အခန်း ၈၅
Vol. 8 Ch. 85
အခန်း (၈၅) ခြောက်ယောက်ထဲမှာမှ နံပါတ်တစ် ရတာလား။
“ဒါ...။”
ချန်ယု ယခုမှ အသိပြန်ဝင်လာ၏။ ဒါ အပြာရောင် သရဖူ ကြက်လေ... သာမန် ကြက်မှ မဟုတ်တာ။
ရှောင်ပေါင်၏ ဒယ်အိုးရိုက်ချက်က ကြည့်လျှင် ရိုးရှင်းသလို ထင်ရပေမည့် ပါဝင်သည့်အားက တော်တော်လေး ကြောက်စရာ ကောင်းနေသည်။
ချန်ယု ဟုန်ရှောင်ပေါင်ကိုကြည့်ပြီး အားနာပါးနာ ပြုံးပြလိုက်သည်။ မျက်နှာကတော့ ထူပူနေချေပြီ။ ခုနကမှ သူက “ညီဟုန်... မင်း လုံးဝ ဝင်မပါနဲ့နော်... အန္တရာယ် များတယ်” ဆိုပြီး ဆရာကြီး လုပ်ထားမိသည် မဟုတ်ပါလား။ ယခုတော့ ဟုန်ရှောင်ပေါင်က ဒယ်အိုးတစ်ချက်တည်းနှင့် ကြက်ကို ကိစ္စတုံးလိုက်ပြီ ဖြစ်၏။
သို့ပေမည့် ဤခွန်အားက ပထမအဆင့် ရုပ်ခန္ဓာ ကျင့်ကြံသူ တစ်ယောက်ဆီမှ လာခြင်းမှာ ယုံချင်စရာ မကောင်းချေ။
ချန်ယု တစ်ချက် စဉ်းစားလိုက်ပြီး ဟုန်ရှောင်ပေါင် လက်ထဲက ဒယ်အိုးကြီးကို လှမ်းကြည့်လိုက်၏။
‘ဒါမှမဟုတ် ဒီဒယ်အိုးကြီးကြောင့်များလား...’
“ဟားဟား... မိပြီဟေ့... မိပြီ။”
ချန်ဖုန်းက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ဝိုး... သူဌေးလေးဟုန်က ရှယ်ပဲ။ ဆရာကျတာပဲ။”
စူးထျန်က အရင်ဆုံး သတိပြန်ဝင်လာပြီး ချိုသာစွာ ပြုံးပြလိုက်၏။ သူမလက်ထဲက သေဆုံးနေပြီဖြစ်သော ကြက်ကောင်ကြီးကို ကိုင်ပြီး ဟုန်ရှောင်ပေါင်ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။ ကြက်သေကောင်ကြီးက လေထဲတွင် ယိမ်းထိုးနေရှာ၏။
“ဟဲဟဲ... ကြည့်ရတာ ညီလေးဟုန်ရဲ့ ဒယ်အိုးက တကယ်ပဲ အသုံးဝင်ပုံရတယ်။” ချန်ယုလည်း ရယ်မောလိုက်၏။ ဒယ်အိုးကိုင်ထားသည့် ရှောင်ပေါင် ပုံစံကို ကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။
“ဒါပေါ့ဗျ... ကြည့်ပါအုံး။ သာမန် ကြက်ဖတွေနဲ့ တူပေမဲ့ အရောင်က အပြာရောင် သမ်းနေတယ်။ ပြီးတော့ ခေါင်းပေါ်က အမောက်ကလည်း တောက်ပနေတာပဲ။” ရှောင်ပေါင်လည်း ကြက်ကိုကြည့်ပြီး သဘောကျနေသည်။
“ဒီနေ့တော့ ပါးစပ် အရသာ ခံရတော့မယ်။”
ချန်ဖုန်းက လက်ဝါးနှစ်ဖက်ကို ပွတ်သတ်ရင်း တံတွေးမြိုချလိုက်၏။
“နောင်တော် ချန်က ဟင်းချက်ပြုတ်ရေး ဌာနရဲ့ ဆရာတစ်ဆူလေ။ သူ့လက်ရာက ပြောစရာ မလိုဘူး။ ဒီလို ကြက်သားကောင်းကောင်းနဲ့သာ ပေါင်းစပ်လိုက်ရင်... ရှလွတ်... တွေးရင်းနဲ့တောင် သွားရည်ကျလာပြီ။”
“စိတ်ချပါကွာ။”
ချန်ယုက ရင်ဘတ်ကော့လိုက်သည်။ “ငါ့မှာ ဟင်းခတ်အမွှေးအကြိုင်တွေ အစုံပါလာတယ်။ ဒီည မင်းတို့အတွက် ရှယ် ကြက်ကင် လုပ်ကျွေးမယ်။”
“ဟုတ်တယ်... ဟုတ်တယ်။”
စူးထျန်ကလည်း ဝင်ထောက်ခံ၏။
“နောင်တော်ကြီးရဲ့ လက်ရာက ဌာနမှူးကြီးချန်ရဲ့ လက်ရာနဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် တူနေပြီ။ အထူးသဖြင့် အကင် ပြုလုပ်တဲ့ နေရာမှာပေါ့။”
“နေပါအုံး ... ဌာနမှူးကြီး ချန် ဆိုတာ ဘယ်သူလဲ။” သူတို့ ပြောတာကို နားထောင်ရင်း ဟုန်ရှောင်ပေါင် စိတ်ဝင်စားသွားသည်။
“ဌာနမှူးကြီး ချန် ဆိုတာ ဟင်းချက်ပြုတ်ရေး ဌာနရဲ့ ဂိုဏ်းချုပ်လေ... နောင်တော် ချန်ယုရဲ့ ဖခင်ပေါ့။”
စူးထျန်က ရှင်းပြ၏။ “သူ့လက်ရာက လေယင်မြို့မှာ ပြိုင်ဘက်ကင်းပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း သူ ကိုယ်တိုင် ချက်တာ ရှားသွားပြီ... ပွဲလမ်းသဘင် ကြီးကြီးမားမား ရှိမှသာ စားခွင့်ရကြတာ။”
ဪ... ဒါကြောင့်ကိုး။ ချန်ယု၏ လက်ရာ ဘယ်လောက်ကောင်းသလဲ ဆိုသည်ကို ရှောင်ပေါင် မသိသေးသော်လည်း ဖခင်ဖြစ်သူက ဂိုဏ်းချုပ် ဆိုမှတော့ သားဖြစ်သူကလည်း ညံ့မည် မဟုတ်ပေ။
“ငါ့အဖေက ဂိုဏ်းချုပ် ဆိုပေမဲ့ ငါ ဌာနထဲ ဝင်တုန်းက ဘာအကူအညီမှ မယူခဲ့ပါဘူးကွာ။”
ရှောင်ပေါင်၏ အတွေးကို ရိပ်မိသည့်အလား ချန်ယုက လေးလေးနက်နက် ရှင်းပြသည်။ “တခြား ဌာနတွေနဲ့ ယှဉ်ရင် ဝင်ခွင့် စည်းကမ်းတွေက နည်းနည်း လျော့ရဲတယ် ဆိုပေမဲ့ ငါက ဒီနှစ် ကျောင်းသားသစ်တွေထဲမှာ ပထမ ရပြီး ဝင်လာတာကွ... အရည်အချင်း စစ်စစ်ပဲ။”
“ဝိုး... တော်တာပေါ့။”
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်၏။ ချက်ချင်းပင် သိချင်စိတ်ကြောင့် မေးခွန်းတစ်ခု မေးလိုက်၏။ “ဒါနဲ့ ဒီနှစ် ဟင်းချက်ပြုတ်ရေး ဌာနမှာ ကျောင်းသားသစ် ဘယ်နစ်ှယောက် လက်ခံခဲ့တာလဲ။”
.......
ချန်ယု ခေါင်းကုတ်လိုက်သည်။ မျက်နှာ နည်းနည်း ပူသွားသည်။ “ခြောက်ယောက်။”
“.......”
ရှောင်ပေါင် ဆွံ့အသွား၏။
“ဘာ... ခြောက်ယောက် ဟုတ်လား။”
ဆိုလိုတာ ခင်ဗျားက ခြောက်ယောက် ပြိုင်တဲ့ထဲမှာမှ ပထမ ရလာတာပေါ့လေ၊ အဲဒါများ ဂုဏ်ယူနေသေးတယ်။
“ကဲပါ... ကဲပါ... ရှောင်ပေါင်ရေ... ဒီနေ့တော့ ကျီးကန်းတောအုပ် ကို ရောက်မှာ မဟုတ်တော့ဘူး။”
ချန်ယုက ရှက်ရမ်းရမ်းပြီး စကားလမ်းကြောင်း လွှဲလိုက်၏။ “လာ... ကြက်ကို သယ်ခဲ့... ဒီည ငါ့လက်ရာ ကြက်ကင်ကျွေးမယ်... မင်း မျက်လုံးပြူးသွားစေရမယ်။”
“အင်း... ကောင်းပြီလေ။”
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင်မူ ချန်ယု၏ ကြက်ကင်ကို ငြင်းဖို့ နည်းလမ်း ရှာနေသည်။ သူတို့ ပြောနေသည့် ကြက်ကင်က ရိုးရိုး အစာပြေ စားသောက်မှုသာ ဖြစ်၏။ ရှောင်ပေါင် စားချင်သည်က ဆေးဘက်ဝင် အစားအစာ ဖြစ်သည်။ မဟုတ်လျှင် သူက ဘာကိစ္စ ဤမျှလောက် လေးလံသည့် ဒယ်အိုးကြီးကို သယ်လာမည်နည်း။
သို့ပေမည့် အရေးကြီးဆုံး အချက်မှာ ရှောင်ပေါင်၏ ပါးစပ်က အခုနောက်ပိုင်း တော်တော် ဇီဇာကြောင် လာခြင်းပင်။ သာမန် လက်ရာလောက် ဆိုလျှင် ပါးစပ်နား မကပ်ချင်တော့ပေ။
နေ့လည်စာ မစားဘဲ ခရီးဆက်ခဲ့ကြသည်။ ကျင့်ကြံသူများအနေဖြင့် ရက်အနည်းငယ် ထမင်းမစားရုံနှင့် ဘာမျှ မဖြစ်ချေ။ ညနေစောင်းလောက်ရောက်မှ တောင်ထိပ်သို့ ရောက်ရှိကြ၏။ တောင်ထိပ်က ပြန့်ပြူးနေပြီး ခြံဝင်း အကျယ်အဝန်းလောက် ရှိသည်။ အပင်တွေကတော့ ပါးသွားပြီ ဖြစ်သည်။
“ဟိုမှာ တွေ့လား... အဲဒါ ကျီးကန်းတောအုပ် ပဲ။”
ချန်ဖုန်းက အဝေးမှ မည်းနက်နေသော တောင်ကြားတစ်ခုကို လက်ညှိုးထိုးပြ၏။ “ဒီကနေ ဆိုရင် သိပ်မသဲကွဲဘူး။ ဟိုဘက် ခြောက်မိုင်လောက် ဝေးတဲ့ ကုန်းစောင်း ရောက်ရင် သေချာ မြင်ရလိမ့်မယ်။ အခုက စောသေးတော့ အဲဒီ ကုန်းစောင်းအထိ သွားပြီးမှ စခန်းချကြတာပေါ့။”
သူတို့ ဆက်သွားကြ၏။ နေစောင်းချိန်ရောက်တော့ ရည်မှန်းထားသည့် ကုန်းစောင်းသို့ ရောက်ရှိကြသည်။
ဤနေရာကနေ လှမ်းကြည့်လိုက်တော့ ကျီးကန်းတောအုပ် ကို ရှင်းရှင်းလင်းလင်း မြင်ရပြီ ဖြစ်၏။ ဧရာမ တောင်ကြားလမ်းကြီး က ခွဆုံ ဖြစ်နေ၏။
ရှောင်ပေါင် အံ့သြသွားသည်က တောအုပ်ကြီး တစ်ခုလုံး၏ အရောင်ပင် ဖြစ်သည်။ အစိမ်းရင့်ရောင်ဟု ပြောရမည်လား၊ အမည်းရောင်ဟု ပြောရမည်လား... ပြောရလျှင် မှင်အိုးမှောက်ထားသလို မည်းနက်နေသည့် သစ်တောကြီးပင်။
“ဝိုး... သစ်တောမည်းကြီး ပါလား။” ရှောင်ပေါင် အာမေဍိတ် သံ ထွက်သွားသည်။
“ဒါကြောင့် သူ့ကို ကျီးကန်းတောအုပ် လို့ ခေါ်ကြတာပေါ့။”
ချန်ဖုန်းက ရှင်းပြ၏။ “ဘာလို့ မည်းနေလဲ ဆိုတာ ပြောစမှတ်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ လူအများ လက်ခံထားကြတာကတော့ အဲဒီ တောင်ကြားထဲမှာ စီးဆင်းနေတဲ့ မြစ်ကြောင့်လို့ ပြောကြတယ်။ လမင်းပြာ တောင်တန်းရဲ့ ဗဟိုချက်မဖြစ်တဲ့ မြူခိုးစိမ့်မြေထဲက စီးဆင်းလာတဲ့ မြစ်လေ။ အဲဒီမြစ်ထဲမှာ ပုပ်သိုးဆွေးမြေ့နေတဲ့ အရာတွေ၊ သားရဲအသေကောင်တွေ မျောပါလာပြီး တောအုပ်တစ်ခုလုံးကို ဆိုးဆေးဆိုးသလို မည်းနက်သွားစေတာတဲ့။”
“ဟုတ်တယ်။”
ချန်ယု လည်း ဝင်ထောက်ခံသည်။ “မြစ်က သေးပေမဲ့ တော်တော် ညစ်ပတ်တယ်။ ဒါပေမဲ့ တချို့ လူတွေက အဲဒီ မြစ်ထဲကနေ တန်ဖိုးကြီးတဲ့ သားရဲ အရိုးခေါင်းတွေ ကောက်ရဖူးတယ် ဆိုပဲ။ တစ်ခါကဆိုရင် လူတစ်ယောက်က သားရဲအရိုးခေါင်း တစ်ခု ကောက်ရတာ အထဲမှာ သားရဲ ဝိညာဉ်ကျောက် ပါလာလို့ ချက်ချင်း သူဌေး ဖြစ်သွားဖူးတယ်တဲ့။”
“တကယ်ကြီးလား။”
ချန်ဖုန်း မျက်လုံး ပြူးသွား၏။ “ပြောပြပါအုံး နောင်တော်ကြီးရ။”
“ငါလည်း သေချာတော့ မမှတ်မိတော့ဘူး။ ငါ့အဖေနဲ့ ဂိုဏ်းချုပ်လျူတို့ အရက်သောက်ရင်း ပြောနေကြတာ ကြားဖူးရုံပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တာတဲ့။ ကံကောင်းတဲ့သူဆိုတာ တားမရ ဆီးမရပါပဲကွာ။”
“ဟားဟား... မနက်ဖြန်များ ကျုပ် သားရဲ ခေါင်းခွံ ကောက်ရရင် ကော်ပြီပဲ။”
ချန်ဖုန်းက စိတ်ကူးယဉ်နေပြီ ဖြစ်သည်။
“တော်ကြပါတော့ရှင်... ဒီပုံပြင်တွေ ရပ်လိုက်ပါတော့... ဗိုက်ဆာနေပြီ။”
စူးထျန်က သူတို့ စကားဝိုင်းကို ဖြတ်လိုက်၏။ “နောင်တော်ကြီး... ကြက်ကင်... ကြက်ကင်... မျှော်နေတာ ကြာပြီနော်။”