← Chapters

အခန်း ၈၁

Vol. 8 Ch. 81

အခန်း ၈၁

Vol. 8 Ch. 81

အခန်း (၈၁) ဓားရူး။

“လုပ်မယ် လုပ်မယ်... ကျုပ် ဝင်ပြိုင်မယ်။ နိုင်ရင် ဝိညာဉ်ကျောက်တုံး ငါးဆယ် ရမှာ မဟုတ်လား။”

ဟုန်ရှောင်ပေါင် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး အော်ပြောလိုက်၏။ ရှောင်ပေါင်၏စကားကို ကြားချိန်တွင် ချန်ဖုန်း၊ ချန်ယု နှင့် စူးထျန်တို့ မျက်နှာ ပျက်သွားကြသည်။

ချန်ယုက စိုးရိမ်တကြီး တားလိုက်၏။

“သူဌေးလေးဟုန်... ခင်ဗျား ဘာတွေ လျှောက်လုပ်နေတာလဲ။ ဟိုလူ့ရဲ့ လက်နက်က သာမန် မဟုတ်ဘူးနော်။ အဲဒီလူက ကျန့်မိသားစုက ဓားရူး ဆိုတဲ့ ကောင်ပဲ။ စိတ်သဘောထားက ကြမ်းတမ်းပြီး အစွန်းရောက်တတ်တယ်။ သူ့လက်ထဲက ဓားက ဘယ်က ရထားမှန်း မသိပေမဲ့ တော်တော် ကြောက်စရာ ကောင်းတယ်။”

“ကိစ္စ မရှိပါဘူးဗျာ... စိတ်မပူပါနဲ့။”

ရှောင်ပေါင်က ရယ်မောရင်း ကျောပေါ်မှ ဒယ်အိုးကြီးကို ဖြုတ်ချလိုက်သည်။

“ကဲ... ဟိုလူကြီး... လာစမ်းပါ။ ကျုပ်ရဲ့ ဒီ ဒယ်အိုး နဲ့ စမ်းသပ်ကြည့်ကြတာပေါ့။”

“ဘာ။”

“ဘာပစ္စည်း။”

လူအများအပြား လှည့်ကြည့်လာကြသည်။ သူတို့ နားကြားမှားသည်ဟု ထင်နေကြပုံရသော်လည်း ရှောင်ပေါင် လက်ထဲမှ အရာဝတ္ထုကို မြင်လိုက်ရသည့် အခါတွင်မူ ….

“ဖူး... ဟားဟားဟား ဟားဟားဟား။”

ရယ်သံများ ပေါက်ကွဲထွက်လာသည်။

“အားပါးပါး... ငါ့တစ်သက် လက်နက်ပြိုင်ပွဲ ကွင်းပြင်မှာ လက်နက်ဆန်းတွေ အများကြီး တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဒယ်အိုး လာပြိုင်တာတော့ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။”

“ဟားဟား... ရယ်ရလွန်းလို့ ဗိုက်တောင် နာတယ်။”

“သူဌေးလေးဟုန်... မလုပ်ပါနဲ့ဗျာ။”

ချန်ဖုန်း မျက်နှာပူလာ၏။ ဟုန်ရှောင်ပေါင်၏ ဒယ်အိုးက ဘာထူးခြားသလဲ သူ မသိသော်လည်း ဒယ်အိုး ဆိုသည်မှာ ဒယ်အိုးပင် ... ဟင်းချက်စရာ ဖြစ်သည်။ အဘယ်သို့ လက်နက် လာလုပ်၍ ရမည်နည်း။

“မဖြစ်ဘူး ညီလေး... မင်း လုံးဝ မလုပ်နဲ့။”

ချန်ယုလည်း ပြာပြာသလဲ တားရှာသည်။

“ငါ့စကားကို ယုံပါ... သူ့ဓားက ကြည့်ရင်တော့ မထူးခြားသလိုနဲ့ တကယ့် အကောင်းစားကြီးကွ။ လေယင်မြို့မှာ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးဓားလို့တောင် ပြောလို့ ရတယ်။ ငါတောင် အပြင်ပန်းကြည့်ပြီး လျှော့တွက်မိလို့ ခံလိုက်ရတာ။”

“လေယင်မြို့မှာ အကောင်းဆုံး ဓား ဟုတ်လား။ ဟွန်း... နားထောင်လို့ ကောင်းသားပဲ။”

ထိုအချိန်ထိ ပျင်းရိလေးတွဲ့စွာ လှဲနေသော ဓားရူး၏ အသံ ထွက်ပေါ်လာ၏။ သူက ခမောက်ကို လက်ညှိုးဖြင့် ပင့်တင်လိုက်ပြီး မျက်လုံးတစ်ဖက် ဖွင့်ကာ ဟုန်ရှောင်ပေါင်ကို ပျင်းတိပျင်းရွဲ ကြည့်လိုက်သည်။

“ကျွတ် ကျွတ်... ညီလေး... အမှန်တိုင်း ပြောရရင် ငါ့မိတ်ဆွေ တစ်ယောက်လည်း မင်းလိုပဲ ဆေးပေါင်းအိုးကြီးကို လက်နက် လုပ်ဖူးတယ်။ အဲဒီအိုးကြီးက ဒိုင်းလွှာလည်း ရ၊ တူလည်း ရ၊ ဆေးဖော်လည်း ရ ဆိုပြီး ဂုဏ်ယူနေတာပေါ့။ ဒါပေမဲ့ ကွဲသွားရှာတယ်။ မင်းနဲ့ မင်းရဲ့ ဒယ်အိုးက အဲဒီ ဆေးအိုး အရည်အချင်းတောင် မမီပါဘူးကွာ။”

သူက လက်ကာပြလိုက်၏။ “ပြန်လိုက်ပါတော့... ပိုက်ဆံ လာလှူချင်ရင်လည်း ထားခဲ့ပေါ့။”

“ဟားဟား... ဟုတ်တယ်... ဒါ ပိုက်ဆံ လာလှူတာပဲ။”

“ဒီနေ့တော့ မြင်ကွင်းဆန်း မြင်ရပြီဟေ့။”

ပရိသတ်ကြီးက ဝိုင်းရယ်ကြသည်။

ချန်ဖုန်း နှင့် စူးထျန်တို့ မျက်နှာ မကောင်းကြတော့ပေ။ ဘာပဲပြောပြော ရှောင်ပေါင်က သူတို့နှင့် တစ်ဖွဲ့တည်း မဟုတ်ပါလား။ ယခုလို အဝိုင်းခံနေရသောကြောင့် သူတို့ပါ သိက္ခာကျနေရသည်။

“သူဌေးလေးဟုန်... ပြန်ကြစို့ပါ။”

“ဘာမှ မဖြစ်ပါဘူးဆို... ဘာကြောက်စရာ ရှိလို့လဲ။”

ရှောင်ပေါင်က ဒယ်အိုးကို မြှောက်ပြီး လက်ချောင်းဖြင့် ခေါက်ပြလိုက်သည်။

ဒေါင်... ဒေါင်။

အသံက ကြည်လင်ပြတ်သားပြီး ပဲ့တင်ထပ်သွား၏။

“သူဌေးလေးဟုန်... ဒါက ဒယ်အိုးကောင်းတစ်လုံး ဆိုတာ ငြင်းမရပါဘူး။ ဒါပေမဲ့ ဒယ်အိုး ဆိုတာ ဒယ်အိုးပဲလေဗျာ။”

ချန်ဖုန်းက ထပ်တားပြန်သည်။

“အင်း... အသံကတော့ နည်းနည်း စိတ်ဝင်စားစရာပဲ။”

ဓားရူးက ပြုံးလိုက်၏။ “ငါ့ရဲ့ ကောင်းကင်ဘုံ ကျော်လွန် ပျံသန်းခြင်း ဓားကြီးနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်း နည်းနည်းတော့ ရှိမယ့်ပုံပဲ။ ဘယ်လိုလဲ... ပြိုင်မလား။”

ကောင်းကင်ဘုံ ကျော်လွန် ပျံသန်းခြင်း။

ရှောင်ပေါင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ နာမည်ကလည်း ဂေါ်လိုက်တာ လွန်ရော တွေးကာ သူလည်း သူ့ဒယ်အိုး နာမည် ပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။

“အဲ... ကျုပ် ဒယ်အိုး နာမည်ကတော့ အနက်ရောင် သံမဏိ ဒယ်အိုး တဲ့။”

“ဘာဒယ်အိုး။”

“ဒီကောင်က သံမဏိနဲ့ ဒယ်အိုး လုပ်ထားတယ်လို့ ပြောလိုက်တာလား။”

“ဟားဟား... ကြမ်းတယ်... ငါ့အိမ်က ကျွဲကြီးတောင် မင်းလောက် မကြမ်းဘူး။” လူအုပ်ကြီးက လှောင်ရယ်ကြပြန်သည်။ ဟုန်ရှောင်ပေါင်ကတော့ ဂရုမစိုက်ဘဲ တည်ကြည်လေးနက်စွာ ဆက်ပြောလိုက်၏။

“ဟုတ်တယ်... သံမဏိ စစ်စစ် နဲ့ လုပ်ထားတာ။”

“ဝါးဟားဟားဟား။”

“သံမဏိ စစ်စစ် တဲ့လား... ကြားလိုက်ကြရဲ့လားဟေ့။”

ဤတစ်ကြိမ်တော့ ချန်ဖုန်း၊ ချန်ယု နှင့် စူးထျန်တို့ပါ မျက်နှာပူလာကြသည်။ ရှောင်ပေါင် ကြွားသည်က နည်းနည်း လွန်သွားပြီ ဖြစ်၏။ စစ်စစ် ဆိုသည့် စကားလုံးက တော်တော်လေး များလွန်းအားကြီးနေသည်။ သို့ပေမည့် ကိုယ့်လူမို့လို့ ဝင်ပြီး ဖျက်လိုဖျက်ဆီး မလုပ်ရက်ကြပေ။

“သံမဏိ ဒယ်အိုး ဟုတ်လား။”

ဓားရူးက ပါးစပ်ထဲက သစ်ကိုင်းခြောက်ကို ထွေးထုတ်ပြီး စိတ်ဝင်တစား ထထိုင်လိုက်သည်။ သူ့ဘေးနားက ဓားကြီးကို ပုတ်ပြပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြော၏။

“ငါက ဓားရူး... ပိုက်ဆံ နည်းနည်းတော့ ရှိတယ်။ လက်နက် စုဆောင်းတာ ဝါသနာပါတယ်။ ဒီ ကောင်းကင်ဘုံ ကျော်လွန် ပျံသန်းခြင်း ဓားကြီးကို လုပ်ဖို့ ဝိညာဉ် ကျောက်တုံး နှစ်ရာ တိတိ အကုန်ခံထားရတာ။ လေယင်မြို့မှာ ပြိုင်ဘက်ကင်းတယ်လို့ မဆိုလိုပေမဲ့ ယှဉ်နိုင်တဲ့လက်နက် ရှားတယ်။ ဒါတောင်မှ သံမဏိ ဆယ့်တစ်ပိဿာလောက်ပဲ ထည့်ထားတာ။ မင်းက သံမဏိစစ်စစ် နဲ့ ဒယ်အိုး လုပ်ထားတယ် ဆိုတော့... ဟားဟား... ရယ်စရာ ကောင်းလွန်းမနေဘူးလား။”

ဝိညာဉ် ကျောက်တုံး နှစ်ရာ...။

လူအုပ်ကြီး အံ့သြမှင်သက်သွားကြသည်။ ဤသည်မှာ တကယ့် သူဌေးကြီး ဖြစ်၏။ သာမန် ကျင့်ကြံသူတွေက ဆယ်တုံးတန် လက်နက်လောက်သာ ကိုင်နိုင်ကြသည် ... သုံးဆယ်လောက် ဆိုလျှင် အကောင်းသား ဖြစ်နေပြီ။ ဝိညာဉ်ကျောက်တုံး နှစ်ရာတန် လက်နက် ဆိုသည်မှာ နတ်လက်နက် စာရင်း ဝင်နေချေပြီ။

လူများက ရှောင်ပေါင်ကို အထင်သေးစွာ ကြည့်လိုက်ကြသည်။ မင်း ကြွားမယ် ဆိုရင်လည်း ယုတ္တိရှိအောင် ကြွားမှပေါ့... သံမဏိ စစ်စစ် ဆိုတာ ဘယ်လောက် လေးလဲ သိရဲ့လား။

ဓားရူးက အေးစက်စက် ပြုံးပြီး လက်ညှိုး တစ်ချောင်း ထောင်ပြလိုက်သည်။

“နံပါတ်တစ်... အဲဒါ သံမဏိ စစ်စစ် မဖြစ်နိုင်ဘူး။ ဒီလောက် ကြီးမားတဲ့ ဒယ်အိုးက တကယ်သာ သံမဏိ စစ်စစ် ဆိုရင် အနည်းဆုံး ပေါင်ချိန် တစ်ရာ ကျော် လေးလောက်မယ်။ မင်းလို ပထမအဆင့် ရုပ်ခန္ဓာ လောက် ရှိတဲ့ကောင်က ဒီလောက် ပေါ့ပေါ့ပါးပါး လွယ်ထားနိုင်စရာ အကြောင်း မရှိဘူး။”

“ဟုတ်တယ်... ဟုတ်တယ်။”

“အဓိပ္ပာယ် ရှိတယ်။”

အားလုံး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ဓားရူးက လက်နက်အကြောင်း နောကျေနေသူ မဟုတ်ပါလား။

“နံပါတ်နှစ်။”

ဓားရူးက ဆက်ပြောသည်။ “သံမဏိ တစ်ပိဿာကို နှစ်ဆယ့်ရှစ်တုံ၊ နှစ်ဆယ့်ကိုးတုံးလောက် ဈေးပေါက်တယ်။ ပေါင်တစ်ရာ ဆိုရင် ဝိညာဉ် ကျောက်တုံး သုံးထောင် လောက် ကျသင့်လိမ့်မယ်။ သာမန် ကျင့်ကြံသူတွေ မပြောနဲ့... ဂိုဏ်းက ဆရာကြီးတွေတောင် ဒီလောက် ပမာဏကို အလွယ်တကူ ထုတ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့...။”

ဓားရူးက မထီမဲ့မြင် ပြုံးလိုက်၏။ “ပိုက်ဆံ သုံးထောင် ပိုင်တဲ့ လူတစ်ယောက်က တကယ့် နတ်လက်နက် ကောင်းကောင်း တစ်ခု သွားလုပ်မှာပေါ့... ဒယ်အိုး လုပ်ပါ့မလား... ငတုံးမှပဲ အဲလို လုပ်မှာ။”

“မှန်တယ်... ဘယ်သူကများ ဝိညာဉ် ကျောက်တုံး သုံးထောင် အကုန်ခံပြီး ဒယ်အိုး လုပ်မှာလဲ။”

“ဟုတ်တယ်... ဒယ်အိုး တစ်လုံးထဲမှာ သံမဏိ တစ်ကျပ်သား၊ နှစ်ကျပ်သားလောက် ပါရင်တောင် တော်တော် များနေပြီ။ သံမဏိ စစ်စစ် ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။”

“နေပါအုံး .. သူ ပြောတာ အမှန် ဖြစ်နိုင်တယ်။ ငါ့ သူငယ်ချင်း တစ်ယောက်က ပန်းပဲဖိုမှာ အလုပ်လုပ်တာလေ။ မနေ့က လူတစ်ယောက် သံမဏိ စစ်စစ်နဲ့ ဒယ်အိုး လာလုပ်သွားတယ်လို့ ပြောနေသံ ကြားတယ်။”

တစ်ယောက်က ဝင်ပြောလိုက်သော်လည်း အခြားသူက ပြန်ပက်လိုက်၏။ “တော်စမ်းပါကွာ... ပန်းပဲဆရာတွေက လက်နက်အကြောင်း ပြောရင် သံချောင်းကို နတ်လက်နက် ဖြစ်အောင် လေလုံးထွားတတ်တာ မင်း မသိဘူးလား”

“စကားများမနေနဲ့တော့။”

ဓားရူးက သူ့ဓားကြီးကို လှမ်းကိုင်လိုက်သည်။ “ရွှေအစစ် မီးစစ်စရာ မလိုဘူး။ မင်းက လက်နက် လာပြိုင်တာ မဟုတ်လား... လာလေ... စလိုက်ကြတာပေါ့။”

ပြောပြောဆိုဆို ဓားရူးက သူ့ခေါင်းပေါ်မှ ဆံပင်တစ်ချောင်းကို နှုတ်လိုက်၏။ ဓားသွားပေါ်သို့ တင်လိုက်ပြီး ပါးစပ်ဖြင့် ခပ်ဖွဖွလေး မှုတ်လိုက်သည်။ ဆံပင်မျှင်လေးသည် ဓားသွားနှင့် ထိမိရုံဖြင့် တိခနဲ နှစ်ပိုင်း ပြတ်သွားပြီး လေထဲ လွင့်ပါးသွားသည်။

“လေမှုတ်လိုက်ရုံနဲ့ အမွေးအမျှင် ပြတ်တောက်နိုင်တဲ့ နတ်လက်နက်ပါလား။”

All Chapters