← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) မလုပ်ရင် ငတုံးပဲ ဖြစ်မှာပေါ့။

ဟုန်ရှောင်ပေါင်ကတော့ ပြင်ဆင်စရာ ရှိသည်တွေကို စောစီးစွာကတည်းက အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်၏။ သားရေအိတ်ကြီးကို ကျောပေါ် လွယ်ပိုးလိုက်ပြီး ထိုအိတ်ကြီး၏ အပေါ်ဘက်တွင် မည်းနက်နေသော သံမဏိ ဒယ်အိုး ကြီးကို ကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်လိုက်သည်။

ချန်ဖုန်းက ငြိမ်ကျသွား၏။

စူးထျန်လည်း ကြက်သေ,သေသွားသည်။

ဤလူများ ဤသို့မျက်နှာထားမျိုး ဖြစ်သွားလိမ့်မည် ဆိုတာကို ရှောင်ပေါင် ကြိုသိနေပြီးသား ဖြစ်၏။ သူက မသိချင်ယောင်ဆောင်ပြီး မေးလိုက်၏။

“ဘာဖြစ်ကြတာလဲ။”

“သူဌေးလေးဟုန်... ခင်ဗျား ဒယ်အိုးကြီး သယ်လာပြီး ဘာလုပ်မလို့လဲ။ တောထဲရောက်ရင် မီးဖိုပြီး ထမင်းချက်စားမလို့လား။ ပုံမှန်ဆို ရိက္ခာခြောက် နည်းနည်းပါရင် လုံလောက်နေပြီ။ အလွန်ဆုံးရှိလှ မီးဖိုပြီး အသားကင် စားကြရုံပဲလေ။”

ချန်ဖုန်းက ပြောစရာ စကားမဲ့နေသည့် ပုံစံဖြင့် ဆက်ပြောသည်။ “ပြီးတော့လေ... ကျုပ်တို့နဲ့အတူ နောင်တော် ချန်ယု ပါလာမှာပါ။ သူ့လက်ရာက မတရားကောင်းတာ ... သာမန် မီးဖိုလေးနဲ့ ချက်ရင်တောင် နတ်သုဒ္ဓါလို ကောင်းတာ။ ခင်ဗျားရဲ့ မီးဖိုချောင် သုံးပစ္စည်းတွေ မလိုပါဘူးဗျာ... ထားခဲ့လိုက်ပါ။”

“ကိစ္စ မရှိပါဘူး။”

ရှောင်ပေါင်က ခေါင်းခါလိုက်သည်။ သူက စားသောက်ခြင်းဖြင့် ကျင့်ကြံရသူ မဟုတ်ပါလား။ သူများတွေ တင်ပျဉ်ခွေ ကျင့်ကြံနေချိန်တွင် သူက ပါးစပ်လှုပ်နေမှ ရ၏။

စူးထျန်က မျက်လုံးရှင်လှသည်။ သားရေအိတ်ထဲမှ ဖုထစ်နေသော ပုံသဏ္ဍာန်တစ်ခုကို လှမ်းမြင်လိုက်ပြီး တုန်တုန်ယင်ယင် ဖြင့် မေးလိုက်သည်။

“အဲ... သူဌေးလေးဟုန်... ရှင့် အိတ်ထဲမှာ ပါလာတာ ပန်းကန်လုံးကြီး မဟုတ်လား။”

“အင်း... ဟုတ်တယ်။ ပန်းကန်လုံးတင် မကဘူး... ဒလိမ့်တုံးတွေ၊ စဉ့်တီတုံးတွေပါ ပါတယ်။ ဘာမှ မဖြစ်ပါဘူး... ဒါက ဝန်ထမ်း လေ့ကျင့်ခန်း လုပ်နေတာပါ။”

ချန်ဖုန်း စကားမပြောနိုင်တော့ချေ။

စူးထျန်လည်း ဆွံ့အသွား၏။

ပြောမရတော့သည့်အဆုံး သူတို့ လက်လျော့လိုက်ကြသည်။

ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ချန်ဖုန်းက တစ်စုံတစ်ခုကို သတိရသွားပြီး ထပ်မေးပြန်သည်။

“ဒါနဲ့ သူဌေးလေးဟုန်... ခင်ဗျားရဲ့ လက်နက်ကရော။”

.......

ဟုန်ရှောင်ပေါင် စိတ်ထဲတွင် အံကြိတ်လိုက်မိ၏။ ဤမေးခွန်းကို သူ နောက်နောင် မကြာခဏ ရင်ဆိုင်ရတော့မည်။ ရှောင်လွှဲ၍ မရမှတော့ ရင်ဆိုင်လိုက်တာပဲ ကောင်းသည်ဟု တွေးကာ ကျောပေါ်မှ သံမဏိဒယ်အိုးကြီးကို ဖြုတ်ယူပြီး ပြုံးဖြဲဖြဲဖြင့် ပြလိုက်၏။

“ဟောဒါပဲလေ။ တူ အဖြစ်လည်း သုံးလို့ရတယ်... ဒိုင်းလွှာ အဖြစ်လည်း သုံးလို့ရတယ်။ လိုအပ်ရင် ထမင်းပန်းကန် လုပ်စားလို့ရသလို... မျက်နှာသစ် ဇလုံလည်း လုပ်လို့ရတယ်... ဟဲဟဲ။”

ချန်ဖုန်း ကြောင်တောင်တောင် ဖြစ်သွားသည်။

စူးထျန်လည်း မှင်သက်သွားရှာ၏။

“ကောင်း... ကောင်းပါပြီရှင်။”

စူးထျန် မျက်နှာပေါ်တွင် မည်းနက်သော မျဉ်းကြောင်းများ ဆွဲခြစ်ထားသကဲ့သို့ ဖြစ်သွားသည်။ သူမ စိတ်ထဲတွင် တွက်ချက်လိုက်၏။ ရှောင်ပေါင်က ပထမအဆင့် ရုပ်ခန္ဓာပင် ရှိသေးသည် … ထို့အပြင် ဤသို့ ပေါတောတော ပုံစံနှင့် ဆိုတော့ တိုက်ခိုက်ဖို့နေရာတွင် အားကိုး၍ရမည် မဟုတ်ပေ။ ထားလိုက်ပါတော့လေ... သူ့ကို ခရီးသွား ဧည့်သည် တစ်ယောက်လိုပဲ သဘောထားပြီး စောင့်ရှောက်သွားလိုက်မည်ဟု တွေးထားလိုက်သည်။

လေးယောက်သား ဆိုင်မှ ထွက်ခွာလာကြ၏။ လမ်းတစ်လျှောက်လုံးတွင်တော့ လမ်းသွားလမ်းလာများ၏ အတင်းတုပ်သံ၊ ဝေဖန်သံများက မစဲတစဲ ထွက်ပေါ်နေသည်။

“ဟေ့... ကြည့်စမ်း... ဟိုလူက အိမ်ပြောင်းမလို့လား။ မဟုတ်သေးပါဘူး... ကျန်တဲ့လူတွေက ခရီးထွက်မယ့် ပုံစံတွေပါ။”

“ငါ ထင်တာတော့ ဟို ဒယ်အိုးပိုးထားတဲ့ လူက ကျန်တဲ့ နှစ်ယောက်ရဲ့ အထိန်းတော် ဖြစ်မယ်။ သူ့အိတ်ကို ကြည့်ပါလား... ပန်းကန်တွေ ခွက်တွေ အပြည့်ပဲ။”

“ဝိုး... အခုခေတ် သူဌေးသားတွေက တော်တော် ဇိမ်ခံတာပဲ။ ခရီးထွက်တာတောင် ကိုယ်ပိုင် စားဖိုမှူး ခေါ်သွားကြတာကိုး။”

သည်းခံ... ငါ သည်းခံရမယ်။

ရှောင်ပေါင် တစ်ယောက် ထိုစကားသံများကို ကြားပြီး ရင်ထဲတွင် နာကျင်နေရသည်။

“ဟားဟားဟား... ကောင်းတယ်။ ကောင်းလိုက်တာ။”

အဘိုးကြီး ယင်းကျိုယိုကမူ ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အူတက်မတတ် ရယ်မောနေ၏။

“ဒီနေ့က စပြီး မင်းကို ဒယ်အိုးထမ်း ဘွဲ့ပေးလိုက်ပြီ။”

“တိတ်စမ်း... အဘိုးကြီး။”

ရှောင်ပေါင် ပြန်ရန်တွေ့မလို့ ပြင်တုန်းမှာပင် အဝေးမှ နှုတ်ဆက်သံ တစ်ခု ကြားလိုက်ရသည်။

“ဟော... သူဌေးလေးဟုန် ပါလား။”

ဤသို့သော အချိန်မျိုးတွင် အကြောက်ရဆုံး အရာက ဘာဖြစ်မည်နည်း... မိတ်ဆွေဟောင်းတွေနှင့် ပက်ပင်းတိုးမိခြင်းပင်။ ရှောင်ပေါင် မျက်နှာ ပျက်သွားသော်လည်း အတင်း ဟန်လုပ်ပြုံးလိုက်ရ၏။

“မင်္ဂလာပါဗျာ။”

“သူဌေးလေးဟုန် ဘယ်သွားမလို့လဲ။”

ထိုလူက ဟုန်ရှောင်ပေါင် ကျောပေါ်က ဒယ်အိုးမည်းကြီးကို ကြောင်တောင်တောင် ကြည့်ပြီး မေးလိုက်သည်။ “ပျော်ပွဲစား ထွက်မလို့လား။”

ရှောင်ပေါင့် မျက်နှာ သေသွား၏။ “အေးဗျာ... ပျော်ပွဲစား။”

ဟုန်ရှောင်ပေါင် မျက်နှာကြီး မည်းမှောင်သွားပြီး ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။ “ကျုပ်က နေ့တိုင်း ပျော်ပွဲစား ထွက်နေတာဗျ... ဘာဖြစ်လဲ။”

ထိုလူ လန့်ပြီး နောက်ဆုတ်သွား၏။

“အဲ... ဟုတ်... ဟုတ်ကဲ့ပါ။”

ကြည့်ရတာ သူဌေးလေးဟုန် စိတ်မကြည်ဘူးပဲ... နည်းနည်းတောင် ကြောက်စရာ ကောင်းနေသလိုပဲ။ ထိုလူ တွေးလိုက်မိသည်။

သူတို့ သုံးယောက် ဆက်လက် ထွက်ခွာလာကြ၏။

ဟုန်ရှောင်ပေါင်က မေးလိုက်သည်။ “နောင်တော် ချန်ယုက ဘယ်မှာလဲ။”

“ရောက်တော့မယ်... ရောက်တော့မယ်။” ချန်ဖုန်းက ပြုံးပြီး ဖြေ၏။

သူတို့သည် အနောက်ဘက် ဈေးတန်းကို ဖြတ်သန်းသွားလာနေကြသည်။ လိုအပ်သည့် ပစ္စည်းများ စုံလင်နေပြီ ဖြစ်သော်လည်း ကျင့်ကြံသူများဆိုသည်မှာ ဈေးတန်းရောက်လျှင် ခြေလှမ်းနှေးသွားတတ်သည်က ထုံးစံပင်။ ဤနေရာတွင်က ကျင့်ကြံသူတွေနှင့် ပတ်သက်သည့် ပစ္စည်းပေါင်းစုံ ရောင်းချနေကြသည် .. ကံကောင်းလျှင် တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုခု တွေ့နိုင်သည် မဟုတ်ပါလား။

ဈေးသည်များကလည်း ပစ္စည်းပေါင်းစုံ ခင်းကျင်းထားကြသည်။ တချို့က အလင်းရောင် ထွက်နေသည့် ပိုးကောင်လေးတွေ ရောင်းသည်၊ တချို့က ရိုးရိုး ကျောက်တုံးလိုလို ဘာလိုလိုတွေ ရောင်းသည်၊ တချို့က နတ်ဆိုးသားရဲ အကောင်ပေါက်လေးတွေကို ဝိုင်းပြီး တိုက်ခိုက်ခိုင်းနေကြ၏။ ဆူညံပွက်လောရိုက်နေသည်။

ကြည့်ကောင်းကောင်းနှင့် ကြည့်လာရင်း ချန်ဖုန်းက ထောင့်တစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။

“ဟိုမှာ... နောင်တော် ချန်ယု ရှိနေပြီ။”

ထိုထောင့်နေရာတွင် လူသံတွေ ဆူညံနေသည်။ လူလေး၊ ငါးယောက်လောက်က မြေကြီးပေါ်တွင် စက်ဝိုင်းပုံစံ ဝိုင်းထိုင်နေကြ၏။ မြေပြင်ပေါ်တွင် ဓား၊ လှံ၊ တုတ် စသည့် လက်နက် ဆယ်မျိုးခန့် ပြန့်ကျဲနေသည်။

“အဲဒါ ဘာလုပ်နေကြတာလဲ။”

ဟုန်ရှောင်ပေါင် နားမလည် ဖြစ်သွား၏။ လေလံပစ်နေတာလား၊ ဒါမှမဟုတ် အခြား တစ်ခုခုလား။

“အဲဒါ လက်နက် ပြိုင်ပွဲ လို့ ခေါ်တယ်။”

စူးထျန်က တိုးတိုးလေး ရှင်းပြသည်။ “ကျင့်ကြံသူတွေက လောင်းကစား ဝါသနာပါတယ်လေ။ အများစုကတော့ ကိုယ့်လက်နက်ကို အသက်လို တန်ဖိုးထားကြပေမဲ့ တချို့ အစွန်းရောက်တဲ့ လူတွေကျတော့ ကိုယ့်လက်နက်ကို သုံးပြီး လောင်းကြေးထပ်ရတာကို ကြိုက်ကြတယ်။”

“လက်နက် ပြိုင်ပွဲ ဟုတ်လား... ဘယ်လို ပြိုင်ကြတာလဲ။”

ရှောင်ပေါင် စိတ်ဝင်စားသွား၏။

“လွယ်ပါတယ်... အပြန်အလှန် ခုတ်ကြတာလေ။ မကျိုး၊ မပဲ့၊ မအက်တဲ့ လက်နက်က နိုင်တာပေါ့။” ဘေးနားက ဖြတ်သွားသည့် ကျင့်ကြံသူ တစ်ယောက်က ဝင်ပြောပြသွားသည်။

“စည်းကမ်းက ရိုးရှင်းသားပဲ။”

ရှောင်ပေါင် ခေါင်းညိတ်လိုက်၏။ လှမ်းကြည့်လိုက်တော့ ချန်ဖုန်း နှင့် စူးထျန်တို့က လူတစ်ယောက်နား ရောက်သွားကြပြီ ဖြစ်သည်။ ထိုလူက ခေါင်းငိုက်စိုက်ကျနေပြီး မျက်နှာမကောင်းလှချေ။ ဝိညာဉ်ကျောက်တုံး ငါးတုံးကို မလိုလားဟန်ဖြင့် ထုတ်ယူပြီး သူ့ရှေ့က ကျောက်တုံးကြီးပေါ်တွင် လှဲနေသည့် လူတစ်ယောက်ကို ပေးလိုက်သည်ကို တွေ့ရ၏။

ကျောက်တုံးပေါ်က လူမှာ ခမောက်ကို မျက်နှာပေါ်အုပ်၊ ပါးစပ်ထဲ သစ်ကိုင်းခြောက် တစ်ချောင်း ကိုက်ပြီး ဇိမ်နှင့် လှဲနေသည်။ သူ့ဘေးနားတွင် ဓားကြီး တစ်လက် စိုက်ထား၏။ သာမန် ဓား မဟုတ်ပေ။ အုတ်ဂူကျောက်တိုင် တစ်ခုလောက် ကြီးမားပြီး ထူထဲလှသည်။

ဓားကြီး၏ ခြေရင်းတွင်မူ ကျိုးပဲ့နေသည့် ဓားတွေ၊ တူတွေ အများကြီး ပုံထားသည်။ ဘေးနားက သစ်သားဆိုင်းဘုတ်ပေါ်တွင် ရေးထားသည်မှာ - လက်နက်ပြိုင်ပွဲ... လောင်းကြေး ငါးတုံး ... နိုင်ရင် ဆယ်ဆ လျော်မယ်... ကြိုက်တဲ့ လက်နက် လာခဲ့ ဟူ၍ ဖြစ်၏။

ချန်ဖုန်းက စိတ်ဓာတ်ကျနေသည့် လူနား ကပ်သွားပြီး မေးလိုက်သည်။

“နောင်တော် ချန်ယု... ဘာဖြစ်လို့လဲဗျ။”

“ရှုံးသွားပြီလေကွာ။”

ချန်ယုက စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ထဲက ဓားကျိုးကြီးကို မြှောက်ပြလိုက်၏။

“သူ့ရဲ့ ဓားကြီးက ကြည့်ရင်တော့ မထူးခြားသလိုပဲ... ဒါပေမဲ့ အထဲမှာ သံမဏိတွေ အများကြီး ရောစပ်ထားပုံ ရတယ်။ ကျုပ် ဓားက မယှဉ်နိုင်ဘူး... ကျိုးသွားပြီ။ ငါးတုံး ရှုံးသွားတာတောင် မနှမြောပါဘူး... ဓားကျိုးသွားတာ နှမြောတာ။”

“ဟာ...။”

ချန်ဖုန်း ပြောစရာ စကား မရှိတော့ပေ။

ဟုန်ရှောင်ပေါင်က ချန်ဖုန်း၏ အင်္ကျီစကို ဆွဲပြီး တိုးတိုးလေး မေးလိုက်သည်။ “ဘာဖြစ်တာလဲ... ရှုံးသွားတာလား။”

“ဟုတ်တယ်... ရှုံးသွားတာ။”

ချန်ဖုန်းက ပြန်ဖြေ၏။

“ပေါ့ဆသွားတာ နေမှာပါ။ နောင်တော် ချန်ယုရဲ့ ဓားက တော်တော် ကောင်းတဲ့ လက်နက်ပါ... ဝယ်တုန်းက ဝိညာဉ်ကျောက်တုံး ဆယ်တုံး ကျော် ပေးရတာ။ အခုတော့ ကျိုးသွားပြီ... နှမြောစရာကြီး။”

ဪ... ဒီလိုကိုး။

ရှောင်ပေါင် ချက်ချင်း ဉာဏ်ပွင့်သွားသည်။ ငွေကို ဒီလိုရှာလို့လည်းရတာပဲ။

“အစ်ကိုကြီး ချန်ယု ဟုတ်လား။”

ရှောင်ပေါင်က ချန်ယု အနားသို့ တိုးသွားပြီး လေသံနှိမ့်ကာ မေးလိုက်သည်။ “ဟိုလူ့ရဲ့ ဓားကြီးနဲ့ ခုတ်တာကို ခံနိုင်ရည် ရှိပြီး မကျိုးရင် နိုင်ပြီပေါ့... ဟုတ်လား။ နိုင်ရင် ဘယ်လောက် ရမှာလဲ။”

“တစ်ဆ ဆယ်ဆ လေ... နိုင်ရင် ဝိညာဉ်ကျောက်တုံး ငါးဆယ် ရမယ်။”

ချန်ယုက သက်ပြင်းချလိုက်၏။

“ဒါပေမဲ့ ရှုံးရင် ငါးတုံး ပေးရမယ့်အပြင် ကိုယ့်လက်နက်ပါ ဆုံးရှုံးရမှာ။ ကျုပ်လည်း စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာ မှားသွားတယ်။”

ငါးဆယ်... ရှောင်ပေါင် မျက်လုံးများ အရောင်တောက်သွားသည်။ နိုင်ရင် ငါးဆယ် တောင် ရမှာလား...

ဤသည်မှာ မနည်းသည့် ပမာဏပင် ဖြစ်၏။ သူ့ကျောပေါ်က ဒယ်အိုးကြီးက ပြီးခဲ့သည့် ညကမှ လုပ်ထားခြင်းဖြစ်သည်။ မည်မျှ ဘယ်လောက် မာကျောလဲ ဆိုသည်ကို လက်တွေ့ စမ်းသပ်ခွင့် မရသေးပေ။

ယခုက ဒယ်အိုး၏ မာကျောမှုကို စမ်းသပ်ခွင့် ရမည့်အပြင် ပိုက်ဆံပါ ရနိုင်မည့် အခွင့်အရေး ဖြစ်၏။ ဤသို့သော အခွင့်အရေးမျိုးကို လက်လွှတ်လိုက်လျှင် ငတုံး ဖြစ်သွားပေမည်။

ရှောင်ပေါင် စိတ်ထဲတွင် ဝမ်းသာအားရ တွေးတောလျက်ရှိသည်။

All Chapters