အခန်း ၈၃
Vol. 8 Ch. 83
အခန်း (၈၃) တောနက်ထဲသို့ ဝင်ရောက်ခြင်း။
“ဟားဟားဟား... ပျော်လိုက်တာ... ငါ ပျော်လိုက်တာ။”
ရှောင်ပေါင်သည် သီချင်းလေး ညည်းရင်း ခြေလှမ်းသွက်သွက် လှမ်းနေသည်။ ဝိညာဉ်ကျောက်တုံး ငါးဆယ် လွယ်လွယ်လေး ရလိုက်ခြင်းကို ဘယ်မပျော်ဘဲနေမည်နည်း။
ချန်ယု၊ စူးထျန် နှင့် ချန်ဖုန်းတို့ကတော့ သူ့ကို ကြည့်ပြီး ခေါင်းခါနေကြသည်။
သို့ပေမည့် ရှောင်ပေါင်၏ ပျော်ရွှင်မှုက ကြာကြာမခံချေ။ မြို့အထွက် လမ်းမပေါ် ရောက်သည်နှင့် ပြဿနာ စတက်လေ၏။
လူအများကြီး ကြားထဲတွင် ဒယ်အိုးကြီး ကျောပိုးပြီး လျှောက်သွားနေသည့် လူတစ်ယောက်ကို မည်သူ မကြည့်ဘဲ နေမည်နည်း။ ကြည့်ရုံတင် မကပေ။ အသံတွေက ဘေးဘီဝဲယာကနေ ဆူညံစွာ ထွက်ပေါ်နေသည်။
“ဟိုမှာ ကြည့်... ဒယ်အိုးကြီးနဲ့၊ ဟားဟား... ဘာကြီးလဲဟ”
ဟုန်ရှောင်ပေါင် ခေါင်းငိုက်စိုက်ကျသွား၏။
ငါ့မှာ ပြန်ပြောစရာ စကား မရှိတော့ပါလား။ ထိုသို့တွေးကာ ခေါင်းငုံ့ပြီး မြန်မြန် လျှောက်လိုက်သည်။ မည်သူ့ကိုမျှ မကြည့်တော့ဘဲ ဘာသံမှ မကြားချင်ယောင် ဆောင်လိုက်၏။ အနောက်ဘက် ဈေးတန်းကို ကျော်လွန်ပြီး မြို့ပြင် ရောက်လာတော့မှ လူပါးသွားသည်။
လမင်းပြာ တောင်တန်း ဆီ သွားရာလမ်းက အများကြီး ရှိသည်။ တောလမ်းလေးတွေ၊ တောင်လမ်းလေးတွေက ရှုပ်ထွေးနေ၏။ လူသူကင်းမဲ့လာပြီး တောအုပ် အစပ်ရောက်တော့မှ ရှောင်ပေါင် စိတ်သက်သာရာ ရသွား၏။
“ဟူး... လွတ်လပ်သွားပြီဟေ့။”
လေကောင်းလေသန့် တစ်ဝကြီး ရှူရှိုက်လိုက်သည်။ မျက်နှာပေါ် အုပ်ထားသည့် စိုစွတ်စွတ် အဝတ်ကြီး ဖယ်လိုက်ရသလို ခံစားချက်မျိုး ဖြစ်သည်။
“ကဲ... မြန်မြန် သွားကြစို့ဗျာ... သူများတွေ ဦးသွားအုံးမယ်။”
“ဟားဟား... သူဌေးလေးဟုန် ကလည်း။”
စူးထျန်က ပြုံးလိုက်သည်။ “ဘယ်သူက ရှင့်ကို ဒယ်အိုးကြီး သယ်လာခိုင်းလို့လဲ... အဲဒါကြောင့် လူတွေ ဝိုင်းကြည့်တာပေါ့။”
စကားသာ ပြောနေသော်လည်း ခြေလှမ်းက မရပ်ပေ။ စူးထျန်နှင့် ချန်ယုက ဒုတိယအဆင့် ရုပ်ခန္ဓာ တွေ၊ ချန်ဖုန်းကလည်း ပထမအဆင့် ထိပ်သီး၊ ရှောင်ပေါင်ကလည်း သွေးဓာတ်အဆင့် ဆိုတော့ အားလုံးက ခြေလှမ်းသွက်ကြသည်။ ခဏအတွင်းမှာပင် လူသူကင်းမဲ့သည့် နေရာ ရောက်လာကြ၏။
ဟုန်ရှောင်ပေါင် ပတ်ဝန်းကျင်ကို သေချာ ကြည့်ရှုလိုက်သည်။ လမင်းပြာ တောင်တန်း အကြောင်း ကြားဖူးခဲ့သည်မှာ ကြာပြီ... ယခုမှ ကိုယ်တိုင် ရောက်ဖူးခြင်း ဖြစ်သည်။ တောင်ခြေသာ ရှိသေးသော်လည်း သစ်ပင်တွေက မိုးထိမတတ် မြင့်မားနေပြီး ကောင်းကင်ကို ဖုံးအုပ်ထား၏။ ခြုံပုတ်တွေ၊ နွယ်ပင်တွေ၊ မှိုတွေက နေရာလပ်မကျန် ပေါက်ရောက်နေသောကြောင့် ခြေချစရာ နေရာပင် မရှိချင်တော့ချေ။
“အင်း... ဒီလောက် လူတွေ နေ့တိုင်း လာခူးနေတာတောင် မကုန်နိုင်ပါလား။” ရှောင်ပေါင် အံ့သြမိသည်။
“ဒါ ဘာဟုတ်သေးလို့လဲ။”
အဘိုးကြီး ယင်းကျိုယိုက အထင်သေးစွာ ပြောလိုက်၏။ “ဒါက ငှက်တောင် မစွန့်ချင်တဲ့ တောချုံပုတ်လေးပါ။ ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့ နေရာတွေမှာ ဆိုရင် အနိမ့်ဆုံးအဆင့် သစ်ပင်တွေတောင် တစ်ညတည်းနဲ့ ပေသုံးဆယ်လောက် ရှည်ထွက်လာတာကွ။”
“တစ်ညတည်းနဲ့ ပေသုံးဆယ်... တယ်ဟုတ်ပါလား။”
ရှောင်ပေါင် အံ့သြသွားသည်။ အဘိုး ပြောမှတော့ ယုံရမှာပေါ့။
လမ်းတစ်လျှောက်လုံးတွင် တိရစ္ဆာန် ခြေရာကြီးတွေ တွေ့ရသည်။ မနက်ခင်း မြူတွေက ထူထပ်နေသေးပြီး ပေသုံးရာ လောက် အကွာအဝေးကိုပင် ကောင်းကောင်း မမြင်ရချေ။ တောနက်ထဲမှနေ၍ သားရဲဟိန်းသံ သဲ့သဲ့ ကြားနေရ၏။
လျှို့ဝှက်ဆန်းကြယ်လှ၏။ ရှောင်ပေါင် သဘောကျနေသည်။
ချန်ဖုန်းနှင့် ချန်ယုကတော့ အတွေ့အကြုံ ရှိသူတွေပီပီ ရှေ့မှနေ၍ ဦးဆောင်သွားနေ၏။
“ရွှေဝက်ဝံပေါက် တွေ့ခဲ့တဲ့နေရာက ကျီးကန်းတောအုပ် ထဲမှာ။ အဲဒီနေရာက လမင်းပြာ တောင်တန်း အရှေ့တောင်ဘက် က ဧရာမ တောင်ကြားလမ်း ထဲမှာ ရှိတယ်။ လေယင်မြို့နဲ့ မဝေးပါဘူး... ညနေလောက် ဆိုရင် ရောက်မယ်။ ဒါပေမဲ့ ရှာရဖွေရမှာ ဆိုတော့ အဲဒီမှာ တစ်ညလောက် အိပ်ရမယ့် သဘော ရှိတယ်။”
ချန်ဖုန်းက ရှင်းပြသည်။ “ကျီးကန်းတောအုပ်မှာ အသတိထားရဆုံး အရာက အဆိပ်မြူ တွေပဲ။ သာမန် အဆိပ်မြူ ဆိုရင်တောင် ကျင့်ကြံသူတွေအနေနဲ့ ဆယ့်ငါးမိနစ် လောက်ပဲ ခံနိုင်ရည် ရှိတယ်။ ပြီးတော့ ပိုပြင်းထန်တဲ့ အဆိပ်မြူတွေလည်း ရှိနိုင်တယ်။ အဲဒါတွေကို ရှောင်ရှားသွားရမယ်။”
ချန်ဖုန်းက ကြည့်လျှင်တော့ မိုက်ရူးရဲ ဆန်သလို ထင်ရသော်လည်း စိတ်ကတော့ နုနယ်ပြီး အသေးစိတ် ဂရုစိုက်တတ်သူ ဖြစ်၏။ သူက ရှောင်ပေါင်ကို တိုက်ရိုက် မပြောဘဲ နောင်တော် ချန်ယုကို ပြောပြသလိုလိုနှင့် သွယ်ဝိုက်ပြီး သတိပေးနေခြင်း ဖြစ်၏။
သူတို့ ဆက်သွားကြ၏။ အချိန်ကြာလာလေ တောက ပိုနက်လာလေ ဖြစ်သည်။ တစ်နာရီလောက် ကြာတော့ မြူတွေ ကွဲသွားပြီး မြင်ကွင်း ရှင်းလင်းလာသည်။
ရုတ်တရက် ရှောင်ပေါင်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ အဝေးမှ ထင်းရှူးပင်လိုလို အပင်ကြီး တစ်ပင် လှုပ်ခါသွားသည်ကို သတိထားမိလိုက်၏
“သတိထား... ရှေ့မှာ အကောင်ကြီး တစ်ကောင် ရှိနေတယ်။”
ချန်ယု ချက်ချင်း ရှေ့ဆုံးထွက်ပြီး အကာအကွယ် ယူလိုက်သည်။ အားလုံး လက်နက်ကိုယ်စီ ထုတ်လိုက်ကြသည်။
ဤသို့ အရေးကြီးသည့် အချိန်တွင် စူးထျန် တစ်ယောက် ဟုန်ရှောင်ပေါင် ဘက် လှည့်ကြည့်လိုက်မိသည်။ ရှောင်ပေါင်က ကျောပေါ်က ဒယ်အိုးမည်းကြီးကို ဖြုတ်ချလိုက်ပြီး လက်ကိုင်ရိုးကို တင်းတင်းဆုပ်ကာ တိုက်ခိုက်ရေး ပုံစံ ပြင်လိုက်၏။
“ခွီး ... ခစ်ခစ်ခစ်”
စူးထျန် အောင့်မထားနိုင်တော့ဘဲ ရယ်ချလိုက်မိ၏။
ရှေ့က နှစ်ယောက်လည်း လှည့်ကြည့်ပြီး ပြုံးစိစိ ဖြစ်ကုန်ကြသည်။
“ဟေ့လူတွေ ... အလေးအနက် ထားကြစမ်းပါဗျာ။”
ရှောင်ပေါင် စိတ်ဆိုးသွား၏။
“ရှေ့မှာ အကောင်ကြီး လာနေတယ်လို့ ပြောနေတာကို ဒယ်အိုးကို ကြည့်ပြီး ရယ်မနေကြနဲ့။”
သို့သော်ြား စိတ်ထဲတွင်မူ ချန်ယုနှင့် စူးထျန်က ရှေ့နောက် ညှပ်ပြီး သူတို့ကို ကာကွယ်ပေးထားတာကို တွေ့ရသောကြောင့် ကျေနပ်နေမိသည်။
“အဆင်သင့် ပြင်ထား။” ချန်ယုက ရယ်ချင်စိတ်ကို ထိန်းပြီး အမိန့်ပေးလိုက်၏။
မကြာခင်မှာပင် ချုံပုတ်တွေကြားကနေ သားရဲကြီး တစ်ကောင် ထွက်ပေါ်လာသည်။ လေမည်း ကျားသစ် ပင် ဖြစ်၏။ ကိုယ်လုံးက ခြောက်ပေလောက် ရှည်ပြီး အမြီးပါ ထည့်တွက်လျှင် ဆယ့်နှစ်ပေ လောက် ရှိသည်။ မျက်လုံးစိမ်းစိမ်းကြီးများဖြင့် သူတို့ကို စိုက်ကြည့်နေသည်။
“နောင်တော် ချန်... ချမလား။” ချန်ဖုန်းက မေးလိုက်၏။
“မချနဲ့။”
ချန်ယုက ခေါင်းခါလိုက်သည်။ “လေမည်း ကျားသစ်က မာကျောပြီး သတ်ရခက်တယ်။ ပြီးတော့ သူ့ဆီမှာ တန်ဖိုးရှိတဲ့ ပစ္စည်း သိပ်မရှိဘူး။ ငါတို့ ပစ်မှတ်က သူ မဟုတ်ဘူး... သူ မစရင် ငါတို့လည်း ငြိမ်ငြိမ်နေတာ ကောင်းမယ်။”
ဤသည်မှာ ကျားသစ်၏ ပိုင်နက် ဖြစ်ပုံရသည်။ ကျားသစ်ကြီးက သူတို့ကို ခဏလောက် ခြိမ်းခြောက်ကြည့်၏။ သူတို့က ပြန်မတိုက်ဘဲ ငြိမ်နေသည်ကို တွေ့တော့ မြေကြီးကို ခြေထောက်ဖြင့် နှစ်ချက်လောက် ကုတ်လိုက်ပြီး တောထဲ ပြန်ဝင်သွား၏။
“ဟူး... တော်ပါသေးရဲ့။”
အားလုံး သက်ပြင်းချလိုက်ကြသည်။
ကျားသစ်နှင့် ပြန်မတွေ့ရအောင် ခဏလောက် နားပြီးမှ ခရီးဆက်ကြ၏။