← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) - လေယင်မြို့၏ အရံပညာရပ် ကိုးမျိုး။

“ဒါ နတ်လက်နက်ပဲ။”

ဆိုင်သို့ ပြန်ရောက်ချိန်တွင် ရှောင်ပေါင်သည် သာမန်ကြည့်လျှင် မည်းတူးတူးနှင့် ဘာမျှ မထူးခြားသော်လည်း၊ လက်ရှိတွင် ပူကျစ်တောက်လောင်နေသော သံမဏိ ဒယ်အိုးကြီးကို ကြည့်ပြီး နှမြောတသ ဖြစ်နေ၏။ ဟင်းချက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာသော်လည်း အဘိုးကြီးက သန်းခေါင်ယံလောက် ရောက်မှ အပူကျသွားမည်ဟု ပြောထားသောကြောင့် စောင့်ဆိုင်းရင်း အိပ်ရာဝင်လိုက်ရသည်။

မိုးမလင်းခင်မှာပင် ဟုန်ရှောင်ပေါင် နိုးလာသည်။ အပူကျသွားပြီ ဖြစ်သော သံမဏိ ဒယ်အိုးကြီးကို ကိုင်ကြည့်လိုက်၊ မြှောက်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေ၏။

“ဝိုး... တော်တော်လေး လေးတယ်ဟ။”

ပြီးနောက် ဟင်းသီးဟင်းရွက်များကို ထုတ်လိုက်သည်။ ခရမ်းရောင် ခရမ်းချဉ်သီး၊ မီးလျှံ ငရုတ်သီး နှင့် ကျောက်စိမ်း ကြက်ဥ တို့ ပင်။ ယနေ့တော့ ခရမ်းချဉ်သီး ကြက်ဥမွှေကြော်ကို သံမဏိဒယ်အိုးဖြင့် မြည်းစမ်းကြည့်ရမည်။ အဘိုးကြီး၏ လမ်းညွှန်ချက်များကို ရွတ်ဆိုရင်း ဟင်းချက်ဖို့ ပြင်ဆင်လိုက်သည်။

“ငရုတ်သီးကို ပါးပါးလှီး... အမြန်ဆုံးနှုန်းနဲ့ လှီးရမယ်... ဆယ်စက္ကန့် အတွင်း ဒယ်အိုးထဲ ရောက်ရမယ်... ခရမ်းချဉ်သီးကို လေးစိတ်စိတ်... အရည်တွေကို အိုးထဲ အကုန်ထည့်။”

ရုတ်တရက် သတိရသွားသည်။

“နေပါအုံး အဘိုး … မီးတောက် စက်ကွင်း သုံးရမှာ မဟုတ်ဘူးလား။”

“မင်းက စက်ကွင်းကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး။ အခုချိန် သုံးလိုက်ရင် မင်း ဟင်းတွေ အကုန် ပြာကျသွားလိမ့်မယ်။” ယင်းကျိုယိုက အေးစက်စက် ပြန်ပြော၏။

“ဪ... ဒီလိုလား။” ရှောင်ပေါင် စိတ်ပျက်သွားသည်။

ထိုသို့ဆိုလျှင် သာမန် ဒယ်အိုးနှင့် ဘာထူးမှာလဲဟု တွေးလိုက်သော်လည်း စချက်လိုက်တာနှင့် ကွာခြားချက်ကို သိလိုက်ရ၏။ ဒယ်အိုးတစ်ခုလုံး အပူပျံ့နှံ့မှု ညီမျှလွန်းလှသည်။ မီးအပူရှိန်က ဒယ်အိုးဘောင်တွေဆီ ရောက်သွားလျှင် အပြင်ကို လွင့်မသွားဘဲ အတွင်းဘက်ကို ပြန်ကန်ထွက်လာသည်။ အပူစွမ်းအင် ဆုံးရှုံးမှု မရှိသလောက် နည်းပါးလှ၏။ မွှေစရာပင် မလို... ပစ်ထည့်ထားလိုက်ရုံနှင့် အကုန်ကျက်မည့် သဘော ရှိ၏။

ဟင်းကျက်တော့ ပန်းကန်ထဲထည့်ပြီး ပထမဆုံး တစ်လုပ် မြည်းစမ်းကြည့်လိုက်သည်။

“ရှလွတ်... ဝိုး... ဝိညာဉ်စွမ်းအင်တွေ ပိုပြီး သိပ်သည်းလာတယ်။”

ရှောင်ပေါင်၏ မျက်လုံးများ အရောင်တောက်သွားသည်။ သာမန် ဒယ်အိုးဖြင့် ချက်သည်နှင့် မတူချေ။ ဤဒယ်အိုးက ဝိညာဉ်စွမ်းအင်များကို အစားအသောက်ထဲတွင် ပိတ်လှောင်ထားပေးနိုင်စွမ်း ရှိ၏။ ကိုက်လိုက်သည် နှင့် ပေါက်စီပူပူလေး ကိုက်လိုက်ရသလိုမျိုး ဝိညာဉ်စွမ်းအင်တွေက ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာပြီး လျှာဖျားလေးတွေဆီ စီးဆင်းသွားသည်။ မီးလျှံငရုတ်သီး၏ အစပ်ဓာတ်လေးနှင့် ပေါင်းစပ်လိုက်တော့ ဆောင်းတွင်းတွင် နေပူစာလှုံရသကဲ့သို့ နွေးထွေးမှုက အစာအိမ်ထဲထိ ရောက်သွား၏။

“ကောင်းလိုက်တာဗျာ။”

ရှောင်ပေါင် မျက်လုံးမှိတ်ပြီး ဇိမ်ခံနေလိုက်၏။ ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးပြီး အားအင်တွေ ပြည့်ဖြိုးလာသလို ခံစားရသည်။ အားရပါးရ စားသောက်ပြီးချိန်တွင်မူ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်တွေက အထွတ်အထိပ် ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ခရမ်းချဉ်သီး ကြက်ဥမွှေကြော် မှာ သူ့အတွက် အဆင့်တက်ဖို့ သိပ်အထောက်အကူ မပြုတော့သော်လည်း အရသာကတော့ ရှယ်ပင် ဖြစ်သည်။

ပန်းကန်ဆေး၊ အိုးဆေး လုပ်နေတုန်း အောက်ထပ်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။ ချန်ဖုန်း ရောက်လာပြီ ဖြစ်၏။

ထူးခြားသည်မှာ ချန်ဖုန်း တစ်ယောက်တည်း မဟုတ်ဘဲ သူ့ဘေးနားတွင် မိန်းကလေး တစ်ယောက် ပါလာသည်။ ရုပ်ရည်မှာ သာမန် အဆင့်လောက်သာ ရှိသော်လည်း အပြုံးချိုချိုလေးနှင့် ပါးချိုင့်လေးတွေကြောင့် ကြည့်ပျော်ရှုပျော် ရှိသည်။ နူးညံ့သိမ်မွေ့မည့်ပုံလည်း ပေါက်သည်။

“သူဌေးလေးဟုန်... မိတ်ဆက်ပေးပါရစေ။ ဒါက အစ်မ စူးထျန် ပါ... သူက ဂိုဏ်းသား တစ်ယောက်ပါ။ ကျုပ်တို့ သွားတွေ့မယ့် နောင်တော် ချန်ယုလိုပဲပေါ့။” ချန်ဖုန်းက သူ့ဘက် လှည့်ပြီး ပြောဆို၏။

“အစ်မစူး... ဒါကတော့ ကျုပ်ပြောပြဖူးတဲ့ ဆေးပညာမှာ ဆရာတစ်ဆူ ဖြစ်တဲ့ သူဌေးလေးဟုန် ပါ။”

“တွေ့ရတာ ဝမ်းသာပါတယ်ရှင်။”

စူးထျန်က ယဉ်ကျေးစွာ ပြုံးပြ၏။

“ဟုတ်ကဲ့... တွေ့ရတာ ဝမ်းသာပါတယ်။” ရှောင်ပေါင်လည်း ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

“အစ်မစူးနဲ့ နောင်တော် ချန်ယုတို့က ဟင်းချက်ပြုတ်ရေး ဌာန ကပါ။ သူတို့ လက်ရာက တကယ့်ကို အံ့မခန်းပဲဗျ။” ချန်ဖုန်းက ဂုဏ်ယူစွာ ပြောပြ၏။

ဟင်းချက်ပြုတ်ရေး ဌာန...။

ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ သူ သိထားသလောက် ဆိုလျှင် ဟင်းချက်ပြုတ်ရေး ဌာန ဆိုသည်မှာ လေယင်မြို့၏ အရံပညာရပ် ကိုးခု ထဲတွင် အောက်ဆုံးအဆင့်၊ အသုံးမအဝင်ဆုံး ဌာနတစ်ခု ဖြစ်ပေသည်။ ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။

စဉ်းစားကြည့်လေ... လက်နက်သွန်းလုပ်ရေး၊ အစီအရင် စက်ကွင်း၊ ဆေးဖော်စပ်ရေး၊ သရဖူ ရေးဆွဲရေး... ဤလေးခုကတော့ ထိပ်တန်းဆိုသည်မှာ ပြောစရာ မလိုချေ။ စက်မှုလက်မှုဌာနက ရုပ်သေးရုပ်တွေ၊ စက်ပစ္စည်းတွေ လုပ်ပေးသည်။ သတ္တဝါထိန်းကျောင်းရေး ဌာနက စစ်ဘက်သုံး သားရဲတွေကို မွေးမြူပေး၏။ စိုက်ပျိုးရေး ဌာနက ဆေးပင်တွေ စိုက်ပျိုးပေးလျှင် ဈေးကောင်း ရသည်။ အဂ္ဂိရတ် ဌာနက အဆိပ်တွေ၊ သတ္တုတွေ ဖန်တီးပေးသည်။

ဤကြားထဲတွင် ဟင်းချက်ပြုတ်ရေး ဌာနက ဘာလုပ်ပေးနိုင်သနည်း။ ရှေးဟောင်း ဒဏ္ဍာရီတွေအရ ဆိုလျှင်တော့ ဟင်းချက်ပြုတ်ရေး လောကတွင် ရှီလျန်ယွင် ဆိုသည့် အမျိုးသမီးကြီး ပေါ်ထွန်းခဲ့ဖူး၏။ သူမ ချက်သည့် ဟင်းတွေက အံ့ဖွယ် အာနိသင်တွေ ရှိပြီး ဟင်းပွဲ၏ ဝိညာဉ် ဆိုသည့် အဆင့်ထိ ရောက်ခဲ့ဖူးသည်။ ဟင်းစားရင်း တရားထူး ရနိုင်သည့် အဆင့်ပင်။ ထိုခေတ်တုန်းက ဟင်းချက်ပြုတ်ရေး သမားတွေ ခေတ်ကောင်းခဲ့ဖူး၏။ သို့ပေမည့် နောက်ပိုင်း မျိုးဆက်တွေက ညံ့ဖျင်းလာတော့ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရ၏။

ယခုခေတ်တွင် ဆေးဘက်ဝင် အစားအစာကိုပင် ကောင်းကောင်း မလုပ်နိုင်ကြတော့ချေ။ ဆေးဘက်ဝင် အစားအစာ ဆိုသည်မှာ ကုန်ကျစရိတ် ကြီးလွန်းလှသည်။ ပထမအဆင့် ဆေးပင် တစ်ပင်တည်းနှင့်ပင် ဝိညာဉ်ကျောက်တုံး တစ်တုံး၊ နှစ်တုံးလောက် ရှိနေပြီ ဖြစ်၏။ သာမန် ဟင်းသီးဟင်းရွက်တွေ ဆိုလျှင် တွဲဖက်စားမိ၍ ဝမ်းပျက်ရုံလောက်သာ ရှိပေမည်။

ဆေးပင်တွေကျတော့ တွဲဖက်မှားလျှင် သေသွားနိုင်သည်။ မည်သူက စမ်းသပ်ရဲပါမည်နည်း။ ချမ်းသာသည့် မိသားစုများကလည်း သူတို့ သားသမီးတွေကို ဤသို့ အလားအလာ မရှိသည့် ဌာနမျိုးကို ပို့မည် မဟုတ်ပေ။ ထို့ကြောင့် ဟင်းချက်ပြုတ်ရေးဌာန ဆိုသည်မှာ သနားစရာ အကောင်းဆုံး ဌာန ဖြစ်လာခဲ့ရသည်။

ရှောင်ပေါင် စိတ်ဝင်စားသွား၏။ ချန်ယု ဆိုသည့် လူက ဘယ်လိုလူမျိုး ဖြစ်သနည်း၊ အဘယ့်ကြောင့် ဤသို့သော ဌာနမျိုးကို ရွေးချယ်ခဲ့ရသနည်း။

“နောင်တော် ချန်ယုနဲ့ အစ်မ စူးတို့က ကျုပ် မိတ်ဆွေဟောင်းတွေပါ။ အရင်တုန်းက အတူတူ ခရီးသွားဖူးကြတယ်။ ဒါပေမဲ့ သူတို့က ပါရမီ ကောင်းလွန်းတော့ အခုဆိုရင် တတိယအဆင့်လောက် ရောက်ခါနီးနေပြီ။ ကျုပ်ကတော့ ပထမအဆင့်မှာပဲ တဝဲလည်လည် ဖြစ်နေတုန်း။”

ချန်ဖုန်းက ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ “ဒီတစ်ခေါက် ခရီးစဉ်မှာ နောင်တော် ချန်ယုကလည်း ထီးငယ်မှို ရှာချင်နေတာနဲ့ အတော်ပဲ။ သူတို့ ပါလာရင် ကျုပ်တို့အတွက် အများကြီး လုံခြုံသွားပြီ။”

“ဝမ်းသာပါတယ်ဗျာ။”

ရှောင်ပေါင် လက်သီးဆုပ် နှုတ်ဆက်လိုက်၏။

“မလိုပါဘူး မောင်လေးရယ်... အစ်မတို့ကိုလည်း ပြန်ပြီး စောင့်ရှောက်ပေးပါဦး။”

စူးထျန်က သဘောကောင်းစွာ ရယ်မောလိုက်သည်။

ဟင်းချက်ပြုတ်ရေး ဌာနက လူတွေက သဘောကောင်းကြပါလားဟု ဟုန်ရှောင်ပေါင် တွေးလိုက်မိ၏။ ချက်ချင်းပင် သဘောပေါက်လိုက်သည်။ သူတို့က အနှိမ်ခံ ဘဝနှင့် နေသားကျနေတော့ မာန ဆိုသည်မှာ မရှိသလောက် ဖြစ်နေခြင်းပင်၊ အချင်းချင်း ဖေးမကူညီမှ ရပ်တည်နိုင်မည့် ဘဝမျိုး မဟုတ်ပါလား။

“အဓိကကတော့ ကျုပ်တို့ ပါးစပ် အရသာ ခံရတော့မှာဗျို့။”

ချန်ဖုန်းက မျက်လုံးမှိတ်ပြီး ပြုံးဖြီးနေသည်။ “သူတို့က ဆေးဘက်ဝင် အစားအစာ မလုပ်တတ်ရင်တောင် လက်ရာကတော့ ရှယ်ပဲလေ။”

“ရှင်က စားဖို့ပဲ တွေးနေတာမလား... ဒါကြောင့် ရှင့်အဖွဲ့သားတွေကို မခေါ်တာ ဖြစ်မယ်။” စူးထျန်က ကျီစယ်လိုက်၏။

“ဟာ... မဟုတ်ပါဘူးဗျာ... မဟုတ်ရပါဘူး။”

ချန်ဖုန်းက ခေါင်းခါပြလိုက်ပြီး စကားလွှဲလိုက်သည်။

“ကဲ... သူဌေးလေးဟုန်... အချိန်မဆွဲဘဲ သွားကြစို့။ ခင်ဗျား ပစ္စည်းတွေ အဆင်သင့် ဖြစ်ပြီလား။”

All Chapters