← Chapters

အခန်း ၈၄

Vol. 8 Ch. 84

အခန်း ၈၄

Vol. 8 Ch. 84

အခန်း (၈၄) လက်လွန်သွားတယ်။

ဤနေရာမှာ လမင်းပြာ တောင်တန်း၏ အပြင်ဘက်ပိုင်းသာ ရှိသေးသည်။ ဒုတိယအဆင့် ရုပ်ခန္ဓာ သားရဲများပင် ရှားပါးလှသောကြောင့် သူတို့အဖွဲ့အတွက် အန္တရာယ် ဆိုသည်မှာ မရှိသလောက်ပင်။ လမ်းတစ်လျှောက်တွင် သားရဲ အကောင်ငယ်လေးများသာ တွေ့ခဲ့ရသည်။

ဤအဖြစ်အပျက်က ရှောင်ပေါင်ကို သင်ခန်းစာ ပေးလိုက်၏။ သူ ထင်ထားသည်မှာ လူက ဒုတိယအဆင့်၊ သားရဲက ပထမအဆင့် ဆိုလျှင် ကြက်ကလေး ငှက်ကလေး ဖမ်းသလို လွယ်လွယ်လေး ဖမ်း၍ ရမည်ဟု ထင်ခဲ့သော်လည်း တောထဲရောက်တော့မှ သိလိုက်ရသည်။ ခြင်္သေ့နှင့် ယုန် လိုပင် ... ယုန်က အလိုက်တသိနှင့် ခြင်္သေပါးစပ်ထဲ ဝင်ပေးမည် မဟုတ်ပေ ... မနိုင်လျှင် ပြေးသည်က သဘာဝပင် မဟုတ်ပါလား။

စာတွေ့နဲ့ လက်တွေ့ တခြားစီပါလား။

ရှောင်ပေါင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိသည်။ စိုက်ပျိုးရေး စာအုပ် ဖတ်ရုံနှင့် လယ်စိုက်တတ်သွားမည် မဟုတ်ပေ။ နောင်ဆိုလျှင် တောင်တန်းထဲ မကြာခဏ လာပြီး လက်တွေ့ လေ့ကျင့်မည်ဟု ဆုံးဖြတ်လိုက်၏။

ရှောင်ပေါင် တွေးတောနေစဉ်မှာပင် စူးထျန်၏ တိုးညင်းသော အာမေဍိတ်သံ ထွက်ပေါ်လာသည်။

“ဟေ့... ဟိုမှာ ကြည့်... ကြက်။ အပြာရောင် သရဖူ ကြက် ဟ။”

“ဟာ... ဟုတ်သားပဲ... ဖမ်းမယ်... ဖမ်းမယ်။” ချန်ယု ဝမ်းသာအားရ အော်လိုက်၏။

စူးထျန်လည်း ရှေ့တိုးမည့်ဟန် ပြင်လိုက်သော်လည်း ချန်ယုက လှမ်းတားလိုက်သည်။ “ခဏနေအုံး... ဇွတ်မလုပ်နဲ့... မင်း ညာဘက်ကနေ ပတ်သွား”

“အင်း... ဟုတ်သားပဲ။” စူးထျန် သဘောပေါက်လိုက်သည်။

သူမ ထွက်ခွာခါနီးတွင် ရှောင်ပေါင်ဘက် လှည့်ပြီး လေးလေးနက်နက် သတိပေးလိုက်၏။ “မောင်လေးဟုန်... ဒီကြက်က အကောင်သေးပေမဲ့ အထင်မသေးနဲ့နော်။ သူ့အစွမ်းက မသေးဘူး... မင်းအတွက် အရမ်း အန္တရာယ် များတယ်။ ဒါကြောင့် မင်း လုံးဝ ဝင်မပါနဲ့... ကြားလား။”

“အင်းပါ... ရပါတယ်။” ရှောင်ပေါင်က ပခုံးတွန့်ပြလိုက်သည်။

ချန်ယုကလည်း မထွက်ခွာခင် ထပ်ပြီး သတိပေးလိုက်သေး၏။ “ညီလေးဟုန်... စူးထျန် ပြောတာ မှန်တယ်။ ဒီကြက်က မင်း ယှဉ်နိုင်တဲ့ အဆင့် မဟုတ်ဘူး... ဇွတ်မလုပ်နဲ့နော်... သတိထား။”

“စိတ်ချပါဗျာ။”

ရှောင်ပေါင် ခေါင်းညိတ်ပြလိုက်သည်။ လူတွေက ကျင့်ကြံသူတွေ ဆိုလျှင် စိတ်ထား ယုတ်မာကြသည်ဟု ပြောကြသော်လည်း ဤလူတွေကတော့ သူ့ကို တကယ့် ညီငယ်၊ မောင်ငယ်လေး တစ်ယောက်သဖွယ် ဂရုစိုက်ကြသည်။။

သုံးယောက်သား တောထဲ ဝင်ရောက် ပျောက်ကွယ်သွားကြသောကြောင့် ရှောင်ပေါင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ သူ မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်၏။ ဒီကြက်က ဘာအစွမ်း ရှိလို့လဲ... ပထမအဆင့် သားရဲပဲ မဟုတ်လား။

“အရသာ ရှိတယ်။”

အဘိုးကြီး ယင်းကျိုယိုက စကားတစ်ခွန်း ဝင်ပြောသည်။

ဪ... ဟုတ်သားပဲ... အရသာ ရှိတာကိုး။

ရှောင်ပေါင် သဘောပေါက်သွား၏။ အပြာရောင် သရဖူ ကြက် ဆိုသည်မှာ ပထမအဆင့် သားရဲတွေထဲတွင် အသား အရသာ အရှိဆုံး စာရင်းဝင်ပင် ဖြစ်သည်။ စားစရာမှန်း သတိရသွားတော့ ရှောင်ပေါင် စိတ်လှုပ်ရှားသွားသော်လည်း ကတိပေးထားပြီးသားမို့ ငြိမ်နေလိုက်ရ၏။

ခဏကြာတော့ တောထဲကနေ အသံတွေ ပြန်ကြားလာရသည်။

“ဟိုဘက် ရောက်သွားပြီ။”

“နောင်တော် ချန်... ရှေ့က ပိတ်ထား။”

“ဟာ... လွတ်သွားပြန်ပြီ။”

ကျွီ... ကျွီ... ကျွီ။

ကြက်က ရှောင်ပေါင် ရှိသည့်ဘက်ကို တည့်တည့် ပြေးလာနေ၏။ ကြက်နောက်က လိုက်လာသည့် ချန်ယုက ရှောင်ပေါင် ရှိနေတာကို သတိထားမိလိုက်ပြီး မျက်နှာပျက်သွား၏။

“ညီလေးဟုန်... ရှောင်... ရှောင်တော့။”

စူးထျန်လည်း လန့်ဖျပ်သွားသည်။ “မောင်လေးဟုန်... သတိထား... ကြက်က မင့်ဆီ လာနေပြီ။”

ချန်ယုကလည်း အော်ဟစ် သတိပေးနေ၏။ “ဖယ်လိုက်... ဖယ်လိုက်... အန္တရာယ် များတယ်”

ပထမအဆင့် ကြက်ကလေး တစ်ကောင်ပဲ မဟုတ်လား။

ရှောင်ပေါင်ကတော့ အေးဆေးပင်။ သူက ကျောက်တုံးကြီး သုံးလုံး ကိုပင် ဘောလုံးလို ပစ်ကစားနိုင်သည့် အဆင့် ရောက်နေပြီ မဟုတ်ပါလား။ သူက သက်သောင့်သက်သာဖြင့် ဒယ်အိုးကို ဖြုတ်ယူလိုက်သည်။

ချန်ယုတို့ အမြင်တွင်မူ ရှောင်ပေါင်၏ လှုပ်ရှားမှုက နှေးကွေးလွန်းနေသည်။ အန္တရာယ်က နှာခေါင်းဝ ရောက်နေပြီကို ဤကောင်လေးက အေးဆေး လုပ်နေတာပဲဟု ဂရုဏာ ဒေါသဖြစ်သွားကြ၏။

ရွှီ...။

မျက်တောင် တစ်ခတ် အတွင်းမှာပင် အပြာရောင် အရိပ်တစ်ခု တောထဲကနေ ခုန်ထွက်လာသည်။

ဟုန်ရှောင်ပေါင်က ဒယ်အိုးကို လက်ထဲတွင် အသင့် ကိုင်ထားပြီးသား ဖြစ်၏။ ကြက်က သူ့ဆီ တည့်တည့် ဝင်လာတာ မြင်တော့ အလိုအလျောက် တုံ့ပြန်လိုက်သည်။ တင်းနစ်ရိုက်သကဲ့သို့ ဒယ်အိုးဖြင့် ပိတ်ရိုက်လိုက်၏။

ဒေါင်... ဘုန်း။

သစ်သားစများ လွင့်စဉ်ထွက်သွားသည်။

လေပေါ်တွင် ပျံဝဲလာသည့် ကြက်ခမျာ လမ်းကြောင်း ပြောင်းသွားပြီး ဘေးနားက သစ်ပင်ကြီးဆီသို့ ဒုံးပျံတစ်စင်းသဖွယ် ပစ်ဝင်သွားသောကြောင့်ပင်။

သုံးယောက်သား အပြေးအလွှား ရောက်လာကြရာ ရှောင်ပေါင်က ဒယ်အိုးဖြင့် ရိုက်ထုတ်လိုက်တာကို လှမ်းမြင်လိုက်ရ၏။

သစ်ပင်ကြီး၏ ပင်စည်တွင် ကြက်တစ်ကောင် စိုက်နေသည်။ ကြက်ခေါင်းက သစ်ပင်ပင်စည်ထဲ စိုက်ဝင်နေပြီး ကိုယ်လုံးကြီးက တွဲလောင်းကျကာ တဆတ်ဆတ် တုန်ခါနေသည်။

ချန်ဖုန်း ကြက်သေ သေသွားသည်။

စူးထျန်လည်း ဆွံ့အသွား၏။

ချန်ယု စကားမပြောနိုင်တော့ချေ။

“အဲ... ဟိုလေ။”

ရှောင်ပေါင် ခေါင်းကုတ်ပြီး ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ “ဟီးဟီး .. လက်... လက်လွန်သွားတယ်ဗျာ။”

စူးထျန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမ အနားသွားပြီး ကြက်ကို ဆွဲထုတ်ဖို့ ကြိုးစားသော်လည်း မရချေ။ ကြက်ခေါင်းက သစ်သားထဲတွင် တော်တော် နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေ၏။ သူမက ဒုတိယအဆင့် ရုပ်ခန္ဓာ ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါလား... သာမန် ဆွဲထုတ်ရုံနှင့် မရဘူး ဆိုတော့ မည်မျှ အားပါလိုက်သနည်း။

သူမ အံကြိတ်ပြီး ကြက်လည်ပင်းကို ကိုင်ကာ အားကုန် ဆွဲထုတ်လိုက်ရ၏။

ဗြိ... သစ်သားစများနှင့်အတူ ကြက်ကြီး ပါလာသည်။ ကြက်၏ အဖြစ်မှာ တော်တော် ဆိုးလှ၏။ ခေါင်းတွင် သစ်သားစများ စိုက်ဝင်နေပြီး သွေးတွေ သံရည်ပူသဖွယ် စီးကျနေသည်။

စူးထျန် လက်ထဲတွင် ကြက်က ငြိမ်ကျသွားပြီ ဖြစ်၏။ ဆိုလိုသည်မှာ ရှောင်ပေါင်၏ ဒယ်အိုးလက်ချက်နှင့်ပင် ပွဲချင်းပြီး သေသွားခဲ့ခြင်းပင်

စူးထျန် ကြောင်တောင်တောင် ဖြစ်သွားသည်။ သူမ မျက်လုံးတွေက ကြက်သေကောင်ကနေ ဟုန်ရှောင်ပေါင်ဆီ ရောက်သွားပြီး ပြောဆို၏။

“ဒါ... ဒါ မောင်လေးဟုန် ရိုက်လိုက်တာလား။”

All Chapters