အခန်း ၄၆၉
Vol. 34 Ch. 469
အပိုင်း(၄၆၉)
ကောင်းကင်ယံတွင် ပျံသန်းခြင်းကို ယာယီ တားမြစ်ထားသောကြောင့် အီသန် သည် လင်းတုန်း ကို မြို့ရိုးအပြင်ဘက်ရှိ ဧရာမ စခန်းကြီးကို ဖြတ်ကျော်ကာ ဖစ်ရှာ ဂီရှာ ထံသို့ ခေါ်ဆောင်သွားရန် တစ်နေကုန် အချိန်ယူလိုက်ရသည်။ သူတို့ ရောက်ရှိချိန်တွင်တော့ နေဝင်နေပြီ ဖြစ်သည်။
ဒရော့စ်သည် ခရီးစဉ် တစ်လျှောက်လုံး သူ၏ လက်ဆောင်က ဘာဖြစ်မည်ကို ခန့်မှန်းရင်း အီသန် ထံမှ သဲလွန်စများ ရရှိရန် လှည့်စား ကြိုးစားနေခဲ့သည်။ သူ၏ ခန့်မှန်းချက်များသည် 'စိတ်ဝိညာဉ် ဓား' မှသည် 'မိစ္ဆာကောင်လေး ပေါက်လာမယ့် ဥ' အထိ မျိုးစုံ ရှိနေခဲ့သည်။
သူတို့ ညဘီး တောင်ကြား တွင် ရှိနေစဉ်အတွင်း ဖစ်ရှာ ဂီရှာ သည် သူမ၏ အလုပ်ရုံ တဲကြီးကို ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။ အမှန်တကယ်တော့ သူမ လမ်းလျှောက်ရာတွင် အသုံးပြုသော ခရမ်းရောင် ပင့်ကူခြေတံကြီးများကဲ့သို့သော အရာများပေါ်တွင် ထိုတဲကြီးကို တပ်ဆင်ထားခြင်းပင် ဖြစ်သည်။ သူမ၏ ရွှေ့ပြောင်းနိုင်သော ဝိညာဉ်ပန်းပဲ အလုပ်ရုံသည် မဟူရာ မီးတောက် စခန်းတစ်ခုလုံးကို ဝန်ဆောင်မှု ပေးရန် လှည့်လည် သွားလာနေခဲ့သည်။
ယခုအခါ ထိုတဲကြီးသည် မဟူရာ မီးတောက် မြို့တော် ပတ်ဝန်းကျင်ရှိ ဒုက္ခသည်များ ပြည့်နှက်နေသော ပင်လယ်ပြင်ကြီး အလယ်တွင် ခြေတံများကို ရုပ်သိမ်းကာ ငြိမ်သက်စွာ ရှိနေလေသည်။
အီသန် သည် 'ဆိုင်ပိတ်သည်' ဟူသော ဆိုင်းဘုတ်ကို လျစ်လျူရှုကာ တံခါးကို တွန်းဖွင့်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်ပိုင် အိမ်ထဲသို့ ဝင်လာသကဲ့သို့ ခပ်သွက်သွက် လျှောက်ဝင်သွားခဲ့သည်။
ဂီရှာသည် အခန်းအလယ်တွင် သူမ၏ ပင့်ကူ အစေခံ ပေါ်၌ ဝဲပျံနေခဲ့သည်။ ထိုအစေခံသည် မျက်နှာကြက်မှနေ၍ ၎င်း၏ ဆန့်ထုတ်ထားသော ခြေတံများဖြင့် တွယ်ချိတ် တွဲလောင်းကျနေခြင်း ဖြစ်သည်။ သူမသည် မျက်လုံးတစ်ဖက်တွင် မှန်ဘီလူး တစ်ခုကို တပ်ဆင်ထားပြီး ၎င်းမှတစ်ဆင့် တွဲလောင်းကျနေသော ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ အလောင်းကို စစ်ဆေးနေလေသည်။ ထိုအရာသည် သက်တန့်များဖြင့် ဖန်တီးထားသော မြည်းတစ်ကောင်နှင့် တူနေပြီး အရောင်အသွေး စုံလင်သော အဆီအနှစ် အမှုန်အမွှားများကို လေထဲသို့ ထုတ်လွှတ်နေခဲ့သည်။ သူမ ပတ်ချည်ထားသော အစီအရင် ရေးဆွဲထားသည့် အဝတ်စများသာ မပါရှိပါက ထိုအသက်မဲ့ ဒြပ်ဝတ္ထု သည် လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။
အဘွားအိုလေးက လှည့်မကြည့်ဘဲ စကားပြောလိုက်သည်။
"မင်း အရိုက်ခံချင်နေတာလား... ဟမ်... ပိတ်ပြီ... ဆိုင်းဘုတ်မှာ ဆိုင်ပိတ်ပြီလို့ ရေးထားတယ်လေ... ညဘက်ဆို ငါ အလုပ်မလုပ်ဘူး..."
နောက်ဆုံးတွင် သူမက သူတို့ဘက်သို့ လှည့်ကြည့်လိုက်၏။ မှန်ဘီလူးကြောင့် သူမ၏ မျက်လုံးတစ်ဖက်က ကြီးမားနေသည်။ သူမသည် စိတ်ပျက်သွားပုံရသည်။
"ဒီလိုအချိန်ကြီးမှာ ဝင်လာလောက်အောင် ရိုင်းစိုင်းတဲ့ ဖောက်သည်မျိုးဆိုရင်တော့ ကျွန်မ ရိုက်လွှတ်လိုက်မှာပဲ... အခု ကျွန်မ ဘယ်သူ့ကို ရိုက်ရမလဲ..."
အီသန် သည် လင်းတုန်း ဘက်သို့ ကြီးကျယ်ခမ်းနားသော ဟန်ပန်ဖြင့် လက်ညှိုးထိုးပြလိုက်သည်။
"ခင်ဗျား စိတ်တိုင်းကျသာ လုပ်ပါ... ဒါပေမဲ့ အခုလောလောဆယ်တော့ ခင်ဗျား အတွက် စမ်းသပ်စရာ တစ်ခု ကျွန်တော့် ဆီမှာ ရှိတယ်..."
ဂီရှာ ၏ အစေခံ သည် မျက်နှာကြက်ကို ခြေတံတစ်ချောင်းချင်းစီ ခွာချလိုက်သည်။ ထို့နောက် ၎င်း၏ ချွန်ထက်သော ခြေဖျားများကို နံရံရှိ အက်ကွဲကြောင်းများထဲသို့ ထိုးသွင်းကာ အောက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။ ဆင်းသက်လာစဉ် ၎င်း၏ ဗဟိုကိုယ်ထည်မှာမူ ငြိမ်သက်နေလေသည်။
တစ်ခဏမျှသာ ကြာပြီးနောက် ထို မှော်ပစ္စည်း သည် မြေပြင်သို့ ရောက်ရှိလာပြီး အီသန် အနီးသို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။ ခြေတံများက ဆန့်ထွက်လာကာ ဂီရှာကို အီသန် ၏ မျက်နှာနှင့် တစ်တန်းတည်း ဖြစ်လာသည်အထိ မြှင့်တင်ပေးလိုက်သည်။
"ကျွန်မ ပစ်ဖို့ နောက်ထပ် အဆင့်နိမ့် အရှင်သခင် တစ်ယောက် ရှိနေပြန်ပြီလား..."
ထိုစကားက လင်းတုန်း ၏ အာရုံကို ဖမ်းစားသွားသော်လည်း အီသန် က ရယ်မော၍ လွှဲချလိုက်သည်။
"ငါက အဲဒီလောက် ပျော်စရာကောင်းတဲ့ ကိစ္စမျိုးတော့ မလုပ်နိုင်ဘူး ထင်တယ်... ဒရော့စ် ... အချိန်ကျပြီ..."
ဒရော့စ်သည် လင်းတုန်း ထံမှ လည်ပတ် ထွက်ပေါ်လာပြီး သူ၏ တစ်လုံးတည်းသော မျက်လုံးက တောက်ပနေခဲ့သည်။
[အိုး... မြင်း တစ်ကောင်လား... မြင်း ဖြစ်ရမယ်လို့ ငါ လောင်းရဲတယ်...]
အီသန် သည် သူ၏ အပြင်ဝတ်ရုံထဲသို့ နှိုက်ကာ တိမ်ပြီး သွယ်လျသော သေတ္တာငယ် တစ်လုံးကို ဆွဲထုတ်လိုက်သည်။ ထိုသေတ္တာမှာ အလွန် ကျယ်ဝန်းသောကြောင့် အီသန် အနေဖြင့် အပြင်မှ မသိသာစေဘဲ အိတ်ကပ်ထဲတွင် မည်သို့ သိမ်းဆည်းထားနိုင်သနည်းဟု လင်းတုန်း တွေးမိသွားသည်။
၎င်းမှာ မဖြစ်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။ ထို့အပြင် အီသန် သည် လေဟာပြင်ထဲမှနေ၍ တစ်ခုခုကို ဆွဲထုတ်လိုက်သကဲ့သို့ ပြုလုပ်ခြင်းမှာ ယခု ပထမဆုံးအကြိမ် မဟုတ်ပေ။
သူသည် ဤအရာများကို တစ်နည်းနည်းဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်မည်၊ သို့မဟုတ် သူကိုယ်တိုင်တွင် ဟင်းလင်းပြင် သော့ တစ်ချောင်း ရှိနေခြင်း ဖြစ်ရမည်။ ထိုသော့ကို ဖုံးကွယ်ရန် အိတ်ကပ်ထဲမှ ထုတ်ယူဟန် ပြုလုပ်နေခြင်းသာ ဖြစ်သည်။
လင်းတုန်း ကိုယ်တိုင်လည်း ထိုသို့ လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။
အီသန်သည် ဒရော့စ်၏ မျက်လုံးကို ဆုံကြည့်လိုက်ပြီး သေတ္တာ၏ အပေါ်ဘက်တွင် လက်ချောင်းများကို တင်ထားလိုက်သည်။
"ဒီသေတ္တာထဲမှာ မင်းရဲ့ လက်ဆောင်ကို ဖွင့်ပေးနိုင်မယ့် သော့ ရှိတယ်..."
[နေပါစေတော့... ငါက မြင်းနဲ့ ဘာမှ လုပ်လို့ရမှာမှ မဟုတ်တာ... တုံးအလိုက်တဲ့ အတွေး... တကယ်လို့ မြင်းသာ ဆိုရင် ငါ့ကို မပြောနဲ့တော့...]
ကြီးကျယ်ခမ်းနားသော ဟန်ပန်ဖြင့် အီသန် သည် အဖုံးကို ဆတ်ခနဲ ဖွင့်လိုက်ရာ အတန်းနှစ်တန်းဖြင့် ရှိနေသော မာဒြာပြား များကို မြင်တွေ့လိုက်ရသည်။ စုစုပေါင်း ဆယ်ပြား ဖြစ်သည်။ ၎င်းတို့သည် အကြွေစေ့များနှင့် ပုံစံတူပြီး မဟူရာ မီးတောက် အင်ပါယာ ၏ အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားသည်။ မထင်မရှား ပုံရိပ်များ လူးလာခတ်နေသော ခရမ်းရောင် မာဒြာ များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းတို့သည် မှုန်ဝါးဝါးနှင့် ပုံရိပ်ယောင် အလင်းရောင် တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ အိပ်မက် မာဒြာ များပင် ဖြစ်သည်။
၎င်းတို့သည် အစစ်အမှန် ရွှေအဆင့် ၏ စွမ်းအားများကို ထုတ်လွှတ်နေသောကြောင့် အဆင့်မြင့် မာဒြာပြား များ ဖြစ်နေလေသည်။ တန်ဖိုးရှိသော်လည်း အီသန် တတ်နိုင်သမျှထဲတွင်တော့ အကောင်းဆုံး မဟုတ်သေးချေ။
ဒရော့စ်ကို မာဒြာပြား သေတ္တာတစ်လုံး ပေးရုံသက်သက်ဖြင့် သူတို့ကို တစ်နေကုန် ခရီးသွားစေကာ ဖစ်ရှာ ဂီရှာ ထံသို့ လာခိုင်းခြင်းဆိုလျှင် လင်းတုန်း သည် သူ့ကို မီးရှို့ပစ်တော့မည် ဖြစ်သည်။
[အို... အိပ်မက် မာဒြာ ပါလား... ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာပဲ... ဒါပေမဲ့... ဒီထက်ပိုတာ မရှိတော့ဘူး သေချာလား...]
အီသန် သည် မာဒြာပြား တစ်ပြားကို ကောက်ယူကာ ဒရော့စ် ထံသို့ ကမ်းပေးလိုက်သည်။
"မင်း တစ်ပြားလောက် လှည့်ပတ်ကြည့်ပါလား... မင်း သဘောကျမှာပါ..."
ဒရော့စ် ၏ မျက်လုံးသည် လင်းတုန်း ထံသို့ လှည့်သွားကာ ခွင့်ပြုချက် တောင်းခံနေပုံရသည်။ သို့သော် လင်းတုန်း တစ်ခုခု မပြောနိုင်မီမှာပင် သူက မာဒြာပြား ကို သွားများကြားတွင် ကိုက်ခဲ ဆွဲယူလိုက်လေသည်။
[အင်း... ဂါး... မွတ်... မွတ်...]
သူက ပြောလိုက်သည်။
ပါးစပ်ထဲတွင် တစ်ခုခု ရှိနေခြင်းက သူ့ကို တကယ်ပဲ ရှင်းရှင်းလင်းလင်း စကားမပြောနိုင်အောင် တားဆီးထားတာလား။ သို့မဟုတ် သူက လူသားတွေကို အတုခိုးနေတာလား။
ဒရော့စ်သည် မာဒြာပြား ကို စုပ်ယူလိုက်ပြီးနောက် ပုံကြီးချဲ့ထားသော မျိုချသံကို ပြုလုပ်ကာ မျက်လုံးကို မှိတ်လိုက်သည်။ သူသည် ခရမ်းရောင် အလင်းဖြင့် စတင် တောက်ပလာခဲ့ပြီး သူ၏ လမ်းကြောင်းများမှတစ်ဆင့် အမြုတေ ထဲသို့ မာဒြာ များ ဖြတ်သန်းသွားသည်ကို လင်းတုန်း ခံစားလိုက်ရသည်။
[အင်း... အင်း... ငါ ဒါကို သဘောကျတယ် ထင်တာပဲ... တစ်ကိုယ်လုံး စိမ့်တက်သွားတဲ့ ခံစားချက်မျိုးလေး...]
"ဒါက သော့လေးပဲ ရှိသေးတယ်..."
အီသန် က သူ့ကို သတိပေးလိုက်သည်။
"ငါ့ရဲ့ စမ်းသပ်မှုကို မလုပ်ခင် မင်းကို အမြင့်ဆုံး အခြေအနေမှာ ရှိနေစေချင်တယ်... လင်းတုန်း ကို ပုံရိပ်ယောင် တစ်ခုလောက် ပြပေးနိုင်မလား..."
ဂီရှာ သည် သူမ၏ အစေခံ ကို အနီးရှိ စားပွဲတစ်ခုဆီသို့ လျှောက်သွားစေလိုက်ပြီးနောက် ကိရိယာတစ်ခုကို စတင် အရောင်တင်နေလေသည်။
"သူတို့က ငါ့အလုပ်ရုံထဲမှာ နေဖို့ လိုလို့လား..."
သူမက ကျယ်လောင်စွာ ပြောလိုက်သည်။
"မလိုပါဘူး... အချိန်ပြည့် လာနှောင့်ယှက်နေကြတာ... လိုအပ်တဲ့အချိန်ကျမှ လာရှာပြီး ကျန်တဲ့ကိစ္စတွေကို အပြင်မှာ လုပ်လို့ ရသားနဲ့..."
[သီးသန့် တစ်ခုခုများ ရှိလား...]
ဒရော့စ် က မေးလိုက်သည်။
"မင်း ကြိုက်တာ လုပ်ပါ..."
အီသန် က ပြန်ဖြေလိုက်သည်။
ဒရော့စ် သည် တစ်မိနစ်ခန့် စဉ်းစားလိုက်သည်။ ထို့နောက် ရုတ်တရက် လင်းတုန်း သည် တံခါးများကို ဖြတ်ကျော်ကာ ဝင်ရောက်လာသော မြင်းတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းသည် သိပ်ပြီး လက်တွေ့ကျသော မြင်းတစ်ကောင်တော့ မဟုတ်ပေ။ ၎င်းသည် ပွင့်လင်းမြင်သာလုနီးပါး ဖြစ်နေပြီး ခေါင်းကို ခါရမ်းလိုက်သောအခါ လည်ဆံမွေးများမှ မီးပွားများ လွင့်စင်ထွက်လာခဲ့သည်။ ၎င်းသည် အခန်းထဲတွင် ခပ်သွက်သွက် လျှောက်သွားနေကာ လှည်းတန်းကြီး တစ်ခုစာမျှ ရှည်လျားပြီး ခြေထောက် ဆယ့်ခြောက်ချောင်း ရှိကြောင်း ပြသနေလေသည်။
[ခမ်းနားလှတဲ့ သတ္တဝါတွေပဲ...]
"ဘယ်လိုနေလဲ လင်းတုန်း ..."
အီသန် က မေးလိုက်သည်။
"လှပတဲ့ မြင်းတစ်ကောင်ပါပဲ..."
လင်းတုန်း က ဒရော့စ် ကို ပြောလိုက်သည်။
"ဒါပေမဲ့ သိပ်ပြီးတော့ လက်တွေ့ မကျလှဘူး..."
[အင်း... အရိပ်ထည့်တာတွေ လိုနေလို့ ဖြစ်မယ်... ဒါမှမဟုတ် ပုံစံပေါ့... ငါ့မှာ နမူနာယူစရာ တစ်ခုခု ရှိရင်တော့ အများကြီး ပိုလွယ်မှာပါ...]
"ဆက်ကျင့်ကြံနေလိုက်..."
အီသန်က ညွှန်ကြားလိုက်ပြီး ဂီရှာ ဘက်သို့ လှည့်လိုက်သည်။
"ဖစ်ရှာ... နှောင့်နှေးသွားတဲ့အတွက် တောင်းပန်ပါတယ်... လင်းတုန်း ကို စမ်းသပ်မှု နည်းနည်းလုပ်ပြီး ပြီးမြောက်အောင် လုပ်နိုင်မယ့် ပရောဂျက် တစ်ခုလောက် ပေးနိုင်မလား... ဒီမှာရှိတဲ့ ပစ္စည်းတွေနဲ့ လုပ်ရမယ့် တစ်ခုခုပေါ့..."
ဖစ်ရှာ ဂီရှာသည် ညည်းတွားလိုက်ပြီး လင်းတုန်း ၏ မျက်လုံးများကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူမသည် စကားတစ်ခွန်းမျှ မဆိုချေ။ အကယ်၍ ဤကိစ္စက သူမ၏ အချိန်များကို ဖြုန်းတီးပစ်သလို ဖြစ်သွားမည်ဆိုပါက ခံရမည့်သူမှာ သူသာဖြစ်ကြောင်း အသိပေးလိုက်လေသည်။
သို့သော် နောက်ဆုံးတွင်တော့ သူမသည် သေတ္တာ အစီအရီကို ဖွင့်လိုက်ပြီး ရိုးရှင်းသော မှော်ပစ္စည်း တစ်ခုအတွက် လိုအပ်သော ပစ္စည်းများကို ခင်းကျင်းပေးလိုက်သည်။ ပထမဆုံးအနေဖြင့် ပါးလျပြီး လိမ်ခေါက်နေသော ဖော့ဆို့နှုတ်တံ ပုံစံရှိ နီရဲသော အစစ်အမှန် ရွှေအဆင့် မီး အမြုတေကြိုး တစ်ခု ဖြစ်သည်။ ၎င်းသည် စားပွဲပေါ်တွင် တရှူးရှူး မြည်နေခဲ့သည်။ ဒုတိယအနေဖြင့် ဝိညာဉ်အကြွင်းအကျန် အရိုးစုများနှင့် တူသော အသက်မဲ့ ဒြပ်ဝတ္ထု သုံးစု ဖြစ်သည်။ တစ်စုမှာ အဖြူရောင်၊ တစ်စုမှာ မီးခိုးရောင် ဖြစ်ပြီး ကျန်တစ်စုမှာတော့ ထိုနေ့က သက်တန့်ရောင် ဝိညာဉ်အကြွင်းအကျန် ထံမှ သူမ ခွာယူထားခဲ့သည်မှာ သေချာလှသော အရောင်အသွေး စုံလင်သည့် အစင်းကျားပုံစံ ဖြစ်သည်။ နောက်ဆုံးအနေဖြင့် သူမသည် မာဒြာပြား တစ်ခု၏ အရွယ်အစားနှင့် ပုံစံခန့်ရှိသော ဖန်တီးထားသည့် မာဒြာ စက်ဝိုင်းတစ်ခုကို ချထားလိုက်သည်။ ၎င်းမှာ ဖောက်သည်၏ မာဒြာ နမူနာပင် ဖြစ်သည်။
"ဖောက်သည်က သူ လိုချင်တဲ့ အချိန်မှာမှ ပေါက်ကွဲမယ့် မှော်ပစ္စည်း တစ်ခုကို လိုချင်နေတယ်... စွမ်းအင် ဆုံးရှုံးမှု အနည်းဆုံး ဖြစ်ရမယ်... ပြီးတော့ သူ့အိတ်ကပ်ထဲမှာတင် ပေါက်ကွဲမသွားဖို့လည်း လိုတယ်လေ... ဟမ်... ဒါပေမဲ့ သူက ငါတို့ကို အလုပ်လုပ်ဖို့ အမြုတေကြိုး တစ်ခုတည်းပဲ ယူလာပေးခဲ့တယ်... မင်းဆို ဘယ်လို လုပ်မလဲ..."
လင်းတုန်းသည် ပြဿနာကို သိလေသည်။ သူသည် အမြုတေကြိုး ၊ သူ၏ ကိုယ်ပိုင် မာဒြာ နှင့် ဖောက်သည်ထံမှ နမူနာတို့ကြားရှိ ဓာတ်ပြုမှုများကို အမြုတေကြိုး ကိုယ်တိုင် မပျက်စီးစေဘဲ စမ်းသပ်ရမည် ဖြစ်သည်။ ထို့နောက် အသက်မဲ့ ဒြပ်ဝတ္ထု သုံးမျိုးစလုံးဖြင့် စမ်းသပ်ကြည့်ကာ အကောင်းဆုံး တစ်ခုကို ရွေးချယ်ရမည် ဖြစ်သည်။ အံဝင်ခွင်ကျ မဖြစ်ပါက အမြုတေကြိုး ၏ စွမ်းအားကို အဆင့်မြင့် ရွှေအဆင့် သို့မဟုတ် အဆင့်နိမ့် ရွှေအဆင့် အထိ ကျဆင်းသွားစေနိုင်ပြီး အစစ်အမှန် ရွှေအဆင့် နည်းစနစ်ကို အလဟဿ ဖြစ်သွားစေနိုင်သည်။ သို့သော် တည်ငြိမ်မှု မရှိပါကလည်း မှော်ပစ္စည်း သည် အလိုအလျောက် ပေါက်ကွဲသွားနိုင်လေသည်။
အကယ်၍ သူ့ထံတွင် အမြုတေကြိုး သုံးခုသာ ရှိပါက အောင်မြင်နိုင်မည်ဟု သူ အတော်လေး ယုံကြည်ချက် ရှိနိုင်သည်။ သူ၏ ကိုယ်ပိုင် လုံခြုံရေးအတွက် မသေချာလျှင်တောင်မှ ဖြစ်သည်။ ယခုလို တစ်ခုတည်းဖြင့်သာ ဆိုလျှင်...။
***