အခန်း ၄၇၅
Vol. 34 Ch. 475
အပိုင်း(၄၇၅)
ယီရင်...
ယီရင် အနေဖြင့် ဤနေရာတွင် အဆင့်တက်ရန် စတင်လိုက်ပါက အချိန်ပိုကြာမည်ကို သိထားပါသည်။ သို့သော်လည်း ၎င်းက အရေးမကြီးတော့ပေ။ သူမက အသွင်ပြောင်းလဲမှုကို စတင်လိုက်ရုံဖြင့် သူမ၏ ဝိညာဉ်မီးတောက်က သူမ၏ သက်စောင့်ကြိုး ကို ပြန်လည် တည်ဆောက်ပေးတော့မည် ဖြစ်၏။ သူမသည် အဆင့်နိမ့် အရှင်သခင်မ တစ်ယောက်ဖြစ်လာရန် တစ်လခန့် အချိန်ယူရမည် ဆိုလျှင်တောင် တတ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်တက်ခြင်း ကိုယ်တိုင်က သူမ၏ သက်တမ်းကို ဆန့်ထုတ်ပေးမည် ဖြစ်သောကြောင့်တည်း။
သို့သော် ၎င်းမှာ သူမ လုပ်နိုင်ခဲ့လျှင်သာ ဖြစ်၏။ သူမ၏ ပတ်လည်တွင် သဘာဝ ရတနာ ရှစ်ခု ရှိနေသည်။ ၎င်းတို့သည် သူမနှင့် လင်းတုန်း တို့ စုဆောင်းနိုင်ခဲ့သမျှထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ပြီး အချင်းချင်း မျှတမှု ရှိနေမည့် အရာများ ဖြစ်၏။ သူမ၏ အာရုံခံနိုင်စွမ်းကို အော်ရာ ၏ ပေါင်းစည်းမှုကို ခံစားနိုင်ရန်အတွက် လုံးဝ အာရုံစိုက်ထားသည်။
၎င်းက အသုံးမဝင်ခဲ့ပေ။ ညဘီး တောင်ကြား တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် မဟူရာ မီးတောက် အင်ပါယာ သို့ ပြန်ရောက်သောအခါ အော်ရာ က ပို၍ အားနည်းနေသလို ခံစားရ၏။ ဤနေရာတွင် သူမသည် အဆင့်တက်ခြင်းကို စတင်လိုက်လျှင်ပင် ၎င်းကို ခံစားသိရှိနိုင်မည် ဟုတ်မဟုတ် မသေချာတော့ပေ။
သူမသည် လွတ်လပ်ခွင့်အတွက် သူမ၏ ဆန္ဒအပေါ် အာရုံစိုက်လိုက်သည်။ သူမ လိုချင်သမျှကို လုပ်နိုင်ရန်၊ သွားချင်သည့် နေရာတိုင်းကို သွားနိုင်ရန်နှင့် မည်သူကမျှ သူမကို မတားဆီးနိုင်စေရန်အတွက် အလွန်အစွမ်းထက်လာစေရန် ဖြစ်၏။
သူမသည် တိုက်ပွဲတစ်ခုတွင် ခံစားရသော ပျော်ရွှင်မှု၊ သူမ၏ ကျွမ်းကျင်မှုများ တိုးတက်လာပြီး စွမ်းအားများ မြင့်မားလာသည်ကို မြင်ရသော ကျေနပ်မှုတို့အပေါ် တရားမှတ်လိုက်သည်။
ဆရာဖြစ်သူနှင့်အတူ ခရီးသွားရခြင်း၏ ရောင့်ရဲကျေနပ်မှုနှင့် အစစ်အမှန် မိသားစု တစ်ခု၏ ဟောင်းနွမ်း မှေးမှိန်နေသော မေတ္တာတရားတို့အပေါ် သူမ အာရုံစိုက်လိုက်၏။ သူတို့ကို ဆုံးရှုံးလိုက်ရခြင်း၏ နာကျင်မှု။ ယခုလက်ရှိ သူမ၏ ဘဝထဲတွင် ရှိနေသော လူများကို ကာကွယ်ချင်သည့် ဆန္ဒ။
သူမ၏ ပတ်လည်တွင်မူ အော်ရာ က ပြောင်းလဲခြင်း မရှိခဲ့ပေ။
ထိုအရာများထဲမှ မည်သည့်အရာကမျှ သူမ၏ နားလည်သဘောပေါက်မှု မဟုတ်ခဲ့ပေ။ သို့မဟုတ်ပါက ၎င်းတို့က ဟုတ်ကောင်း ဟုတ်နေမည်ဖြစ်ပြီး သူမက လုံလောက်အောင် တွန်းအားမပေးနိုင်သေးခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ဝိညာဉ်မီးတောက် ထံမှ တုံ့ပြန်မှုက အလွန် သိမ်မွေ့လွန်းနေသောကြောင့် သူမ၏ အခွင့်အရေးကို လွတ်သွားခဲ့ခြင်းလည်း ဖြစ်နိုင်၏။
တစ်သားတည်း ပေါင်းစပ်သွားသော ဝေဝါးနေသည့် အော်ရာ ၏ ခံစားမှုကို မဆုံးရှုံးစေဘဲ သူမ၏ အာရုံခံနိုင်စွမ်းကို နေရာတကျ ထိန်းထားရသော ကြိုးစားအားထုတ်မှုကြောင့် သူမ တုန်ယင်နေ၏။ သူမ၏ မျက်နှာပေါ်တွင် ချွေးများ စီးကျလာသည်။
ထိုအခါ စင်္ကြံလမ်းတစ်လျှောက်မှ လင်းတုန်း ကို သူမ အာရုံခံမိလိုက်သည်။
သူ၏ စိတ်ဝိညာဉ်သည် တစ်ခဏမျှ ကြီးမားလာပြီးနောက် ပြန်လည် ဆုတ်ယုတ်သွား၏။ သူ လုပ်နိုင်သွားပြီလား။ မဟုတ်ပေ။ သူ အဆင့်မတက်နိုင်ခဲ့ပါ။ သို့မဟုတ်ပါက သူ၏ အဆင့်နိမ့် အရှင်သခင် စွမ်းအားကို သူမ အာရုံခံမိမည် ဖြစ်သည်။ ဘာတွေ ဖြစ်ခဲ့သနည်း။
အနီးအနားရှိ အော်ရာ မှ သူမကိုယ်သူမ ရုပ်သိမ်းရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ အော်ရာ အာရုံခံနိုင်စွမ်းကို ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်းက စိတ်ရှုပ်ထွေးသွားစေနိုင်၏။ ထို့နောက် သူမ မတ်တတ်ရပ်ကာ ထွက်လာခဲ့သည်။ သူမကိုယ်သူမ အာရုံလွှဲလိုက်ခြင်းက အဖြေတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သူမ အနေဖြင့် တစ်မိနစ်၊ သို့မဟုတ် နှစ်မိနစ်ခန့် အချိန်ဖြုန်းရန် တတ်နိုင်သေးသည် မဟုတ်ပါလား။
လင်းတုန်း၏ အခန်းဘက်သို့ သူမ လှမ်းကြည့်လိုက်သည်နှင့် မာစီ က သူမဆီသို့ အပြေးလာနေသည်ကို မြင်လိုက်ရ၏။
အာကူရာ မိန်းကလေးက သူမ၏ တောင်ဝှေးကို ပခုံးတစ်ဖက်တွင် ထမ်းထားပြီး သူမ ပွတ်တိုက်မိသွားသော အခြား စကိုင်းဆွန်း များကို တောင်းပန်နေသည်။ သူမက ယီရင် ကို မြင်သောအခါ စိတ်အားထက်သန်စွာ လက်ပြလိုက်ပြီး မှောက်ရက်လဲမကျစေရန် သတိထား၍ ရပ်တန့်လိုက်၏။
လင်းတုန်းက သူမ၏ နောက်မှ ပြေးလာရာ သူ၏ စိတ်လှုပ်ရှားမှုကို သူမ ဖတ်ရှုနိုင်ပါသည်။ သို့သော် သူ အဆင့်မတက်နိုင်ခဲ့သေးပေ။
သူ အဖြေရှာတွေ့သွားပြီလော။
"နင့်ရဲ့ အကြောက်တရား နောက်ကို လိုက်..."
မာစီ က အော်လိုက်ပြီး ယီရင် ကို သူမ၏ အခန်းထဲသို့ ပြန်တွန်းပို့လိုက်၏။
"အလုပ်ဖြစ်မယ်လို့ ငါ မထင်ထားခဲ့ပေမဲ့ တကယ် အလုပ်ဖြစ်သွားပြီ..."
လင်းတုန်းက နောက်မှ လိုက်ဝင်လာပြီး တံခါးကို ဂရုတစိုက် ပိတ်လိုက်သည်။
"တကယ် အလုပ်ဖြစ်တယ်... ငါ ခံစားလိုက်ရတယ်..."
ယီရင်၏ လက်သီးက တင်းကျပ်သွား၏။
"ငါ့ကို စိတ်သက်သာရာရအောင် လာမပြောနဲ့... ဘာတွေ ဖြစ်ခဲ့တာလဲ..."
လင်းတုန်းက ရုတ်တရက် တုံ့ဆိုင်းသွားပုံရကာ မာစီ ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကြမ်းပြင်သို့ ငုံ့ကြည့်လိုက်၏။
"ငါ... အသုံးမကျတဲ့လူ မဖြစ်ချင်ဘူး... ငါက တန်ဖိုးရှိတဲ့လူ တစ်ယောက်ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ ငါ ရှေ့ဆက်နေတာ ထင်တယ်..."
မာစီ၏ မျက်နှာက သိသိသာသာ နူးညံ့သွားပြီး သူ၏ ပခုံးကို လှမ်းပုတ်ပေးလိုက်သည်။ လင်းတုန်း၏ စကားများက ယီရင် ကို ထိုးဖောက်သွား၏။ ထိုအရာက အရူးအမူး နိုင်လွန်းသည်။ သူသာ လက်ရှိအဆင့်တွင် တစ်သက်လုံး နေသွားရမည် ဆိုလျှင်တောင် သူက အသုံးမကျသူ ဖြစ်လာမည် မဟုတ်ပေ။
သို့သော်... သူမကိုယ်တိုင်ကရော သူ့ကို မည်ကဲ့သို့ ဆက်ဆံခဲ့သနည်း။ သူမ သူနှင့် ရင်ပေါင်မတန်းနိုင်မည်ကို သူမ ကြောက်ရွံ့ခဲ့ဖူးသည်။ သူမက သူ့ကို နောက်ချန်ထားခဲ့မည်ကို၊ သို့မဟုတ် သူက သူမကို နောက်ချန်ထားခဲ့မည်ကို ကြောက်ရွံ့ခဲ့ဖူး၏။ သူမ၏ ကိုယ်ပိုင် စိတ်ထဲတွင်ပင် သူတို့၏ အဆင့်တက်ခြင်းက သူတို့ နှစ်ဦးစလုံးအတွက် အရေးကြီးဆုံး အရာဖြစ်သည်ဟု သူမ တွေးခဲ့ဖူးသည်။
ထိုအရာက မမှန်ကန်ကြောင်း သူ့ကို သူမ ပြောပြချင်ခဲ့ပြီး တောင်းပန်ချင်ခဲ့သည်။ သို့သော် သူမ၏ ခံစားချက်များကို စကားလုံးများအဖြစ် မဖော်ပြနိုင်ခဲ့ပေ။ ထိုအခါ မာစီ က သူမ၏ အရှေ့သို့ ရောက်လာပြီး သူမ၏ လက်မောင်းများကို ဆုပ်ကိုင်လိုက်၏။
"ကဲ... အခု နင် စမ်းကြည့်ရအောင်..."
အာကူရာ မိန်းကလေးက ပြောလိုက်သည်။
"စွမ်းအင်လှည့်ပတ်တဲ့ အနေအထားနဲ့ ထိုင်လိုက်..."
လင်းတုန်းကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ယီရင် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်၏။ သူမ၏ ခေါင်းပေါ်တွင် ကျရောက်နေသော သေမင်း၏ ခြိမ်းခြောက်မှုကို စိုးရိမ်စရာ မလိုတော့သည့် တစ်ချိန်ချိန်ကျမှ သူမ၏ စကားများကို ရှင်းပြရန် သူမ၌ အချိန်လုံလောက်စွာ ရှိနေမည် ဖြစ်သည်။
"အော်ရာ ကို နောက်ယောင်ခံလိုက်..."
မာစီ က ပြောလိုက်သည်။ သို့သော် ယီရင် အတွက် မည်သည့် လမ်းညွှန်ချက်မျှ မလိုအပ်ပေ။ သူမသည် အော်ရာ၏ ပေါင်းစည်းမှုကို အာရုံခံရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး သူမ၏ အာရုံခံနိုင်စွမ်းများက ပတ်ဝန်းကျင် ကမ္ဘာထဲသို့ စိမ့်ဝင်သွား၏။
"သူက ငါ့ထက် အများကြီး ပိုမြန်တာပဲ..."
လင်းတုန်းက ပြောလိုက်သည်။
ဒရော့စ် ၏ အသံက သူတို့အားလုံး၏ ခေါင်းထဲတွင် ပဲ့တင်ထပ်သွား၏။
[ပြီးတော့ မင်းကို ငါက ပိုမြန်အောင် လုပ်ပေးထားတာနော်... ကောင်းမွန်တဲ့ လေ့ကျင့်မှုအတွက် အစားထိုးစရာ ဘာမှမရှိဘူး... ဒါမှမဟုတ် လက်တွေ့လုပ်ဆောင်မှုပေါ့... ပါရမီ ဆိုတာကိုလည်း မေ့ထားလို့ မရဘူးလေ...]
အပြုံးတစ်ခုက ယီရင်၏ အာရုံစူးစိုက်မှုကို ဖျက်ဆီးတော့မလို ဖြစ်သွား၏။
"ကဲ..."
မာစီ က ပြောလိုက်သည်။
"နင် ဘာကို ကြောက်နေတာလဲ..."
ယီရင် သူမ၏ ကိုယ်တွင်းသို့ နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်လိုက်၏။ လူတွေကို ကာကွယ်ချင်သော သူမ၏ ဆန္ဒက ဆုံးရှုံးရမည်ကို ကြောက်ရွံ့ခြင်းမှ ဆင်းသက်လာခြင်း ဖြစ်နိုင်ပြီး၊ လွတ်လပ်ခွင့်ကို လိုချင်သော သူမ၏ ဆန္ဒက သွေးအရိပ်ထံ ထိုလွတ်လပ်ခွင့်ကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့ခြင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ပါသည်။ အရိပ်သည် သူမ ၎င်းနှင့် ပုံမှန် စတင်လေ့ကျင့်ကတည်းက အများအားဖြင့် ယဉ်ပါးနေခဲ့သော်လည်း ၎င်းက ရှိနေဆဲ ဖြစ်၏။ သူမ၏ စိတ်ဝိညာဉ် အနောက်ဘက်တွင် ပုန်းအောင်းနေသည်။ သူမ၏ ခန္ဓာကိုယ်ကိုပင် လုယူရန် စောင့်ဆိုင်းနေ၏။
သို့သော်လည်း နောက်ဆုံးတွင် အကြောက်တရား တစ်ခုက အခြားအရာများ အားလုံးထက် ပိုမို ထင်ရှားနေခဲ့သည်။
သူမ ပတ်လည်ရှိ သက်စောင့် အော်ရာ ကို အာရုံခံလိုက်သောအခါ သူမ၏ ကျောရိုးတစ်လျှောက် စီးဆင်းနေသော အစိမ်းရောင် အသက် အော်ရာ လိုင်းကို သူမ လွန်စွာ သတိပြုမိသွား၏။ မှေးမှိန်ကာ တွန့်လိမ်ပြီး တဖျပ်ဖျပ် လင်းလက်နေသော ထိုအလင်းတန်းက အချိန်မရွေး ငြိမ်းသွားနိုင်ပါသည်။
သူမ၏ အသက်က ပြတ်လုဆဲဆဲ ကြိုးတစ်ချောင်းတွင် ချိတ်ဆွဲထားရချိန်၌ အခြားသော အကြောက်တရားများ အကြောင်းကို တွေးတောရန် ကြိုးစားနေခြင်းမှာ ကောင်းကင်တွင် နေမင်းကြီး ရှိနေချိန်၌ ကြယ်များကို မြင်တွေ့ရန် ကြိုးစားနေခြင်းနှင့် တူနေ၏။
၎င်းသည် သူမ၏ နားလည်သဘောပေါက်မှု ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အသက်ရှင်သန်ရေးက သူမကို ကျင့်ကြံခြင်း များဆီသို့ တွန်းပို့ပေးခဲ့သော ဆန္ဒ ဖြစ်နေခဲ့သလော။
ထိုအရာက မှားယွင်းနေပုံရ၏။ သူမသည် ထာဝရ ရှင်သန်ရန်အတွက် တိုက်ခိုက်နေခြင်း မဟုတ်ပေ။ သို့မဟုတ်ပါက... သူမ၏ အသက်ကို ဤမျှလောက် အလေးမထားဘဲ နေမည်မဟုတ်ပါ။
မာစီ က သူမကို တိုးညှင်းပြီး နှစ်သိမ့်မှုပေးသော အသံဖြင့် ဆက်လက် စကားပြောနေသော်လည်း ယီရင် သည် ပို၍ စိတ်ပျက်လာခဲ့သည်။ အော်ရာ အပေါ် သူမ၏ ထိတွေ့မှုက တုန်ခါသွားပြီး ပေါင်းစည်းမှု ခံစားချက်က ပါးလွှာလာ၏။
‘ဒါက အလုပ်မဖြစ်ဘူး...’
လေ နှင့် အိပ်မက် မာဒြာ များ၏ တောက်ပမှုနှင့်အတူ အခန်းထဲတွင် ပဲ့တင်ထပ်သွားသော အချက်ပေးသံ တစ်ခုကြောင့် သူမ၏ တရားထိုင်ခြင်း အနှောင့်အယှက် ဖြစ်သွားသောအခါ သူမ၏ တရားထိုင်ခြင်းမှ ထွက်ခွာရန် အကြောင်းပြချက် ရသွားသည့်အတွက် သူမ သက်သာရာ ရသွား၏။
မာစီ က စိတ်ပျက်သွားပုံရသော်လည်း လင်းတုန်းက မျက်နှာကြက်ပေါ်ရှိ အသံမြည်နေသော ခေါင်းလောင်းပုံစံ မှော်ပစ္စည်း ကို ကြည့်နေသည်။
"ယီရင်..."
နာရူကွေ့၏ အသံက ထွက်ပေါ်လာသည်။
"ငါ့ဆီ လာခဲ့... ပြီးတော့ မဟူရာ မီးတောက် ကောင်လေးနဲ့ အာကူရာ မိန်းကလေး နင်နဲ့အတူ ရှိနေရင် သူတို့ကိုပါ ခေါ်ခဲ့... သူတို့ အခန်းထဲမှာ မရှိကြဘူး..."
မျက်နှာကြက် ကျောက်သားထဲရှိ တောက်ပနေသော အစီအရင် တစ်ခုထဲမှ ရုတ်တရက် ပေါက်ထွက်လာသော ပေါင်းပင်တစ်ခုကဲ့သို့ ထွက်ပေါ်လာသည့် မှော်ပစ္စည်း က ကျောက်တုံးထဲသို့ ပြန်လည် ကျုံ့ဝင်သွား၏။ အစီအရင် ကလည်း မှေးမှိန် ပျောက်ကွယ်သွားသည်။
ယီရင် မတ်တတ်ရပ်လိုက်ပြီး သူမ၏ ဒူးခေါင်းမှ ဖုန်များကို ခါချလိုက်၏။
"အမိန့်တွေ ထပ်လာပြန်ပြီ... ငါ့မှာ တခြား လုပ်စရာ ရှိသေးရင်တော့ သွေးထွက်အောင် အသတ်ခံရတော့မှာပဲ..."
***