အခန်း ၄၇၄
Vol. 34 Ch. 474
အပိုင်း(၄၇၄)
မာစီက လင်းတုန်းကို ခံစားချက်များစွာ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက်... သူမ၏ တောင်ဝှေး အဖျားဖြင့် ကော်ဇောကို ဆောင့်လိုက်၏။
"အခုပဲ စမ်းကြည့်ရအောင်... ကျွန်မတို့မှာ အချိန်သိပ်မကျန်တော့ဘူး... ဒါကြောင့် စမ်းကြည့်ဖို့ တန်တယ် မဟုတ်လား... စွမ်းအင်လှည့်ပတ်တဲ့ အနေအထားနဲ့ ထိုင်လိုက်..."
ဤကဲ့သို့သော သူတစ်ယောက်၏ အရှေ့တွင် အမိန့်ပေးခံရပြီးနောက် တရားထိုင်ရန် စတင်ရခြင်းမှာ အနည်းငယ် ရှက်စရာကောင်းနေ၏။ သို့သော်လည်း သူမက သူ စွမ်းအင်လှည့်ပတ်နေသည်ကို အရင်က မမြင်ဖူးသည်တော့ မဟုတ်ပေ။ သူက အောက်သို့ ပြန်ဆင်းကာ ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
"ကဲ... ရှင့်ရဲ့ အကြောက်တရား နောက်ကို လိုက်ပါ... အစအဦးဆီကို ပြန်သွားကြည့်... ဒီအရာတွေ အားလုံးရဲ့ အောက်ခြေမှာ တကယ်တမ်း ရှင် ဘာကို ကြောက်နေတာလဲ..."
ရှက်ရွံ့သလို ခံစားနေရသော်လည်း လင်းတုန်းက အစသို့ ပြန်လည် ခြေရာခံလိုက်၏။ သူသည် ယီရင် ကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေပါသည်။
"အာ... အဲဒါက မင်း တကယ်ကြောက်နေတဲ့ အရာလား..."
ဒရော့စ် က မေးလိုက်၏။
"မင်းကို ကာကွယ်ပေးဖို့ သူမ မရှိတော့မှာကို မင်း တကယ်ကြောက်နေတာများလား..."
လင်းတုန်းက သူ၏ ဝိညာဉ်ကို ရှာဖွေကြည့်လိုက်သည်။
'မဟုတ်ဘူး... အဲဒါမဟုတ်ဘူး...'
[သူက ပြန်ပြောလိုက်၏။
"အင်းလေ... ဒါဆိုရင် ငါလည်း အကြံဉာဏ် မရှိတော့ဘူး..."
၎င်းသည် အနည်းဆုံး သူ နားလည်ထားသလောက်တော့ သူ၏ ယခင် ကြိုးစားခဲ့သော နားလည်သဘောပေါက်မှုနှင့် ဆက်စပ်နေပါသည်။ သူ၏ ပတ်ဝန်းကျင်ရှိ လူများကို သူ ကာကွယ်ချင်ခဲ့၏။ သူ၏ မိသားစုကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့သောကြောင့် သူသည် အထွတ်အမြတ် တောင်ကြား မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
"ငါ ဂရုစိုက်ရတဲ့ လူတွေကို ဆုံးရှုံးရမှာကို ငါ ကြောက်တယ်..."
သူက အသံထွက်၍ ပြောလိုက်၏။
"ဒါပေမဲ့ လူတိုင်း ဒီလိုပဲ မဟုတ်ဘူးလား... ဒါက ငါ့အတွက် သီးသန့် ဖြစ်နိုင်မှာ မဟုတ်ဘူး..."
"နင့်ရဲ့ တွန်းအားက ရှားပါးနေဖို့ မလိုပါဘူး... ကိုယ်ပိုင် ခံစားချက်ဖြစ်ဖို့ပဲ လိုတာပါ... အင်း... ဆုံးရှုံးရမှာကို ကြောက်တဲ့ ရှင့်ရဲ့ အကြောက်တရားကပဲ ရှင့်ကို ကျင့်ကြံခြင်း တွေ လေ့ကျင့်ဖို့ တွန်းအားပေးခဲ့တာလား..."
သူမ၏ အသံက စူးစမ်းသော မေးခွန်းများ မေးနေသည့် ပညာရှိ အသက်ကြီးသူ တစ်ဦးကို အတုခိုးနေပုံရ၏။
"မိသားစုကို ဆုံးရှုံးရမှာ ကြောက်လို့ ငါ အိမ်ကနေ ထွက်လာခဲ့တာ..."
၎င်းသည် သူ့ တွန်းအားများ၏ ဗဟိုချက်ပင် ဖြစ်၏။ ၎င်းက သူ့ကို အိမ်မှ ထွက်ခွာလာလောက်သည်အထိ ကျင့်ကြံခြင်း များကို လိုက်စားချင်စိတ် ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
မာစီက စပ်စုချင်သော အသံတစ်ခု ပြုလုပ်လိုက်၏။
"တကယ်လို့ ရှင် အဲဒါကိုပဲ လိုချင်ခဲ့တာဆိုရင် ရှင် အိမ်မှာပဲ ဆက်နေခဲ့ရမှာ မဟုတ်ဘူးလား... သူတို့နဲ့ ပိုနီးကပ်အောင်... သူတို့ကို ကာကွယ်ပေးနိုင်အောင်လေ..."
ငါ လုပ်နိုင်ခဲ့ရင် လုပ်မှာပေါ့...'
သူ တွေးလိုက်သော်လည်း ၎င်းသည် အမှန်တရား မဟုတ်ကြောင်း သူ ချက်ချင်းပင် နားလည်သွား၏။ သူ၏ မိသားစုကို ကာကွယ်ခြင်းသည် သူ၏ ရည်မှန်းချက် ဖြစ်ပြီး သူ၏ တွန်းအား မဟုတ်ခဲ့ပေ။ ၎င်းသည် သူ လျှောက်လှမ်းသွားရမည့် အရာဖြစ်ပြီး သူ့ကို အနောက်မှနေ၍ တွန်းအားပေးခဲ့သော အရာ မဟုတ်ပေ။ သူ ထွက်ခွာလာခဲ့ခြင်းမှာ အထွတ်အမြတ် တောင်ကြားတွင် သူသည် အောက်ဆုံးအဆင့် ဖြစ်နေသောကြောင့် ဖြစ်၏။ အားအနည်းဆုံးသူ ဖြစ်နေခဲ့သည်။ သူသည် ထွက်ပြေးချင်ခဲ့၏။
ဒါဆိုလျှင် ယခု သူ ဘာကို ကြောက်ရွံ့နေသနည်း။ သူ၏ မိသားစုအကြောင်း၊ ယီရင် အကြောင်း၊ အီသန် နှင့် အော်သို တို့အကြောင်း သူ၏ အကြောက်တရားက သူ့ကို ဘာတွေ ပြောပြနေသနည်း။
သူသည် အားနည်းနေဆဲ ဖြစ်ကြောင်းပင်။ စွမ်းအားမရှိသူ ဖြစ်နေကြောင်းပင်။ သူသည် ဘာကိုမှ မပြောင်းလဲနိုင်သော အသုံးမကျသည့် ဝိညာဉ်မဲ့ တစ်ယောက် အဖြစ် ရှိနေဆဲပင် ဖြစ်ကြောင်းကိုတည်း။
လင်းတုန်းက သူ၏ ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းကို ဆန့်ထုတ်လိုက်ပြီး သူ့ပတ်လည်ရှိ အော်ရာ များနှင့် ဆက်သွယ်လိုက်၏။ ဤတစ်ကြိမ်တွင်မူ ပို၍ လွယ်ကူနေပါသည်။
‘ငါက ဘာမှတန်ဖိုးမရှိတဲ့လူ ဆက်မဖြစ်တော့အောင်လို့ တိုက်ခိုက်နေတာ...'
သူ တွေးလိုက်၏။ ၎င်းသည် လွန်ခဲ့သော နှစ်လအတွင်း သူ ပြောဆိုခဲ့သော၊ သို့မဟုတ် ရင်ထဲတွင် ကြိတ်၍ ကြေညာခဲ့သော အခြားသော ရာပေါင်းများစွာသော အရာများနှင့် အတူတူပင် ဖြစ်နေသလို ခံစားရသည်။ တည်ငြိမ်စွာဖြစ်စေ၊ အသည်းအသန်ဖြစ်စေ၊ တိတ်ဆိတ်သော မျှော်လင့်ချက်များဖြင့် လောင်ကျွမ်းလျက်ဖြစ်စေ သူ ပြောဆိုခဲ့ခြင်း ဖြစ်၏။ သူ၏ အဖြေက မှန်ကန်ခြင်း ရှိမရှိ သူ မသေချာသေးပေ။
သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ စိတ်ဝိညာဉ် အတွင်းရှိ ဝိညာဉ်မီးတောက် က တုန်ခါသွားပြီး သူ့ပတ်လည်ရှိ အော်ရာ များကလည်း ၎င်းနှင့်အတူ လိုက်ပါတုန်ခါသွား၏။ သူသာ အာရုံစိုက်မထားခဲ့ပါက ၎င်းကို သတိပြုမိမည်ပင် မဟုတ်ပေ။ ထိုအချိန်တွင် သူ့၌ သက်စောင့် အော်ရာ နှင့် ဆက်သွယ်နိုင်စွမ်း လုံလုံလောက်လောက် ရှိနေပြီ ဖြစ်ရာ သူ လုပ်ရမည့် တစ်ခုတည်းသော အရာမှာ ဆွဲယူရန်သာ ဖြစ်သည်...
တစ်ခုခုက သူ့ကို ဝင်တိုက်လိုက်ရာ သူ့ကို ပက်လက်လန်သွားစေပြီး တရားထိုင်ခြင်း အခြေအနေမှ လွတ်ထွက်သွားစေကာ အောက်သို့ တွန်းချလိုက်၏။ သူ၏ မျက်လုံးများ ပွင့်လာသည်။
မာစီ က သူ၏ အပေါ်တွင် လှဲနေပြီး သူမ၏ ရင်အုပ်ကာ သံချပ်ကာက သူ၏ ရင်ဘတ်နှင့် ဖိကပ်နေကာ သူမ၏ နှာခေါင်းက သူနှင့် တစ်လက်မခန့်သာ ကွာတော့၏။
"ရပ်လိုက်..."
သူမက သူ၏ မျက်နှာကို ကြည့်ကာ အော်ပြောလိုက်သည်။
လင်းတုန်းက သူ၏ ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ထိတ်လန့်နေသော သူမ၏ မျက်နှာကို ကြည့်လိုက်၏။
"ငါ တစ်ခုခု အမှားလုပ်မိသွားလို့လား..."
သူက မေးလိုက်သည်။ သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် အမည်းရောင် လက်အိတ်စွပ်ထားသော လက်နှစ်ဖက်ဖြင့် သူ၏ ရင်ဘတ်ကို ထောက်ကာ မတ်တတ်ရပ်လိုက်၏။ သူမ မတ်တတ်ရပ်လိုက်စဉ် အနည်းငယ် ယိမ်းယိုင်သွားသည်။ သို့သော်လည်း သူမ၏ ကုလားထိုင်ဆီသို့ ပြန်သွားလိုက်၏။
"တကယ်လို့ ရှင်က ဒီလောက် အားနည်းတဲ့ အော်ရာ နဲ့ သဘာဝ ရတနာ နည်းနည်းလေးပဲ ရှိတဲ့ နေရာမှာ အဆင့်တက်ဖို့ အခုပဲ စတင်လိုက်မယ်ဆိုရင် အသွင်ပြောင်းလဲမှုက နှစ်ပတ်၊ ဒါမှမဟုတ် သုံးပတ်လောက်အထိ နှေးကွေးသွားလိမ့်မယ်... ပြီးတော့ တစ်ခါ စလိုက်ပြီဆိုတာနဲ့ စောစောစီးစီး အဆုံးသတ်လို့ မရတော့ဘူး... ဘာမှမလုပ်တာထက်စာရင်တော့ ပိုကောင်းတာ သေချာပါတယ်... ဒါပေမဲ့ အခု ရှင့်ရဲ့ နားလည်သဘောပေါက်မှုက ဘာလဲဆိုတာကို ရှင် သိနေပြီ မဟုတ်လား..."
သူက စိတ်လှုပ်ရှားမှုနှင့် ရှက်ရွံ့မှုတို့ ရောယှက်နေလျက် ခေါင်းညိတ်ပြလိုက်၏။ သူသည် အဆင့်နိမ့် အရှင်သခင် အဆင့်၏ အနားသတ်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် သူ၏ တွန်းအားမှာ သနားစရာကောင်းလောက်အောင် အားနည်းနေသည်ဟု ခံစားနေရခြင်းကို သူ မတားဆီးနိုင်ခဲ့ပေ။
"ဒါဆိုရင် ရှင် ညဘီး တောင်ကြား ကို ရောက်တဲ့အထိ စောင့်သင့်တယ်... တကယ်လို့ ရှင် အဲဒီကို ပြန်သွားဖို့ စီစဉ်ထားတယ်ဆိုရင် အဆင့်တက်တာက ဒီလိုမျိုး ချက်ချင်း ဖြစ်သွားနိုင်တယ်..."
သူမက လက်ဖျစ်တီးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏ လက်ချောင်းများပေါ်ရှိ ရွှေအဆင့် အမှတ်အသား က အလွန် ချောကျိနေ၏။ ထို့ကြောင့် သူမက လက်လျှော့လိုက်ပြီး လက်ခုပ်တီးလိုက်သည်။
"ဒီလိုမျိုးပေါ့... တစ်ခါတလေကျရင်လေ... ပိုပြီး အချိန်ကြာနိုင်ပေမဲ့ ဒီနေရာထက်တော့ ပိုမြန်သေးတယ်..."
သူ တွေးလိုက်သည်နှင့်အမျှ သူ၏ ရှက်ရွံ့မှုများ လျော့ကျသွားပြီး စိတ်လှုပ်ရှားမှုက ကြီးထွားလာ၏။ သူ အဲဒီကို ရောက်နေပြီ ဖြစ်သည်။ နောက်ဆုံးအဆင့်သို့ သူ ရောက်ရှိနေပြီ ဖြစ်၏။
သူက သူမကို လေးစားမှု အသစ်ဖြင့် ကြည့်လိုက်သည်။
"ငါ အစကတည်းက နင်နဲ့အတူ လေ့ကျင့်ခဲ့သင့်တာ..."
"ကျွန်မ ကူညီနိုင်မယ်မှန်း သိခဲ့ရင် ပထမဆုံးနေ့ကတည်းက တစ်ခုခု ပြောခဲ့မှာပေါ့..."
သူမက လက်ကို ဝှေ့ယမ်းလိုက်၏။
"ဒါက အလုပ်ဖြစ်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး... လူတိုင်းအတွက် အလုပ်ဖြစ်တဲ့ လှည့်ကွက်ဆိုတာ မရှိဘူးလေ..."
"နင်ရော ဘယ်လိုလဲ..."
သူက မေးလိုက်၏။
"နင် ငါ့ကို ကူညီခဲ့တယ်... ငါ နင့်ကို ဘယ်လို ကူညီပေးရမလဲ..."
မာစီက ကုလားထိုင်ပေါ်တွင် ကိုယ်ကို ရွှေ့လိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်မအတွက် ဘာမှ အလဟဿ မဖြုန်းပါနဲ့... ကျွန်မ မိသားစုက ကျွန်မကို အကောင်းဆုံး အရင်းအမြစ်တွေနဲ့ လမ်းညွှန်ချက်တွေ ပေးခဲ့ဖူးတယ်... ဒါကြောင့် ကျွန်မ တတ်နိုင်သလောက် ပြန်ပြီး မျှဝေပေးနေတာပါ..."
သူက မတ်တတ်ရပ်လိုက်ပြီး သူမ၏ မျက်လုံးများကို တိုက်ရိုက် ကြည့်လိုက်၏။ ယခု သူ မတ်တတ်ရပ်လိုက်သောအခါ သူမ၏ အပေါ်မှ မိုးနေသည်။ သူမက အကြည့်လွှဲသွား၏။
"နင့်ဆီမှာ အဲဒီ အရင်းအမြစ်တွေ ကျန်သေးလို့လား..."
သူက မေးလိုက်သည်။
"...မကျန်တော့ဘူး..."
"ပြီးတော့ နောက်ထပ်ရဖို့ နင် အိမ်ကို ပြန်ရတော့မယ်ပေါ့..."
"...ဟုတ်တယ်..."
"ဒါပေမဲ့ နင် အဲဒီလို မလုပ်ချင်ဘူး... ပြီးတော့ ငါတို့ဆီက ခိုးယူနေတယ်လို့ ခံစားရလို့ ငါတို့ဆီက ဟာတွေကိုလည်း မယူချင်ဘူး..."
"ခိုးယူတယ်လို့တော့ အတိအကျ ပြောလို့ မရပါဘူး..."
လင်းတုန်းက သူမထံ လက်ကမ်းပေးလိုက်၏။
"အခု ငါ နင့်ကို အကြွေးတင်သွားပြီ... နောက်တစ်ခါကျရင် ငါ့ဆီက ဘာယူယူ နင် စိတ်ပူနေစရာ မလိုတော့ဘူး... ဘာလို့လဲဆိုတော့ နင့်ရဲ့ ကျေးဇူးကို ငါ ပြန်ဆပ်နေတာ ဖြစ်လို့ပဲ..."
သူမက သူ၏ လက်ကို ကိုင်လိုက်၏။ သူက သူမကို ဆွဲထူလိုက်သည်။
"...တကယ်တော့ ကျေးဇူး နှစ်ခုပါ... နင့်ကို နောက်ထပ် အကူအညီတစ်ခု ထပ်တောင်းချင်သေးတယ်..."
***