← Chapters

အခန်း ၄၇၀

Vol. 34 Ch. 470

အခန်း ၄၇၀

Vol. 34 Ch. 470

အပိုင်း(၄၇၀)

"တောင်းပန်ပါတယ်... ကျွန်တော် မလုပ်နိုင်ဘူး... အကူ အစေခံ တစ်ကောင်တော့ လိုလိမ့်မယ်..."

လင်းတုန်းက စိတ်ပျက်အားလျော့သည့် လေသံဖြင့် ပြောလိုက်၏ အစေခံ ယန္တရားသည် နမူနာ တစ်ခုချင်းစီကို အသေးစိတ် စမ်းသပ်ပေးနိုင်ပြီး ပါဝင်ဖွဲ့စည်းမှုများနှင့် ၎င်းတို့ မည်သို့ ဓာတ်ပြုသင့်သည်ကို ပိုမို ပြည့်စုံစွာ နားလည်သဘောပေါက်စေနိုင်မည် ဖြစ်သည်။

"အဲဒီအတွေးကို ခဏ သိမ်းထားလိုက်ဦး..."

အီသန် က ပြောလိုက်သည်။

"အဲဒီအစား အပိုင်းတစ်ခုချင်းစီကို နက်နက်ရှိုင်းရှိုင်း ခံစားသိရှိနိုင်ဖို့ မင်းရဲ့ အာရုံတွေကို အသုံးပြုကြည့်ပါ... အဲဒါတွေကို အပြည့်အဝ ခံစားကြည့်ပြီး မင်းကိုယ်တိုင်က အစေခံ ယန္တရား ဖြစ်နေသလိုမျိုး သူတို့ အချင်းချင်း ဘယ်လို ဆက်စပ်နေလဲ ဆိုတာကို လေ့လာကြည့်..."

ဆက်လက် လှည့်ပတ် ကျင့်ကြံနေဆဲဖြစ်သော ဒရော့စ်သည် မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်ပြီး ရှေ့သို့ အနည်းငယ် တိုးလာခဲ့သည်။ သူသည် ထိုတာဝန်ကို စိတ်ဝင်စားနေသော်လည်း ဝန်မခံချင်သည့်ပုံ ပေါက်နေလေသည်။

လင်းတုန်း သည် အထောက်အပံ့ ရရန် ဖစ်ရှာ ဂီရှာ ထံသို့ လှမ်းကြည့်လိုက်သည်။ သို့သော် သူမက လင်းတုန်း ကို ဆက်လုပ်ရန်သာ အမူအရာဖြင့် ပြလိုက်လေသည်။ အစေခံ ယန္တရား တစ်ကောင်၏ လုပ်ဆောင်ချက် အားလုံးကို သူကိုယ်တိုင် အတုခိုးနိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ လုပ်နိုင်မည်ဆိုပါက အစေခံများ လိုအပ်မည်မဟုတ်ချေ။

သို့သော် သူ ကြိုးစားကြည့်ခဲ့သည်။ အမြုတေကြိုး ၊ ဖောက်သည်၏ နမူနာနှင့် အသက်မဲ့ ဒြပ်ဝတ္ထု သုံးစုစလုံးအပေါ်တွင် ငါးမိနစ်စီ အချိန်ယူကာ လေ့လာခဲ့သည်။

လုပ်ငန်းစဉ် အဆုံးတွင်တော့ သူ ခန့်မှန်းချက် တစ်ခု ရခဲ့သည်။ သို့သော် ၎င်းသည် အထိအတွေ့ အာရုံ တစ်ခုတည်းကိုသာ အသုံးပြု၍ ကျိုးပဲ့နေသော ပန်းအိုးတစ်လုံးကို မည်သို့ ပြန်ဆက်ရမည်ကို ခန့်မှန်းရသကဲ့သို့ ဖြစ်နေလေသည်။ ဒြပ်ဝတ္ထုစု တစ်ခုသည် “အား” ဝိညာဉ်အကြွင်းအကျန် ထံမှ ရရှိထားခြင်း ဖြစ်သည်။ “အား” မာဒြာ က မီး အမြုတေကြိုး အတွက် သင့်တော်သော အားဖြည့်မှုကို ပေးမည်လား၊ သို့မဟုတ် မီးတောက်ကို ပျက်ပြယ်သွားစေလောက်အောင် များပြားလွန်းနေမည်လား။ သက်တန့်ရောင် ဝိညာဉ်အကြွင်းအကျန် ၏ ကျန်ရစ်နေသော နာကြည်းမှုက ဗုံးပေါက်ကွဲမှုကို အငြိုးတကြီး နှောင့်ယှက်မည်လား၊ သို့မဟုတ် မနှောင့်ယှက်ဘူးလား။ သူ မပြောနိုင်ခဲ့ချေ။

သူသည် ဖြုတ်ချထားသော ခြေသည်းများနှင့် တူပြီး သင်တုန်းဓားလို ထက်မြက်သော လေ၏ ခံစားချက်ကို ပေးစွမ်းသည့် အဖြူရောင် အစိတ်အပိုင်းများပါသော တတိယမြောက် အပုံကို လက်ညှိုးထိုးပြလိုက်သည်။

"အမြုတေကြိုး ရဲ့ အပြင်ဘက်က အခွံတစ်ခုအဖြစ် သန့်စင်တဲ့ မာဒြာ နဲ့ ချိတ်ဆက်ထားတဲ့ ဒီဒြပ်ဝတ္ထုက ဖောက်သည်ရဲ့ မာဒြာ နဲ့ နှောင့်ယှက်မှု အနည်းဆုံး ဖြစ်လိမ့်မယ်..."

ဂီရှာ ၏ အရေပြားများ တွန့်လိပ်နေသော မျက်နှာသည် မျက်နှာဖုံးတစ်ခုကဲ့သို့ ဖြစ်နေပြီး သူ အောင်မြင်သွားသလား၊ ကျရှုံးသွားသလား ဆိုသည့် သဲလွန်စကို လုံးဝ မပြသခဲ့ပေ။ သူမသည် အီသန် ဘက်သို့ လှည့်လိုက်သည်။

"ဒရော့စ်..."

အီသန် က ပြောလိုက်သည်။

"လင်းတုန်း ခံစားရတာတွေကို မင်း ခံစားသိရှိနိုင်သေးလား..."

ဒရော့စ် ၏ မျက်လုံး ပွင့်လာပြီး သူက အီသန် ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

[ငါက ဘယ်လိုလုပ် ခံစားသိရှိနိုင်မှာလဲ... ငါက ဒီလောက် အဝေးကြီးမှာ ရှိနေတာကို... ငါက သူ့ရဲ့ မှတ်ဉာဏ်ထဲကို လှမ်းပြီး... အို... နေဦး... ငါ တကယ်ပဲ သိတော့ သိပါတယ်... တောင်းပန်ပါတယ်... ငါက တခြားတစ်ခုခုကို အာရုံစိုက်နေလို့ပါ...]

"လုပ်နိုင်မယ်ဆိုရင်... လင်းတုန်း ရဲ့ ခေါင်းထဲမှာ အဲဒီစမ်းသပ်မှုကို ပုံရိပ်ယောင် ဖန်တီးပေးပါလား..."

ဒရော့စ်သည် စမ်းသပ်မှုကို မြင်သာအောင် လင်းတုန်း ကို ကူညီပေးလိုက်သည်။ အဖြူရောင် ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းများကို ယူကာ ဖော့ဆို့နှုတ်တံ အမြုတေကြိုး ၏ ဘေးပတ်လည်တွင် အခွံတစ်ခုအဖြစ် ဖန်တီးနေသော သူ့ကိုယ်သူ လင်းတုန်း မြင်တွေ့လိုက်ရသည်။ သူ၏ သန့်စင်သော မာဒြာ ဖြင့် ချိတ်ဆက်လိုက်သောအခါ တစ်ခုလုံးသည် ပန်းရောင် ပြောင်းသွားပြီး ကြမ်းတမ်းသော ကျောက်တုံးတစ်တုံးကဲ့သို့ ပုံစံဖြင့် ချိတ်ပိတ်သွားလေသည်။ ထိုအရာကို သူက ကြမ်းပြင်ပေါ်သို့ လှိမ့်ချလိုက်ပြီး ဖောက်သည်၏ မာဒြာ နမူနာဖြင့် အသက်သွင်းလိုက်ရာ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ ကြမ်းပြင်တွင် တွင်းဟောင်းကြီး တစ်ခု ဖြစ်သွားကာ နံရံများနှင့် မျက်နှာကြက်များ အက်ကွဲသွားပြီး အခန်းထဲတွင် မီးခိုးများဖြင့် ပြည့်နှက်သွားလေသည်။

ပုံရိပ်ယောင်ထဲတွင် လင်းတုန်း သည် မည်သည့် ထိခိုက်မှုကိုမျှ မခံစားရဘဲ အောင်မြင်သော ပေါက်ကွဲမှုကိုသာ စောင့်ကြည့်နေခဲ့သည်။

[အရမ်းကို ကောင်းမွန်တဲ့ ပုံရိပ်ယောင်ပဲ...]

ဒရော့စ် က ပြောလိုက်သည်။

[ဒါပေမဲ့ တကယ်တမ်း အဲဒီလို ဖြစ်လာမလား ဆိုတာကိုတော့ ငါ မပြောနိုင်ဘူး... ဒီမှာ... ဒါကို ကြည့်လိုက်...]

ထိုမြင်ကွင်းသည် မီးခိုးရောင် အသက်မဲ့ ဒြပ်ဝတ္ထု ဖြင့်လည်း အောင်မြင်စွာ ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။ သက်တန့်ရောင်ဖြင့် ပြုလုပ်ထားသော အရာဖြင့်လည်း ထိုနည်းတူပင် ဖြစ်သည်။ ပြီးတော့ လင်းတုန်း သည် မှော်ပစ္စည်း ကို မဟူရာ မီးတောက် ဖြင့် ချိတ်ပိတ်လိုက်သောအခါတွင်လည်း စမ်းသပ်မှု၏ သဘာဝ တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြန်သည်။

[တွေ့လား... ငါ လိုချင်တဲ့ ရလဒ် မှန်သမျှကို ပြသနိုင်တယ်... ဘယ်တစ်ခုက အအောင်မြင်ဆုံး ဖြစ်နိုင်လဲ ဆိုတာကိုတော့ မပြောနိုင်ဘူးလေ...]

လင်းတုန်း သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။

"ဒီနှုန်းနဲ့ဆိုရင် သူ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် လုပ်သလို ဖြစ်နေလိမ့်မယ်... စမ်းသပ်မှုကို တိတိကျကျ ပုံဖော်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက မာဒြာ တွေ အားလုံးကို အပြည့်အဝ နားလည်နိုင်ဖို့ ကျွန်တော့်ရဲ့ အာရုံတွေကို အသုံးပြုရမှာပဲ... တကယ်လို့ ကျွန်တော်သာ အဲဒီလို လုပ်နိုင်ရင် သူ့ကို လိုအပ်တော့မှာ မဟုတ်ဘူး..."

[ဒါက တမင်သက်သက် စိတ်နာအောင် လုပ်နေသလိုပဲ...]

"သူက အရင်ကလိုပဲ ကြီးမားတဲ့ အကူအညီ တစ်ခု ဖြစ်နေတုန်းပါပဲ..."

လင်းတုန်းက အလျင်စလို ဖြည့်စွက် ပြောလိုက်သည်။

"ဒါပေမဲ့ သူက အစေခံ ကိုတော့ အစားထိုးလို့ မရဘူးလေ..."

လင်းတုန်းသည် သူ၏ ထောင်ချောက်ထဲသို့ တိုးဝင်လာသကဲ့သို့ အီသန် ပြုံးလိုက်သည်။

"ဒါဆိုရင် သူက မာဒြာ ရဲ့ အသွင်အပြင်တွေနဲ့ သူတို့ အချင်းချင်း ဘယ်လို ဓာတ်ပြုကြတယ်ဆိုတဲ့ အသိပညာတွေ လိုအပ်နေတာပေါ့…”

[ခင်ဗျား သိလား... တစ်ယောက်ယောက်က ကိုယ်ပြောတာကို အာရုံစိုက်နားထောင်ပြီး သေချာပြန်ပြောပေးတာ သိပ်ကောင်းတဲ့အရာပဲ... အဲဒါနဲ့ ခင်ဗျားဆီမှာ ဘာပါလာလဲ... ]

အီသန်က လည်ပတ်နေသော ကြေးပြား ဘောလုံးတစ်ခုကို မြှောက်ပြလိုက်သည်။ ထိုကြေးပြားများကြားမှ အရောင်အသွေးစုံလင်သော အလင်းတန်းများ လင်းလက်နေသည်ကို လင်းတုန်း မြင်လိုက်ရ၏။

လင်းတုန်း၏ ရင်ထဲ၌ ခုန်ပေါက်သွားသည်။ အာရုံစိုက်မှုများလည်း ထက်မြက်သွား၏။ အာရီလီယပ် မိသားစု ၏ စာကြည့်တိုက်တွင် မျိုးဆက်ပေါင်းများစွာ စုဆောင်းထားခဲ့သော လမ်းစဉ် များနှင့် နည်းစနစ် များ အကြောင်း အချက်အလက်များ အားလုံး ပါဝင်နေပါသည်။ ၎င်းသည် မတူညီသော လမ်းစဉ် ရာပေါင်းများစွာ၊ သို့မဟုတ် ထောင်ပေါင်းများစွာနှင့် ၎င်းတို့၏ ပြောင်းလဲမှုများကို ပုံစံတူ ဖန်တီးပေးနိုင်စွမ်း ရှိ၏။ မြွေသင်္ချိုင်း မှ ထွက်ခွာလာကတည်းက လင်းတုန်း ထိုအရာကို လွမ်းဆွတ်နေခဲ့ခြင်း ဖြစ်သည်။ သူသည် မဟူရာ မီးတောက် လမ်းစဉ်ကို ထိုကြေးပြားလေးထံမှပင် သင်ယူခဲ့ခြင်း ဖြစ်သ်ည။

"ငါလည်း ဒါကို ဒီမှာ တွေ့ရလို့ ငါ အံ့သြသွားတာ..."

အီသန် က ပြောလိုက်၏။

"ကပ်ဆီးယပ်စ်က မြွေသင်္ချိုင်း ကနေ ထွက်လာတုန်းက သူနဲ့အတူ ယူလာခဲ့တာလေ... အဲဒါကို ငါက... ခဏငှားလာခဲ့တာ... ဒါက မင်းအတွက် လက်ဆောင်ပဲ ဒရော့စ်..."

သူက ကြေးပြား ဘောလုံးကို လက်တစ်ဖက်ဖြင့် မြှောက်ပြလိုက်၏။

"အထဲကို ဝင်ပြီး သင်ယူနိုင်သမျှ သင်ယူလိုက်..."

ဒရော့စ် က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ရေကန်ထဲသို့ ခုန်ချသွားသော ကလေးတစ်ယောက်လို ပျောက်ကွယ်သွားသည်။

လည်ပတ်နေသော ကြေးပြား၏ ဗဟိုရှိ အလင်းရောင်သည် ခရမ်းရောင်အဖြစ် ပြောင်းလဲသွား၏။ ရှေးဟောင်း မှော်ပစ္စည်း ထဲမှ ဒရော့စ် ၏ အံ့သြဝမ်းသာ အော်ဟစ်သံများကို လင်းတုန်း ကြားနေရ၏။

လင်းတုန်းက စိုးရိမ်မိသည်။

"သူက တခြား မှတ်ဉာဏ် မှော်ပစ္စည်း တွေကို အများကြီး စုပ်ယူထားတာနော်... သူ အဲဒီ ကြေးပြားလေးထဲက ဟာတွေကို အကုန်အစင် စုပ်ယူပစ်တာ၊ ဒါမှမဟုတ် တစ်ခုခု ပျက်စီးသွားအောင် လုပ်ပစ်မယ်လို့ ခင်ဗျား မထင်ဘူးလား..."

"သူ ဒါကို ဖျက်ဆီးနိုင်တယ်ဆိုရင်တော့... ဖျက်ဆီးခွင့်ပြုပါတယ်..."

အီသန် က ပြောလိုက်၏။ ဒရော့စ် သည် ရေနစ်နေသူ တစ်ယောက်လို အသက်လုရှူရင်း စာကြည့်တိုက်ထဲမှ ထွက်ပေါ်လာသည်။

"မရတော့ဘူး... ဒါက အရမ်းများလွန်းတယ်... အရမ်းကို များလွန်းတယ်... သစ်ပင်ရဲ့ အစိတ်အပိုင်းတစ်ခု ပြန်ဖြစ်သွားသလိုမျိုးပဲ... ဒါပေမဲ့ ငါ့အတွက် နေရာမရှိတော့ဘူး... အရာအားလုံးက အရမ်း မြန်လွန်းနေတယ်... ငါ အန်တော့မယ် ထင်တယ်..."

အီသန် အခြား မာဒြာပြား တစ်ခုကို ဒရော့စ် ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။

"ပိုပြီး နက်နက်ရှိုင်းရှိုင်း သွားနိုင်လေ ပိုကောင်းလေပဲ..."

တစ္ဆေရေတွင် ဒရော့စ် စုပ်ယူခဲ့သော သတင်းအချက်အလက် မှော်ပစ္စည်း အများစုမှာ ဝိညာဉ်ပန်းပဲဆရာ များ ချန်ထားခဲ့သော အရာများ ဖြစ်သောကြောင့် ဝိညာဉ်ပန်းပဲ နှင့် ပတ်သက်၍ သူ၏ အခြေခံက ခိုင်မာနေပြီး ဖြစ်သည်။ သို့သော်လည်း သူတို့၏ မှတ်ဉာဏ်များသည် အပိုင်းအစများ ဖြစ်နေပြီး မကြာခဏဆိုသလို တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတတ်၏။ ဒရော့စ် များများ သင်ယူလေလေ၊ ဆက်စပ်မှုများကို ပိုမို ပြုလုပ်နိုင်လေလေ ဖြစ်လိမ့်မည်။ လင်းတုန်းနှင့် အီသန်တို့ ထိုသို့ ထင်မြင်ထားကြခြင်း ဖြစ်၏။

ဒရော့စ်သည် သေချာပေါက် လေရှူရန် မလိုအပ်သလို အဆုတ်လည်း မရှိသော်လည်း အသက်လုရှူနေသလိုမျိုး အချိန်အနည်းငယ် ကြာအောင် နေလိုက်၏။ ထို့နောက် သူက ခေါင်းညိတ်ကာ အထဲသို့ ပြန်ဝင်သွားသည်။

လင်းတုန်းနှင့် ဖစ်ရှာ ဂီရှာ တို့က ဒရော့စ် မည်သို့ ပြောင်းလဲသွားမည်ကို ခန့်မှန်းပြောဆိုနေကြပြီး အီသန် ကမူ ကျေနပ်နေသော အပြုံးဖြင့် အနီးတွင် ထိုင်နေစဉ် မိနစ်အနည်းငယ် ကုန်ဆုံးသွား၏။ ထို့နောက် ဒရော့စ် ၏ တိုတုတ်သော ခရမ်းရောင် လက်တစ်ဖက်က တုန်ယင်လျက် မှော်ပစ္စည်း ထဲမှ ထွက်ပေါ်လာသည်။ သူက ကြေးပြား၏ အစွန်းကို ကိုင်ကာ အပြင်သို့ နှေးကွေးလေးကံစွာ ဆွဲထွက်လာ၏။

လင်းတုန်းက လက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်ရာ ဒရော့စ် က လက်ပေါ်တွင် မှောက်လျက် အားမရှိသလို နားခိုလိုက်သည်။ သူက စိုစွတ်နေသော အဝတ်စုတ်တစ်ခုလို ဖြစ်နေပြီး လင်းတုန်း၏ လက်ထဲတွင် အပြည့်အဝ ဆန့်ဝင်ရန် အနည်းငယ် ကြီးလွန်းနေ၏။ သို့သော်လည်း သူက မလေးပေ။

"မရတော့ဘူး..."

ဒရော့စ် က ပြောလိုက်၏။

"ဒါ ငါ လက်ခံနိုင်တဲ့ အဆုံးစွန်ပဲ... ငါ အစာခြေဖို့ လိုတယ်..."

သူက ညည်းတွားလိုက်သည်။

"မင်း အစာခြေနေတုန်း ငါတို့ရဲ့ စမ်းသပ်မှုလေးကို တစ်ခေါက်လောက် ထပ်လုပ်ကြည့်ပါလား..."

အီသန် က အကြံပြုလိုက်၏။ ဒရော့စ် သည် တဖြည်းဖြည်း အရည်ပျော်သွားပြီး လင်းတုန်း၏ လက်ထဲမှတစ်ဆင့် သူ၏ ဦးခေါင်းခွံ အောက်ခြေရှိ နေရာသို့ ပြန်လည် ဝင်ရောက်သွားသည်။

အိပ်မက် မာဒြာ များက လင်းတုန်း၏ ခေါင်းထဲသို့ ပြည့်နှက်လာ၏။ ဖစ်ရှာ ဂီရှာ နှင့် အီသန် တို့ ပျောက်ကွယ်သွားသည်။ သို့သော်လည်း အခန်းကတော့ အသေးစိတ် အတိအကျ ကျန်ရှိနေသောကြောင့် လင်းတုန်း အနေဖြင့် သူ၏ မျက်လုံးများ ဖွင့်ထားသလား၊ သို့မဟုတ် မှိတ်ထားသလား ဆိုတာကိုပင် မသိနိုင်တော့ပေ။ သူက စားပွဲဆီသို့ လျှောက်သွားပြီး လက်တစ်ဖက်ဖြင့် အမြုတေကြိုး ကို ဆုပ်ကိုင်လိုက်၏။

***

All Chapters