အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) - လက်နက် … လက်နက် သွေးကြော ဟုတ်လား။
ဆရာကြီးကော် လျှောက်လာသည်ကို မြင်ချိန်တွင် လူအုပ်ကြီးသည် အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။ ဆရာကြီးကော်၏ မျက်နှာထားက လေးနက်နေ၏။ သူက သံမဏိ ဒယ်အိုးကို စိုက်ကြည့်လိုက်၊ ဟုန်ရှောင်ပေါင်ကို လှမ်းကြည့်လိုက်နှင့် အကဲခတ်နေသည်။
“ငါ စမ်းကြည့်လို့ ရမလား။”
“ကြိုက်သလို စမ်းပါ နောင်တော်ကြီး ကော်သိန်းထွန်းရာ။”
ရှောင်ပေါင်က အဘိုးကြီး ယင်းကျိုယို၏ အာမခံချက် ရှိထားသောကြောင့် ယုံကြည်မှုအပြည့်ဖြင့် မထီမဲ့မြင် ပြန်ပြောလိုက်သည်။
ကော်သိန်းထွန်းဆိုသည့် နာမည်ကြောင့် ဆရာကြီးကော် မျက်မှောင်ကြုတ်သွား၏။ သိန်းထွန်း ဆိုသည်မှာ ဘာကောင်မှန်း သူ မသိသော်လည်း ကောင်းသည့် အဓိပ္ပာယ် မဟုတ်မှန်းတော့ သူ ရိပ်မိသည်။ သို့သော်ငြား သူ ဘာမှ ပြန်မပြောဘဲ အင်္ကျီလက်ကြားထဲမှ ဖယောင်းတိုင် အရွယ်အစားရှိသော သတ္တုချောင်းလေး တစ်ချောင်းကို ထုတ်လိုက်သည်။ ပြီးနောက် သံမဏိ ဒယ်အိုးနားသို့ ခေါင်းတိုးကပ်ပြီး သတ္တုချောင်းလေးကို မြှောက်လိုက်၏။
ပရိသတ်ကြီး ကြောင်သွားကြသည်။ ဘာလဲဟ... ခုနက လူကောင်လောက်ရှိတဲ့ တူကြီးတွေနဲ့ ထုတာတောင် ဘာမှ မဖြစ်တာကို အခု ဒီတုတ်ချောင်း သေးသေးလေးနဲ့ စမ်းမလို့လား။
ဆရာကြီးကော်ကတော့ ဂရုမစိုက်ချေ။ ခေါင်းကို စောင်း၊ နားကို စွင့်ပြီး ဒယ်အိုးကို သတ္တုချောင်းဖြင့် အသာအယာ ခေါက်လိုက်၏။
ဒေါင်။
သာမန် တိုးညင်းသော အသံလေး တစ်ခု ထွက်ပေါ်လာ၏။
ဆရာကြီးကော် ငြိမ်သက်စွာ နားထောင်နေသည်။ တဖြည်းဖြည်းနှင့် သူ့မျက်နှာ အရောင် ပြောင်းလဲလာသည်။
“ဒါ... ဒါက။”
ဆိုင်ရှင်လီနှင့် ဆိုင်ရှင်ချင်တို့ အနားသို့ ကပ်လာကြ၏။ “နောင်တော်ကြီး ကော်... ဘာဖြစ်လို့လဲဗျ။”
“မမှားဘူး။”
ဆရာကြီးကော်၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ အထင်းသား ပေါ်လာသည်။ သူ ဟုန်ရှောင်ပေါင်ကို မယုံနိုင်သလို ကြည့်လိုက်ပြီး ပြောဆိုသည်။ “ဒီဒယ်အိုးရဲ့ အတွင်းပိုင်းမှာ လက်နက် သွေးကြော တွေ တကယ် ဖြစ်ပေါ်နေတယ်။”
“လက်နက်... လက်နက် သွေးကြော ဟုတ်လား။”
ပန်းပဲဆရာ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လက်နက် သွေးကြော ဆိုသည်မှာ ဒုတိယအဆင့် လက်နက်သွန်းလုပ်ရေး ပညာရှင် တွေမှ လုပ်နိုင်သည့် အဆင့် ဖြစ်၏။
“လက်နက် သွေးကြော... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“မဖြစ်နိုင်တာ... သူက အခုမှ ပထမဆုံး ကိုင်ဖူးတာ မဟုတ်ဘူးလား။”
လက်နက် သွေးကြော ဆိုသည်မှာ ရွှံ့ကို မီးဖုတ်ပြီး အုတ်ခဲ ဖြစ်အောင် လုပ်သလို၊ မြက်ပင်များကို ကျစ်ပြီး ကြိုးလုပ်သလိုမျိုး လက်နက်တစ်ခု၏ မာကျောမှုကို အထွတ်အထိပ် ရောက်အောင် ဖန်တီးထားသော အတွင်းပိုင်း ဖွဲ့စည်းပုံ ဖြစ်သည်။
သို့ပေမည့် ထိုအရာက ဒုတိယအဆင့် ပညာရှင်များပင် အမြဲတမ်း အောင်မြင်အောင် လုပ်နိုင်သည် မဟုတ်ချေ။ အထူးသဖြင့် သံမဏိလို မာကျောသည့် ပစ္စည်းမျိုးတွင် လက်နက် သွေးကြော ပေါ်အောင် လုပ်ဖို့ ဆိုသည်မှာ ခက်ခဲမှုက မိုးပေါ် တက်သည်ထက်ပင် ခက်သေး၏။ လေယင်မြို့ တစ်မြို့လုံးတွင် သံမဏိကို လက်နက် သွေးကြော ပေါ်အောင် လုပ်နိုင်သည့် ပညာရှင် ဘယ်နှစ်ဦး ရှိပါသနည်း။ ဆရာကြီးကော် ကိုယ်တိုင်ပင် သံမဏိနှင့် ဆိုလျှင် မလုပ်နိုင်ပေ။
“ဆရာကြီးကော် ကိုယ်တိုင် ပြောနေမှတော့ မမှားနိုင်ဘူး။ ဒါပေမဲ့ ဒီကောင်လေးက ဘယ်လို လုပ်လိုက်တာလဲ။”
“ဒါ သူ့ရဲ့ ပထမဆုံး လက်ရာလေ... ပထမဆုံး လက်ရာမှာတင် လက်နက် သွေးကြော ပေါ်အောင် လုပ်နိုင်တယ် ဆိုတာ ဒဏ္ဍာရီ ဆန်လွန်းနေပြီ။”
“ကျုပ်... ကျုပ်တော့ လက်နက် သွေးကြော ပါတဲ့ လက်နက်တစ်ခု မွေးဖွားလာတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီဟေ့။”
ဤအချိန်တွင်မူ ဤအရာမှာ ဒယ်အိုးကြီး ဆိုသည့် အချက်ကိုပင် အားလုံး မေ့သွားကြချေပြီ။ အားလုံးက ရှောင်ပေါင်ကို နတ်ဘုရား တစ်ပါးသဖွယ် ကြည့်နေကြသည်။
ဟုန်ရှောင်ပေါင်ကမူ လူတွေ အာရုံလွဲနေခိုက် မီးဖိုထဲမှ စက်ကွင်းပြားကို တိတ်တဆိတ် ပြန်သိမ်းလိုက်၏။ ပြီးနောက် မီးတောက်စက်ကွင်းကို ဖျက်ဆီးပစ်လိုက်သည်။ သက်သေအထောက်အထား ဖျောက်ရမည် မဟုတ်ပါလား။ လူတွေ အံ့သြနေတာကို ကြည့်ပြီး သူ သဘောကျစွာ ရယ်မောလိုက်၏။
“ဟားဟားဟား... ဟားဟားဟား...ကျုပ် ပြောသားပဲ... ဆင်းရဲမွဲတေမှုက ခင်ဗျားတို့ရဲ့ စိတ်ကူးဉာဏ်ကို ကန့်သတ်ထားရုံတင် မကဘူး... ခင်ဗျားတို့ရဲ့ အမြင်အာရုံကိုပါ ကန့်သတ်ထားတာပဲ။”
ဒီကောင်တွေ တစ်နေ့လုံး သူ့ကို ရွဲ့စောင်း ပြောဆိုနေကြတာ မဟုတ်လား။ အခု ပြန်ပညာပေးရမည့် အချိန် ရောက်ပြီ။
“ဘာ လက်နက် သွေးကြော လဲဗျာ... အဲဒါများ အထူးအဆန်း လုပ်လို့။ ကျုပ်သာ လုပ်ချင်ရင် တစ်နေ့ကို အဲဒီလို လက်နက်မျိုး အခု နှစ်ဆယ် လောက် လုပ်ပစ်လိုက်လို့ ရတယ်... ဟားဟား။”
လူအုပ်ကြီး ဆွံ့အသွားကြသည်။ ပြန်ပြောချင်သော်လည်း ယနေ့ အနိုင်ရသူမှာ ဟုန်ရှောင်ပေါင် ဖြစ်နေသောကြောင့် ဘာမျှ ပြောခွင့် မရှိပေ။
“နောင်တော်ကြီးချင်... ခင်ဗျားရဲ့ သွန်းလုပ်ရေး စင်မြင့်ကို ငှားပေးတာ ကျေးဇူးပါဗျာ။ ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေပဲ... နောက်ဆို အကူအညီ လိုရင် ပြော။” ရှောင်ပေါင်က ပြုံးပြုံးရွှင်ရွှင် ပြောလိုက်၏။
သံမဏိ တုံးလေး နှစ်တုံးကို ညှပ်အဖြစ် သုံးပြီး ပူကျစ်နေသည့် ဒယ်အိုးကို ညှပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ခေါင်းပြန်လှည့်လာ၏။ သူ၏ ပစ်မှတ်မှာ ဆရာကြီးကော် ပင်။
“ဟေ့... နောင်တော်ကြီး ကော်သိန်းထွန်း ... ဒီနေ့ ကျုပ်တို့ ရင်းနှီးသွားကြပြီ ဆိုတော့ နောက်ဆို ခင်ဗျား လက်နက် လုပ်စရာ ရှိရင် ကျုပ်ဆီ လာခဲ့လေ... ခင်ဗျားကို တစ်ရာခိုင်နှုန်း လျှော့ဈေး ပေးမယ်။”
“ဘာ။”
“သောက်ကျိုးနည်း။”
ဒီကောင်က ဆရာကြီးကော်ကို သူ့ဆီမှာ လက်နက် လာလုပ်ခိုင်းနေတာလား။
ဤသည်မှာ စော်ကားတာထက် ပိုဆိုးလှသည်။ ဒါက စားဖိုမှူး တစ်ယောက်ကို တခြား စားသောက်ဆိုင်မှာ ထမင်းလာစားပါ၊ လျှော့ဈေး ပေးမည် ဟု ပြောတာနှင့် အတူတူပင်။ ဤသည်မှာ ဆိုင် လာဖျက်တာ ပင် ဖြစ်၏။
“ဟေ့ကောင်လေး... မင်း တော်တော် ရောင့်တက်နေပါလား။”
ပန်းပဲဆရာ တစ်ယောက် မနေနိုင်ဘဲ ဒေါသတကြီး အော်လိုက်သည်။
“ဆရာကြီးကော်က လေယင်မြို့ရဲ့ နံပါတ်တစ် ပညာရှင်ကွ... မင်းက ဘာကောင်မို့လို့ ဆရာကြီးကော်ကို မင်းဆီ လာခိုင်းရတာလဲ။”
“ငါ ဒီလို စကားမျိုး မကြားရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။”
ဆရာကြီးကော်လည်း ဒေါသထွက်လွန်းလို့ မျက်နှာကြီး နီရဲနေပြီ ဖြစ်၏။ သူက ရှောင်ပေါင်ကို စိုက်ကြည့်ပြီး အသံပမာဏ မြှင့်လိုက်သည်။
“မင်း ငါ့ရှေ့မှာ ဒီလို စကားမျိုး ပြောရဲတယ်ပေါ့။ ကောင်းပြီ... ငါ မင်းကို မေးမယ်... မီးတိမ်တိုက် လက်နက်သွန်းလုပ်နည်း မှာ တူချက်တစ်ချက်ကို အချိန် ဘယ်လောက် ယူရသလဲ။”
ပုံမှန်ဆိုလျှင်တော့ ဟုန်ရှောင်ပေါင်က အဘိုး ယင်းကျိုယိုကို လှမ်းမေးလိုက်ရုံပင် ဖြစ်သည်။ သို့ပေမည့် ယနေ့တော့ သူက လူပါးဝချင်နေသည် ဆိုတော့ ပြုံးစစ မျက်နှာပေးဖြင့် ပြန်မေးလိုက်၏။
“ခင်ဗျား သံမဏိထဲမှာ လက်နက် သွေးကြော ပေါ်အောင် လုပ်နိုင်လို့လား။”
ဆရာကြီးကော် အသက်ရှူ ရပ်မတတ် ဖြစ်သွားသည်။ သူ အံကြိတ်ပြီး ပြန်ပြောသည်။ “ငါ့တစ်သက်လုံးမှာ နတ်လက်နက်ပေါင်း ဘယ်လောက်များများ ဖန်တီးခဲ့လဲ ဆိုတာ မင်း သိလား။”
ရှောင်ပေါင်က ထပ်မေးသည်။ “ခင်ဗျား သံမဏိထဲမှာ လက်နက် သွေးကြော ပေါ်အောင် လုပ်နိုင်လို့လား”
ဆရာကြီးကော် ဒေါသပေါက်ကွဲလုနီးပါးဖြင့် အော်၏။ “ငါ့ရဲ့ ဆရာသမားက ဘယ်သူလဲ ဆိုတာ မင်း သိလား”
ရှောင်ပေါင်က ထပ်ပြောပြန်သည်။၊ “ခင်ဗျား သံမဏိထဲမှာ လက်နက် သွေးကြော ပေါ်အောင် လုပ်နိုင်လို့လား”
ဆရာကြီးကော်က ဆို၏၊ “မင်းက ကံကောင်းပြီး စော်ကဲမင်း ဖြစ်သွားတာကွ”
ရှောင်ပေါင်က မေးမြန်းပြန်သည်။ “ထားပါတော့ဗျာ... ခင်ဗျား သံမဏိထဲမှာ လက်နက် သွေးကြော ပေါ်အောင် လုပ်နိုင်လို့လား”
.......
“ဟားဟားဟား... ဟားဟားဟား။”
နောက်ဆုံးတွင်မူ ဆရာကြီးကော် တစ်ယောက် ဒေါသထွက်လွန်းလို့ ရင်ဘတ်ဖိပြီး လဲကျလုနီးပါး ဖြစ်သွားမှ ဟုန်ရှောင်ပေါင် တစ်ယောက် ကျေနပ်သွားပြီး ရယ်မောကာ ထွက်ခွာသွား၏။
ခြံဝင်းထဲတွင် ကျန်ရစ်ခဲ့သော ပန်းပဲဆရာများ အားလုံး ပါးစပ်ပိတ်ပြီး ငြိမ်ကျသွားကြ၏။ သူတို့ ဘာပဲ ပြောပြော၊ ရှောင်ပေါင်၏ “ခင်ဗျား သံမဏိထဲမှာ လက်နက် သွေးကြော ပေါ်အောင် လုပ်နိုင်လို့လား” ဆိုသည့် မေးခွန်း တစ်ခုတည်းနှင့်ပင် အားလုံး အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြသည်။
ဆရာကောင်း ရှိသည် ပြောမလား၊ အတွေ့အကြုံ ရှိသည် ပြောမလား၊ ဝါရင့်သည် ပြောမလား... ဘာပြောပြော အလကားပင် ဖြစ်၏။ ရလဒ်က အဓိကပဲ မဟုတ်ပါလား။
ရှောင်ပေါင်က သံမဏိထဲတွင် လက်နက် သွေးကြော ပေါ်အောင် လုပ်ပြသွားသည်။ ခင်ဗျားတို့ လုပ်နိုင်ပါသလား။ မလုပ်နိုင်ရင် ပါးစပ်ပိတ်ထား … ထို သဘောတရားပင်။
“သောက်ကျိုးနည်း... ငါ့ကို သေအောင် သတ်နေတာလားကွ။”
ဆရာကြီးကော် တစ်ယောက် ဒေါသထွက်လွန်းလို့ အော်ဟစ်ပေါက်ကွဲနေသည်။ သူ့ဘက်က ဝင်ပြောပေးသည့် လူများလည်း မျက်နှာတွေ အောက်ချထားကြရ၏။ လေယင်မြို့၏ ပန်းပဲလောကတစ်ခုလုံး ယနေ့တော့ ပထမဆုံး အကြိမ် လက်နက်လာလုပ်သည့် ကောင်လေး တစ်ယောက်၏ ခြေဖဝါးအောက်တွင် ပြားပြားဝပ် သွားခဲ့ရချေပြီ။ မည်သူ့သွားပြီး တိုင်တည်ရပါမည်နည်း။ တရားမျှတမှု ဆိုသည်မှာ အဘယ်မှာနည်း။
လူတွေ ပြန်သွားကြတော့ ဆရာကြီးကော်၊ ဆိုင်ရှင်လီ နှင့် ဆိုင်ရှင်ချင် တို့ သုံးယောက်သား ကျန်ရစ်ခဲ့ကြသည်။ ဆရာကြီးကော် စိတ်ငြိမ်သွားတော့မှ ဆိုင်ရှင်လီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
“စဉ်းစားကြည့်လေ... ထူးဆန်းမနေဘူးလား။”
“ဟုတ်တယ်... ဘယ်အလုပ်မဆို ကြာကြာလုပ်ရင် အကျင့်ဆိုတာ ရှိစမြဲပဲ... ဖုံးကွယ်ထားလို့ မရဘူး။ ဒီကောင်လေးက သေချာပေါက် လက်သစ် စစ်စစ်ပဲ... သွန်းလုပ်ရေးစင်မြင့်ကို ပထမဆုံး ကိုင်ဖူးတာ သေချာတယ်။” ဆိုင်ရှင်ချင်က သုံးသပ်သည်။
“သူ့ရဲ့ တူထုနည်းက စည်းဝါးမကျဘူး။ ဒါပေမဲ့ ထိရောက်တဲ့ နေရာတွေကိုချည်း ထိမှန်နေတယ်။ ဒါကို တိုက်ဆိုင်မှုလို့ ပြောရင် လွန်ရာကျမယ်။ ကျုပ် ထင်တာကတော့ သူ မလာခင်မှာ တစ်ယောက်ယောက်က သူ့ကို အသေးစိတ် သင်ပြပေးလိုက်တာ ဖြစ်မယ်... သူက အလွတ်ကျက်ပြီး လာလုပ်ပြသွားတာ နေမှာ။”
“ကျုပ် စဉ်းစားလို့ မရတာက ဟို မြေအောက်ငွေရည်ချဉ်ဆီဆိုတဲ့ အရည်ပဲ။”
ဆရာကြီးကော်က အသက်ပြင်းပြင်း ရှူလိုက်၏။
“အဲဒီ အရည် နည်းနည်းလေးနဲ့ ဒီလောက်ကြာအောင် အပူချိန် ထိန်းထားနိုင်တယ် ဆိုတာ ယုံချင်စရာတောင် မကောင်းဘူး။ ငါ မီးဖိုထဲမှာ ရှာကြည့်ပါအုံးမယ်... သဲလွန်စလေး ဘာလေး ကျန်မလားလို့။”
“ဒါနဲ့ ဒီကောင်လေးက ဘယ်ကလဲ။”
ဆိုင်ရှင်လီက မေးခွန်း ထုတ်လိုက်ပြန်သည်။
“သံမဏိ ပေါင် တစ်ရာလောက်ကို ပေါ့ပေါ့ပါးပါး ထုတ်သုံးနိုင်တယ်။ ပြီးတော့ ခွန်အားကို ကြည့်ရင် ရုပ်ခန္ဓာ ဒုတိယအဆင့် ရောက်နေပြီ။ ဒီလောက် ထူးချွန်တဲ့ လူငယ်တစ်ယောက်ကို ကျုပ်တို့ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ။”
ဟုန်ရှောင်ပေါင် ထွက်သွားပြီးနောက် လေယင်မြို့၏ ထိပ်သီး ပုဂ္ဂိုလ်ကြီး သုံးယောက်မှာ သူ့အကြောင်းကို ခေါင်းချင်းရိုက်ပြီး ဆွေးနွေးနေကြသည်။ ဆွေးနွေးလေ ရှုပ်ထွေးလေပင်။ အကယ်၍ ရှောင်ပေါင်သာ သူတို့ သုံးသပ်ချက်တွေကို ကြားခဲ့လျှင် တစ်ခွန်းပဲ ပြောပေလိမ့်မည်။
“ဟေ... အဲဒါ ဘယ်သူ့အကြောင်း ပြောနေကြတာလဲဗျ။”