အခန်း ၄၇၂
Vol. 34 Ch. 472
အပိုင်း(၄၇၂)
ယီရင်...
ယီရင်သည် မျက်နှာကြက်ကို မော့ကြည့်နေ၏။ လင်းတုန်း ထွက်သွားသည်မှာ နာရီပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပြီး အလင်း သရဖူ ကုသပေးသူများပင် ထွက်သွားကြပြီ ဖြစ်သည်။ တိုက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် သူမသည် သူမ၏ အတွေးများနှင့်အတူ တစ်ယောက်တည်း ရှိနေခြင်း ဖြစ်၏။
အနည်းဆုံးတော့ ၎င်းသည် သူမ၏ အတွေးများသာ ဖြစ်နေရန် သူမ ဆန္ဒရှိပါသည်။
အီသန် ပေးပို့လိုက်သော အစားအစာများနှင့် ဆေးရည်များဖြင့် သူမ ဗိုက်အပြည့် စားသောက်ထားပြီး ၎င်းတို့က များစွာ အကျိုးရှိခဲ့သော်လည်း သူမသည် ပန်းကန်ပြား၏ တစ်ဝက်ကိုပင် မကုန်သေးပေ။ ကျန်ရှိနေသော အရာများက ယခုအခါ အေးစက်လျက် ရှိနေ၏။ ထို့ပြင် မိနစ်အနည်းငယ် ကြာတိုင်း သူမ၏ သွေးအရိပ် က ၎င်းတို့ဆီသို့ ပြေးထွက်ရန် ကြိုးစားနေသည်။
ဤတစ်ကြိမ်တွင်မူ သူမက ၎င်းကို တားဆီးမထားဘဲ လွှတ်ပေးလိုက်၏။
အရိပ်သည် အသက်ဝင်လာပြီး သူမ၏ အနီရောင် ပုံရိပ် တစ်ခုလို စီးဆင်းလာသည်။ ၎င်းသည် သူမ၏ စကိုင်းဆွန်း သံချပ်ကာကို မဝတ်ဆင်ထားဘဲ စုတ်ပြဲနေသော ဝတ်ရုံများကို ဝတ်ဆင်ထားကာ ၎င်း၏ ဓားသွားပုံစံ ရွှေအဆင့် အမှတ်အသား ခြောက်ခုကို ပင့်ကူတစ်ကောင်၏ ခြေတံများကဲ့သို့ ဖြန့်ထုတ်ထား၏။ ၎င်းက အစားအစာများဆီသို့ ခုန်အုပ်သွားပြီး အသက်စွမ်းအင်များ ပါဝင်သော ရေကရားတစ်လုံးကို ဆွဲယူကာ ၎င်း၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ၎င်း၏ မေးရိုးက သဘာဝမကျစွာ ကျယ်ပြန့်သွားပြီး ရေကရားကို စက္ကန့်ပိုင်းအတွင်း မော့သောက်လိုက်ကာ အခွံလွတ်ကို လွှင့်ပစ်လိုက်ပြီး ရွှံ့ရောင် ဘူးသီးခြောက် တစ်လုံးကို လုယူလိုက်၏။ ၎င်းက နီရဲနေသော သွားများဖြင့် ကိုက်စားလိုက်သည်။
ယီရင်သည် သူမ၏ ကိုယ်တွင်းအင်္ဂါများကို အိပ်ရာခင်းပေါ်သို့ အန်ချမိတော့မည်ဟု ထင်လိုက်၏။ ဤ ကပ်ပါးကောင် က သူမ၏ မျက်နှာဖြင့် အငမ်းမရ စားသောက်နေသည်ကို ကြည့်နေရခြင်းမှာ သူမ၏ ကလေးဘဝ အိပ်မက်ဆိုးများ အားလုံး တစ်ပြိုင်နက်တည်း ရောက်လာသကဲ့သို့ ဖြစ်နေသည်။
ထိုအရိပ်က သူမ၏ မိသားစုအား ဖြတ်သန်း ဖျက်ဆီးသွားခဲ့သည်ကို သူမ မှတ်မိနေဆဲ ဖြစ်၏။ သူတို့၏ မျက်နှာများသည် အချိန်ကြာလာသည်နှင့်အမျှ ဝေဝါးသွားခဲ့သော်လည်း ထိုခံစားချက်ကတော့ ရှင်းလင်းပြတ်သားစွာ ကျန်ရှိနေဆဲ ဖြစ်သည်။ သူမ၏ ကိုယ်တွင်း၌ ဤအရာ ရှင်သန်နေခြင်းကို မတွေးဘဲ တစ်ရက်ပြီးတစ်ရက် သူမ ဖြတ်သန်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ ထိုအကြောင်းကို အလွန်အကျွံ တွေးမိသောအခါ ၎င်းကို သူမ၏ လက်ဗလာဖြင့် ဆွဲထုတ်ပစ်ချင်စိတ် ပေါ်လာသောကြောင့် ဖြစ်၏။
သို့သော်လည်း... သူမ ၎င်းကို ဖယ်ရှားပစ်၍ မရပေ။ ၎င်းသည် သူမ ရှေ့ဆက်ရန် လမ်းကြောင်း ဖြစ်နိုင်ပါသည်။
၎င်းက အစားအစာများကို အငမ်းမရ ဆက်လက် စားသောက်နေ၏။ သွေး သူတော်စင် ၏ ကျောက်ပြားထဲတွင် ဤအကြောင်းကို ပြောထားဖူးပါသည်။ ၎င်းသည် တစ်ခါတစ်ရံတွင် ကိုယ်တိုင် အစာစားနိုင်ပြီး ထိုသို့လုပ်ခြင်းကို အားပေးသင့်သော်လည်း အလွန်ရှားပါးစွာသာ လုပ်သင့်၏။ အကယ်၍ အရိပ်ကို လွတ်လပ်ခွင့် အလွန်အကျွံ ပေးလိုက်ပါက ၎င်းက ခွဲထွက်သွားနိုင်ပါသည်။
ယီရင်က မတ်တတ်ရပ်လိုက်၏။ သူမသည် ဤမိစ္ဆာကို အိပ်ရာပေါ် လှဲနေရင်း ရင်ဆိုင်မည် မဟုတ်ပေ။ သူမ၏ အညိုရောင် လူနာဝတ်ရုံကို တင်းကျပ်စွာ စည်းလိုက်ပြီး ၎င်း၏ အနောက်ဘက် လက်မအနည်းငယ် အကွာသို့ ရောက်သည်အထိ လျှောက်သွားလိုက်သည်။
၎င်းက လက်တစ်ဖက်တွင် ကင်ထားသော အသားတုံးကြီး တစ်တုံးကို ကိုင်ထားပြီး ဝါးစားနေဆဲဖြင့် ပျင်းရိလေးတွဲ့စွာ လှည့်ကြည့်လာ၏။ ၎င်းက သူမကို မဲ့ရွဲ့နေသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ သည်ကောင်က သူမ၏ အမာရွတ်တွေကိုတောင် ပုံတူကူးထားသေးသည်။
ယီရင်သည် ဆရာဖြစ်သူ၏ ဓားအား ဆွဲထုတ်၍ ခုတ်ထစ်ပစ်ချင်စိတ်များကို မနည်းထိန်းချုပ်ထားရ၏။ ထိုသို့လုပ်ခြင်းက သူမကိုယ်သူမ မည်သို့ထိခိုက်သွားစေမည်ကို သူမ မသိပေ။ သို့သော်လည်း ထိုအန္တရာယ်ကို သူမ ရင်ဆိုင်ရဲပါသည်။
ထို့အစား သူမက စကားစပြောလိုက်သည်။ ၎င်း၌ လုံလောက်သော အသိဉာဏ်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် သူမပြောသည်ကို ကောင်းကောင်းနားလည်နိုင်မည် ဖြစ်သည်။
"ငါ့ကို ဘာလို့ အဆုံးမသတ်ပစ်ခဲ့တာလဲ..."
၎င်းအနေဖြင့် ထိုသို့ လုပ်နိုင်စွမ်းရှိခဲ့ပါသည်။ သူမသည် ၎င်းအပေါ် ထိန်းချုပ်နိုင်စွမ်း လုံးဝကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ ၎င်းက သူမ၏ အတွင်းပိုင်းတစ်ခုလုံးကို ထွင်းဖောက်စားသောက်သွားနိုင်ခဲ့သည်။ ထို့နောက် သူမခန္ဓာကိုယ်ကို ၎င်း၏ အသိုက်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။
ထို့အစား ၎င်းသည် စက္ကန့်အနည်းငယ်အကြာတွင် သူမကို ပြန်လွှတ်ပေးခဲ့၏။ ခွေးတစ်ကောင်လို ရုတ်တရက် သစ္စာရှိလာခဲ့သည်။ ၎င်းသည် သူမဘေးမှနေ၍ပင် အတူတူ ဝင်ရောက်တိုက်ခိုက်ပေးခဲ့သေး၏။ ထိုသို့ ဘာကြောင့်လုပ်ခဲ့သည်ကိုတော့ သူမ မသိပေ။
သွေးအရိပ်၏ အပြုံးက ပို၍ ကျယ်ပြန့်သွားသည်။ ထို့နောက် ၎င်းက အသားတစ်တုံးကို ထပ်ကိုက်စားလိုက်၏။ ၎င်းထံမှ တိုးညှင်းသော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ကြောင်တစ်ကောင်၏ အသံနှင့်ပင် တူနေသေး၏။
ထိုအသံကြောင့် ယီရင်၏ ကိုယ်တွင်း၌ ရွံရှာမှုတို့ တစ်ပတ်ပြန်လည်လာရပြန်သည်။ သို့သော်လည်း သူမက ကျေနပ်မှုကို ခံစားသိရှိနေရ၏။ သွေးအရိပ်သည် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအပေါ် ကျေနပ်နေခြင်း ဖြစ်သည်။ ၎င်းက အနည်းငယ် ဗိုက်ဆာနေခဲ့ခြင်းသာ ဖြစ်၏။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြီးထွားလာနေမှုအပေါ် ပျော်ရွှင်နေခဲ့သည်။
အကယ်၍ ၎င်းသာ သူမကို သတ်ပစ်ခဲ့ပါက ၎င်းကိုယ်တိုင် အစာရှာစားနေရမည် ဖြစ်၏။
ယီရင်က အံကြိတ်လိုက်သည်။ ဤသည်မှာ သူတော်စင်၏ လမ်းညွှန်ချက်အတိုင်း အရိပ်ကို ဖွံ့ဖြိုးလာအောင် သူမ မလုပ်ချင်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်၏။ အီသန် ပြောခဲ့သလို ၎င်းကို သူမ၏ ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲပစ်ခြင်းက အသေချာဆုံးသော လောင်းကြေးတစ်ခုဖြစ်ကြောင်းကို သူမ သိပါသည်။ ဒုတိယကိုယ်ပွားတစ်ခု ရှိနေခြင်း၏ အားသာချက်များကို မမြင်နိုင်လောက်အောင် သူမက မျက်ကန်းတစ်ယောက် မဟုတ်ပေ။ သို့သော်လည်း သွေးအရိပ်ကို သူမ အလျော့ပေးလိုက်ရသည့် အချီတိုင်းက သူမအတွက် ဆုံးရှုံးမှုတစ်ခုသာ ဖြစ်၏။ သူမသည် အဆင့်တစ်ဆင့်ပြီးတစ်ဆင့် မိစ္ဆာတစ်ကောင်ကို အသက်သွင်းပေးနေမိခြင်း ဖြစ်သည်။
သို့သော်လည်း သက်စောင့် အော်ရာ ဆုံးရှုံးသွားချိန်တွင် သူမ၌ အခြားရွေးချယ်စရာ မရှိတော့ပေ။ ယခုတော့ သူမ လုံးဝ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်၏။
အစားအစာ တစ်လုတ်ဝင်သွားတိုင်း သွေးအရိပ်က ပို၍ ဒြပ်ရှိလာသည်။ ပို၍ အစစ်အမှန်နှင့် တူလာ၏။ ၎င်း၏ မျက်လုံးများထဲတွင် အသက်ဝင်နေမှု အရိပ်အယောင်တစ်ခု တောက်ပနေသည်။
ယီရင်က သူတို့နှစ်ဦး၏ မျက်လုံးများ တစ်လက်မခန့်သာ ကွာတော့သည်အထိ တိုးကပ်သွားလိုက်၏။ သေချာပေါက်ပင် ၎င်းက သူမ၏ အရပ်အမောင်းနှင့် အတိအကျ တူညီနေပါသည်။
"အခု ငါတို့တွေ လှေတစ်စီးတည်း စီးနေရပြီ... ဒါပေမဲ့ ကောင်းကင်ဘုံကို တိုင်တည်ပြီး ပြောရဲတယ်၊ အကြောင်းပြချက် နည်းနည်းလေး ရှိတာနဲ့ နင့်ကို သွေးထွက်သံယိုဖြစ်အောင် လုပ်ပြီး မြေမြှုပ်ပစ်မယ်..."
သွေးအရိပ်က ၎င်း၏ ပါးစပ်ဆီသို့ အသားကို မြှောက်လိုက်ပြီး အကြီးကြီး တစ်ကိုက် ကိုက်လိုက်၏။ ထို့နောက် အသံကျယ်လောင်စွာဖြင့် ဝါးစားနေသည်။ ၎င်းက နောက်ဆုတ်သွားခြင်း၊ သို့မဟုတ် အကြည့်လွှဲသွားခြင်း မရှိပေ။
"ငါ အဆင့်မတက်ရင် နင်လည်း ငါနဲ့အတူတူ ချောက်ထဲ ကျရလိမ့်မယ်... အလကားစားရတဲ့ အစားအစာတွေ ထပ်မရှိတော့ဘူး..."
ယီရင်က ပြောလိုက်၏။ ၎င်းက ဆက်လက်ဝါးစားနေဆဲ ဖြစ်သည်။ သို့သော် ၎င်း နားထောင်နေမည်ဟု သူမ ထင်၏။
ယီရင်သည် မဟူရာ မီးတောက် အင်ပါယာ အတွင်း၌ အဆင့်တက်ရန် ကြိုးစားမည် ဖြစ်သည်။ သို့သော်လည်း ကန့်သတ်ချိန် တစ်ခု အတွင်း သူမ မလုပ်နိုင်ခဲ့ပါက တံခါးပေါက်မှတစ်ဆင့် ပြန်သွားရမည် ဖြစ်၏။ ဆေရှန် တိုင်းပြည် အနေဖြင့် အစောင့်များချထားခြင်း၊ သို့မဟုတ် တံတိုင်းများ တည်ဆောက်ထားခြင်းမျိုး ရှိနိုင်ပါသည်။ သို့သော် သူမက စွန့်စားရမည် ဖြစ်၏။ လင်းတုန်းကလည်း သူမနှင့်အတူ လိုက်ပါလာမည် ဖြစ်သည်။ သူမ သူ့ကို သေချာ မပြောပြရသေးသော်လည်း သူ လိုက်လာမည်သာ ဖြစ်၏။ သူတို့နှစ်ယောက်ပေါင်း၍ အထွတ်အမြတ် တောင်ကြား တစ်ဝိုက်တွင် တိုးဝင်ကာ သူမ အဆင့်တက်သည်အထိ ပုန်းအောင်းနေနိုင်ပါသည်။
သို့မဟုတ်ပါက သူတို့ လုပ်နိုင်မည်မဟုတ်ဘဲ သူမ ဘဝပျက်ရမည် ဖြစ်၏။ သူတို့ မည်သို့ပင် ကြိုးစားပါစေ သူမ၏ ဝိညာဉ်ကို ထိန်းချုပ်ခွင့်ရရန် သူစိမ်းတစ်ယောက်နှင့် လုနေရမည့် အခြေအနေကို သူမ အဖြစ်ခံနိုင်မည် မဟုတ်ပေ။
"နင်က ငါတို့နှစ်ယောက်လုံး အသက်ရှင်ချင်တယ်မလား... ငါပြောတာကို ကောင်းကင်ဘုံက အသံလို သဘောထားပြီး နားထောင်... ငါက ဖားလို့ပြောရင် နင်က ခုန်ရမယ်... မြွေလို့ပြောရင် တွားသွားရမယ်... ခွေးလို့ပြောရင် နင်က..."
ယီရင်က ဆက်ပြောလိုက်၏။
သွေးအရိပ်၏ လည်ချောင်းထဲမှ အိပ်မက်ဆိုးတစ်ခုလို အသံတစ်ခု ထွက်ပေါ်လာသည်။
"ဝုတ်..."
ထို့နောက် ၎င်းက သူမကို သွေးထွက်သံယို အပြုံးတစ်ခု ပြုံးပြလိုက်သည်။
...
မုန်တိုင်ကျောက်ဆောင် မြို့ရှိ ကြယ်လှည်း မျှော်စင် ဆီသို့ ပြန်သွားရလျှင် လင်းတုန်းသည် စကိုင်းဆွန်း တပ်ဖွဲ့ရှိ သူ၏ အခန်း ကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ အစမ်းခန့်များထက် အပြည့်အဝ တာဝန်ထမ်းဆောင်ရသော စကိုင်းဆွန်းများက ပို၍ ကောင်းမွန်သော အခန်းများကို ရရှိကြသည်။ သူ၏ ယခင်အခန်းဟောင်းသည် ကုတင်တစ်လုံး ကျပ်ညပ်စွာ ထည့်ထားသော ဘီရိုတစ်လုံးထက် အနည်းငယ်သာ ပိုကြီး၏။
သူသည် ပတ်လည်တွင် သဘာဝ ရတနာများကို ဖြန့်ချထားပြီး ထိုင်နေခြင်း ဖြစ်သည်။ သူ၏ ဘယ်ဘက်တွင် သေခြင်းတရား စွမ်းအားများဖြင့် တောက်ပနေသော လက်ဆစ်ခန့်အရွယ်အစားရှိ အမည်းရောင် ဦးခေါင်းခွံတစ်ခု ရှိနေ၏။ ညာဘက်တွင်မူ အသက်စွမ်းအင်များ အပြည့်အဝ ပါဝင်နေသော အပွင့်ဖူးလေးတစ်ခု ရှိနေသည်။ သူ၏ အရှေ့တွင်မူ အလိုအလျောက် လည်ပတ်နေသော ရေပုလင်းတစ်လုံး ရှိပြီး တစ်ခါတစ်ရံတွင် စပ်စုတတ်သော မျက်နှာပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာတတ်၏။ သူ၏ အနောက်ဘက်တွင်မူ လည်ပတ်နေသော အနီရောင် မီးတောက်တစ်ခု ပါဝင်သည့် ပုံဆောင်ခဲတစ်ခု ရှိနေသည်။
၎င်းတို့ကို ဆန့်ကျင်ဘက်ပုံစံဖြင့် စီစဉ်ထားသောအခါ အော်ရာ များကို လိုက်ရှာရသည်က ပိုမိုလွယ်ကူကြောင်း သူ တွေ့ရှိခဲ့ရသည်။ သူ၏ ကိုယ်တွင်း၌ လည်ပတ်နေသော လက်သီးဆုပ်ခန့်ရှိ မီးခိုးရောင် ဝိညာဉ်မီးတောက် ဆီသို့ ချဉ်းကပ်သွားပြီး သူ၏ အာရုံများကို ချဲ့ထွင်လိုက်၏။ ရတနာများမှ ကြီးမားသော စွမ်းအားများကို ဖြာထွက်နေစေသည်။ သို့သော်လည်း ညဘီး တောင်ကြား တွင် အာရုံခံရသလောက် လွယ်ကူမှု မရှိသေးပေ။
သူသည် အရောင်မျဉ်းများကို ၎င်းတို့၏ မူလရင်းမြစ်များဆီသို့ ပြန်လည်ခြေရာခံလိုက်ပြီး ပို၍ ဆန့်ထုတ်လိုက်၏။ သူ၏ အောက်ဘက်ရှိ ကျောက်တုံး၏ အဝါရောင် အကြောများ၊ သူ့ပတ်လည်ရှိ လေထု၏ အစိမ်းရောင် အမွေးအတောင်ကဲ့သို့သော ထွက်သက်ဝင်သက်များ၊ သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသော ခပ်ဖျော့ဖျော့ အပူငွေ့များဆီသို့ ဖြစ်သည်။ စွမ်းအားတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲသွားသည့် သိမ်မွေ့သော ပေါင်းစပ်မှုနှင့် ဆက်သွယ်မှုများကို သူ ခံစားနိုင်ပါသည်။ သူ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။
လင်းတုန်းက အတွင်းပိုင်းသို့ အာရုံစိုက်လိုက်သည်။
‘ငါ့ မိသားစုကို ကာကွယ်ဖို့ စွမ်းအားတွေ လိုအပ်တယ်...'
သူ တွေးလိုက်၏။ ဆူရီရယ် က သူ့ကို အထွတ်အမြတ် တောင်ကြား အကြောင်း ပြသခဲ့စဉ်က သူ ခံစားခဲ့ရသော ထိတ်လန့်ကြောက်ရွံ့မှုနှင့် ယီရင်ကို ကယ်တင်ချင်သော သူ၏ အသည်းအသန် ဖြစ်မှုတို့အပေါ် အာရုံစိုက်လိုက်သည်။ ထို့နောက် ကာကွယ်ချင်သော ဆန္ဒများဖြင့် သူ့ကိုယ်သူ ဖြည့်ဆည်းလိုက်၏။
ဘာမှ ဖြစ်မလာခဲ့ပေ။
အော်ရာ ၏ ပြောင်းလဲမှု တစ်ခုခုကို အာရုံခံနိုင်ရန် လင်းတုန်း အတင်းအကျပ် ကြိုးစားလိုက်၏။ အဆင့်နိမ့် အရှင်သခင် ဖြစ်ရန် အရည်အချင်းပြည့်မီသော အချို့သော အစစ်အမှန် ရွှေအဆင့် များပင် ထိုအရာကို လွတ်သွားခဲ့လျှင် ၎င်းသည် အလွန်သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ဖြစ်ရပါမည်။
"ဟုတ်တယ်... ဒါပေမဲ့ မင်းက အဆင့်နိမ့် အရှင်သခင် လက်တစ်ဆုပ်စာလောက်ပဲ ရှိတဲ့၊ အော်ရာ ရှားပါးတဲ့ တိုင်းပြည်က တောကြိုတောင်ကြားက အစစ်အမှန် ရွှေအဆင့် တွေကို တွေးနေတာ..."
ဒရော့စ် က ပြောလိုက်၏။
"သူတို့ လွတ်သွားတာက သူတို့တွေ... ငါက သူတို့ကို တုံးအတယ်လို့ မပြောချင်ပါဘူး... ဗဟုသုတ မရှိတာလား... ပညာရေး ညံ့ဖျင်းတာလား... မျက်ကန်းတွေလို သူတို့ရဲ့ လမ်းစဉ် တွေထဲမှာ တလွဲတချော် လျှောက်လှမ်းနေကြတဲ့ နောက်ကျကျန်နေတဲ့ အရိုင်းအစိုင်းတွေလား..."
လင်းတုန်း၏ မျှတနေသော အော်ရာ အာရုံခံနိုင်စွမ်းက တုန်ခါသွားပြီး ပြိုကျတော့မည့်အလား ဖြစ်သွား၏။ မီး အော်ရာ က အခြားအရာများထက် ရုတ်တရက် ပိုမို တက်ကြွလာသည်။ သူက သူ့ကိုယ်သူ ငြိမ်သက်အောင် ထိန်းလိုက်ပြီး စိတ်ခံစားမှုများကို တည်ငြိမ်စေကာ သူ၏ အာရုံခံနိုင်စွမ်းကို နေရာတကျ ပြန်ထားလိုက်၏။
"ငါ့ မိသားစုကို ကယ်တင်ဖို့အတွက် ငါ တိုက်ခိုက်တယ်..."
ဤတစ်ကြိမ်တွင်မူ သူက အသံထွက်၍ ပြောလိုက်၏။ သူ၏ အောက်ဘက်ရှိ မြေကြီး အော်ရာ က တုန်ခါသွားသလား။ သူက ၎င်းအပေါ်သို့ အာရုံစိုက်လိုက်၏။ ထိုအရာက သူ၏ ပင့်ကူမျှင်ကဲ့သို့ ပါးလွှာသော တရားထိုင်ခြင်း အခြေအနေကို ပြိုကွဲသွားစေသည်။ သူ၏ အာရုံခံနိုင်စွမ်းက နောက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး သက်စောင့် အော်ရာ များသည် ဆက်စပ်မှုမရှိသော အရောင်များအဖြစ် ရှုပ်ထွေးသွားပြန်၏။
***