အခန်း ၄၆၄
Vol. 34 Ch. 464
အပိုင်း(၄၆၄)
"ငါ အိမ်ပြန်ချင်တယ်..."
လင်းတုန်း ပြောလိုက်သည်။ ယီရင်၏ မျက်နှာအမူအရာက နားမလည်နိုင်သလို ဖြစ်သွားခဲ့သည်။
"ငါတို့ အဆင့်နိမ့် အရှင်သခင် တွေ ဖြစ်လာပြီးတဲ့အခါကျရင်လေ... မိစ္ဆာကောင် ဒါမှမဟုတ် မိစ္ဆာ နတ်ဘုရား ဒါမှမဟုတ် ဧကရာဇ် ဒါမှမဟုတ် လာသမျှ အရာအားလုံးကို တိုက်ထုတ်နိုင်လောက်တဲ့အထိ ငါတို့ စွမ်းအား ကြီးမားနေမှာ မဟုတ်ပေမယ့် ဒီပြင်ပကမ္ဘာမှာတော့ ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်မှာပါ... ဘယ်သူကမှ ငါ့စကားကို နားမထောင်ရင်တောင်မှ ငါ့မိသားစုကို ခေါ်ပြီး ထွက်သွားလို့ ရတယ်... သူတို့ကို မဟူရာ မီးတောက် အင်ပါယာ ဆီ ခေါ်သွားမယ်... ဒီက အဆင့်နိမ့် အရှင်သခင် တွေကို ဘုရင်တွေလို ဆက်ဆံကြတာလေ... ငါတို့တွေ နင်နဲ့ နင့်ဆရာ အရင်က လုပ်ခဲ့သလိုမျိုး လှည့်လည်သွားလာလို့တောင် ရနိုင်သေးတယ်..."
ယီရင်၏ မျက်လုံးများထဲမှ အကြည့်က အချိန်အတော်ကြာအောင် ပြောင်းလဲသွားခဲ့သည်။ သင်္ဘောတစ်စင်း တဖြည်းဖြည်းချင်း အခြား လမ်းကြောင်းတစ်ခုသို့ ကွေ့ဝင်သွားသကဲ့သို့ပင်။
"ငါတို့ ပြိုင်ပွဲမှာ ဝင်ပြိုင်ရဦးမယ်လေ..."
"ဘာလို့လဲ... ငါတို့ဘာသာ ငါတို့နည်းလမ်းနဲ့ အဆင့်တက်လို့ ရတာပဲ..."
ယီရင် စကား ဆက်ပြောနေစေရန်အတွက် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်မည် ဖြစ်သည်။
"ဟိုမင်းသားက နင့်ခေါင်းကို ရိုက်ခွဲသွားလို့လား... သံမဏိကို သံမဏိနဲ့ပဲ သွေးရတယ်လေ... ကမ္ဘာပေါ်က အကောင်းဆုံးသူတွေနဲ့ ဓားချင်းယှဉ်ခုတ်ရမယ့် အခွင့်အရေးကို နင်က လွှင့်ပစ်ချင်နေတာလား..."
သူမသည် ဓားကို ဆုပ်ကိုင်ထားမှု ပိုမိုလျော့ကျသွားပြီး ကိုယ်ကို မတ်မတ် ထိုင်လိုက်လေသည်။
"ငါ့ဆရာက တစ်ဦးချင်း ယှဉ်ပြိုင်ပွဲမှာ ရှန်း က ဒယ်လ်ရက် ကို ရှုံးနိမ့်ခဲ့တယ်... အဲဒါက သူ့ဘဝရဲ့ အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပြီး တစ်ယောက်တည်း ဆယ်နှစ်ကြာ လေ့ကျင့်ရတာထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ဆရာက ပြောခဲ့တယ်... ပြီးတော့ ဒယ်လ်ရက် က လူရှစ်ယောက် အင်ပါယာ ထဲ ဝင်သွားခဲ့တယ်..."
"ဆုတွေကိုတော့ ငါလည်း နှမြောပါတယ်..."
လင်းတုန်းက ပြောလိုက်သည်။ တကယ့်ဆုတွေက ဘာတွေလဲဆိုတာကို မည်သူကမျှ ရှင်းပြထားခြင်း မရှိသော်လည်း ထိုဆုများသည် ကြီးကျယ်ခမ်းနားမည်မှာ သေချာလှသည်။
"ကျော်ဖြတ်ရမယ့် တောင်ကမ်းပါးကတော့ မြင့်မားလိမ့်မယ်... ဒါပေမဲ့ လက်တစ်သစ်ချင်းစီတိုင်းက တန်ဖိုးရှိပါတယ်... နင် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ပြီဆိုတာနဲ့ တိမ်ကိုးလွှာ နန်းတော် က နင့်တစ်ယောက်တည်းအတွက် ဝဲပျံနေတဲ့ ရဲတိုက်တစ်ခုကို ဖန်တီးပေးလိမ့်မယ်..."
လင်းတုန်း လန့်ဖျပ်သွားခဲ့သည်။ သူမက ဆုတွေ ဘာတွေလဲဆိုတာ တကယ် သိနေခဲ့သည်လား။
"ဒုတိယအဆင့်ကိုသာ နင် ဖြတ်ကျော်နိုင်ခဲ့ရင်... အဲဒီရဲတိုက်ကို ဝက်ခြံလို ထင်ရလောက်အောင် ကောင်းမွန်တဲ့ အဆင့်မြင့် အရှင်သခင် တွေရဲ့ လက်နက်တစ်ခုကို နင် ရလိမ့်မယ်... တတိယအဆင့်ကတော့ တခြား အဖွဲ့အစည်း တစ်ခုခုဆီကနေ လက်ဆောင်ရမှာပဲ... နင် နားလည်မယ်ဆိုရင် နင်လာတဲ့ အဖွဲ့အစည်း မဟုတ်တဲ့ တခြားတစ်ဖွဲ့ဖွဲ့ဆီကပေါ့... ဘယ်အဖွဲ့က အကောင်းဆုံး လက်ဆောင်တွေ ပေးနိုင်မလဲဆိုတာကို အဖွဲ့အစည်းတွေက အပြိုင်အဆိုင် လုပ်ကြတယ်လေ... ဒါကြောင့် နင် မျှော်လင့်နိုင်တာတွေက မုန်တိုင်း ဖီးနစ် ငှက်မွေးတွေ၊ နှလုံးဖောက်ထွင်း သစ်ပင် က အသီးတွေ၊ နှစ်တစ်ထောင် စိတ်ဝိညာဉ် တွေ ဖြစ်လာလိမ့်မယ်... ငါ့ဆရာဆိုရင် ကောင်းကင် တမန်တော် တစ်ပါး ဓားဝှေ့ယမ်းနေတဲ့ပုံ ပါတဲ့ အိပ်မက် ကျောက်စာပြား တစ်ခု ရခဲ့တယ်..."
"အဲဒီနောက်ပိုင်းရော..."
လင်းတုန်းက မေးလိုက်သည်။ သူသည် ယီရင်၏ အာရုံကို လွှဲရန် ရည်ရွယ်ထားသော်လည်း ယခုအခါ သူကိုယ်တိုင်ပင် နစ်မျောလာခဲ့ပြီ ဖြစ်သည်။
"သုံးဆင့် ပြီးသွားတဲ့အခါကျရင်တော့ တိုက်ခိုက်မယ့်သူ ရှစ်ယောက်ပဲ ကျန်တော့မယ်..."
သူမက ပြောလိုက်သည်။
"အဲဒီကနေစပြီး တစ်ဦးချင်းစီ မျက်နှာချင်းဆိုင် တိုက်ခိုက်ရတော့မှာပဲ... ထိပ်တန်း ရှစ်ယောက်စာရင်းထဲ ဝင်သွားတဲ့ သူတိုင်းက သရဖူမဲ့ သင်္ကေတ ကို ရကြတယ်... အဲဒါက ကျိုးပဲ့နေတဲ့ သရဖူပုံ တက်တူးတစ်ခုလိုပဲ... ပြီးတော့ ကမ္ဘာပေါ်မှာ သူတစ်ခုတည်းပဲ သီးသန့်ရှိတာ... နင့်ရဲ့ ဝိညာဉ် နဲ့ ချိတ်ဆက်သွားမှာမို့လို့ ဘယ်တော့မှ ဖျက်ပစ်လို့ မရနိုင်တော့ဘူး... တစ်ယောက်ယောက်က နင့်ကို တိုက်ခိုက်ချင်လာရင် အဲဒီသင်္ကေတကိုသာ ပြလိုက်... သူတို့ နှစ်ခါ ပြန်စဉ်းစားသွားလိမ့်မယ်... အဲဒီအပြင် သူတော်စင် တစ်ပါးဆီကနေ ကိုယ်ပိုင် သင်ကြားမှုတွေ ရရှိဦးမှာ..."
"အင်ပါယာ ဆီက မဟုတ်ဘူးလား..."
ယီရင်သည် သူက ပါးရိုက်လိုက်သကဲ့သို့ ခေါင်းကို နောက်သို့ ဆတ်ခနဲ ဆုတ်လိုက်သည်။ မဟုတ်ပေ၊ သူသာ ပါးရိုက်ခဲ့လျှင် သူမ တစ်လက်မပင် ရွေ့မည်မဟုတ်ချေ။
"နင်က အင်ပါယာတွေကို လယ်သမားတွေများ မှတ်နေလား... သူတို့ထဲက တစ်ယောက် နှစ်ယောက်လောက် လာကြည့်ပေးလို့ သူတို့ အသံကို နင် ကြားလိုက်ရရင်တောင် နင် ကံကောင်းနေပြီ... ပြီးတော့ သူတော်စင် တွေက တပည့် မလက်ခံကြဘူးလေ... ဒါကြောင့် ဒါက ဘဝမှာ တစ်ကြိမ်ပဲ ရနိုင်မယ့် အခွင့်အရေးပဲ..."
လင်းတုန်း၏ အကြည့်ကြောင့် သူမက ထပ်ဖြည့်ပြောလိုက်သည်။
"များသောအားဖြင့် သူတော်စင် တွေပေါ့လေ... သူတော်စင် တွေရဲ့ နည်းစနစ်တွေကို လက်ဆင့်ကမ်းပေးလို့ မရဘူး... ဒါပေမဲ့ သူတို့က ထိပ်ဆုံးရောက်နေတဲ့ အထွတ်အထိပ် အရှင်သခင် တွေပဲလေ... ငါ့ဆရာက မြေနေရာတွေ၊ တိမ်ပျံသင်္ဘောတွေ၊ ဝိညာဉ်အကြွင်းအကျန် တွေ၊ လျှို့ဝှက် လမ်းစဉ် ကျမ်းစာတွေအပြင် သူတို့ရဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်ရဖို့ လက်ထပ်ခွင့် တောင်းလာကြတဲ့ အရှင်သခင်မ တွေရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ခဲ့တာ ငါ့မျက်စိနဲ့တပ်အပ် မြင်ဖူးတယ်..."
ယီရင်သည် သူမ၏ လက်ကို ရုပ်သိမ်းလိုက်ပြီး ဓားကို ဘေးသို့ ချထားလိုက်သည်။ သူမ၏ ပါးပြင်ပေါ်တွင် သွေးရောင်အချို့ ပြန်လည် လန်းဆန်းလာခဲ့သည်။ စကားပြောသည့်အခါတွင်လည်း သူမ၏ လက်များကို လှုပ်ရှားနေပြီး မျက်လုံးများကလည်း တောက်ပနေခဲ့သည်။ မနေ့က ယီရင်နှင့် တစ်ထေရာတည်းပင် ဖြစ်လေသည်။
သူ တိုက်တွန်းစရာ မလိုဘဲ သူမက ဆက်ပြောလာခဲ့သည်။
"အဲဒါက ထိပ်တန်း ရှစ်ယောက်လေ... ကဲ... ထိပ်တန်း လေးယောက်ကျတော့ရော... ငါ့ဆရာက ထိပ်တန်း လေးယောက်အကြောင်း ပြောပြဖူးတယ်... ဒါပေမဲ့ သူကိုယ်တိုင်က တစ်ဦးချင်း ယှဉ်ပြိုင်ရတဲ့ အဆင့်ရောက်ဖို့ကိုတောင် အရိုးကျေမတတ် ကြိုးစားခဲ့ရတာ... ထိပ်တန်း လေးယောက်က ရမယ့် ဂုဏ်ကျက်သရေ က သာမန်မဟုတ်ဘူး... နင့်နာမည်ကို ကောင်းကင်ယံ တစ်ခွင်လုံး ပျံ့နှံ့သွားစေလိမ့်မယ်..."
"ဂုဏ်ကျက်သရေ တွေဆိုတာ..."
လင်းတုန်းက စပြောလိုက်သော်လည်း သူမက ဖြတ်ပြောလိုက်သည်။
"နင် ကြိုက်တဲ့ ဆုအမျိုးအစား မဟုတ်တာတော့ အမှန်ပဲ... ဒီအချက်ကများ နင့်ကို စိတ်လှုပ်ရှားလာစေမလား ကြည့်ရအောင်... ထိပ်တန်း လေးယောက်စီက ကျန်တဲ့ အသင်းတွေအားလုံးဆီကနေ လက်ဆောင်တစ်ခုစီ ရကြတယ်... နင့်နာမည် တပ်ထားပြီး ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးထားတဲ့ လက်ဆောင် ခုနစ်ခုလေ... သရဖူမဲ့ ဘုရင် ပြိုင်ပွဲ မှာ ထိပ်တန်း လေးယောက်ဝင်ဖူးသူ တိုင်းဟာ နောက်ဆုံးမှာ သူတော်စင် ဖြစ်လာတာ၊ ဟယ်ရယ် ဖြစ်လာတာ ဒါမှမဟုတ် ကောင်းကင်ဘုံကို တက်လှမ်းသွားကြတာချည်းပဲ ဆိုတာကိုတော့ ထည့်မပြောတော့ဘူး..."
"အနိုင်ရတဲ့သူက ဘာရမလဲ..."
လင်းတုန်းက မေးလိုက်သည်။ သူကိုယ်တိုင်ပင် နောက်ဆုံးဆုကို စောင့်မျှော်ရင်း ရှေ့သို့ ကိုင်းညွတ်နေမိမှန်း သတိထားလိုက်မိသည်။
ယီရင်သည် သူမ၏ နောက်ကျောရှိ ခေါင်းအုံးပုံကို မှီချလိုက်ပြီး လက်ပိုက်လိုက်သည်။
"နင်က ငါ့ကို မေးနေတယ်... ဒါပေမဲ့ ငါကရော ဘယ်သူ့ကို သွားမေးရမှာလဲ... နေထွက်လာတာ သေချာသလိုပဲ... သူတို့က ကိုယ့်ဝိညာဉ်ကို စတေးပြီး ရယူရလောက်အောင် တန်ဖိုးရှိတဲ့ အရာတစ်ခုခုကို ရမှာ သေချာတယ်... ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာ ငါ မသိဘူး... ပြီးတော့ ငါ သိလာဖို့လည်း အကြောင်းမရှိပါဘူးလေ..."
လင်းတုန်း၏ အသက်ရှူသံများ ရပ်တန့်သွားခဲ့သည်။ သူမ လက်လျှော့လိုက်ပြီလား။ ပြိုင်ပွဲမတိုင်ခင် သူမ သေဆုံးသွားမည်ဟု မျှော်လင့်နေသည်လား။
"ပထမနေရာ ဆိုတာကတော့ အိပ်မက်တစ်ခုပါပဲ..."
သူမက ဆက်ပြောလိုက်ရာ လင်းတုန်း ပြန်လည် အသက်ရှူနိုင်သွားခဲ့သည်။
"တစ်နှစ်က အာကူရာ ဖျူရီ နိုင်သွားတယ်... သူက ဒဏ္ဍာရီ တစ်ခုပဲလေ... ရေဂန်ရှန်း လည်း နိုင်ဖူးတယ်... သူက နောက်ဆုံးမှာ အင်ပါယာ ဖြစ်သွားခဲ့တယ်... ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ ခေတ်တစ်ခုကျော်က အတိတ်ပါ... ပထမနေရာ ဆိုတာက မွေးကတည်းက အစစ်အမှန် ရွှေအဆင့် တွေကို အရှင်လတ်လတ် စားသောက်လာတဲ့ သတ္တဝါဆန်းတွေအတွက် သီးသန့်ပဲ..."
"နင့်ဆီက ဒီလိုစကား ကြားရတာ ငါ အံ့သြမိတယ်..."
လင်းတုန်းက ထောက်ပြလိုက်သည်။
"အနိုင်ရဖို့ မရည်ရွယ်ဘူးဆိုရင် ဘာလို့ တိုက်ခိုက်နေတော့မှာလဲ..."
"အနိုင်ရတယ် ဆိုတာက တစ်ဦးချင်း ယှဉ်ပြိုင်ရတဲ့ အဆင့်ထိ ရောက်သွားတာကို ပြောတာ... ငါ့ဆရာလည်း အဲဒီလောက်ထိပဲ ရောက်ခဲ့တာလေ... အဲဒီအချိန်က သူက ငါ့ထက် အသက်ပိုကြီးနေပြီ... တကယ်လို့ ငါသာ အဲဒီလောက်ထိ ရောက်အောင် တွန်းတင်နိုင်ခဲ့ရင် သူက... ငါ ဆိုလိုတာက ငါက..."
သူမသည် ဆံပင်များကို လက်ဖြင့် ကြမ်းတမ်းစွာ ထိုးဖွလိုက်သည်။
"အာ... ငါ ဘာပြောချင်နေတာလဲ ဆိုတာကို ငါကိုယ်တိုင်တောင် မသိတော့ဘူး... ဘာပဲဖြစ်ဖြစ် အဆင့်ရှစ် အတွက် အိပ်မက်မက်ဖို့က ငါ့အတွက် စောလွန်းနေပါသေးတယ်... ဒီ လူသူအရောက်အပေါက်နည်းတဲ့ မဟူရာ မီးတောက် ရဲ့ ထောင့်တစ်နေရာမှာတောင် အဋ္ဌမမြောက် အသန်မာဆုံးသူ မဖြစ်လာခင် ငါ လျှောက်ရမယ့် ခရီးက အဝေးကြီး ကျန်သေးတယ်လေ..."
"အဆင့်နိမ့် အရှင်သခင် က ပထမဆုံး ခြေလှမ်းပဲလေ..."
လင်းတုန်းက တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ယီရင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အင်း... ပြီးတော့ နင့်ရှေ့မှာလည်း တံတိုင်းကြီး တစ်ခု ရှိနေတယ်... အဲဒါကတော့ အသေအချာပဲ..."
"ငါရှေ့မှာလား..."
လင်းတုန်းသည် သူမ၏ ခရီးလမ်း မည်မျှ ခက်ခဲနေမည်ကို သူမ မသိစေရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ထိုအရာကို သူမက သူ့ဘက်သို့ ပြန်လှည့်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"တစ်ယောက်ယောက်ကများ နင့်နားတွေကို ချုပ်ထားလို့လား... ဟိုမင်းသားနဲ့ သူ့ရဲ့... ရူးနေတဲ့ ကိုယ်ရံတော်... ဒါမှမဟုတ် သူက ဘာပဲဖြစ်ဖြစ်လေ... သူတို့က နင့်နောက်ကို လိုက်နေခဲ့တာ... နင့်ကို အဆင့်နိမ့် အရှင်သခင် မဖြစ်စေချင်ကြဘူးလို့ ငါ ထင်တယ်... တခြားတိုင်းပြည်က မင်းသား တစ်ပါးက နင့်နာမည်ကို ဘယ်ကနေဘယ်လို စကြားသွားလဲ ဆိုတာကိုတော့ ငါလည်း မပြောတတ်ဘူး..."
တစ်စုံတစ်ယောက်က သူ့ကို တိတိကျကျ ပစ်မှတ်ထားရန် သူတို့ကို လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆေရှန် အင်ပါယာ နှင့် အဆက်အသွယ်ရှိသူ မည်သူ့ကိုမျှ သူ မသိခဲ့ပေ။ အာကူရာ ချာရတီ လည်း ဖြစ်နိုင်ချေ ရှိသည်။ သို့သော် သူမအနေဖြင့် ကိုယ်စားလှယ်များမှတစ်ဆင့် လုပ်ဆောင်ရန် မလိုအပ်ပေ။
"သူတို့ ကျရှုံးသွားခဲ့ပြီပဲ..."
သူက ပြောလိုက်သည်။
"နောက်တစ်ကြိမ် ငါ သူတို့ကို တွေ့တဲ့အခါကျရင် ငါက အဆင့်နိမ့် အရှင်သခင် ဖြစ်နေပြီ..."
"နင့်လေသံက သေချာနေပုံရပါတယ်... ဒါပေမဲ့ သူတို့က နင့်ကို ဘယ်မှာရှာရမလဲ ဆိုတာ သိနေကြတယ်... အဆိုးရွားဆုံး အချိန်ကျမှ သူတို့ ပေါ်လာတာမျိုး ဖြစ်လာရင် ရင်ဆိုင်နိုင်အောင် အကောင်းဆုံး ပြင်ဆင်ထားတာ ပိုကောင်းမယ်... ပြီးတော့ ငါက..."
သူမ၏ မျက်နှာက ညှိုးကျသွားသည်။ သူမ၏ အကြည့်များကလည်း အဝေးသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
"ဒီတစ်ကြိမ်တော့ နင် တစ်ယောက်တည်း လျှောက်ရလိမ့်မယ် ထင်တယ်…”
***