အခန်း ၄၆၇
Vol. 34 Ch. 467
အပိုင်း(၄၆၇)
"အဒေါ် အဆင်ပြေရဲ့လား..."
မာစီက မေးလိုက်သည်။ ဟာမိုနီသည် ချာရတီ ၏ မြေးအရင်း ဖြစ်သည်။ သူမသည် သူ့ကို ကြီးပြင်းလာသည်အထိ စောင့်ကြည့်လာခဲ့သူ ဖြစ်သည်။ သူမ အနီးအနားတွင် ရှိနေလျက်နှင့် သူ့ကို မကယ်တင်နိုင်ခဲ့ခြင်းက သူမ၏ နှလုံးသားကို ဆွဲထုတ်လိုက်သလို ခံစားရမည်မှာ သေချာသည်။
နှလုံးသား သူတော်စင် အနေဖြင့် သူမ၏ ကိုယ်ပိုင် အတွေးများနှင့် ခံစားချက်များကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိသင့်သော်လည်း သူမသည် လူသားတစ်ယောက် ဖြစ်နေဆဲပင်။
ချာရတီသည် တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ပုံမှန်မဟုတ်ဘဲ စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာ ပေါ်လွင်နေလေသည်။
"ငါ ဆန္ဒရှိရင် ဟာမိုနီ ကို ကယ်တင်မယ့် ကိစ္စကို လင်းတုန်း တားဆီးနိုင်ခဲ့မှာ မဟုတ်ပါဘူး... သူ တားဆီးချင်ခဲ့မယ်လို့လည်း မထင်ဘူး... ငါ နောက်ဆုံးအချိန်မှာ တစ္ဆေရေ ထဲကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး... ဒါပေမဲ့ သူတို့ရဲ့ ပဋိပက္ခကို ရန်ငြိုးတစ်ခု အဆင့်ထိ ရောက်အောင် တွန်းပို့ခဲ့တာ ဟာမိုနီ လို့ပဲ ယုံကြည်တယ်... သူက ဘယ်လောက်တောင်... အပြိုင်အဆိုင် လုပ်တတ်လဲ ဆိုတာကို သမီး သိတာပဲ..."
ဟာမိုနီသည် လူအများရှေ့တွင် သူမထံ၌ ရှုံးနိမ့်ခဲ့ရသော အခါ ရုပ်တုတစ်ခုကို ရိုက်ခွဲကာ သူမကို လူပုံအလယ်တွင် စွပ်စွဲပြောဆိုခဲ့ပြီး သူတို့၏ စေ့စပ်ထားမှုကို ဖျက်သိမ်းခဲ့သည်။ ၎င်းသည် ရှက်စရာကောင်းသော်လည်း တစ်ဖက်တွင်တော့ စိတ်သက်သာရာ ရသွားစေခဲ့သည်။
ဟာမိုနီသည် သူ၏ နာမည်နှင့် လိုက်ဖက်အောင် မနေထိုင်ခဲ့ပေ။ ဟာမိုနီ မဖြစ်ခဲ့ပေ။
"တစ်ယောက်ယောက်က အဒေါ့်ကို တားခဲ့တာလား..."
မာစီက မေးလိုက်သည်။ ဘယ်သူကများ တားနိုင်မည်နည်း။
"တစ္ဆေရေ ရဲ့ ပိုင်ရှင် အသက်ရှင်နေသေးတယ်လို့ ငါ သံသယရှိတယ်..."
ချာရတီ က မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်ရာ မာစီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
နော့သ်စထရိုက်ဒါ...
ဒဏ္ဍာရီလာ နဂါးစား အင်ပါယာပင် ဖြစ်သည်။ သူသည် မာစီ၏ မိခင် အာဏာမရလာမီ ကတည်းက အသက်ဝင်နေသော ဒဏ္ဍာရီ တစ်ခု ဖြစ်ခဲ့သည်။
"သနားစရာ ဟာမိုနီ ပဲ..."
မာစီက ပြောလိုက်သည်။ သူမ သူ့ကို သိပ်သဘောမကျခဲ့သော်လည်း သူ့ကို သိကျွမ်းခဲ့သည်။ ပြိုကျပျက်စီးနေသော ကမ္ဘာတစ်ခုထဲတွင် သူ ပိတ်လှောင်ခံလိုက်ရသည်ဟု သူမ မတွေးချင်ခဲ့ပေ။
ချာရတီက ခေါင်းညိတ်လိုက်သည်။
"ဘယ်သူ့ အပြစ်ပဲဖြစ်ဖြစ် မဟူရာ မီးတောက်က ကောင်လေးက အာကူရာ ကလန်ကို စော်ကားခဲ့တာပဲ... သူ အလွယ်တကူ လွတ်မြောက်သွားလို့ မရဘူးဆိုတာကို သူ သိဖို့ လိုတယ်..."
မာစီသည် ပုဆိန်ကို ကမ်းပေးလိုက်သည်။
"ဒါကို ပြန်ယူသွားပါ... ကျေးဇူးပြုပြီး ဆေရှန်တိုင်းပြည် က အဆင့်နိမ့် အရှင်သခင် တွေကို သူ့နောက်ကို လွှတ်နေတာ ရပ်လိုက်ပါတော့... အဲဒါက သူ့ကို သင်ခန်းစာ ပေးနေတာ မဟုတ်ဘူး... ရက်စက်ရာ ကျလွန်းတယ်..."
ချာရတီ၏ မျက်နှာပေါ်မှ စီးကျနေသော မိုးရေများက သူမကို ပုံမှန်ထက် ပို၍ လက်တွေ့ကျသော လူသားတစ်ယောက်နှင့် တူစေသည်။ သေမျိုးတစ်ယောက်နှင့် ပိုတူနေလေသည်။ သူမသည် မေးစေ့ကို ပုတ်ကာ စဉ်းစားဟန် ပြုလိုက်သည်။
"အဒေါ်က ရက်စက်တဲ့သူလို့ သမီး ထင်နေတာလား..."
"မဟုတ်ပါဘူး... သမီး အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး... ဒါပေမဲ့... အဒေါ် ဖြစ်ချင်ရင်တော့ ဖြစ်နိုင်တယ်လို့ သမီး ထင်တယ်..."
"ငါ လင်းတုန်း နောက်ကို မေရာနဲ့ ကီရာကို လွှတ်လိုက်တာ အပြစ်ပေးဖို့ မဟုတ်ပါဘူး... သရဖူမဲ့ ဘုရင် ပြိုင်ပွဲ အတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ့်သူတွေကို ရှာဖွေနေတာပါ... အီသန် အာရီလီယပ် ရဲ့ တပည့် နှစ်ယောက်က ဆေရှန် အဆင့်နိမ့် အရှင်သခင် နှစ်ယောက်အတွက် အသင့်တော်ဆုံး ပြိုင်ဘက်တွေပဲလေ... ဒါက သူတို့ အားလုံးကို ရှေ့ရောက်အောင် တွန်းအားပေးလိမ့်မယ်... ရလဒ်အနေနဲ့ ငါတို့အတွက် အကျိုးအမြတ်တွေ ရလာမှာပဲ... တကယ်လည်း အဲဒီလို ဖြစ်နေပြီလေ..."
မာစီ၏ အပြစ်ရှိသလို ခံစားရမှုသည် ဒေါသအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ယီရင် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လေ..."
"အဆင့်တက်တာက သူ့ကို ကုသပေးလိမ့်မယ်... အဆင့်နိမ့် အရှင်သခင် ကို မြန်မြန် ရောက်ဖို့ ဒီထက်ပိုကောင်းတဲ့ တွန်းအားကို ငါ စဉ်းစားလို့ မရတော့ဘူး..."
မာစီသည် ချာရတီ ၏ ငွေရောင် နှလုံးသား ကျမ်းစာ နှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ၎င်းတွင် အရိပ်နှင့် အိပ်မက်များဆိုင်ရာ နည်းစနစ် ခုနစ်ခု ပါဝင်သောကြောင့် ချာရတီ သည် စိတ်ကူးယဉ် ကမ္ဘာတစ်ခုထဲတွင် နေထိုင်နေခြင်း ဖြစ်သည်။ အတွေးများနှင့် အာရုံမြင်ကွင်းများ၏ ကမ္ဘာပင် ဖြစ်သည်။ သူမ၏ အစီအစဉ်များသည် မာစီ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေခဲ့သော်လည်း သူမသည် အခြားသော လူသားများကိုတော့ မျက်ခြည်ပြတ်လေ့ ရှိသည်။
မာစီ၏ ဒေါသသည် ဖြစ်တည်လာသကဲ့သို့ပင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"အဲဒါကို ရက်စက်တယ်လို့ ကျွန်မ ခေါ်မိမယ်... ဘယ်လိုပဲ ကြည့်ကြည့်လေ အဒေါ်က အဆင့်နိမ့် အရှင်သခင် နှစ်ယောက်ကို အစစ်အမှန် ရွှေအဆင့် နှစ်ယောက်နဲ့ ရင်ဆိုင်ခိုင်းခဲ့တာပဲ... အဲဒါက တရားမျှတတဲ့ ယှဉ်ပြိုင်မှု မဟုတ်ဘူး..."
"သမီး အဲဒီမှာ ရှိနေခဲ့တယ်လေ…”
"သမီး မပါဘူးလေ..."
မာစီက ခါးသီးစွာ ပြောလိုက်သည်။ မိသားစုမှ နှင်ထုတ်ခံရခြင်းကြောင့် သဘောကျစရာ အများအပြား ရှိသော်လည်း မည်သည့်အရာမှ မလုပ်နိုင်သော ခံစားချက်ကိုတော့ နှစ်သက်ရန် ခက်ခဲလှသည်။ သို့တိုင်အောင် သူမသာ လင်းတုန်း နှင့် ယီရင် တို့ထံမှ တက်လှမ်းရန် အရင်းအမြစ်များကို ယူငင်ခဲ့မည်ဆိုပါက ဆင်းရဲသားတစ်ယောက်ထံမှ လုယက်နေသည့် သူဌေးမတစ်ယောက်လို သူမကိုယ်သူမ ခံစားရမည်ဖြစ်သည်။
"သမီးက ပါတာပေါ့..."
ချာရတီက ပြောလိုက်သည်။
"ပြီးတော့ အစစ်အမှန် ရွှေအဆင့် တွေက သူတို့တာဝန် သူတို့ ကျေပွန်ကြပါတယ်... တကယ်လို့ နေရာချင်းသာ ပြောင်းသွားပြီး သမီးရဲ့ သူငယ်ချင်းတွေက အဆင့်နိမ့် အရှင်သခင် တွေ ဖြစ်နေပြီး သူတို့ရဲ့ ရန်သူတွေက အစစ်အမှန် ရွှေအဆင့် တွေ ဖြစ်နေမယ်ဆိုရင် သူတို့ရဲ့ တိုက်ပွဲက ဘယ်လို အဆုံးသတ်သွားမယ်လို့ သမီး ထင်လဲ..."
"ယီရင် နဲ့ လင်းတုန်း က သူတို့ကို အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် လုပ်ပစ်လိုက်မှာပေါ့..."
မာစီက သက်ပြင်းချရင်း ပြောလိုက်သည်။ သူတို့သည် တစ်ခါတစ်ရံတွင် ရက်စက်နိုင်သော်လည်း သူမ၏ ကိုယ်ပိုင် မိသားစုလောက်တော့ မရက်စက်ကြပေ။
ချာရတီသည် သူမ၏ ဇီးကွက် ကျောပြင်ကို လက်ဖြင့် ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သည်။ ထိုဝိညာဉ်သည် နည်းစနစ်တစ်ခုမျှသာ မဟုတ်ဘဲ အမှန်တကယ်ပင် ဖြစ်တည်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အထိအတွေ့ကို မှီခိုကာ တိုးတိတ်စွာ မြည်တွန်နေသောကြောင့် ဖြစ်သည်။ မိုးရေများက ၎င်းကို ဖြတ်သန်းသွားကြသည်။
"ကီရို မှာ မွန်မြတ်တဲ့ သွေးဆက် စွမ်းရည် ရှိပြီး သူတို့တိုင်းပြည်က တတ်နိုင်သမျှ အကောင်းဆုံး ဆရာတွေ ရှိတယ်... ဒါပေမဲ့ သူက သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပါရမီရဲ့ အဆုံးစွန်ကို ရောက်နေပြီ... တစ်နေ့နေ့တော့ အဆင့်မြင့် အရှင်သခင် ကို ရောက်နိုင်ကောင်း ရောက်နိုင်ပါလိမ့်မယ်... ဒါပေမဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကြီး တစ်ခု မရှိဘူးဆိုရင်တော့ အဲဒါက သူ့ရဲ့ ကန့်သတ်ချက် ဖြစ်သွားမှာပဲ... မေရာ ရဲ့ ပါရမီနဲ့ စွမ်းရည်ကတော့ အထူးကဲဆုံးပဲ... ဒါပေမဲ့ သူက စွဲလမ်းမှုတွေကြောင့် မျက်ကန်း ဖြစ်နေတယ်... သူ့ ကိုယ်သူ ချိုးဖျက်ဖို့ ခက်ခဲတဲ့ သံကြိုးတွေကို စိတ်ထဲမှာ ဖန်တီးထားတယ်... သူတို့ကို အသုံးပြုပြီး သမီးရဲ့ သူငယ်ချင်းတွေကို အဆင့်တက်အောင် တွန်းအားပေးချင်တယ်... သူတို့တွေ အဆုံးစွန်ထိ တွန်းပို့ခံရပြီး အဒေါ် မျှော်လင့်ထားတာထက် ပိုပြီး စွမ်းဆောင်နိုင်လာမလား... ဘယ်သူက ပြောနိုင်မှာလဲ..."
"အရမ်းကို ဆင်းရဲဒုက္ခ ရောက်ရမယ့်ပုံပဲ..."
မာစီက ဒဏ်ရာရသူများဖြင့် ပြည့်နှက်နေသော တဲများကို ငေးကြည့်ရင်း ပြောလိုက်သည်။ မိုးက အနည်းငယ် စဲသွားပြီး အီသန်၏ အစေခံ များ ယူဆောင်လာသော အစားအစာများက လေထုကို များစွာ အသက်ဝင်စေခဲ့သည်။ ဒဏ်ရာများကိုလည်း သက်သာစေကောင်း သက်သာစေနိုင်မည်။ မာစီ ကြားနေရသော ညည်းတွားသံများက ယခင်ကထက် များစွာ လျော့နည်းသွားပြီ ဖြစ်သည်။
"သူတို့ ယှဉ်ပြိုင်ကြတာက အခွင့်အရေးက အကန့်အသတ်နဲ့မို့လို့ရယ်... ပြီးတော့ လူတိုင်းက အဲဒီအခွင့်အရေးအတွက် သွေးမြေကျခံနိုင်လောက်အောင် အသည်းအသန် လိုချင်နေကြလို့ပဲ... အဒေါ်က သူတို့ကို အတင်း လုပ်ခိုင်းလို့ မဟုတ်ဘူး..."
မာစီသည် သူမကို သံသယဖြင့် ကြည့်လိုက်သည်။ ၎င်းက ခိုင်လုံသော အကြောင်းပြချက် မဟုတ်ပေ။
"ဆာလောင်နေတဲ့ ခွေးနှစ်ကောင်ကြားထဲကို အသားတစ်တုံး ပစ်ချပေးလိုက်တဲ့အခါ သူတို့ အချင်းချင်း ကိုက်ခဲကြတာက သူတို့ အပြစ်လား..."
သူမသည် လှည့်လိုက်ပြီး နဖူးမှ ရေများကို သုတ်ဖယ်ကာ တဲများစွာရှိရာဘက်သို့ ကြည့်လိုက်သည်။
"သမီးက သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာကြောင့် အဒေါ်က သမီးရဲ့ သူငယ်ချင်းတွေအပေါ် နည်းနည်း ဖိအားပေးလွန်းသွားတယ် ဆိုတာကိုတော့ လက်ခံပါတယ်..."
မာစီ၏ နှလုံးသားထဲသို့ နောက်ထပ် ဆူးတစ်ချောင်း စူးဝင်သွားပြန်သည်။ သူမ ဒေါသထွက်ချင်သော်လည်း လုံးဝ အံ့အားသင့်သွားခြင်းတော့ မရှိပေ။ ၎င်းက ချာရတီ ၏ အပြစ်သာမက မာစီ၏ အပြစ်လည်း ဖြစ်သည်။ သူတော်စင် အနေဖြင့် ပိုမို ပြင်းထန်သော ဖိအားကို ပေးနိုင်ခြင်းမှာ မာစီအနေဖြင့် သူမ၏ ယခင် စွမ်းအားများကို ပြန်လည် အသက်သွင်းကာ လင်းတုန်းနှင့် ယီရင်တို့ကို အချိန်မရွေး ကယ်တင်နိုင်သောကြောင့် ဖြစ်သည်။ မာစီ၏ မိခင်က ထိုကဲ့သို့သော နည်းဗျူဟာများကို အားပေးလိမ့်မည် ဖြစ်သည်။
"ဒါကြောင့်..."
ချာရတီက ဆက်ပြောလိုက်သည်။
"အဒေါ် သမီးအပေါ် ကျေးဇူးကြွေး တစ်ခု တင်သွားပြီဆိုတာကို အသိအမှတ် ပြုပါတယ်... သမီး ကြိုက်တဲ့အချိန် ပြန်တောင်းပါ..."
မာစီသည် အံ့အားသင့်စွာဖြင့် သူမကို မော့ကြည့်လိုက်ပြီး ရှေ့မှ သေမျိုးများကို ငုံ့ကြည့်နေသော ချာရတီ၏ အပြစ်အနာအဆာကင်းသည့် မျက်နှာကို ငေးကြည့်နေမိသည်။ သူတော်စင် တစ်ပါးထံမှ ကျေးဇူးကြွေး ဆိုသည်မှာ သာမန် ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ၎င်းက ချာရတီဘက်မှ အလျော့ပေးလိုက်ခြင်း ဖြစ်ရမည်။
"ကျေးဇူးတင်ပါတယ် အဒေါ် ချာရတီ..."
"ဒီကောင်လေးက မိသားစုအပေါ် ဟာမိုနီ အတွက် ကြွေးတင်နေတုန်းပဲ... အဒေါ် အဲဒါကို လုံးဝ လျစ်လျူရှုထားလိုက်လို့ မရဘူး... ပြီးတော့ သူက အသုံးဝင်ကောင်း ဝင်နိုင်တယ်..."
"သမီး နားလည်ပါတယ်..."
မာစီက ပြောလိုက်သည်။ ချာရတီ အနေဖြင့် အာကူရာ ကလန် ကို အလွယ်တကူ ဆန့်ကျင်၍ မရနိုင်ကြောင်း ပြသရန် တင်းကျပ်သော ရပ်တည်ချက် တစ်ခုကို ယူထားသရွေ့ လင်းတုန်း အနေဖြင့် သာမန် အပြစ်ပေးမှုလောက်ဖြင့်သာ လွတ်မြောက်သွားနိုင်မည် ဖြစ်သည်။
သူတော်စင် သည် လေထဲသို့ ပြန်လည် ပျောက်ကွယ်သွားလိမ့်မည်ဟု မာစီ ထင်ထားခဲ့သော်လည်း သူမက စကားဆက်ပြောလိုက်သောအခါ မာစီ အံ့အားသင့်သွားခဲ့သည်။
"ပြီးခဲ့တဲ့ သရဖူမဲ့ ဘုရင် ပြိုင်ပွဲ တုန်းက သမီးက အရမ်း ငယ်သေးတယ်လေ..."
***