← Chapters

အခန်း ၈၂

Vol. 8 Ch. 82

အခန်း ၈၂

Vol. 8 Ch. 82

အခန်း (၈၂) ဓားထိပ်ဖျား ဘယ်ရောက်သွားပြီလဲ။

“ဝိုး... ထက်လိုက်တာ။”

ပတ်ဝန်းကျင်မှ လူအများက အံ့အားတကြီး ရေရွတ်လိုက်ကြသည်။ ဓားကြီးကဲ့သို့ အင်အားကို အဓိကထား အသုံးပြုရသည့် လက်နက်ကြီးမျိုးက ဤမျှ ထက်ရှမည်ဟု သူတို့ ထင်မထားခဲ့ကြချေ။ အမွေးအမျှင်လေးပင် ပြတ်တောက်သွားသည် ဆိုတော့ တကယ်ပဲ ကြောက်စရာ ကောင်းသည် မဟုတ်ပါလား။

“ကောင်းတယ်။ ကောင်းတယ်။”

ဟုန်ရှောင်ပေါင်ကတော့ စိတ်မရှည်တော့ချေ။ ဒီကောင်က လက်နက်ပြိုင်ပွဲ လုပ်တာလား၊ မျက်လှည့် လာပြနေတာလား။

“ကဲ... လုပ်မှာဖြင့် လုပ်လေဗျာ... ကြာလိုက်တာ။”

“နေပါအုံး... သူဌေးလေးဟုန်။”

ချန်ဖုန်းက စိုးရိမ်တကြီး တားသော်လည်း ရှောင်ပေါင်က ပြုံးပြုံးလေးနှင့်ပင် လက်ကာပြလိုက်၏။

“ငါက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။”

ဓားရူးက အေးစက်စက် ရယ်မောလိုက်သည်။ “ဒယ်အိုးကို ပေးစမ်း။”

“မလိုဘူး... မလိုဘူး... ကျုပ် ကိုင်ထားလို့ ရတယ်။”

ရှောင်ပေါင်က အမြန် ငြင်းလိုက်၏။ သူ့ဒယ်အိုးက ပေါင် တစ်ရာ ကျော် လေးသည်။ လှမ်းယူလိုက်၍ လေးလွန်းပြီး လွှတ်ချလိုက်လျှင် သူ့ခြေထောက် ကွဲသွားဦးမည်၊ ထို့အပြင် လျှို့ဝှက်ချက် ပေါက်ကြားသွားပေမည်။

သူက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး လမ်းဘေးက ကျောက်တုံးကြီး တစ်တုံးနား လျှောက်သွားလိုက်၏။

“ဒီမှာပဲ ထားလိုက်မယ်... ဒီကျောက်တုံးပေါ် တင်ထားမယ်နော်... ဘာငြင်းစရာ ရှိသေးလဲ။ ကဲ... လာ... မြန်မြန် လုပ်။”

ပရိသတ်ကြီးကတော့ ရှောင်ပေါင်ကို ကြည့်ပြီး ခေါင်းခါယမ်းနေကြသည်။ ဒီကောင်က သူများ သတ်တာ ခံရဖို့ လည်စင်းပေးနေတဲ့ ကြက်ကလေးလို ဖြစ်နေပါရောလား။

ရှောင်ပေါင်၏ ရဲတင်းမှုကြောင့် ဓားရူး အနည်းငယ် တွန့်ဆုတ်သွားသည်။ ဒီကောင် ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေတာလဲ။

ထိုသို့တွေးမိသော်လည်း ရှောင်ပေါင်က ဒယ်အိုးကြီးကို စက္ကူစလေး ကိုင်ထားသလို ပေါ့ပေါ့ပါးပါး ကိုင်ထားသည်ကို မြင်တော့ သေချာပေသည် .. ထိုဒယ်အိုးက သံမဏိ စစ်စစ် မဖြစ်နိုင်ဟု ယုံကြည်မှု ပြန်ရသွား၏။

သူက ကျောက်တုံးကြီးရှေ့ လျှောက်သွားလိုက်၏။ လည်ပင်းကို ဘယ်ညာ လှည့်လိုက်ရာ ဂလောက်... ဂလောက် ဟု အသံမြည်သွားသည်။ ဓားကြီးကို မိုးပေါ် မြှောက်တင်လိုက်ပြီး လေထဲတွင် ဝှေ့ယမ်းလိုက်သည်။

ဝုန်း... ဝုန်း။

လေတိုးသံကြီးများ ထွက်ပေါ်လာသည်။ အရှိန်အဝါက တကယ့်ကို ကြောက်ခမန်းလိလိ ဖြစ်၏။

“ဝိုး... ကြမ်းတယ်ဟေ့... လုပ်စမ်းပါ။” ရှောင်ပေါင်က အားပေးလိုက်သည်။

“ငါ့ရဲ့ ဓားချက်အောက်မှာ မင်း ဒယ်အိုး နှစ်ပိုင်းပြတ်သွားတဲ့အခါ မင်း ရယ်နိုင်အုံးမလား ကြည့်ကြသေးတာပေါ့။” ဓားရူးက အော်ဟစ်လိုက်၏။

ဝတ်ရုံများ လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံသွားသည်။ ဆံပင်ရှည်များကလည်း နောက်သို့ လွင့်မျောသွားသည်။

ဟုန်ရှောင်ပေါင် တစ်ယောက် အားကျသွားမိသည်။ ကျန့်မိသားစုက လူတွေနှင့် တွေ့သည်မှာ သုံးခါမြောက် ရှိပြီ။ သူတို့၏ သိုင်းပညာ ကောင်း၊ မကောင်း မသိသော်လည်း ဟုတ်ထုတ်သည်ကတော့ အတော်ဆုံးပင်။

ပရိသတ်ကြီးလည်း အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြ၏။

ထိုအချိန်မှာပင် လေးကိုင်းသဏ္ဍာန် ကော့ညွတ်နေသော ဓားရူး၏ ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် တောင့်တင်းသွားသည်။ ဓားကြီးကို အရှိန်ပြင်းစွာဖြင့် ဒယ်အိုးပေါ်သို့ ရိုက်ချလိုက်သည်။

ဒုန်း... ဂျွတ်။

ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ တစ်စုံတစ်ရာ ကွဲအက်သွားသံကိုပါ ကြားလိုက်ရသည်။ ဒယ်အိုးတင်ထားသည့် ကျောက်တုံးကြီး၏ ထိပ်ပိုင်း တစ်ခုလုံး ပဲ့ထွက်သွားပြီး အက်ကြောင်းကြီး တစ်ခုက မြေကြီးအထိ ထိုးဆင်းသွား၏။

“ဘယ်လိုလဲ... ဘယ်လိုလဲ။”

လူအုပ်ကြီးက အတင်း တိုးဝှေ့ပြီး ကြည့်ကြသည်။ ဒယ်အိုး နှစ်ပိုင်းပြတ်သွားမည်ဟု ထင်ထားကြသော်လည်း ဒယ်အိုးက အကောင်းအတိုင်း ရှိနေသေးသည် မဟုတ်ပါလား။

“ကောင်းကင်ဘုံ ... ဒယ်အိုးက မကွဲဘူးဟေ့။”

“အောက်က ကျောက်တုံးကြီးတောင် ကွဲထွက်သွားတယ် .... ဒယ်အိုးက ဘာမှ မဖြစ်ဘူးလား။”

“ကြည့်ရတာ သံမဏိ တော်တော်များများ ပါမယ့်ပုံပဲ။”

“နေပါအုံး... ဒယ်အိုးရဲ့ အစွန်းတစ်နေရာ ပဲ့ထွက်သွားတာ ငါ မြင်လိုက်သလိုပဲ။”

“ငါလည်း မြင်လိုက်တယ်... အစအနလေး တစ်ခု လွင့်ထွက်သွားတယ်။”

ချန်ယု နှင့် စူးထျန်တို့ မျက်နှာပျက်သွားကြ၏။ သူတို့လည်း တစ်စုံတစ်ရာ လွင့်ထွက်သွားတာ မြင်လိုက်ရသည်။

ဓားရူးလည်း အံ့သြသွားသည်။ သူ့ဓား၏ အစွမ်းနှင့် သူ၏ ခွန်အားကို ပေါင်းလိုက်လျှင် သာမန် သံတုံးဆို နှစ်ပိုင်းပြတ်သွားရမှာပင်။ ဤဒယ်အိုးက မာကျောသားပဲဟု တွေးမိသော်လည်း ကိစ္စ မရှိပေ။ ဒယ်အိုး၏ အပိုင်းအစလေး တစ်ခု ပဲ့ထွက်သွားသည်ကို သူ မြင်လိုက်သည် မဟုတ်ပါလား။

သူ ကျေနပ်စွာ ပြုံးလိုက်သည်။ “မဆိုးဘူး... မင်း ဒယ်အိုးက သံမဏိ နည်းနည်းတော့ ပါတာပဲ။ ဒါပေမဲ့ လက်နက် ပြိုင်ပွဲ ဆိုတာ ထိခိုက်မှု ရှိစမြဲပဲလေ။ ငါ့ဓားချက်ကြောင့် မင်းဒယ်အိုးရဲ့ အစွန်းတစ်နေရာ ပဲ့ထွက်သွားတာကိုတော့ ခွင့်လွှတ်ပေးပါ... ဟားဟားဟား။”

ဓားရူးက ရယ်မောလိုက်၏။ ဓားကြီးကို နောက်ပြန်လွှဲလိုက်ပြီး ကျောပေါ်တွင် တင်လိုက်သည်။ ဓားသွားက ကောင်းကင်ပေါ် ထောင်နေပြီး သူ့ခေါင်းနောက်မှနေ၍ ဓားထိပ်ဖျားလေး ထွက်နေသည်။ စတိုင်အပြည့်နှင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆို၏။

“တကယ်လို့ မင်း မကျေနပ်ရင် နောက်တစ်ခါ လက်နက်ကောင်းကောင်း တစ်ခု ယူလာပြီး ငါ့ကို လာစိန်ခေါ်လို့ ရတယ်။ ငါ ဓားရူးက လက်နက်ပြိုင်ပွဲ ဆိုရင် ဘယ်တော့မှ မငြင်းဘူး။”

“ဟာ... ဒုက္ခပါပဲ။”

ရှောင်ပေါင် လန့်သွားသည်။ ဒယ်အိုးကို အမြန် ကောက်ယူပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်၏။ ဘယ်နား ပဲ့သွားတာလဲဟ... ဘာမှလည်း မဖြစ်ပါလား... ခြစ်ရာတောင် မထင်ဘူး။

ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ဓားရူးကို လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် သူ့မျက်လုံးများ အရောင်တောက်သွားပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

ဓားရူး၏ ခေါင်းနောက်ဘက်မှ ထိုးထွက်နေသော ဓားကြီးကို ကြည့်ပြီး ရှောင်ပေါင် ပြုံးလိုက်၏။

ပရိသတ်ကြီးကလည်း ဓားရူး၏ ခေါင်းနောက်မှ ဓားကြီးကို သတိထားမိသွားကြသည်။ ရုတ်တရက် အားလုံး ကျောက်ရုပ် ဖြစ်သွားကြပေသည်။ ဓားကြီး၏ ထိပ်ဖျားတွင် ကြက်ဥ တစ်ဝက်လောက် ရှိမည့် အပိုင်းအစကြီး တစ်ခု ပျောက်ဆုံးနေသည် မဟုတ်ပါလား။

ဒါ...။

ဓားရူးကတော့ ပတ်ဝန်းကျင် အခြေအနေကို မရိပ်မိသေးဘဲ ရှောင်ပေါင်ကို ပြုံးဖြီးဖြီး ကြည့်နေတုန်းပင်။

လူတစ်ယောက်က မနေနိုင်တော့ဘဲ သတိပေးလိုက်၏။ “အဲ... ဓားရူး... ခင်ဗျားရဲ့ ဓား။”

“ဟားဟား... ငါ့ဓားလား။”

ဓားရူးက ပိုပြီး ဂုဏ်ယူသွားသည်။ ဓားကြီးကို ရှေ့သို့ ပြန်ယူလိုက်ပြီး လေထဲ ဝှေ့ယမ်းပြလိုက်၏။

“ဒီဓားနာမည်က ကောင်းကင်ဘုံ ကျော်လွန် ပျံသန်းခြင်း တဲ့ကွ။ ပင်လယ်ရေနက် သံမည်း ကို အဓိကထားပြီး သံမဏိ ဆယ့်တစ်ပိဿာ ရောစပ်တယ်။ လေးဆယ့်ကိုးရက် တိုင်တိုင် ထုလုပ်ထားတာ။ နေမင်းရဲ့ အဆီအနှစ်ကို ယူ၊ လမင်းရဲ့...။”

ရုတ်တရက် ဓားရူး၏ အသံ တိတ်ဆိတ်သွားသည်။ သူ့ခန္ဓာကိုယ်ကြီး တောင့်ခဲသွား၏။ မျက်လုံးများ ပြူးကျယ်လာပြီး မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ သူ ခုနက မြင်လိုက်ရသည်က ….

ဘာလဲ... မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး။

ဓားရူးက လည်ပင်းကို ဇက်ခိုင်နေသူ တစ်ယောက်သဖွယ် ဖြည်းဖြည်းချင်း လှည့်ပြီး သူ့လက်ထဲက ဓားကို ငုံ့ကြည့်လိုက်သည်။ မျက်နက်ဝန်းများ ကျုံ့ဝင်သွား၏။

“ဓား... ဓားထိပ်ဖျား ဘယ်ရောက်သွားပြီလဲ။”

ကောင်းကင်ဘုံ ကျော်လွန် ပျံသန်းခြင်း ဓားကြီး၏ ထိပ်ဖျား ဘယ်ရောက်သွားပြီနည်း။

“အား... မဖြစ်ရဘူး။”

ဓားရူး ရင်ဘတ်ကို ဖိပြီး အော်ဟစ်လိုက်သည်။ မျက်လုံးများ ကစဉ့်ကလျား ဖြစ်သွားပြီး ဘေးဘီဝဲယာကို လိုက်ရှာ၏။ ချက်ချင်းပင် မြေကြီးပေါ်တွင် ကျနေသော သတ္တုအပိုင်းအစ တစ်ခုကို တွေ့လိုက်ရသည်။ သာမန် သံတိုသံစ တစ်ခုသဖွယ် ဖြစ်နေသော်လည်း ထိုအရာမှာ သူ့ဓား၏ ထိပ်ဖျားလေးပင် ဖြစ်သည်။

“ဒါ... ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ဓားရူး တတွတ်တွတ် ရေရွတ်နေမိသည်။ မျက်နှာကြီး နီရဲလာ၏။ ခုနက သူ ဘာတွေ ပြောခဲ့မိသနည်း၊ ဘာတွေ ကြွားခဲ့မိသနည်း... ယခုတော့ မြေကြီးထဲသာ ဝင်ပုန်းလိုက်ချင်တော့သည်။ သူ တစ်ယောက်တည်းကို ကမ္ဘာကြီးက ဝိုင်းပြီး အနိုင်ကျင့်နေသလို ခံစားနေရ၏။

“အဲ... ဟို... လက်နက်ပြိုင်ပွဲ ဆိုတာ... ဟဲဟဲ... ထိခိုက်မှုတော့ ရှိစမြဲပဲလေ... အဲ...။”

ဓားရူး စကားလုံး ရှာမရ ဖြစ်နေသည်။ ဟန်လုပ်ပြီး ပြုံးချင်သော်လည်း မျက်နှာက ငိုမဲ့မဲ့ ဖြစ်နေသည်။

“ကဲ... ကြည့်ရတာ ဒီပွဲ ကျုပ် နိုင်သွားပြီ ထင်တယ်။”

ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်သည်။ ဒယ်အိုးကို လက်ချောင်းဖြင့် ဒေါင်... ဒေါင် မြည်အောင် ခေါက်ပြလိုက်၏။

“ကျုပ်ရဲ့ ရတနာလေး နာမည်က အနက်ရောင် သံမဏိ ဒယ်အိုး တဲ့... အလေးချိန် တစ်ရာ့ဆယ့်တစ်ပေါင် ရှိတယ်။”

ပြောပြီးသည်နှင့် ဟုန်ရှောင်ပေါင်က ပေါ့ပါးသွက်လက်စွာ လှည့်ထွက်သွားလိုက်သည်။ ပြီးတော့မှ လက်တစ်ဖက်ကို နောက်ပြန် လှမ်းလိုက်၏။

“ကဲ... ပေး... ဝိညာဉ်ကျောက်တုံးတွေ ပေးတော့။”

ခုနကထိ မိုးပေါ်ရောက်နေသည့် ဓားရူး တစ်ယောက် ယခုမူ နှင်းရိုက်ခံရသည့် ခရမ်းသီးလို ညှိုးငယ်နေရှာသည်။ မျက်နှာကြီး ရှုံ့မဲ့နေပြီး အသည်းနှလုံး ကွဲကြေမတတ် ခံစားနေရသော်လည်း ကတိ ဆိုသည်မှာ တည်ရမည် မဟုတ်ပါလား။

တုန်ယင်နေသော လက်များဖြင့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို ထုတ်ယူပြီး ရှောင်ပေါင် လက်ထဲ ထည့်ပေးလိုက်ရှာသည်။

“ရှုံး... ရှုံးပါတယ်ဗျာ... ရော့... ယူသွားပါ။”

All Chapters