အခန်း (၃၀၃-၃၀၄)
Vol. 31 Ch. 303-304
အခန်း ၃၀၃ နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ်
ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များမှာ မျက်စိတစ်မှိတ်အတွင်း အသက်ဝင်မှု ကင်းမဲ့သွားပြီး တိုက်ရိုက်ပင် မီးလောင်ကျွမ်းသွားလေသည်။
မြေပြင်မှာလည်း ချက်ချင်း ခမ်းခြောက်သွားကာ ရေတွက်၍မရနိုင်သော မြေကွဲကြောင်းကြီးများ ထွက်ပေါ်လာပြီး ထိုအက်ကွဲကြောင်းများကြားတွင် ပူပြင်းလှသော ချော်ရည်ပူများ ပွက်ပွက်ဆူ လှိမ့်တက်နေသည်ကို ဝေဝါးစွာ မြင်တွေ့နေရလေသည်။
ဝိညာဉ်တစ်ခုမှ ဖြစ်ပေါ်လာသော အမှတ်အသားတစ်ခုမျှသာ ဖြစ်သော်လည်း မီးလျှံကိုးသွယ် ချီလင် ၏ ရူးသွပ်ကြမ်းတမ်းလှသော စွမ်းအားကို ဤနေရာတွင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
ဤခမ်းနားကြီးကျယ်လှသော မြင်ကွင်းကြောင့် ကက်သရင်း မှာ အံ့သြမှင်သက်သွားလေသည်။
ယခုအချိန်တွင် သူမ၏ ကိုယ်ပေါ်၌ ချွေးများ ရွှဲနစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အပူချိန်အောက်တွင် ဝတ်စုံများပင် စိုရွှဲနေလေပြီ။
မူလကတည်းက လှပလွန်းလှသော ကက်သရင်း မှာ ယခုအခါ ပိုမို၍ ဆွဲဆောင်မှု ရှိနေပြီး ကျိုးဟန် ပင် မနေနိုင်ဘဲ တံတွေးမြိုချမိသွားလေသည်။
သို့သော် သူမမှာ အလွန်အမင်း အံ့အားသင့်နေသဖြင့် သူမ၏ ဆွဲဆောင်မှုရှိနေသော အသွင်အပြင်ကို အနည်းငယ်မျှ သတိမထားမိခဲ့ချေ။
"ဟေး... နင့်ပုံစံကိုလည်း သတိထားဦးလေ"
"ဒီလိုပုံစံကြီးက လူကို အာရုံလွင့်စေတယ်ကွ"
ကျိုးဟန် က သတိပေးလိုက်လေသည်... ဤတိုက်ပွဲမှာ တစ်ဖက်သတ် အနိုင်ရနေသည့် အခြေအနေဖြစ်သော်လည်း လေးလေးနက်နက် ထားရမည့်အချိန်တွင်တော့ ထားရမည်သာ ဖြစ်လေသည်။
"အာ... ငါ"
"ဘာလို့ စောစောက မပြောတာလဲဟာ"
သတိပေးစကားကို ကြားလိုက်ရသဖြင့် ကက်သရင်း မှာ ချက်ချင်း သတိဝင်လာပြီး ညင်သာစွာ အော်ဟစ်လိုက်ကာ သူမ၏ လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ဖုံးကွယ်လိုက်လေသည်။
သို့သော် များများစားစား အသုံးမဝင်လှချေ... အဘယ်ကြောင့်ဆိုသော် အရွယ်အစားမှာ အနည်းငယ် ကြီးမားနေသောကြောင့် ပင်ဖြစ်သည်။
ထို့ကြောင့် ကျိုးဟန် သည် ဝတ်ရုံတစ်ထည်ကို ထုတ်ယူကာ သူမကို လွှမ်းခြုံပေးလိုက်ရလေသည်။
ရှက်ရွံ့နေမှုကို ဖြတ်ကျော်ပြီးနောက် ကက်သရင်း သည် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကျိုးဟန် ကို ခိုးကြည့်နေမိလေသည်။
ကျိုးဟန် ၏ ကြည့်ရှုခြင်းကို အကြိမ်များစွာ ခံရဖူးသဖြင့် သိပ်ပြီး ရှက်ရွံ့မနေတော့ဘဲ သူမ၏ ရင်တွင်း၌ ချိုမြိန်သော ခံစားချက်လေးတစ်ခု ဖြစ်ပေါ်နေလေသည်။
'ကြည့်ရတာ ငါ့ရဲ့ ခန္ဓာကိုယ်က သူ့ကို တော်တော်လေး ဆွဲဆောင်နိုင်တာပဲ'
ကက်သရင်း သည် ရင်ထဲတွင် ပျော်ရွှင်စွာဖြင့် တွေးတောနေမိလေသည်။
အကယ်၍သာ ကျိုးဟန် က သူ၏ စွမ်းအားများကို အသုံးပြု၍ သူမကို ဖုံးအုပ်ပေးမထားပါက ကက်သရင်း အနေဖြင့် ချွေးထွက်ရုံမျှဖြင့် ပြီးဆုံးသွားမည် မဟုတ်ချေ။
ပူပြင်းလှသော အပူချိန်ကြောင့် သေချာပေါက် မီးလောင်ဒဏ်ရာများ ရရှိသွားမည်သာ ဖြစ်လေသည်။
ဤသည်က မီးလျှံကိုးသွယ် ချီလင် ၏ ရူးသွပ်ကြမ်းတမ်းမှုကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖော်ပြနေခြင်းလည်း ဖြစ်လေသည်။
သေချာပေါက် ဤအရာမှာ ဆွဲဆောင်မှုရှိသော ကြားဖြတ် ဇာတ်ဝင်ခန်းလေး တစ်ခုသာ ဖြစ်လေသည်။
ယခုအချိန်တွင် တိုက်ပွဲဝင်နေဆဲ အခြေအနေဖြစ်ရာ ကျိုးဟန် သည် ချစ်ရေးဆို ကျီစယ်မနေတော့ဘဲ အလွန် သနားစရာ ကောင်းနေသော ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ကို ကြည့်ကာ အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေသည်။
"ပြီးဆုံးသွားပြီ"
"သေလိုက်စမ်း"
တည်ငြိမ်သော စကားလုံး အနည်းငယ်က ပြိုင်ဘက်ကင်း ဧကရာဇ် တစ်ပါးက သေဒဏ်ပေးလိုက်သည့်အလား ထွက်ပေါ်လာလေသည်။
မီးလျှံကိုးသွယ် ချီလင် ၏ ပုံရိပ်ယောင်ကြီးမှာ ကျိုးဟန် ၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေပြီး ပိုမို၍ ခန့်ညား ထည်ဝါနေလေသည်။
ကက်သရင်း မှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အမင်း ကြည်နူး သာယာနေမိလေသည်။
စကားသံ အဆုံးတွင် ဤကြောက်မက်ဖွယ်ကောင်းသော မီးတောက်များသည် ဓားစွမ်းအင် များထဲသို့ ပေါင်းစပ် ဝင်ရောက်သွားလေသည်။
မူလကတည်းက ထက်မြက်လှသော ဓားစွမ်းအင် များကို ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသွားစေလေသည်။
ဓားစွမ်းအင် များ လွင့်ပျံလာချိန်တွင် ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ၏ မျက်နှာမှာ စက္ကူဖြူ တစ်ရွက်အလား ဖြူရော်သွားပြီး သွေးရောင် လုံးဝ ကင်းမဲ့နေလေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းအတွင်း၌ အဆုံးအစမဲ့သော ဖျက်ဆီးခြင်း စွမ်းအားများ ကိန်းအောင်းနေသည်ကို သူ ခံစားသိရှိလိုက်ရသောကြောင့် ပင်ဖြစ်သည်။
"စိန်ကြံ့ခိုင်မှု မသေဆုံးခြင်း အဆောင်"
"တားထား... ငါ့ကို ကာကွယ်ပေးစမ်း"
"မဖြစ်မနေ တားထားမှ ရမယ်နော်"
ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး မှာ ဤဓားစွမ်းအင် ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဖြစ်ရာ လွတ်မြောက်ရန် လမ်းစ လုံးဝ မရှိတော့ချေ... ထို့အပြင် သူ၏ အရိပ် ကိုယ်ပွား များ အားလုံးမှာလည်း ဤကဲ့သို့ ကျယ်ပြန့်သော တိုက်ခိုက်မှု အောက်တွင် အားလုံး ချေမှုန်းခံလိုက်ရပြီ ဖြစ်လေသည်။
ထို့ကြောင့် သွားကို ကြိတ်ကာ သူ၏ လက်ထဲရှိ အဆောင်စာရွက် မှ အစွမ်းထက်ဆုံးသော စွမ်းအားများကို ထုတ်လွှတ်ပြီး ဤဖျက်ဆီးခြင်း တိုက်ခိုက်မှုကို ခုခံရန်သာ တတ်နိုင်တော့လေသည်။
သို့သော်ငြားလည်း မီးလျှံကိုးသွယ် ချီလင် ၏ စွမ်းအားကို ဤမျှ အလွယ်တကူ ခုခံ၍ ရနိုင်ပါမည်လော။
မီးတောက် ဓားစွမ်းအင် များ ကြားထဲမှ ပြိုင်ဘက်ကင်း ထက်မြက်လှသော ဧရာမ လက်သည်းကြီး တစ်ခု ဆန့်ထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
ထို့နောက် အဆောင်စာရွက် ကို ညင်သာစွာ ဆုပ်နယ်လိုက်ရာ အမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ကာကွယ်မှုတွင် နာမည်ကြီးသော စိန်ကြံ့ခိုင်မှု မသေဆုံးခြင်း အဆောင် မှာ လုံးဝ အသုံးမဝင်ခဲ့ဘဲ အနည်းငယ်မျှပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
"ဟင့်အင်း"
"ဒါက ချီလင် လား"
"လုံးဝ မဖြစ်နိုင်ဘူး"
ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။
တစ်ကိုယ်လုံး လုံးဝ မျှော်လင့်ချက်မဲ့သွားလေတော့သည်။
မျက်စိရှေ့ရှိ လူငယ်လေး၏ စွမ်းအားမှာ ဤမျှအထိ အစွမ်းထက်နေပြီး သူ့ကို လုံးဝ လွှမ်းမိုး ချေမှုန်းနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
နတ်ဘုရား သားရဲ ထောက်ထျဲ့ ကို သိမ်းသွင်းနိုင်ခဲ့ရုံမျှမက ချီလင် ၏ စွမ်းအားကိုပါ ရရှိထားသေးလေသည်။
ဤသည်မှာ တကယ်ကို လွန်ကဲလွန်းလှပေသည်။
နတ်ဘုရား သားရဲ ဆိုတာ မင်း အိမ်မှာ မွေးထားတဲ့ အကောင်များ မှတ်နေသလား။
သာမန်လူများ အနေဖြင့် နတ်ဘုရား သားရဲ နှင့် အနည်းငယ် ပတ်သက်မှု ရှိရန်ပင် အလွန် ခက်ခဲလွန်းလှပေသည်။
ယခု မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဘုရား သားရဲ နှစ်ကောင်နှင့် ဆက်နွှယ်နေသူ ဖြစ်ရာ သူသည် မည်သို့သော တည်ရှိမှု မျိုးကို သွားရောက် ရန်စမိခဲ့သနည်း။
ထို့အပြင် ချီလင် မှာ ထောက်ထျဲ့ ထက်ပင် များစွာ ပိုမို အစွမ်းထက်သေးလေသည်။
ရှေးဟောင်း ခေတ်ကာလများ၏ ဧကရာဇ် တစ်ပါး ဖြစ်ရာ သေချာပေါက် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ဖူး"
ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ၏ နောင်တတရားများ ပြည့်နှက်နေသော အကြည့်များ အောက်တွင် ချီလင် ၏ ဧရာမ လက်သည်းကြီးသည် သူ၏ ကိုယ်ပေါ်ရှိ နောက်ထပ် ကာကွယ်ရေး မှော်လက်နက် တစ်ခုဖြစ်သော ရူးသွပ် ကြမ်းတမ်းသော ချပ်ဝတ် ကို ထပ်မံ ချေမွပစ်လိုက်လေသည်။
ထို့နောက် အဆုံးအစမဲ့သော မီးတောက်များသည် ကြီးမား ကျယ်ပြန့်သော မီးပင်လယ်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ကို ဖုံးလွှမ်းသွားလေတော့သည်။
သူနှင့်အတူ ဤ နန်းတော် ကြီးပါ ဖုံးလွှမ်း လောင်ကျွမ်းခံလိုက်ရလေသည်။
"အရမ်း အစွမ်းထက်တဲ့ မီးတောက် စွမ်းအား ပါလား"
"အဲဒါက ရှေးဟောင်း ဧကရာဇ် ချီလင် လား"
ယခုလေးတင် ပြေးလာသော ရှောင်ယန် မှာ နောက်ဆုံး တိုက်ပွဲ မြင်ကွင်းကို ကွက်တိ မြင်တွေ့လိုက်ရပြီး အမောတကော ဖြစ်နေလေသည်။
မောပန်းနေခြင်းလော သို့မဟုတ် ကြောက်လန့်နေခြင်းလော ဆိုသည်ကိုမူ သေချာ မသိနိုင်ချေ။
သူသည် မီးစွမ်းအင် ကို အဓိက လေ့ကျင့်သူ ဖြစ်ရာ ခုနက ကျိုးဟန် ထုတ်ဖော်လိုက်သော မီးတောက် များတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအားများ ကိန်းအောင်းနေသည်ကို ချက်ချင်းပင် သိမြင်လိုက်လေသည်။
အထူးသဖြင့် မီးချီလင် ၏ စွမ်းအားကို မြင်တွေ့လိုက်ရသဖြင့် ရှောင်ယန် မှာ အလွန်အမင်း အားကျနေမိလေသည်။
[တိုက်ပွဲဝင် သတိပေးချက်... သင်သည် တစ္ဆေ လမ်းစဉ် ဂိုဏ်း မှ ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်...
အတွေ့အကြုံရမှတ် တစ်သိန်းတစ်သောင်းငါးထောင် နှင့် လျှို့ဝှက်နယ်မြေ ရမှတ် တစ်ထောင့်ခြောက်ရာသုံးဆယ့်ခြောက် မှတ် ရရှိပါသည်...]
[ကျဆင်းလာသော ပစ္စည်းများ... သင်သည် ဘုရင်အဆင့် ဝတ်စုံ ငါးခု...
ဧကရာဇ်အဆင့် ဝတ်စုံ တစ်ခု...
ဧကရာဇ်အဆင့် မှော်ဆေးလုံး တစ်လုံး...
နတ်ဘုရားအဆင့် အရည်အသွေးရှိသော ကျွမ်းကျင်မှုစွမ်းရည် စာအုပ် တစ်အုပ် နှင့် ဧကရာဇ်အဆင့် ဝတ်စုံ အပိုင်းအစ အချို့ကို ရရှိပါသည်...]
စနစ် ၏ အသိပေးချက် နှင့်အတူ ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ၏ အလောင်း ထက်မှ ခရမ်းရွှေရောင် အလင်းတန်း တစ်ခု ဖြာထွက်လာပြီး အလွန် တောက်ပနေကာ အစွမ်းထက်သော အငွေ့အသက်များ ပြည့်နှက်နေလေသည်။
"ဘုရားရေ... ဒါက ဘယ်လို အရည်အသွေးမျိုး ကျလာတာလဲ"
"အရမ်း တောက်ပတဲ့ အလင်းရောင်ပဲ ပြီးတော့ ခရမ်းရွှေရောင် တဲ့... ဒီလို ထူးဆန်းတဲ့ အရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
ကက်သရင်း ၏ လှပသော မျက်လုံးလေးများ ကျုံ့ဝင်သွားပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။
ယခင်က သူမ မြင်တွေ့ဖူးသမျှ ကျဆင်းလာသော ပစ္စည်းများထဲတွင် ရွှေရောင် အလင်းတန်းများ တောက်ပနေသော ဧကရာဇ်အဆင့် အရည်အသွေးရှိသော ပစ္စည်းများမှာ အမြင့်ဆုံးဖြစ်ပြီး ၎င်းတို့ကိုပင် ကျိုးဟန် နှင့် အတူရှိနေစဉ်ကမှ မြင်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။
ယခု ခရမ်းရွှေရောင် အလင်းတန်းကို မြင်တွေ့လိုက်ရသဖြင့် ပြောနေစရာပင် မလိုဘဲ အရည်အသွေးမှာ သေချာပေါက် ပိုမို မြင့်မားမည် ဖြစ်လေသည်။
"ဒါ... ဒါက နတ်ဘုရားအဆင့် အရည်အသွေး ရှိတဲ့ ပစ္စည်းများလား"
ကက်သရင်း က သတိကြီးစွာဖြင့် မေးမြန်းလိုက်လေသည်။
"အင်း နင် ခန့်မှန်းတာ မှန်တယ်"
ကျိုးဟန် က ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်... သူ၏ ရင်ထဲတွင်လည်း အလွန် ပျော်ရွှင်နေပြီး မည်သို့ပင်ဆိုစေ နတ်ဘုရားအဆင့် အရည်အသွေးရှိသော ပစ္စည်း ကျဆင်းလာခြင်းမှာ အလွန် ကြည်နူးစရာ ကောင်းလှပေသည်။
အထူးသဖြင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ် တစ်အုပ် ပါဝင်လာခြင်းကြောင့် ပိုမို၍ပင် မျှော်လင့်စရာ ကောင်းနေလေသည်။
"ဝိုး တကယ်ကြီးလား"
"နတ်ဘုရားအဆင့် ဝတ်စုံ လား ဒါမှမဟုတ် မှော်လက်နက် လား"
ကျိုးဟန် ထံမှ အတည်ပြုချက်ကို ရရှိလိုက်သဖြင့် ကက်သရင်း မှာ ပါးစပ်လေးကို အုပ်ကာ အော်ဟစ်လိုက်လေသည်။
"ကျွမ်းကျင်မှုစွမ်းရည် စာအုပ် တစ်အုပ် ပါကွာ"
"ကျွမ်းကျင်မှုစွမ်းရည် စာအုပ် ဟုတ်လား... ခုနက အရိပ် ကိုယ်ပွား စွမ်းရည်များ ဖြစ်နေမလား"
ကက်သရင်း က ခန့်မှန်းလိုက်လေသည်။
"မသိသေးဘူးလေ မကြည့်ရသေးဘူး"
ကျိုးဟန် သည်လည်း ဤ စွမ်းရည်ကို အတော်လေး မျှော်လင့်နေမိလေသည်... ၎င်း၏ စွမ်းအား မည်မျှ ကြီးမားကြောင်းကို ဆိုလိုခြင်း မဟုတ်ပေ။
အဓိကအားဖြင့် အတော်လေး ကစားရ ကောင်းမွန်သောကြောင့် ပင်ဖြစ်သည်။
ကိုယ်ပွား များစွာကို ဆင့်ခေါ်ကာ ရန်သူကို အုပ်စုဖွဲ့ တိုက်ခိုက်ရမည့် ခံစားချက်ကို တွေးကြည့်ရုံဖြင့် အလွန် အရသာ ရှိလှပေသည်။
ကျိုးဟန် သည် စကားပြောပြီးနောက် ကိုယ်ကို လှည့်ကာ လေစွမ်းအင် များကို အသုံးပြု၍ ဧရာမ လက်ကြီး တစ်ခု ဖန်တီးလိုက်ပြီး ကျဆင်းလာသော ပစ္စည်းများကို တစ်ပြိုင်နက်တည်း သိမ်းဆည်းလိုက်လေသည်။
ထို့နောက် ရရှိလာသော အကျိုးအမြတ်များကို စတင် စစ်ဆေးရေတွက် လိုက်လေသည်။
မည်သို့ပင်ဆိုစေ ကြယ်နှစ်ပွင့် နတ်ဘုရားအဆင့် တည်ရှိမှု ဖြစ်ရာ ကျဆင်းလာသော ပစ္စည်းများမှာ အလွန် ကောင်းမွန်လှပေသည်။
၎င်းတို့ထဲတွင် ဧကရာဇ်အဆင့် အရည်အသွေးရှိသော ဝတ်စုံ အပိုင်းအစ အများအပြား ပါဝင်လေသည်။
ကျိုးဟန် သည် တစ်ချက်သာ ကြည့်ပြီးနောက် ကျော်သွားလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် အပိုင်းအစ အရေအတွက်မှာ ဝတ်စုံ အပြည့်အစုံ တစ်ခု ပေါင်းစပ်ရန် မလုံလောက်သဖြင့် သဘာဝကျကျပင် သူ အချိန်ဖြုန်းနေမည် မဟုတ်ချေ။
အချိန်တန်ပါက ဂိုဏ်းသား များကို အကုန်ပေးလိုက်ပြီး သူတို့ဘာသာ ဆက်လက် စုဆောင်းခိုင်းလိုက်မည်သာ ဖြစ်လေသည်။
ထို့နောက် ဧကရာဇ်အဆင့် မှော်ဆေးလုံး တစ်လုံး နှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ် တစ်အုပ် ကျန်ရှိနေလေသည်။
ကျိုးဟန် သည် ကျွမ်းကျင်မှုစွမ်းရည် စာအုပ်ကို အရင်ဆုံး ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေသည်။
မည်သို့ပင်ဆိုစေ ဤသည်မှာ နယ်မြေအရှင်သခင် ကို သတ်ဖြတ်ပြီးနောက် ပထမဆုံးအကြိမ် ကျဆင်းလာသော နတ်ဘုရားအဆင့် ပစ္စည်း ဖြစ်ရာ အလွန် မျှော်လင့်စရာ ကောင်းလှပေသည်။
အခန်း ၃၀၄ တစ္ဆေ အရိပ် ကိုယ်ပွား
"လခွမ်း တကယ်ကြီး တစ္ဆေ အရိပ် ကိုယ်ပွား ဆိုတဲ့ ကျွမ်းကျင်မှုစွမ်းရည် ဖြစ်နေတာပဲ"
ကျိုးဟန် သည် စစ်ဆေးကြည့်ပြီးနောက် မျက်နှာပေါ်တွင် ရူးသွပ်သော ဝမ်းသာမှုများ ထွက်ပေါ်လာလေသည်။
သူ၏ ကံကောင်းမှုမှာ သာမန် မဟုတ်ဘဲ သူ အလိုချင်ဆုံးသော ကျွမ်းကျင်မှုစွမ်းရည် စာအုပ်ကို တိုက်ရိုက် ရရှိသွားခဲ့ခြင်း ပင်ဖြစ်သည်။ ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ၏ ကိုယ်ပေါ်ရှိ ကျွမ်းကျင်မှုစွမ်းရည် များကို ကျိုးဟန် သည် ယခင်ကတည်းက စူးစမ်း စစ်ဆေးခဲ့ဖူးလေသည်။
တစ္ဆေ အရိပ် ကိုယ်ပွား နှင့် အခြားသော ကျွမ်းကျင်မှုစွမ်းရည် နှစ်ခုမှလွဲ၍ ကျန်သည့် စွမ်းရည်များကို ကျိုးဟန် အနေဖြင့် လေ့ကျင့် သင်ယူနိုင်စွမ်း မရှိချေ။
ထို့ကြောင့် ဤသည်မှာ သူ အလွန် စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်းလည်း ဖြစ်လေသည်။ ကျဆင်းလာသော ကျွမ်းကျင်မှုစွမ်းရည် ကို သူကိုယ်တိုင် အသုံးပြုနိုင်ရုံမျှမက အလွန် မိုက်မဲသော အရိပ် ကိုယ်ပွား စွမ်းရည် ဖြစ်နေသဖြင့် နောင်တွင် တိုက်ပွဲဝင်ရပါက သေချာပေါက် ပိုမို ပျော်စရာ ကောင်းလာမည် ဖြစ်လေသည်။
"တကယ်လား"
"ကျိုးဟန် နင့်ကို တကယ် အားကျတာပဲ"
"ဝိညာဉ် ငယ်သား တစ်သိန်းကို ဆင့်ခေါ်နိုင်ရုံတင် မကဘူး အခု အရိပ် ကိုယ်ပွား ကိုပါ သုံးလို့ ရနေပြီပဲ"
"နင်ကပဲ ဆင့်ခေါ် သိုင်းပညာရှင် လား ငါကပဲ ဆင့်ခေါ် သိုင်းပညာရှင် လား ဆိုတာကိုတောင် ငါ သံသယ ဝင်လာပြီ"
ကက်သရင်း က အနည်းငယ် စကားမပြောနိုင် ဖြစ်စွာဖြင့် ပြောလိုက်လေသည်။
နောင်တွင် ကျိုးဟန် သည် လူအင်အား လွှမ်းမိုးသည့် နည်းဗျူဟာ ကို အဆုံးစွန် အထိ ထုတ်ဖော် အသုံးပြုနိုင်တော့မည် ဖြစ်လေသည်။ ဤသည်က သူမကဲ့သို့ ဆင့်ခေါ် သိုင်းပညာရှင် တစ်ယောက်ကိုပင် အလွန်အမင်း အားကျသွားစေလေသည်။
မည်သို့ပင်ဆိုစေ ယခုအခါတွင် သူမသည် ဆင့်ခေါ် သတ္တဝါ အရေအတွက် တစ်ရာကိုသာ ဆင့်ခေါ်နိုင်စွမ်း ရှိရာ ကျိုးဟန် နှင့် ယှဉ်ပြိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
ဆင့်ခေါ်ထားသော ဝိညာဉ်သားရဲ များမှာ ဧကရာဇ်အဆင့် အရည်အသွေး ရှိကြသော်လည်း ကျိုးဟန် ၏ ထံတွင် အနည်းဆုံး နတ်ဘုရားအဆင့် အစွမ်းထက်သူ နှစ်ယောက် ရှိနေလေသည်။ ၎င်းတို့ထဲမှ တစ်ယောက်တည်း လှုပ်ရှားလိုက်လျှင်ပင် သူမ၏ ဝိညာဉ်သားရဲ တစ်ရာလုံးကို အလွယ်တကူ သတ်ဖြတ် ချေမှုန်းပစ်နိုင်မည် ဖြစ်လေသည်။
"ဟားဟားဟား"
ကျိုးဟန် သည် စိတ်နေစိတ်ထား အလွန် ကောင်းမွန်နေပြီး ပါးစပ်အဟောင်းသားဖြင့် ရယ်မောလိုက်ကာ တိကျသော အခြေခံစွမ်းရည် များကို တိုက်ရိုက် ဖွင့်လှစ် ကြည့်ရှုလိုက်လေသည်။
[တစ္ဆေ အရိပ် ကိုယ်ပွား]
[အရည်အသွေး - ကြယ်ငါးပွင့် နတ်ဘုရားအဆင့်]
[အမျိုးအစား - အထောက်အကူပြု ကျွမ်းကျင်မှုစွမ်းရည်]
[ဖော်ပြချက် - ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို ခွဲထုတ်ကာ အရိပ် ကိုယ်ပွား များအဖြစ် ဖန်တီးနိုင်သော ထူးဆန်းသည့် ကျွမ်းကျင်မှုစွမ်းရည် တစ်ခု ဖြစ်ပါသည်... အရိပ် ကိုယ်ပွား များ၏ ရုပ်ရည် အသွင်အပြင် နှင့် အရှိန်အဝါ တို့မှာ အစစ်အမှန် ခန္ဓာကိုယ် နှင့် အတိအကျ တူညီနေပြီး သာမန် နည်းလမ်းများဖြင့် ခွဲခြား သိမြင်နိုင်ရန် အလွန် ခက်ခဲလှပါသည်...]
[အကျိုးသက်ရောက်မှု - အရိပ် ကိုယ်ပွား အရေအတွက် တစ်သောင်း ကို ဆင့်ခေါ်နိုင်ပြီး အစစ်အမှန် ခန္ဓာကိုယ် သည် ထို အရိပ် ကိုယ်ပွား များကြားတွင် အဆက်မပြတ် နေရာ ပြောင်းရွှေ့နိုင်စွမ်း ရှိကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းခြင်း... ရန်သူကို ချုံခို တိုက်ခိုက်ခြင်း နှင့် ထွက်ပြေး လွတ်မြောက်ခြင်း စသည့် အကျိုးသက်ရောက်မှု များကို ရရှိစေနိုင်ပါသည်...]
[ရှင်းလင်းချက် - ဆင့်ခေါ်ထားသော အရိပ် ကိုယ်ပွား တစ်ခုစီတိုင်းသည် အစစ်အမှန် ခန္ဓာကိုယ် စွမ်းအား၏ တစ်သိန်းပုံ တစ်ပုံကို ပိုင်ဆိုင်ထားပါသည်... ဆိုလိုသည်မှာ အစစ်အမှန် ခန္ဓာကိုယ် စွမ်းအား၏ ၁၀ ရာခိုင်နှုန်းကို အရိပ် ကိုယ်ပွား များ အားလုံး အပေါ်သို့ ပျမ်းမျှ ခွဲဝေ ပေးအပ်ထားခြင်း ဖြစ်ပါသည်... အရိပ် ကိုယ်ပွား များ တည်ရှိနိုင်သော အမြင့်ဆုံး အချိန်မှာ မိနစ်သုံးဆယ် ဖြစ်ပါသည်...]
[ကန့်သတ်ချက် - ဤ ကျွမ်းကျင်မှုစွမ်းရည် ကို လေ့ကျင့် သင်ယူမည့်သူ၏ ဝိညာဉ် ကြံ့ခိုင်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ အလွန် အားနည်းလွန်းနေပါက လေ့ကျင့်ပြီးနောက် ရုတ်တရက် သေဆုံးသွားနိုင်ခြေ ရှိသဖြင့် သတိကြီးစွာဖြင့် ကိုင်တွယ် အသုံးပြုပါ...]
ဖတ်ရှုပြီးနောက် ကျိုးဟန် သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ ပထမဆုံး အနေဖြင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ်၏ အရည်အသွေးမှာ ကြယ်ငါးပွင့် နတ်ဘုရားအဆင့် သို့ ရောက်ရှိနေခြင်းမှာ အလွန် အားရကျေနပ်စရာ ကောင်းလှပေသည်။
အကျိုးသက်ရောက်မှု အပိုင်းတွင် အရိပ် ကိုယ်ပွား အရေအတွက် တစ်သောင်းကို ဆင့်ခေါ်နိုင်ပြီး နေရာ အဆက်မပြတ် ပြောင်းရွှေ့နိုင်ခြင်းမှာ တကယ်ကို လက်တွေ့ အသုံးကျလွန်းလှပေသည်။
ဥပမာအားဖြင့် များပြားလှသော တစ်ဦးတည်း ပစ်မှတ်ထား တိုက်ခိုက်မှု များနှင့် ကြုံတွေ့ရချိန်တွင် ဤနည်းလမ်းကို အသုံးပြု၍ အစစ်အမှန် ခန္ဓာကိုယ် နှင့် ကိုယ်ပွား များ၏ နေရာများကို ပြောင်းရွှေ့ကာ ထိခိုက်မှုများကို ရှောင်တိမ်းနိုင်မည် ဖြစ်လေသည်။
သေချာပေါက် ရန်သူများကို ချုံခို တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်လေသည်။ ရန်သူ၏ အနီးအနားသို့ ကိုယ်ပွား အချို့ကို စေလွှတ်၍ ပုန်းကွယ်ထားပြီး အားနည်းချက် ပြသလာသည်နှင့် တစ်ပြိုင်နက် အသက်အန္တရာယ် ပေးနိုင်သော တိုက်ခိုက်မှုကို စတင် လုပ်ဆောင်နိုင်မည် ဖြစ်လေသည်။
ထွက်ပြေး လွတ်မြောက်ခြင်း နှင့် ပတ်သက်၍မူ ပိုမို နားလည်ရ လွယ်ကူလှပေသည်။ တိုက်ပွဲ မစတင်မီ ကိုယ်ပွား တစ်ခုကို အဝေး တစ်နေရာတွင် ပုန်းကွယ်ထားခိုင်းပြီး အကယ်၍ မယှဉ်ပြိုင်နိုင်ပါက ချက်ချင်းပင် လွတ်မြောက်သွားနိုင်သဖြင့် အလွန် အဆင်ပြေလှပေသည်။
သို့သော် ဤကဲ့သို့ ကိုယ်ပွား များကို ထိန်းချုပ်ရာတွင် သေချာပေါက် အကွာအဝေး ကန့်သတ်ချက် တစ်ခုခု ရှိနေမည်ဟု ကျိုးဟန် တွေးတောမိလေသည်။
ထိုသို့မဟုတ်ပါက ၎င်းမှာ လွန်ကဲလွန်းလှပြီး ဘာမျှ လုပ်ဆောင်စရာ မလိုဘဲ ဘေးကင်းလုံခြုံသော နေရာတွင်သာ နေထိုင်ကာ ကိုယ်ပွား များကိုသာ အပြင်သို့ စွန့်စားခိုင်းမည် ဆိုပါက လုံးဝ ဖြေရှင်း၍ မရနိုင်သော ပြဿနာ ဖြစ်သွားမည် မဟုတ်ပါလား။
ထို့ကြောင့် ဖော်ပြချက်တွင် အကွာအဝေး ကန့်သတ်ချက် ရှိသည်ဟု မပြောထားသော်လည်း သေချာပေါက် ရှိနေမည်ကို ကျိုးဟန် ကောင်းစွာ သိရှိထားလေသည်။ မည်မျှအထိ ဝေးကွာသော အကွာအဝေး ကို ကန့်သတ်ထားသည် ဆိုသည်ကိုမူ နောင်တွင် လက်တွေ့ အသုံးပြုရင်းနှင့်သာ စမ်းသပ် ရှာဖွေရမည် ဖြစ်လေသည်။
ထို့နောက် အရိပ် ကိုယ်ပွား များ၏ စွမ်းအား ပြဿနာ ဖြစ်လေသည်။ အရိပ် ကိုယ်ပွား တစ်သောင်း သည် အစစ်အမှန် ခန္ဓာကိုယ် ၏ ၁၀ ရာခိုင်နှုန်းသော စွမ်းအားကို မျှဝေ သုံးစွဲရမည်ဖြစ်ရာ ကိုယ်ပွား တစ်ခုစီတိုင်း၏ စွမ်းအားမှာ တစ်သိန်းပုံ တစ်ပုံသာ ရှိသဖြင့် ထုတ်ဖော်နိုင်မည့် စွမ်းအားမှာ အလွန် ကန့်သတ်ချက် ရှိနေလေသည်။
သို့သော် ဤ ကျွမ်းကျင်မှုစွမ်းရည် ၏ အကြီးမားဆုံးသော အားသာချက်မှာ နေရာ ပြောင်းရွှေ့နိုင်ခြင်း ဖြစ်ရာ အရိပ် ကိုယ်ပွား များ၏ စွမ်းအား အနည်းငယ် အားနည်းနေခြင်းမှာ မည်သို့မျှ သက်ရောက်မှု မရှိချေ။ ကိုယ်ပွား များဖြင့် ရန်သူကို အုပ်စုဖွဲ့ တိုက်ခိုက်ရန် မျှော်လင့်ထားခြင်းမျိုး မဟုတ်ပါလား။
နောက်ဆုံး အနေဖြင့် ဤ ကျွမ်းကျင်မှုစွမ်းရည် စာအုပ်ကို လေ့ကျင့် သင်ယူရန် လိုအပ်ချက်များနှင့် ကန့်သတ်ချက်များ ပင်ဖြစ်သည်။
"ငါ့ရဲ့ ဝိညာဉ် ကြံ့ခိုင်မှု ကတော့ သတ်မှတ်ချက်ကို မှီလောက်မှာပါ"
"ငါက အစွန်းရောက် သန့်စင်ခြင်း အဆင့်ကို ရောက်နေပြီပဲဟာ မသေနိုင်တဲ့ ဝိညာဉ် အဆင့်နဲ့ဆို တစ်ဆင့်ပဲ ကွာတော့တာကို"
ကျိုးဟန် က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။
အကယ်၍ သူ၏ ဤမျှ အစွမ်းထက်သော ဝိညာဉ်စွမ်းအား မျိုးဖြင့်ပင် လေ့ကျင့် သင်ယူ၍ မရနိုင်ပါက ဤ ကျွမ်းကျင်မှုစွမ်းရည် စာအုပ်၏ သင်ယူနိုင်မှု သတ်မှတ်ချက်မှာ တကယ်ကို မြင့်မားလွန်းလှပေသည်။
"နင် ရယ်နေတာ အရမ်း ပျော်နေတဲ့ ပုံပဲ"
"ဒီ ကျွမ်းကျင်မှုစွမ်းရည် က နင့်ကို အတော်လေး သဘောကျသွားစေတာလား"
ကက်သရင်း က ပြုံးကာ မေးလိုက်လေသည်။
"ဒါပေါ့ အရမ်း စိတ်ဝင်စားဖို့ ကောင်းတဲ့ ကျွမ်းကျင်မှုစွမ်းရည် တစ်ခုပဲ"
"ဒါပေမဲ့ ဆက်ပြီးတော့ ဒီထက် ပိုအစွမ်းထက်လာအောင် ငါ လုပ်လိုက်ဦးမယ်"
ကျိုးဟန် က ပြောလိုက်လေသည်။
"နင့်ရဲ့ ဆုတောင်း မွေးရာပါ စွမ်းရည် ကို ထုတ်သုံးတော့မလို့လား"
ကက်သရင်း ၏ လှပသော မျက်လုံးလေးများ တောက်ပသွားလေသည်။ မည်သို့ပင်ဆိုစေ သူမ၏ ဝိညာဉ်သားရဲ ဆင့်ခေါ်ခြင်း ကျွမ်းကျင်မှုစွမ်းရည် စာအုပ်မှာလည်း ကျိုးဟန် ၏ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများကို အသုံးပြု၍ အဆင့်မြှင့်တင်ပြီးနောက် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လာခဲ့ကာ သူမကို ဧကရာဇ်အဆင့် တံခါးဝသို့ တိုက်ရိုက် ရောက်ရှိသွားစေခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ယခုအချိန်တွင် သူမသည် အလွန်အမင်း စပ်စုလိုစိတ်များ ဖြစ်ပေါ်နေပြီး သူမ၏ မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်နေကာ မည်သို့သော ကောင်းကင်ဖီဆန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်ကို မသိရှိနိုင်ချေ။
"ဟက် ဆုတောင်း တာလား"
ကျိုးဟန် သည် ပြုံးလိုက်လေသည်။ ယခင်က သူ၏ မွေးရာပါ စွမ်းရည်မှာ ဆုတောင်း ခြင်း ဖြစ်သည်ဟု လျှောက်ပြောခဲ့သည်ကို ကက်သရင်း က တကယ် အတည်မှတ်ထားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ဟုတ်တယ် တစ္ဆေ အရိပ် ကိုယ်ပွား က ပိုပြီး အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှုတွေ ရလာအောင် အခု ငါ ဆုတောင်း လိုက်မယ်"
ကျိုးဟန် သည် စကားပြောဆိုရင်း သူ၏ ရင်ထဲတွင် အဆင့်မြှင့်တင်ရန် တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
[အသိပေးချက်... သင်သည် မွေးရာပါ စွမ်းရည်... အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း ကို အသုံးပြုကာ ကြယ်ငါးပွင့် နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် ဖြစ်သော တစ္ဆေ အရိပ် ကိုယ်ပွား ကို ဆယ်ကြိမ် အဆင့်မြှင့်တင်ခြင်း အောင်မြင်သွားပါပြီ... အခြေခံစွမ်းရည် အသစ်များကို ဖန်တီး ပြီးစီးသွားပြီ ဖြစ်သဖြင့် ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ...]
စနစ် ၏ အသိပေးချက်ကို ကြားလိုက်ရချိန်တွင် ကျိုးဟန် သည် အချက်အလက် မျက်နှာပြင် ကို ဖွင့်လှစ်လိုက်ရာ သက်ဆိုင်ရာ အခြေခံစွမ်းရည် များမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။
[တစ္ဆေ အရိပ် ကိုယ်ပွား (၁၀ ကြိမ်မြှင့်)]
[အရည်အသွေး - ကြယ်ငါးပွင့် နတ်ဘုရားအဆင့်]
[အမျိုးအစား - အထောက်အကူပြု ကျွမ်းကျင်မှုစွမ်းရည်]
[ဖော်ပြချက် - ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို ခွဲထုတ်ကာ အရိပ် ကိုယ်ပွား များအဖြစ် ဖန်တီးနိုင်သော ထူးဆန်းသည့် ကျွမ်းကျင်မှုစွမ်းရည် တစ်ခု ဖြစ်ပါသည်... အရိပ် ကိုယ်ပွား များ၏ ရုပ်ရည် အသွင်အပြင် နှင့် အရှိန်အဝါ တို့မှာ အစစ်အမှန် ခန္ဓာကိုယ် နှင့် အတိအကျ တူညီနေပြီး သာမန် နည်းလမ်းများဖြင့် ခွဲခြား သိမြင်နိုင်ရန် အလွန် ခက်ခဲလှပါသည်...]
[အကျိုးသက်ရောက်မှု - အရိပ် ကိုယ်ပွား အရေအတွက် ဆယ်ခု မှ တစ်သောင်း အထိ ဆင့်ခေါ်နိုင်ပြီး အစစ်အမှန် ခန္ဓာကိုယ် သည် ထို အရိပ် ကိုယ်ပွား များကြားတွင် အဆက်မပြတ် နေရာ ပြောင်းရွှေ့နိုင်စွမ်း ရှိကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းခြင်း... ရန်သူကို ချုံခို တိုက်ခိုက်ခြင်း နှင့် ထွက်ပြေး လွတ်မြောက်ခြင်း စသည့် အကျိုးသက်ရောက်မှု များကို ရရှိစေနိုင်ပါသည်...]
[ရှင်းလင်းချက် - ဆင့်ခေါ်ထားသော အရိပ် ကိုယ်ပွား အရေအတွက် အပေါ် မူတည်၍ ကိုယ်ပွား များ၏ စွမ်းအားကို ချိန်ညှိနိုင်ပါသည်... ကိုယ်ပွား များ၏ စွမ်းအား ကန့်သတ်ချက်မှာ ငါးထောင်ပုံ တစ်ပုံ မှ ၇၀ ရာခိုင်နှုန်း အထိ ဖြစ်ပြီး အရိပ် ကိုယ်ပွား များ တည်ရှိနိုင်သော အမြင့်ဆုံး အချိန်မှာ မိနစ်ရှစ်ဆယ် ဖြစ်ပါသည်...]
[ကန့်သတ်ချက် - ဤ ကျွမ်းကျင်မှုစွမ်းရည် ကို လေ့ကျင့် သင်ယူမည့်သူ၏ ဝိညာဉ် ကြံ့ခိုင်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ အလွန် အားနည်းလွန်းနေပါက လေ့ကျင့်ပြီးနောက် ရုတ်တရက် သေဆုံးသွားနိုင်ခြေ ရှိသဖြင့် သတိကြီးစွာဖြင့် ကိုင်တွယ် အသုံးပြုပါ...]
"တကယ်ပဲ ပိုအစွမ်းထက်လာတာပဲ"
"ပြီးတော့ တိုးလာတဲ့ အကျိုးသက်ရောက်မှုတွေကလည်း တကယ်ကို မဆိုးဘူးပဲ"
အချက်အလက် မျက်နှာပြင် ပေါ်ရှိ ဖော်ပြချက်များကို ကြည့်ကာ ကျိုးဟန် သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။
အကြမ်းဖျင်း သုံးသပ်ကြည့်မည် ဆိုပါက ပိုမို အစွမ်းထက်လာခြင်းမှာ အပိုင်း သုံးပိုင်းတွင် ထင်ဟပ်နေလေသည်။
ပထမ အချက်မှာ ဆင့်ခေါ်နိုင်သော အရိပ် ကိုယ်ပွား များကို မိမိ၏ စိတ်ကူး အပေါ် မူတည်၍ ဆင့်ခေါ်မည့် အရေအတွက်ကို ချိန်ညှိနိုင်ခြင်း ပင်ဖြစ်သည်။
ယခင်က ပုံသေ အရိပ် ကိုယ်ပွား တစ်သောင်း ဖြစ်သော်လည်း ယခုအခါ အရေအတွက်မှာ ဆယ်ခု မှ တစ်သောင်း အထိ ဖြစ်လေသည်။ ဤသို့ဆိုပါက တိုက်ပွဲ အခြေအနေ အပေါ် မူတည်၍ အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်သည်။ တစ်ခါတစ်ရံတွင် လူများတိုင်း အမြဲတမ်း ကောင်းမွန်သည်ဟု မဆိုနိုင်ချေ။
ဒုတိယ အချက်မှာ ကိုယ်ပွား များ၏ စွမ်းအား အများအပြား မြင့်တက်လာခြင်း ဖြစ်လေသည်။ ယခင်က ကိုယ်ပွား ၏ စွမ်းအားမှာ တစ်သိန်းပုံ တစ်ပုံသာ ရှိသော်လည်း ယခုအခါတွင် စွမ်းအား အပိုင်းအခြား တစ်ခု အဖြစ် မြင့်တက်သွားပြီး ငါးထောင်ပုံ တစ်ပုံ မှ ၇၀ ရာခိုင်နှုန်း အထိ ဖြစ်လေသည်။