← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) - ကြောက်စရာ ကောင်းလိုက်တာ။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ဆရာကြီးကော်၏ စကားကို ကြားလိုက်ရချိန်တွင် ဆိုင်ရှင်ချင် တစ်ယောက် မျက်လုံးပြူးသွားရသည်။

“နောင်တော်ကြီး ပြောသလို သတ္တုသား အတွင်းပိုင်းမှာ လိုင်းကြောင်းတွေ ဖြစ်ပေါ်နေတယ်ဆိုရင် ဒါက ဒုတိယအဆင့် လက်နက်သွန်းလုပ်ရေး ပညာရှင်တွေမှ လုပ်နိုင်တဲ့ အဆင့်လေ။”

“မဖြစ်နိုင်တာ။”

ဆိုင်ရှင်လီလည်း လန့်သွား၏။

ဒုတိယအဆင့် ဆိုသည်မှာ နိမ့်သည်ဟု ထင်ရသော်လည်း လက်နက်သွန်းလုပ်ခြင်း လောကတွင် တော်တော် မြင့်မားသည့် အဆင့်အတန်း ဖြစ်၏။ လေယင်မြို့ တစ်မြို့လုံးတွင် လက်နက်သွန်းလုပ်သူ ထောင်ချီ ရှိသော်လည်း ဒုတိယအဆင့် ရောက်သည့်သူမှာ လက်တစ်ဖက်စာပင် မပြည့်ချင်ပေ။

“ဟုတ်တယ်... ဒါကြောင့် ငါလည်း သံသယ ဖြစ်နေတာ။”

ဆရာကြီးကော်က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်နေသည်။

“အဓိကအချက်က ဒီကောင်လေး ဘာမှ ထွေထွေထူးထူး လုပ်တာ မမြင်ရဘူး။ တစ်ခုတည်းသော ထူးခြားချက်က သူ ထည့်လိုက်တဲ့ မြေအောက်ငွေရည်ချဉ်ဆီဆိုတဲ့ အရည်ပဲ။ အဲဒီအရာက မီးအားမြှင့် စက်ကွင်းနဲ့ ပေါင်းစပ်ပြီး သံမဏိအတွင်းပိုင်းမှာ လိုင်းကြောင်းတွေ ဖြစ်အောင် လုပ်ပေးလိုက်တာ ဖြစ်မယ်။ မဟုတ်ရင်တော့ ငါ့ခေါင်းကို ဖြတ်ပေးရဲတယ်... ဒီကောင်လေးရဲ့ အရည်အချင်းနဲ့ မဖြစ်နိုင်ဘူး။”

တစ်ဖက်တွင်မူ ရှောင်ပေါင်၏ ဒယ်အိုး စီမံကိန်း ပြီးဆုံးလုနီးပါး ဖြစ်နေချေပြီ။ သူ့မျက်စိနှင့် မမြင်ရသော်လည်း အဘိုးကြီး ယင်းကျိုယို ပြောပြချက်အရ ဒယ်အိုးအတွင်းပိုင်းတွင် မီးတောက်စက်ကွင်း၏ လမ်းကြောင်းများ ပြည့်နှက်နေပြီ ဖြစ်သည်။ ဤသည်ကို မီးနှင့် သံမဏိ ပေါင်းစပ်ခြင်း ဟု ခေါ်ပေသည်။

“ဟားဟား... ပြီးပြီလား အဘိုး။”

ရှောင်ပေါင်က သံမဏိ ဒယ်အိုးကြီးကို မီးဖိုထဲမှ ဆွဲထုတ်ရင်း စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“အင်း... မဆိုးဘူး... ရပြီလို့ ပြောလို့ ရတယ်။”

ယင်းကျိုယိုက လမ်းညွှန်လိုက်သည်။ “အခု အပူရှိန် ကောင်းနေတုန်း ဘေးဘောင်တွေကို ညှိလိုက်။ ပြီးရင် ပိုနေတဲ့ သံမဏိ အပိုင်းအစတွေနဲ့ လက်ကိုင်ရိုး လုပ်ပြီး တပ်လိုက်တော့။”

ညဉ့်နက်နေပြီ ဖြစ်သော်လည်း ပရိသတ်ကြီးက ပြန်မသွားကြသေးပေ။ ဗိုက်ဆာနေကြပြီ ဖြစ်သော်လည်း ဤမျှလောက် ထူးဆန်းသည့် သံမဏိ ဒယ်အိုးကြီး၏ နောက်ဆုံး ရလဒ်ကို မြင်ဖူးချင်ကြသေး၏။ ဘေးဘောင် ညှိသည် ဆိုသည်မှာ ပန်းပဲဆရာများအတွက် အထူးအဆန်း မဟုတ်ပေ။

သို့ပေမည့် သံမဏိကို ညှိရသည်ကတော့ တစ်ခါမှ မကြုံဖူးသည့် အလုပ် ဖြစ်သည်။ သံမဏိက မာကျောလွန်းသောကြောင့် အပူပေးထားသည်ကိုတောင် ရှောင်ပေါင်မှာ သံစားတံ နှစ်ချောင်းလောက် ကျိုးသွားမှ အနားသတ် ညှိလို့ ပြီး၏။ ပိုနေသည့် သံမဏိ အပိုင်းအစများကို ပြန်စု၊ မီးဖိုထဲ ပြန်ထည့်၊ တုတ်ချောင်းပုံစံ ထုပြီးနောက် ဒယ်အိုးတွင် တပ်လိုက်သည်။

တကယ်တမ်းတော့ လက်ကိုင်ရိုးကနေ အပူကူးလာမည်ကို ရှောင်ပေါင် စိုးရိမ်မိသေး၏။ သို့ပေမည့် အဘိုးက အာမခံထား၏။ “မပူနဲ့... လက်ကိုင်ရိုးမှာ အပူကာကွယ်မဲ့ ပစ္စည်းတွေ အများကြီး ရှိတယ်။ အခု ဒီအတိုင်း တပ်လိုက်ရင် ပိုခိုင်ခံ့တယ်။”

နောက်ဆုံးတွင်မူ အရာအားလုံး ပြီးစီးသွားခဲ့ချေပြီ။ ရှောင်ပေါင် ရှေ့တွင် မည်းနက်တောက်ပြောင်နေသည့် ဒယ်အိုးကြီး တစ်လုံး ပေါ်ထွက်လာသည်။ ဟုန်ရှောင်ပေါင်၏ လက်ရာမှာ သိပ်မသေသပ်သလို ဘာပန်းခက်၊ ပန်းနွယ်မျှလည်း မပါသောကြောင့် ကြည့်လိုက်လျှင်တော့ တကယ့်ကို ရိုးရှင်းလွန်းသည့် မည်းတူးနေသော ဒယ်အိုးကြီး တစ်လုံးပင် ဖြစ်သည်။

“ဟားဟားဟား... အောင်မြင်ပြီဟေ့။”

ဟုန်ရှောင်ပေါင် ပျော်လွန်း၍ ကခုန်ချင်စိတ် ပေါက်သွားသည်။ ဒယ်အိုးကို သွားကိုင်ချင်သော်လည်း အပူရှိန် မသေသေးသောကြောင့် လက်ပိုက်ကြည့်နေရ၏။

“ဟေ့... လက်နက် စမ်းသပ်ချိန် ရောက်ပြီ။”

“အဲ... မှားလို့... ဒယ်အိုး စမ်းသပ်ချိန် ရောက်ပြီ။”

“လုပ်လေ... လုပ်လေ... စမ်းသပ်ကြည့်ရအောင်။”

ပန်းပဲဆရာတွေ အားလုံး အော်ဟစ်လိုက်ကြသည်။

ပုံမှန်အားဖြင့် လက်နက်တစ်ခု လုပ်ပြီးလျှင် စမ်းသပ်ခြင်း လုပ်ရသည်။ ဓားဆိုလျှင် ထက်မထက်၊ ဒိုင်းဆိုလျှင် မာမမာ စမ်းသပ်ရ၏။ ယခုဟာက ဒယ်အိုး ဆိုတော့ ထက်၊ မထက် စမ်းစရာ မလို၊ မာကျောမှု ကိုသာ စမ်းသပ်ရတော့မည်။ စမ်းသပ်ပုံက ရိုးရှင်းလှ၏။ ဒယ်အိုးကို သံပေတုံး နှစ်ခုကြား တင်ထားပြီး အပေါ်မှနေ၍ တူကြီးဖြင့် ထုခွဲရုံပင်။

“နေပါအုံး အဘိုး... အခုထိ ဒယ်အိုးက အပူ မသေသေးဘူးနော်။ ဒီအချိန်မှာ ထုလိုက်ရင် ရွဲ့စောင်းသွားမှာ မစိုးရိမ်ရဘူးလား။” ရှောင်ပေါင် စိတ်ပူစွာ မေးလိုက်သည်။

“သောက်ရူးလေး... ဒါ သံမဏိကွ။”

ယင်းကျိုယိုက အထင်သေးစွာ ပြောလိုက်၏။

“ပြီးတော့ အတွင်းပိုင်းမှာ စက်ကွင်းလိုင်းကြောင်းတွေနဲ့ ဖွဲ့စည်းထားတာ။ ဒီကောင်တွေ အကုန်ပေါင်းပြီး ထုရင်တောင် ခြစ်ရာ တစ်ချက် ထင်မှာ မဟုတ်ဘူး။”

“ဒါဆိုရင်တော့ ပြဿနာရှာလို့ ရပြီပေါ့... ငှဲ ငှဲ။”

အဘိုး၏ အာမခံချက် ရသည်နှင့် ရှောင်ပေါင် မျက်နှာပြောင်တိုက်ဖို့ အဆင်သင့် ဖြစ်သွားသည်။ ပရိသတ်ဘက် လှည့်ပြီး မောက်မာစွာ စိန်ခေါ်လိုက်၏။

“လာလေ... စမ်းချင်ရင် စမ်းကြ... ခင်ဗျားတို့ သဘောပဲ။”

အားလုံးက ဤအခွင့်အရေးကို စောင့်နေကြခြင်း ဖြစ်သည်။ သံမဏိ သတ်သတ်ဖြင့် လုပ်ထားသည့် လက်နက်... အဲ... ဒယ်အိုးကို တစ်ခါလောက်တော့ ထုကြည့်ချင်ကြသည်။

လူသန်ကြီး နှစ်ယောက်က ပေါင် ငါးရာ လောက် လေးသည့် သံပေတုံးကြီး နှစ်တုံးကို သယ်လာပြီး နေရာချလိုက်သည်။ ဒယ်အိုးကို အလယ်တွင် တင်လိုက်၏။ ခန္ဓာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့် လူတစ်ယောက် က တူကြီးကို ထမ်းပြီး ရှေ့ထွက်လာသည်။ သူက ရှောင်ပေါင်ကို စိုက်ကြည့်ပြီး အသိပေး၏။

“ငါ အားမနာဘဲ ထုမှာနော်... ကွဲသွားရင် လျော်ကြေး မပေးနိုင်ဘူး။”

“ဟားဟား... ခင်ဗျား ထုလို့ ကွဲသွားရင် လျော်ကြေး မလိုဘူး၊ ဝိညာဉ်ကျောက်တုံး ငါးဆယ်တောင် ထပ်ဆုချလိုက်အုံးမယ်။” ဟုန်ရှောင်ပေါင်က ရယ်မောလိုက်သည်။

“ကောင်းပြီလေ... ကြည့်ထား။”

ထိုလူ လက်ဝါးနှစ်ဖက်ကို တံတွေးဆွတ်လိုက်၏။ ခြေကို မြဲမြဲရပ်၊ ခါးကို ကော့၊ တူကြီးကို မိုးပေါ် မြှောက်တင်လိုက်ပြီး အားကုန် လွှဲရိုက်ချလိုက်သည်။

ဒုန်း။

နားကွဲမတတ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

ကြည့်နေသူ အားလုံး နားပိတ်လိုက်ရ၏။ တူကြီးက ပြန်ကန်ထွက်သွားပြီး သံပေတုံးအောက်မှ ဖုန်မှုန့်များ ထောင်းခနဲ ထကြွလာသည်။

“ဘယ်လိုလဲ... ဘယ်လိုလဲ။”

ဖုန်မငြိမ်ခင်မှာပင် ပန်းပဲဆရာတွေ ပြေးကြည့်ကြ၏။

“အားပါးပါး... ကောင်းလိုက်တာ။”

ရှေ့ဆုံးက လူတွေ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အောက်က သံပေတုံးကြီးပင် အရာခွက်သွား၏။ သို့ပေမည့် ဒယ်အိုးကတော့ ပိန်မသွားသည့်အပြင် ခြစ်ရာ တစ်ချက်မျှ မထင်ချေ။

ပန်းပဲဆရာ တစ်ယောက်က စိတ်လှုပ်ရှားပြီး ဒယ်အိုးကို သွားစမ်းလိုက်မိသည်။

“အား... ကျွတ် ကျွတ်... အမလေး ပူလိုက်တာဗျ။”

လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ရ၏။

“ကောင်းကင်ဘုံ ... ခြစ်ရာတောင် မထင်ပါလား။ အပူ မသေသေးတာတောင် ဒီလောက် မာကျောနေရင် အအေးခံပြီးရင် ဘယ်လောက်တောင် မာလိုက်မလဲ။ သံမဏိအစစ် ဆိုတာ ဒါမျိုးကိုး... တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ နှမြောစရာ ကောင်းလိုက်တာကွာ... ဒီလို ပစ္စည်းမျိုးနဲ့ ဓားလုပ်လိုက်ရင် နတ်လက်နက် ဖြစ်လာမှာ သေချာတယ်။”

လူအုပ်ကြီးက ဒယ်အိုးကို ကြည့်ပြီး နှမြောတသ ဖြစ်နေကြသည်။

“ဖယ်စမ်း... ငါ တစ်ချက်လောက် ထုကြည့်မယ်။”

နောက်ထပ် လူသန်ကြီး တစ်ယောက် ထွက်လာ၏။ သူ့လက်ထဲတွင်တော့ ထိပ်ချွန်ပါသည့် တူကြီးကို ကိုင်ထားသည်။ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

“ဟေ့လူ... ထိပ်ချွန်တူကြီးနဲ့ကတော့ လွန်လွန်းတယ် ထင်တယ်။”

“ဟုတ်တယ်... ဒါက ကျောက်ခွဲတဲ့ နေရာမှာ သုံးတာလေ။”

“ဘာဖြစ်လဲကွ... ဒီဒယ်အိုးက ဒိုင်းလွှာနဲ့ တူတူပဲလေ။ ဒိုင်းလွှာကို စမ်းသပ်ရင် ထိပ်ချွန်တူနဲ့ပဲ စမ်းရတာ မဟုတ်လား။”

ထိုလူက ဂရုမစိုက်ချေ။ ဟုန်ရှောင်ပေါင်ကို တစ်ချက်ကြည့်ပြီး တူကို မြှောက်လိုက်သည်။

“သွားစမ်း။”

ဂွမ်း။

နောက်ထပ် နားကွဲမတတ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ သံပေတုံးကြီး ထပ်ပြီး တုန်ခါသွား၏။ ဖုန်တွေ ငြိမ်သွားတော့ လူတွေ ပြေးကြည့်ကြပြန်၏။

“ကောင်းတယ်ဟေ့ ... အစက်အပျောက်ရာလေးတောင် မကျန်ဘူး။”

“ဒါ သဘာဝ လွန်နေပြီ... ခင်ဗျားတို့ နှစ်ယောက် အားလျော့ပြီး ထုလိုက်တာများလား။”

“မင်း ကန်းနေတာလား... အောက်က သံပေတုံးကြီးတောင် တစ်လက်မလောက် ချိုင့်ဝင်သွားတာ မမြင်ဘူးလား။ အဲဒါ အားလျော့ထားတာလား... မင်း လာထုကြည့်ပါလား။”

“ဒီဒယ်အိုးရဲ့ မာကျောမှုက နတ်လက်နက် အဆင့်ကို ရောက်နေပြီ။”

လူလတ်ပိုင်းအရွယ် ပန်းပဲဆရာ တစ်ယောက်က ခေါင်းခါယမ်းလိုက်မိသည်။ “ပေါင် တစ်ရာ လေးတဲ့ ထိပ်ချွန်တူနဲ့ ထုတာတောင် အရာမထင်ဘူး ဆိုတော့ ကြောက်စရာ ကောင်းလိုက်တာ။”

“ဟော... ဆရာကြီးကော်။”

ဆရာကြီးကော်လည်း စမ်းချင်လို့လား။

လူအုပ်ကြီး အနောက်ကို လှည့်ကြည့်လိုက်ကြ၏။ လေယင်မြို့၏ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ပညာရှင်ကြီး ရှေ့ထွက်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

All Chapters