← Chapters

အခန်း ၄၇၆

Vol. 34 Ch. 476

အခန်း ၄၇၆

Vol. 34 Ch. 476

အပိုင်း(၄၇၆)

နာရူကွေ့သည် သူ၏ အရှေ့တွင် တန်းစီရပ်နေသော လင်းတုန်းနှင့် အခြားသူများကို အကဲခတ်ကြည့်လိုက်၏။ သူ၏ မီးလောင်ထားသော အမာရွတ်က မျက်လုံးတစ်ဖက်ကို တွန့်လိမ်သွားစေပြီး ဖြီးလိမ်းထားခြင်း မရှိသော သူ၏ ဆံပင်ဖြူများက ပတ်လည်တွင် ဖရိုဖရဲ ကျနေသည်။ သူသည် မုတ်ဆိတ်ရိတ်မထားဘဲ အမြဲတမ်းလိုလို တစ်ပတ်လောက် မအိပ်ရသေးသူ တစ်ယောက်နှင့် တူနေ၏။

"မဟူရာ မီးတောက် အင်ပါယာက ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ပြီ..."

လင်းတုန်းက စတင် ကန့်ကွက်ရန် ပြင်လိုက်သော်လည်း နာရူကွေ့ က တိတ်ဆိတ်သွားစေရန် ရစရာမရှိအောင် ပျက်စီးနေသော လက်အိတ်တစ်ဖက်ကို မြှောက်ပြလိုက်၏။

"ငါတို့ တရားဝင် နှုတ်ထွက်လိုက်တာတော့ မဟုတ်ဘူး... ငါတို့ ဘာပဲပြောပြော ဒါက သူတော်စင်မ ရဲ့ သဘောပဲလေ... သူက ငါတို့ထဲက တစ်ယောက်ကို ရွေးချင်သေးရင်လည်း ရွေးမှာပေါ့... ဒါပေမဲ့ သုံးရက်အတွင်းမှာ ငါတို့ရဲ့ အခွင့်အရေးကို ပိုကောင်းလာအောင် လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး..."

"အနည်းဆုံးတော့ ယီရင် နဲ့ ကျွန်တော် ပြန်ဝင်သွားလို့ ရသေးတာပဲ..."

လင်းတုန်းက ပြောလိုက်၏။

"ခင်ဗျား ကင်းထောက်တွေ လွှတ်ထားတာ သူတို့ ပြန်ရောက်နေပြီလေ... အထဲမှာ တစ်ရက် နှစ်ရက်လောက် နေလိုက်ရုံနဲ့ ခင်ဗျားမှာ အဆင့်နိမ့် အရှင်သခင် အသစ် နှစ်ယောက် ရလာနိုင်တာပဲ..."

နာရူကွေ့က သူ၏ နံရံတွင် ချိတ်ဆွဲထားသော မြေပုံကို လှမ်းဆွဲချလိုက်ပြီး သူ၏ စားပွဲပေါ်တွင် တစ်ဆက်တည်း ဖြန့်ခင်းလိုက်၏။ ၎င်းသည် မဟူရာ မီးတောက် အင်ပါယာ ၏ မြေပုံဖြစ်သည်။

သူ၏ လက်ညှိုးက အရှေ့ဘက်ရှိ လူသူကင်းမဲ့သော တောရိုင်းမြေ ဆီသို့ ရောက်သွား၏။ ၎င်းသည် ကန္တာရတစ်ခုကဲ့သို့ လွတ်ဟာနေသော စက္ကူအလွတ် ပြင်ကျယ်ကြီး တစ်ခုဖြစ်သည်။

"လူသူကင်းမဲ့တဲ့ တောရိုင်းမြေ တဲ့... သူတို့ရဲ့ ကျင့်ကြံသူတွေက စည်းလုံးမှု မရှိဆုံးသူတွေ ဖြစ်ပေမဲ့ အရှေ့ဘက်အစွန်ဆုံးက နဂါးတွေအတွက်တော့ ပါးလွှာတဲ့ ခြံစည်းရိုးတစ်ခုလိုပဲ... မိစ္ဆာ နတ်ဘုရား တိုက်ခိုက်မှု အပြီးမှာ အဲဒီ နယ်စပ်ဘက်က ငါတို့ရဲ့ နယ်မြေ တော်တော်များများနဲ့ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တယ်... တောရိုင်းမြေ နေ လူတွေက အခုချိန်မှာတောင် ဝင်ရောက်လာပြီး သူတို့ လိုချင်တဲ့ နယ်မြေကို သိမ်းပိုက်နိုင်တယ်... သူတို့ကို ဘယ်သူက တားဆီးမှာလဲ..."

"သူတို့ရဲ့ အလွန်မှာတော့ နဂါးတွေ ရှိတယ်..."

မြေပုံအပြင်ဘက်သို့ သူ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"လူသူကင်းမဲ့တဲ့ တောရိုင်းမြေထဲက တကယ့် မိစ္ဆာတချို့ကြောင့်ရယ်၊ အာကူရာ မိသားစု အပေါ် လေးစားမှုကြောင့်ရယ် သူတို့က အဝေးမှာ နေကြတာ..."

သူက မာစီ ဘက်သို့ မေးဆတ်ပြလိုက်သည်။

"မင်းတို့ မိသားစု အပေါ် ငါတို့ရဲ့ သစ္စာစောင့်သိမှုက နဂါးတွေကို ငါတို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြသနေတာပဲ... တကယ်လို့ မင်းတို့ အားလုံးက ငါတို့ကို သဘောကျတယ်ဆိုရင် မင်းတို့က မြန်မြန်ဆန်ဆန် တုံ့ပြန်ပေးလိမ့်မယ်... အကယ်၍ မင်းတို့ သဘောမကျဘူးဆိုရင် သူတို့က လူသူကင်းမဲ့တဲ့ တောရိုင်းမြေ ကို ဖြတ်ကျော်ပြီး ရွာတချို့ကို သိမ်းပိုက်လိုက်ရင်တောင် မင်းတို့က မသိချင်ယောင် ဆောင်နေနိုင်တယ်လေ..."

သူက သစ်ပင်များဖြင့် အများစု ဖုံးလွှမ်းနေသော တောင်ဘက်သို့ အာရုံပြောင်းလိုက်၏။

"တောအုပ်က စကိုင်းဆွန်း တွေရဲ့ အမြဲတမ်း စောင့်ကြည့်မှုကြောင့်သာ ငြိမ်းချမ်းနေတာ... ငါ အဲဒီမှာ အဖွဲ့တချို့ကို ချန်ထားခဲ့ပေမဲ့ ငါတို့ အများစုက မြို့တော်ရဲ့ အပေါ်မှာ ရှိနေတာလေ... ငါတို့ ဒီမှာ ကြာကြာနေလေလေ၊ မြို့တွေ၊ ဂိုဏ်းတွေ၊ ကျောင်းတော်တွေနဲ့ ရွာတွေက တောအုပ်ရဲ့ ဝါးမျိုခြင်းကို ပိုခံရလေလေပဲ..."

"မြောက်ဘက်မှာတော့ လမ်းကြောင်းမဲ့ ပင်လယ် ရှိတယ်... ငါတို့ သိသလောက် အကျယ်ပြန့်ဆုံး သမုဒ္ဒရာကြီးပေါ့... ငါတို့ မြေပုံတွေအရဆို ကမ္ဘာကြီးရဲ့ တစ်ဝက်လောက်ကို ဖုံးလွှမ်းထားတယ်... ကိုတိုင် ကလန်က ဒီတံတိုင်းကို စောင့်ရှောက်ထားတာ..."

သူက ကမ်းခြေတစ်လျှောက်ရှိ ရှည်လျားသော ပုံစံတစ်ခုကို လက်ညှိုးဖြင့် ဆွဲပြလိုက်၏။

"...အဲဒါက သမုဒ္ဒရာ မျိုးနွယ်စုတွေကို အပြင်မှာပဲ နေအောင် တားဆီးပေးထားတယ်... အဲဒီ ရန်သူတွေက ငါတို့ တခြားတစ်နေရာကို အာရုံစိုက်နေတာကို သိရလို့ ဝမ်းသာနေကြမှာပဲ... သူတို့က ကုန်းမြေကို ဆာလောင်နေကြတာ..."

နာရူကွေ့ က ဆက်ပြောနေသော်လည်း လင်းတုန်းက အနောက်ဘက်သို့ အာရုံစိုက်နေ၏။ လူသူကင်းမဲ့သော တောရိုင်းမြေကို အမည်းရောင် အကွက်တစ်ခုအဖြစ် မှတ်သားထားသည်ကို သူ မြင်လိုက်ရပြီး ကမ်းရိုးတန်းအနီးရှိ တောင်တန်းတစ်ခုကို သူ မှတ်မိသွားသည်။ အနောက်ဘက် ပင်လယ်နှင့် သူ ထင်ထားသည်ထက် ပို၍ နီးကပ်နေ၏။

၎င်းကို အမည်ပေးမထားပေ။ မြေပုံပေါ်တွင် အာကူရာ မိသားစု ၏ တံဆိပ်ဖြစ်သော ကြယ်ကြီး တစ်လုံးနှင့် တောင်တန်းတစ်ခု အပေါ်ရှိ ကြယ်ငယ် နှစ်လုံး တံဆိပ်ဘေးတွင် "ကန့်သတ် နယ်မြေ - အန္တရာယ်ရှိပြီး တားမြစ်ထားသည်" ဟု ရေးသားထားသည်။

‘အဲဒီနေရာက အထွတ်အမြတ် တောင်ကြား ရှိတဲ့ နေရာပဲ...’

သူ၏ မျက်လုံးများက တောရိုင်းမြေ ကို ဖြတ်ကျော်ကာ မြွေသင်္ချိုင်း ဆီသို့ ရောက်သွား၏။ ထို့နောက် ယခု သူ ရောက်နေသော မြို့တော်ဆီသို့ ရောက်သွားသည်။ သူသည် စက္ကူပေါ်တွင် ရေးခြစ်ထားသော ဒေသများ၊ မြို့များ၊ မှတ်စုများနှင့် အမည်နာမများ ဒါဇင်ပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ပြီး ဖြစ်၏။ သူ တစ်ခါမျှ မကြားဖူးသော အမည်များ၊ သူ မတွေးမိဘဲ ကျော်ဖြတ်လာခဲ့သော နေရာများ ဖြစ်သည်။

သူ အိမ်နဲ့ အဝေးကြီးကို ရောက်နေခဲ့လေပြီ။

နာရူကွေ့က သူ၏ ပုံမှန် မောပန်းနွမ်းနယ်မှုများတွင် လွမ်းဆွေးသော လေသံတစ်ခု ပါဝင်လာကာ မြေပုံကို စိုက်ကြည့်နေ၏။

"အင်ပါယာ တွေဆိုတာ ပျက်စီးလွယ်တဲ့ အရာတွေပဲ... ကျဆင်းသွားဖို့ လွယ်ကူတယ်..."

အကြောင်းအရာများကို ချင့်ချိန်စဉ်းစားနေစဉ် လင်းတုန်း၏ မျက်လုံးများက အထွတ်အမြတ် တောင်ကြား အပေါ်၌ အသေအချာ စူးစိုက်ကြည့်နေ၏။

"တောင်းပန်ပါတယ်... ဒါပေမဲ့ ပြိုင်ပွဲက အင်ပါယာ အတွက် ဘာလို့ ဒီလောက် အရေးကြီးရတာလဲ..."

"တခြား တိုင်းပြည်တွေ၊ ကမ္ဘာပေါ်က အဓိက အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ရတာက မင်း ထင်ထားတာထက် ပိုပြီး တန်ဖိုးရှိတယ်..."

စကိုင်းဆွန်း ခေါင်းဆောင်က သစ်ရွက်ရှည် တစ်ရွက်ကို သွားကြားတွင် ညှပ်ရင်း ပြောလိုက်၏။

"ပုံမှန်အားဖြင့် ငါတို့က ဒီတိုက်ကြီးမှာရှိတဲ့ ငါတို့ရဲ့ အိမ်နီးချင်းတွေဆီက သတင်းလောက်ပဲ ကြားရတာ... တောင်ဘက် အစွန်ဆုံးအထိရှိတဲ့ အာကူရာ မိသားစု၊ ဆေရှန် တိုင်းပြည် လို သူတို့ရဲ့ အနီးအနားက တခြား လက်အောက်ခံ တိုင်းပြည်တွေရယ်... ပြီးတော့ အရှေ့ဘက်ကို ပိုင်စိုးထားတဲ့ ငါတို့ရဲ့ ရန်သူ နဂါးတွေရယ်ပေါ့... အာရီလီယပ် မိသားစု ရဲ့ ဇာတိမြေကို ဆယ်နှစ်တစ်ခါ ငါတို့ ဆက်သွယ်နိုင်တယ်... ပြီးတော့ တခြား ဆက်သွယ်ရေး လမ်းကြောင်း နည်းနည်းလည်း ရှိသေးတယ်..."

သူက သက်ပြင်းချလိုက်၏။

"ကုန်သွယ်ရေး၊ ဒါမှမဟုတ် ဘယ်လို ဆက်ဆံရေးမျိုးကိုမဆို တည်ဆောက်ရတာက တန်ဖိုးကြီးကြီး ပေးရတယ်... ပြီးတော့ ကမ္ဘာကြီးရဲ့ အရှေ့မှာ ငါတို့ကိုယ်ငါတို့ ထင်ပေါ်ကျော်ကြားအောင် လုပ်နိုင်ရင် ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်လောက်အောင် သန်မာတယ်ဆိုတာကို သူတို့ကို ပြသနိုင်မယ်လေ..."

သူက မာစီ ကို တစ်ချက် ပြန်ကြည့်လိုက်၏။

"မင်းတို့ မိသားစုက ငါတို့ ပေးပို့တဲ့ အရည်အချင်းပြည့်မီတဲ့ ပြိုင်ပွဲဝင် တစ်ယောက်စီအတွက် အဆင့်မြင့် မာဒြာပြား သန်းတစ်ရာ ပေးမယ်လို့ ကတိပေးထားတာကို မပြောသေးဘူးနော်... ပြီးတော့ ပြိုင်ပွဲမှာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်ရင် နောက်ထပ် လက်ဆောင်တွေ ထပ်ပေးမယ်လို့လည်း ကတိပေးထားတယ်... တကယ်လို့ အန်စာတုံးသာ မှန်မှန်ကန်ကန် ကျခဲ့ရင် နှစ်ပေါင်းရာချီပြီး ငါတို့ မရခဲ့ဖူးတဲ့ ဂုဏ်ကျက်သရေကို ရရှိနိုင်ခဲ့မှာ..."

နာရူကွေ့ က မြေပုံမှ ခေါင်းမော့လိုက်ပြီး သူတို့ကို ပြန်ကြည့်လိုက်၏။

"အခုတော့ နောက်ကျသွားပြီ... 'လက်လျှော့လိုက်ပြီ' လို့ ပြောတာထက် ငါတို့ရဲ့ ရှုံးနိမ့်မှုကို နောက်ဆုံးတော့ ဝန်ခံလိုက်ပြီလို့ ပြောတာက ပိုမှန်လိမ့်မယ်... ဆုံးရှုံးသွားတာထက် အဆင့်နိမ့် အရှင်သခင် တွေ ပိုရလာတော့ အဲဒါက လုံခြုံရေးအတွက် ပိုကောင်းလိမ့်မယ်..."

ယီရင်သည် သူမ၏ ရွှေအဆင့် အမှတ်အသား များကို ပြန်သိမ်းထားခဲ့သော်လည်း ဓားလက်မောင်းများက သူမ၏ ကျောဘက်မှနေ၍ တစွန်းတစ ထွက်ပေါ်လာပြန်၏။ ဆိုလိုသည်မှာ သူမ အာရုံလွင့်နေခြင်း ဖြစ်သည်။

"အကြောင်းပြချက် မရှိဘဲ ရှင် စကားတွေ အများကြီး ပြောနေမှာ မဟုတ်ဘူး... ကျွန်မတို့ဆီက ဘာလိုချင်လို့လဲ..."

သူက သူတို့ သုံးယောက်ကို တစ်လှည့်စီ စိုက်ကြည့်လိုက်၏။

"စကိုင်းဆွန်း တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မင်းတို့မှာ အကြံဉာဏ်တွေ ရှိလားဆိုတာ သိချင်လို့..."

လင်းတုန်းက ထိုစကားများတွင် လျှို့ဝှက် အဓိပ္ပာယ် တစ်ခုခု ရှိနေသလား၊ သို့မဟုတ် နာရူကွေ့ က သူတို့ကို အမှန်တကယ် အကြံဉာဏ် တောင်းနေခြင်းလား ဟု တွေးတောနေမိ၏။

"အင်ပါယာ က လူတိုင်းကို မြို့တော်ကနေ အိမ်ပြန်လွှတ်နေတယ်၊ ဒါက ဆုံးဖြတ်ပြီးသားပဲ..."

ခေါင်းဆောင်က ပြောလိုက်သည်။

"တခြား ဘာမှလုပ်ဖို့ အချိန်မမီတော့ဘူး... တကယ်လို့ သူတော်စင်မ က ငါတို့ထဲက တစ်ယောက်ကို သူ့ အတွက် တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ရင် ဒါက ငါတို့အတွက် လုံလောက်ပြီ... ဒါပေမဲ့ စကိုင်းဆွန်း တွေက သီးခြား လွတ်လပ်စွာ လှုပ်ရှားနိုင်တယ်... ဒါကြောင့် ငါတို့ နောက်ဆုတ်ဖို့၊ ဒါမှမဟုတ် ရှေ့ဆက်သွားဖို့ ဗျူဟာတွေနဲ့ ပတ်သက်ပြီး မင်းတို့မှာ အကြံဉာဏ်တွေ ရှိလားဆိုတာ ငါ သိချင်တာ..."

သူက သူတို့၏ မျက်နှာများကို အကဲခတ်ကြည့်ရင်း သူ၏ ပါးစပ်ထဲရှိ သစ်ရွက်ကို ကိုက်ကာ ညည်းတွားလိုက်၏။

"ငါ့ရဲ့ အစစ်အမှန် ရွှေအဆင့် တွေ အားလုံးကိုလည်း ဒီမေးခွန်းကိုပဲ မေးခဲ့တယ်... ပြီးတော့ မာစီက အင်ပါယာ ထဲက တစ်ဦးတည်းသော အာကူရာ ဆိုတော့ နားထောင်သင့်တဲ့ အချက်တချို့ကိုများ သူ သိနေမလားလို့..."

မာစီက မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေသည့်ဟန်ဖြင့် သူမ၏ မေးစေ့ကို ပွတ်သပ်လိုက်သော်လည်း လင်းတုန်းက မြေပုံကို စိုက်ကြည့်နေဆဲ ဖြစ်၏။ သူတို့တွင် သုံးရက် အချိန်ကျန်သေးပြီး ဆေရှန် တိုင်းပြည် ကမူ လွန်ခဲ့သော နှစ်လလုံးလုံး အဆင့်နိမ့် အရှင်သခင် များ မွေးထုတ်ရန် အသုံးပြုခဲ့သည်။ သူတို့သည် သူတို့၏ စွမ်းအားကို အသည်းအသန် မြှင့်တင်ကာ သူတော်စင် အား ကြွားလုံးထုတ်နေကြမည် ဖြစ်၏။

သူ ယီရင် ကို ကယ်တင်ရမည်... သို့သော် သူလည်း နိုင်ချင်ပါသည်။ နှစ်ခုစလုံးကို လုပ်နိုင်မည့် နည်းလမ်း ရှိပါသလား။ ညဘီး တောင်ကြား ၏ နေရာတစ်နေရာကို သိမ်းပိုက်ကာ သူမ အဆင့်တက်ရန် အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်ရန်နှင့် အာကူရာ မိသားစု ၏ လက်အောက်ခံများထဲတွင် သူတို့က အကောင်းဆုံးဖြစ်ကြောင်း ပြသရန် ဖြစ်၏။

သူ၏ ပထမဆုံး အတွေးမှာ လုပ်ကြံသတ်ဖြတ်ရန် ဖြစ်သည်။ အကယ်၍ သူတို့က ကီရို နှင့် မေရာ တို့ကို သတ်ပစ်လိုက်ပါက တိုင်းပြည်၏ အတော်ဆုံး အဆင့်နိမ့် အရှင်သခင် နှစ်ယောက် ပြိုင်ပွဲမှ ထွက်သွားရမည် ဖြစ်၏။ သို့သော်လည်း သူတို့ကို ကာကွယ်ပေးနေသော အဆင့်မြင့် အရှင်သခင် တစ်ယောက် ရှိနေရုံသာမက လုပ်ကြံသတ်ဖြတ်ခြင်းက သူ၏ ပထမဆုံး အဖြေဖြစ်နေခြင်းကို လင်းတုန်း သဘောမကျပေ။ ထို့ပြင် ငွေရောင် နှလုံးသား သူတော်စင်က သွေးထွက်သံယို ဖြစ်မှုကိုလည်း တားမြစ်ထား၏။

ထိုအခါ သူ မယုံကြည်နိုင်ဖွယ် ကောင်းသော အရာတစ်ခုကို သူ သတိရသွားသည်။ သူ ချက်ချင်း လှည့်လိုက်ပြီး မာစီ ကို လှမ်းဆွဲလိုက်၏။

သူမ၏ ခရမ်းရောင် မျက်လုံးများ ကျယ်ပြန့်သွားခဲ့လေသည်။

***

All Chapters