော မူလစွမ်းအင်များကို စုပ်ယူပြီးနောက်နှင့် ရတနာများစွာကို ရရှိပြီးနောက်တွင် သူ၏ကျင့်ကြံမှုမှာ မည်သည့် အတားအဆီးမျှမရှိဘဲ သဘာဝအတိုင်းပင် တိုးတက်လာခဲ့ ခြင်း ဖြစ်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုး ဖန်ဆင်းခြင်း အစစ်မှန်ဆန္ဒကို ခံစားမိလို့ပါ" ဟုန်ရွှန်ကျိက ဦးညွှတ်၍ လျှောက်တင်လိုက်သည်။

"ရွှန်ကျိ... အခုချိန်ကစပြီး မင်းနဲ့ ငါနဲ့ကြားမှာ ဧကရာဇ်နဲ့ ဝန်ကြီးဆိုတဲ့ အသုံးအနှုန်းတွေ မလိုတော့ပါဘူး။ ငါတို့ ညီအစ်ကိုတွေလိုပဲ ဆက်ဆံကြရအောင်။ ငါက တိုင်းပြည်ပျက်သွား တဲ့ ဧကရာဇ်တစ်ပါးပဲ၊ မင်းကလည်း တိုင်းပြည်ပျက်သွားတဲ့ ဝန်ကြီးတစ်ယောက်ပဲ မဟုတ် လား"

ယန်ဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ အသံမှာ တိုးညင်းနေပြီး ခံစားချက် ပေါင်းစုံ ရောပြွမ်းနေပုံရသည်။

"အရှင်မင်းကြီး... ဒီလို မပြုလုပ်သင့်ပါဘူး။ ထုံးတမ်းကျင့်ဝတ်တွေကို ဖျက်သိမ်းလို့ မရပါ ဘူး။ ထုံးတမ်းကျင့်ဝတ်တွေကို ဖျက်သိမ်းလိုက်တာဟာ အရှင်မင်းကြီးကိုယ်တိုင် ဧကရာဇ် အဖြစ်ကနေ စွန့်လွှတ်လိုက်တာနဲ့ အတူတူပဲ။ အဲဒါဆိုရင်တော့ တကယ်ပဲ တိုင်းပြည်ပျက် တဲ့ ဧကရာဇ်တစ်ပါး ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်မျိုးကတော့ တစ်သက်လုံး ထုံးတမ်း ကျင့်ဝတ်တွေတွေအတိုင်းပဲ ပြုမူနေထိုင်လာခဲ့တာပါ။ ကျွန်တော်မျိုးရဲ့ နတ်ဘုရားတန်ခိုး အစွမ်းတွေ ဆုံးရှုံးပြီး သေတာထက်ဆိုးတဲ့ ဘဝမျိုးကို ဖြတ်သန်းခဲ့ရချိန်မှာတောင် ထုံးတမ်း ကျင့်ဝတ်တွေကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။ အရှင်မင်းကြီးဟာ တိုင်းပြည်ပျက်တဲ့ ဧကရာဇ် မဟုတ်သလို ကျွန်တော်မျိုးကလည်း တိုင်းပြည်ပျက်တဲ့ ဝန်ကြီးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်မျိုးတို့ နှစ်ယောက်လုံးရဲ့ နှလုံးသားထဲမှာ ဧကရာဇ်နဲ့ ဝန်ကြီး ဆိုတဲ့ အသိတရားတွေ ရှိနေသေးလို့ပါပဲ"

ဟုန်ရွှန်ကျိက သစ္စာရှိသော ဝန်ကြီးတစ်ဦးကဲ့သို့ ထပ်မံ၍ ဦးညွှတ်ဆုံးမလိုက်သည်။

"မင်းပြောတာ မှန်ပါတယ်။ ငါ့ကိုယ်ငါ ဧကရာဇ်လို့ မှတ်ယူထားသရွေ့ ငါဟာ တိုင်းပြည် ပျက်တဲ့ ဧကရာဇ် မဟုတ်ဘူး။ ဒါ့အပြင် အဆုံးသတ်ရလဒ်က ဘာဖြစ်လာမလဲဆိုတာ မသိနိုင်သေးဘူးလေ" ယန်ဖန်၏ ကောင်းကင်ဧကရာဇ်ဝတ်ရုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ "ဒါနဲ့ ရွှန်ကျိ... မင်း ဖန်ဆင်းခြင်း အစစ်မှန်ဆန္ဒကို ခံစားမိတယ်လို့ ပြောခဲ့ တယ်နော်။ ဒါဆို ဖန်ဆင်းခြင်းတာအိုသခင်ရဲ့ ကြွင်းကျန်အမွေနှစ်တွေ ဒါမှမဟုတ် ဖန်ဆင်း ခြင်းတာအိုသခင်ရဲ့ အကြွင်းအကျန်တွေက သိပ်မဝေးတော့ဘူးလို့ ဆိုလိုတာလား"

"မှန်ပါတယ်၊ တကယ်ကို မဝေးတော့ပါဘူး။ ဒါပေမဲ့ ဒီဖန်ဆင်းခြင်း အစစ်မှန်ဆန္ဒက တိမ်တောင်သဖွယ် ဝေဝါးလွန်းပါတယ်။ တကယ်လို့ ကျွန်တော်မျိုးသာ ကျွန်တော်မျိုးရဲ့ သားမိုက်ကြောင့် အကျဉ်းချခံထားရတဲ့ နေ့ရက်တွေမှာ ဖန်ဆင်းခြင်းတာအိုရဲ့ အနှစ်သာရ ကို နားမလည်ခဲ့ဘူးဆိုရင် ဒါကို သေချာပေါက် ခံစားမိမှာ မဟုတ်ပါဘူး" ဟုန်ရွှန်ကျိသည် အာရုံစိုက်၍ နားစွင့်နေသကဲ့သို့ သူ၏ ကိုယ်ကို အနည်းငယ် စောင်းလိုက်သည်။

"ငါတို့ မူလအစနယ်မြေထဲကို ရောက်နေတာ တော်တော်ကြာပြီ။ ဒီထဲမှာ အစွမ်းထက်တဲ့ တည်ရှိမူတွေ အများကြီး ကျန်ရှိနေသေးတယ်ဆိုတာ ငါတို့ သိပြီးသားပဲ။ အထူးသဖြင့် ကောင်းကင်အပြင်နယ်မြေက ခေါင်းဆောင်တွေပေါ့။ တချို့က သေသွားပေမဲ့ တချို့က တော့ အသက်ရှင်နေတုန်းပဲ။ သူတို့တွေဟာ ကြီးမားတဲ့ နတ်ဘုရားတန်ခိုးအစွမ်းတွေ ပိုင်ဆိုင်ကြသူတွေပဲ။ တကယ်လို့ ယန်နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အတွေးစ သာ ကျန်ခဲ့မယ်ဆိုရင် သူတို့တွေ သေချာပေါက် ရှာဖွေပြီး စုပ်ယူသန့်စင်ကြမှာပဲ။ ဖန်ဆင်းခြင်းတာအိုသခင်ရဲ့ အကြွင်းအကျန်တွေ ပေါ်လာခဲ့ရင်တောင် အရင်ကတည်းက သူတို့ ယူသွားကြမှာပေါ့၊ မဟုတ်ဘူးလား။ ငါတို့အလှည့် ဘယ်လိုလုပ် ရောက်လာမှာလဲ။ ဒါဟာ ထောင်ချောက်တစ်ခုတော့ မဟုတ်ဘူးမလား။ ဗဟိုကမ္ဘာက လူတစ်စုလည်း ဒီနယ်မြေထဲကို ဝင်လာပြီဆိုတာ ငါသေချာပေါက် သိတယ်။ ပြီးတော့ မုန့်ရှန်းကျီရယ်၊ ဟုန်ယွိရယ်လည်း ပါမှာပဲ"

ယန်ဖန်က သူ၏ စိတ်ထဲတွင် စဉ်းစားဆင်ခြင်နေသည်။

"အရှင်မင်းကြီး စိုးရိမ်လွန်းနေတာပါ။ ဖန်ဆင်းခြင်းတာအိုသခင်က ဘယ်လောက်တောင် အစွမ်းထက်လဲ။ ယန်နတ်ဘုရားအဆင့် ပညာရှင်တွေဆိုတာ အနာဂတ်ကို ကြိုတင်မြင်နိုင် တဲ့ အံ့မခန်းသူတွေပဲ။ ဖန်ဆင်းခြင်းတာအိုသခင်လို ထိပ်သီး ယန်နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်ဆိုရင် ပိုတောင် ပြောစရာမလိုသေးဘူး။ သူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်တွေ တခြားသူတွေ လက်ထဲ မရောက်အောင် သေချာပေါက် စီစဉ်ထားပြီးသား ဖြစ်မှာပါ။ သူတို့ရဲ့ အကြွင်းအကျန်တွေကို ကံပါတဲ့သူတွေပဲ ရနိုင်မှာပါ။ တကယ်တော့ အရှင်မင်းကြီးတောင်မှ ဖန်ဆင်းခြင်း အစစ်မှန်ဆန္ဒ ရှိနေတာကို ခံစားမိလို့လား"

ဟုန်ရွှန်ကျိက စကားတစ်လုံးချင်းစီကို ဖြည်းဖြည်းနှင့် မှန်မှန် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

"မင်းပြောတာ မှန်ပါတယ်၊ အဲဒါ အမှန်ပဲ။ ငါတို့ပဲ ဖန်ဆင်းခြင်းတာအိုသခင်ရဲ့ အကြွင်း အကျန်တွေနဲ့ သူ့ယန်နတ်ဘုရားအဆင့် အတွေးစကို ရနိုင်မယ့် ကံပါသူတွေပဲ။ ရွှန်ကျိ... မင်းသာ ဖန်ဆင်းခြင်းတာအိုသခင်ရဲ့ ယန်နတ်ဘုရားအဆင့် အတွေးစကို ရယူပြီး သန့်စင် နိုင်မယ်ဆိုရင် မင်းရဲ့အစွမ်းတွေကို ပြန်ရရုံတင်မကဘဲ မကြုံစဖူးတဲ့ နယ်ပယ်အသစ်တစ်ခု ကိုပါ ရောက်သွားလိမ့်မယ်" ယန်ဖန်က စီစဉ်တွက်ချက်ပြီးနောက် သက်ပြင်းချလိုက်ပြန် သည်။ "တကယ်တော့ မင်းက ဖန်ဆင်းခြင်းလမ်းစဉ်ရဲ့ အစစ်မှန် ဆက်ခံသူပဲ။ အရင်တုန်း က ငါတို့ ဖန်ဆင်းခြင်းသင်္ဘောရဲ့ အပျက်အစီးတွေကို အတူတူ ရှာတွေ့ခဲ့ကြတယ်။ အဲဒီ သင်္ဘောက မူလက မင်းအတွက်ပဲ၊ ဒါပေမဲ့ မင်းရပြီးတော့မှ ငါ့ကို ပြန်ပေးခဲ့မယ်လို့ ဘယ်သူ က ထင်မှာလဲ။ အဲဒီအချိန်တုန်းက ငါက မင်းသားတစ်ပါးပဲ ရှိသေးတယ်။ မင်းပေးခဲ့တဲ့ ဖန်ဆင်းခြင်းသင်္ဘောရဲ့ အပျက်အစီးတွေသာ မရှိခဲ့ရင် ငါလည်း ဒီနေ့လို ဧကရာဇ်တစ်ပါး ဖြစ်လာမှာ မဟုတ်ဘူး"

စကားပြောရင်းနှင့် ယန်ဖန်သည် အတိတ်က အကြောင်းအရာတစ်ခုကို ပြန်ပြောပြနေ သည်။ ဟုန်ရွှန်ကျိက ဖန်ဆင်းခြင်းသင်္ဘောကို ဧကရာဇ် ယန်ဖန်ထံသို့ ပေးအပ်ခဲ့ခြင်းပင် ဖြစ်သည်။

"အရှင်မင်းကြီး... အရင်က အကြောင်းတွေကို ဘာလို့ ပြန်ပြောနေတာလဲ။ အခက်အခဲတွေ ကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ပြီး လှေတစ်စင်းတည်း အတူစီးနင်းတာက ဖန်ဆင်းခြင်း သင်္ဘောရဲ့ အစစ်မှန် အဓိပ္ပာယ်ပါပဲ။ တကယ်လို့ အရှင်မင်းကြီးသာ ဒါကို နားလည်သွား မယ်ဆိုရင် အရှင်မင်းကြီးရဲ့ မှော်အစွမ်းတွေဟာ တစ်ဖန် ပြန်လည် တိုးတက်လာမှာဖြစ်ပြီး အရှင်မင်းကြီးရဲ့ စိတ်ဝိညာဉ် အတွေးစတွေကလည်း နယ်ပယ်သစ်တစ်ခုကို ရောက်သွား ပါလိမ့်မယ်"

"လှေတစ်စင်းတည်း အတူစီးပြီး အခက်အခဲတွေကို အတူရင်ဆိုင်မယ်... လှေတစ်စင်း တည်းမှာ အတူစီးပြီး အခက်အခဲတွေကို အတူရင်ဆိုင်မယ်..." ယန်ဖန်က သူ့ကိုယ်သူ ပြန်လည်စဉ်းစားပြီးနောက် သူ၏အောက်ရှိ ဖန်ဆင်းခြင်းသင်္ဘောကို ငုံ့ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို ဖော်ပြမတတ်သော ခံစားချက်တစ်ခု သူ၏ နှလုံးသားထဲတွင် လှိုင်းထ လာပြီး ခဏတာမျှ သူသည် အမှန်တရားကို သိမြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကောင်းတယ်... ကောင်းတယ်... 'တစ်လှေတည်း အတူစီးပြီး အခက်အခဲတွေကို အတူရင် ဆိုင်မယ်' ဆိုတဲ့ စကားက တကယ်ကို ကောင်းတာပဲ။ ဒီစကားလုံးတွေက ငါတို့ ဧကရာဇ်နဲ့ ဝန်ကြီးရဲ့ ဘဝတစ်ခုလုံးကို အကျဉ်းချုပ်ပြလိုက်သလိုပဲ၊ ငါ့ရဲ့ အတွေးတွေကိုလည်း ကြည်လင်သွားစေတယ်"

"ဒါဆိုရင်တော့ အရှင်မင်းကြီး... ကျွန်တော်မျိုး ဆန္ဒအတိုင်း ဖန်ဆင်းခြင်းသင်္ဘောကို ဖန်ဆင်းခြင်းတာအိုသခင်ရဲ့ အကြွင်းအကျန်တွေဆီကို မောင်းနှင်လိုက်ပါ။ ခုနလေးတင်ပဲ တိကျတဲ့ တည်နေရာကို ကျွန်တော်မျိုး ခံစားမိလိုက်ပါပြီ" ဟုန်ရွှန်ကျိက ရိုသေစွာ လျှောက်တင်လိုက်သည်။

"ကောင်းပြီ"

ဖန်ဆင်းခြင်းသင်္ဘောကြီးသည် အစွမ်းရှိသမျှဖြင့် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ ခရီးနှင်တော့ သည်။

"ဒီလူနှစ်ယောက်ကတော့ စကားပြောလို့ ကောင်းနေကြတာပဲ..."

ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ စကားပြောနေကြစဉ်မှာပင် တာအိုဘိုးဘေးနှစ်ဦး၊ ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွီတို့သည် သူတို့၏ အတွေးများကို အချင်းချင်း ဖလှယ်နေ ကြသည်။ ထိုအချိန်တွင် နတ်ဘုရားဘိုးဘေးတောင်သည် ဖန်ဆင်းခြင်းသင်္ဘောပေါ်တွင် ကပ်ပါးကောင်တစ်ခုကဲ့သို့ ကပ်တွယ်နေပြီး သင်္ဘော၏ စွမ်းအားကိုသာ အသုံးပြု၍ အကာအကွယ်ယူကာ ခရီးနှင်နေသည်။ ၎င်းမှာ မည်သည့် စွမ်းအင်မျှ အကုန်အကျ မရှိသည့်အပြင် အချိန်မရွေးလည်း ခွဲထွက်သွားနိုင်သည်။ ဘေးအန္တရာယ် ကင်းရှင်းပြီး အားစိုက်ထုတ်စရာ မလိုသော နည်းလမ်းဟု ဆိုနိုင်သည်။

"အင်မော်တယ် နတ်ဘုရားဘုရင်က ငါ့ကို တိုးတိုးလေး ဆက်သွယ်လာပြီးပြီ။ အဆင်သင့် ပြင်ထားကြ၊ ရတနာတစ်ခု ပေါ်လာတော့မယ့်ပုံပဲ" ထန်ဟိုင်လုံက ကောက်ကျစ်သော အပြုံးဖြင့် ပြုံးလိုက်သည်။ သူက လက်ကိုဆန့်ထုတ်၍ အောက်ဘက်သို့ ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် နက်မှောင်သော ခရမ်းရောင်အစင်းကြောင်းပါ ဝိညာဉ်ကျောက်တုံး တစ်တုံး ကို ဆွဲယူလိုက်သည်။ ၎င်းမှာ လောကကြီးတွင် အလွန်ရှားပါးလှသော ရတနာတစ်ပါး ဖြစ်သည့် ခရမ်းရောင်ဝိညာဉ်နီလာကျောက်ပင်။

"မူလအစနယ်မြေဆိုတာ လောကမှာ အနက်နဲဆုံး နေရာဖြစ်သလို အမြင့်မားဆုံး နေရာ လည်း ဖြစ်တယ်။ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေထက် အဆပေါင်းထောင်ချီပြီး နက်နဲတယ်။ ဒါက ငါတို့အခွင့်အရေးတွေ အားလုံးရဲ့ မြစ်ဖျားခံရာပဲ။ အခွင့်အရေးကိုသာ ဆုပ်ကိုင်နိုင်မယ်ဆိုရင် ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ကို တက်လှမ်းနိုင်မှာဖြစ်ပြီး မဟုတ်ရင်တော့ သေရမှာပဲ" ဖန်းယွမ်က ပြောလိုက်သည်။

"ငါ ရွှီဝူယွိရဲ့ အရှိန်အဝါကို ခံစားနေရတယ်... သူက အနှိုင်းမဲ့ နတ်ဘုရားတန်ခိုးစွမ်းရည်ကို သုံးပြီး ငါတို့စိတ်တွေကို အာရုံခံနေတာပဲ" လီဖေးယွီက ရုတ်တရက် ဝိညာဉ်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ငါလည်း ခံစားရတယ်။ သူက ငါတို့ကို ကူညီဖို့ ရောက်နေတာ။ ဒါမှမဟုတ် ပြောရရင် ငါတို့ကို အသုံးချပြီး အင်မော်တယ်နတ်ဘုရားဘုရင်၊ ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့ကို လျှို့ဝှက် ကိုင်တွယ်ဖို့ ကြိုးစားနေတာပဲ"

"တကယ်လို့ ငါတို့ ဘာမှမလုပ်ဘဲ ဒီအဖွဲ့သုံးဖွဲ့ကို ကိုင်တွယ်ခိုင်းလိုက်ရင် ငါတို့ပဲ အကျိုး အမြတ်ရမှာ မဟုတ်လား..."

"ဒီအကြံ မဆိုးဘူး..."

"ငါက ရွှီဝူယွိကို အာရုံခံမိရုံတင် မကဘူး၊ ငါ့ရဲ့ အနန္တနဂါးလက်စွပ်ကလည်း အနည်းငယ် တုန်ခါနေသလိုပဲ။ သူတော်စင် ဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ အကြွင်းအကျန်တွေကလည်း သိပ်မဝေးတဲ့ နေရာမှာ ရှိနေလောက်ပြီ။ ငါတို့ ကံပါလာပြီ ထင်တယ်" ဖန်းယွမ်က တိုးတိုးလေး ပြောလိုက်သည်။

"သူတော်စင်ဧကရာဇ်ရဲ့ အမွေအနှစ် ဟုတ်လား"

လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။

… …

ထို့အတူပင် မူလအစနယ်မြေ၏ အမည်မသိ ထောင့်တစ်နေရာတွင် ထာဝရနိုင်ငံတော် သည် မည်သည့် အလင်းရောင်မျှ ထုတ်လွှတ်ခြင်း မရှိဘဲ မူလအစစွမ်းအင်များနှင့် လုံးဝ တစ်သားတည်း ဖြစ်နေသည်။

"ဂိုဏ်းချုပ်... တိုင်ရဲ့ အမွေအနှစ်ကို အာရုံခံမိပြီလား"

ကျယ်ပြောလှသော ထာဝရနိုင်ငံတော်အတွင်း၌ မုန့်ရှန်းကျီနှင့် ဆုမူနှစ်ဦးတည်းသာ ရှိသည်။ မုန့်ရှန်းကျီသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် မလှုပ်မယှက် မတ်မတ်ထိုင်နေ ပြီး အရာရာကို အရေးမစိုက်သကဲ့သို့ အေးအေးဆေးဆေး ရှိနေသည်။ သူသည် အပန်းဖြေ ခရီး ထွက်လာသကဲ့သို့ပင်။

"တိုင်ရဲ့ အမွေအနှစ်က မူလကတည်းက ငါ့အတွက် သီးသန့် ချန်ထားခဲ့ တာပဲ၊ ဒါကြောင့် အဲဒါက သိပ်ပြီး အရေးမကြီးပါဘူး။ မူလအစနယ်မြေထဲမှာ အမွေအနှစ် တွေ အများကြီး ရှိပေမဲ့ အရေးကြီးဆုံးက ပညာရှင်သူတော်စင်တစ်ရာရဲ့ အမွေအနှစ်ပဲ..." မုန့်ရှန်းကျီက ပြောလိုက်သည်။

"ပညာရှင်သူတော်စင်တစ်ရာ ဟုတ်လား" ဆုမူက ခေါင်းခါလိုက်သည်။ "ပညာရှင် သူတော်စင်တစ်ရာက လူ့လောကမှာတော့ မြင့်မားတဲ့ အဆင့်အတန်း ရှိပြီး လူသားထုရဲ့ ကိုယ်စားလှယ်တွေပဲ။ ဒါပေမဲ့ သူတို့ထဲ ဘယ်သူမှ ယန်နတ်ဘုရားအဆင့်ကို မရောက်ခဲ့ သလို ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်အောင်လည်း မစွမ်းဆောင်နိုင်ခဲ့ကြ ဘူး။ မူလအစနယ်မြေထဲက အစွမ်းထက်တဲ့ သူတော်စင် ဧကရာဇ်တွေနဲ့ ယန်နတ်ဘုရား အဆင့် အမွေအနှစ်တွေနဲ့ နှိုင်းယှဉ်ရင် သူတို့က ထည့်ပြောနေစရာတောင် မလိုဘူးထင် တယ်။”

"ဆုမူ... မင်း အဲဒီလို ထင်နေရင်တော့ အကြီးအကျယ် မှားသွားလိမ့်မယ်..." မုန့်ရှန်းကျီက ဆက်ပြောသည်။ "ပညာရှင်သူတော်စင်တစ်ရာဆိုတာ လွတ်လပ်တဲ့ လူတစ်စုပဲ။ သူတို့ရဲ့ ဉာဏ်ပညာတွေ ပေါင်းစပ်လိုက်ရင် အရာရာကို တုန်လှုပ်စေနိုင်စွမ်း ရှိတယ်။ သူတို့ရဲ့ အမွေအနှစ်ကသာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အရာဖြစ်ပြီး အရာရာကို နှိမ်နင်း နိုင်စွမ်းရှိတာ။ တကယ်တော့ ငါ တွက်ချက်ကြည့်သလောက် ရှေးဟောင်း ယန်နတ်ဘုရား အဆင့် ပညာရှင်တွေ အားလုံးဟာ သူတို့ရဲ့ အမွေအနှစ်တွေကို ဆက်ခံခဲ့ကြပြီး အခုထိ လည်း တစ်ယောက်နဲ့တစ်ယောက် တိတ်တဆိတ် တိုက်ခိုက်နေကြတုန်းပဲ။ ပညာရှင် သူတော်စင်တစ်ရာရဲ့ အမွေအနှစ်ဟာ သူတော်စင်ဧကရာဇ် အားလုံးကို နှိမ်နင်းနိုင်တယ်။ မဟုတ်ရင် သူတို့ဟာ သူတော်စင် ဧကရာဇ်တွေရဲ့ 'ကိုး-ကိုးလုံး အထွတ်အထိပ် တာအို' ထဲ က လေးခုကို ဖြတ်တောက်ပြီး 'ကိုး-ငါးအထွတ်အထိပ်လမ်းစဉ်' အဖြစ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဟုန်ယွိက အဲဒီအမွေအနှစ်ကို ဆက်ခံထားသူပဲ"

"ဘာ... တကယ်လို့ ဟုန်ယွိသာ ပညာရှင်သူတော်စင်တစ်ရာရဲ့ အမွေအနှစ်ကို ရသွားမယ် ဆိုရင် သူက တကယ်ပဲ အနှိုင်းမဲ့ ဖြစ်သွားမှာ မဟုတ်ဘူးလား"

"မသေချာပါဘူး။ သူ အဲဒီအမွေအနှစ်ကို မရနိုင်တာလည်း ဖြစ်နိုင်တာပဲ" မုန့်ရှန်းကျီက ဆိုသည်။ "အခုဖြစ်နေတဲ့ တိုက်ပွဲက ငါတို့ကြားက တိုက်ပွဲတင် မဟုတ်ဘူး၊ ရှေးဟောင်း ယန်နတ်ဘုရားအဆင့် ပညာရှင်တွေနဲ့ ပညာရှင် သူတော်စင်တစ်ရာတို့ကြားက တိုက်ပွဲရဲ့ အဆက်လည်း ဖြစ်တယ်။ ဒါဟာ အမွေအနှစ် တိုက်ပွဲပဲ။ တိုင်ကလည်း ဒါကို စဉ်းစားထား ပြီးသား ဖြစ်မှာပါ။ သူ အရာရာကို စီစဉ်ထားမှာ သေချာတယ်။ ငါ သူ့အမွေအနှစ်ကို ရပြီးတာနဲ့ ဟုန်ယွိကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတဲ့ သူအစီအစဉ်တွေကို ငါ သိလာပါ လိမ့်မယ်..."

စာစဉ် (၇၆) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters