← Chapters

အခန်း ၈၆

Vol. 8 Ch. 86

အခန်း ၈၆

Vol. 8 Ch. 86

အခန်း (၈၆) ရှင် … ရှင် နောက်နေတာ မဟုတ်လား။

“ကောင်းပြီလေ... တာဝန်ခွဲကြတာပေါ့။”

ချန်ယုက ပြုံးပြုံးရွှင်ရွှင်ပင် ခေါင်းဆောင်လုပ်လိုက်၏။ “မင်းတို့က ရေခပ်တာ၊ ထင်းခွေတာနဲ့ စခန်းချဖို့ နေရာပြင်တာတွေ လုပ်လိုက်... ကြက်ကိစ္စကိုတော့ ငါ့တာဝန် ထားလိုက်။”

ရှောင်ပေါင်လည်း စကားအများကြီး ပြောမနေတော့ဘဲ လက်ထဲက ကြက်သေကောင်ကြီးကို ကမ်းပေးလိုက်သည်။

ချန်ယုက ဓားတစ်ချောင်း ဆွဲထုတ်ပြီး ကြက်ကိုင်ရန် ထွက်ခွာသွား၏။

ချန်ဖုန်းနှင့် စူးထျန်တို့လည်း ပျော်ပျော်ရွှင်ရွှင်ပင် မလှမ်းမကမ်းက ဂူပေါက်လေးဆီ သွားလိုက်ကြသည်။

ရှောင်ပေါင်လည်း သူတို့နောက် လိုက်သွားရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

ချန်ဖုန်း ပြောသည့်အတိုင်းပင် နေရာကောင်းလေး တစ်ခု ဖြစ်၏။ တောင်ပေါ်က စီးကျလာသည့် စမ်းချောင်းလေး က ရေတံခွန်ငယ်လေး ဖြစ်နေပြီး အောက်မှာ ရေကန်ငယ်လေး ဖြစ်တည်နေသည်။ ရေတံခွန်ဘေးမှာ သဘာဝ ကျောက်ဂူပေါက် တစ်ခု ရှိ၏။ ဂူဝမှာတော့ မည်းနက်နေသည့် အမှုန့်တွေ ပုံထားတာ တွေ့ရသည်။

“အဲဒါတွေက အဆင့်မြင့် သားရဲတွေရဲ့ မစင်တွေလေ။”

စူးထျန်က အမည်းရောင် အမှုန့်တွေကို လက်ညှိုးထိုးပြပြီး ဆရာကြီးလေသံဖြင့် ရှင်းပြ၏။ “မောင်လေးဟုန်... မှတ်ထားနော်... တောထဲမှာ စခန်းချရင် အဆင့်မြင့် သားရဲရဲ့ မစင်တွေကို ဖြန့်ခင်းထားရတယ်။ ဒါမှ တခြား သားရဲတွေက အနံ့ရပြီး မလာရဲမှာ။”

“ဪ... ဟုတ်ကဲ့ပါဗျ။”

ရှောင်ပေါင် ခေါင်းညိတ်လိုက်၏။ စိတ်ထဲမှာတော့ တွေးလိုက်မိသည်။ ဒါဆို ဒီလူတွေက အိတ်ထဲမှာ မစင်ထုပ်တွေ သယ်လာကြတာပေါ့။

ထားလိုက်ပါတော့... ဗိုက်ဆာနေပြီမို့ ထမင်းချက်စားတာပဲ ကောင်းပါတယ်။

ရှောင်ပေါင် ဆုံးဖြတ်လိုက်သည်။ သူက ရေတံခွန်နားက ကျောက်တုံးကြီးများပေါ်မှာ သူ့၏ သံမဏိ ဒယ်အိုးကြီးကို တည်လိုက်၏။

သားရေအိတ်ထဲက ပန်းကန်ခွက်ယောက်များ၊ ဟင်းခတ်အမွှေးအကြိုင်များ အကုန် ထုတ်လိုက်သည်။

အိမ်ပြင်ရောက်နေမှတော့ အရမ်းကြီး ဇီဇာကြောင်နေလို့ မရသောကြောင့် လွယ်လွယ်ကူကူ ပြီးမည့် အာလူးချဉ်စပ်ကြော် ပဲ လုပ်စားတော့မည်ဟု စိတ်ကူးလိုက်သည်။ ပါဝင်ပစ္စည်းများမှာ အာလူးကောင်း၊ ခုနစ်ရောင်ခြယ် မျှစ်ချဉ်၊ မီးလျှံ ငရုတ်သီး နှင့် ဟင်းခတ်အမွှေးအကြိုင် အနည်းငယ် ဖြစ်၏။

ရှောင်ပေါင်က အာလူးများကို ရေဆေး၊ အခွံနွှာပြီး ပါးပါးလှီးနေလိုက်သည်။

“သူဌေးလေးဟုန်... ဟေ့... သူဌေးလေးဟုန်... ဘယ်ရောက်သွားတာလဲ။” ဂူထဲကနေ ချန်ဖုန်း အသံ ထွက်ပေါ်လာ၏။

“ဒီမှာဗျို့... ဒီမှာ။” ရှောင်ပေါင် လှမ်းအော်လိုက်သည်။

ချန်ဖုန်း အပြေးအလွှား ရောက်လာပြီး ဟုန်ရှောင်ပေါင် လုပ်နေတာများကို မြင်တော့ ကြောင်သွား၏။

“ဟာ... သူဌေးလေးဟုန်... ခင်ဗျား ဘာလုပ်နေတာလဲ။”

“ဟဲဟဲ... ကျုပ်က ကိုယ့်လက်ရာမှ စားတတ်လို့ဗျာ... ဒါကြောင့် ကိုယ့်ဘာသာ ချက်စားမလို့။” ရှောင်ပေါင်က ပြုံးဖြဲဖြဲဖြင့် ဖြေသည်။

“မဟုတ်သေးပါဘူး။”

ချန်ဖုန်း စိတ်မရှည်တော့ပေ။ “ခင်ဗျားက နောင်တော် ချန်ကို အထင်သေးလွန်းတာပဲ။ တကယ် ပြောတာပါ... ယုံစမ်းပါဗျ... သူ့လက်ရာက ထိပ်တန်းပါဆိုမှ။ စားပြီးရင် ထပ်စားချင်လွန်းလို့ သွားရည် တမြားမြား ဖြစ်သွားစေရမယ်။ ခင်ဗျား ဟာတွေ ဖယ်လိုက်ပါဗျာ... နောင်တော် ျန် လက်ရာကိုသာ စောင့်စားလိုက်စမ်းပါ။”

“ကျုပ်က တကယ်ကြီး ကိုယ့်လက်ရာမှ စားတတ်တာပါဆို။”

ရှောင်ပေါင် လက်ကာပြလိုက်၏။ “ပြီးတော့ ဒီမှာ ကြည့်လေ... တစ်ဝက်တောင် ပြီးနေပြီ... လွှင့်ပစ်လိုက်ရင် နှမြောစရာကြီး။”

“ဟာ... ခင်ဗျားကတော့ လုပ်ပြီ။”

ချန်ဖုန်း ခြေဆောင့်လိုက်မိသည်။ ဤလူ ပြောမရ ဆိုမရပါလား။

ထိုအချိန်မှာပဲ ချန်ယု တစ်ယောက် ကြက်သားကိုင်ပြီး ပြန်ရောက်လာသည်။ ရှောင်ပေါင် သီးသန့် ချက်ပြုတ်နေသည်ကို မြင်တော့ မျက်နှာ နည်းနည်း ပျက်သွားသည်။

“ညီလေးဟုန်က ဘာလုပ်နေတာလဲ။”

ရှောင်ပေါင်လည်း ချန်ယု မျက်နှာပျက်သွားတာ မြင်လိုက်၏။ လူတိုင်းမှာ ကိုယ့်မာန နှင့် ကိုယ် ရှိတတ်ကြသည် မဟုတ်ပါလား။ ချန်ယု ဂုဏ်ယူသည်က သူ့၏ ဟင်းချက်စွမ်းရည် ဖြစ်သော်လည်း ယခု ရှောင်ပေါင်က သူ့ဟင်းကို မစားဘဲ သတ်သတ်ခွဲထွက်နေသောကြောင့် သူ့ကို အထင်မကြီးဘူးဟု ယူဆသွားပုံရ၏။

ရှောင်ပေါင် စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ ဒီလူက လူကောင်းပါ... ဒါပေမဲ့ စိတ်တော့ ကောက်တတ်သားပဲ။

သူက ရှင်းပြလိုက်၏။ “နောင်တော် ချန်... လွဲမတွေးပါနဲ့ဗျာ။ ကျုပ်က အကျင့်ပါနေလို့ပါ... ကိုယ့်လက်ရာ ကိုယ်မှ မြိုကျတတ်လို့ပါ... တခြား သဘော မရှိပါဘူး။”

“ကျွတ် ကျွတ်... နုံအလိုက်တာ... နုံအလိုက်တာ။”

စူးထျန် လည်း ရောက်လာပြီး ခေါင်းခါယမ်းလိုက်သည်။ “ချန်ဖုန်း ပြောတုန်းက မင်း ဆိုင်ဖွင့်ပေးထားတယ် ဆိုလို့ နောင်တော်ချန် ဆီမှာ ပညာနည်းနည်းပါးပါး သင်ခိုင်းမလို့ စိတ်ကူးထားတာ... အခုတော့ ထားလိုက်ပါတော့လေ... ကြည့်ရတာ မင်းက နောင်တော်ကြီးရဲ့ လက်ရာကို သိပ်အထင်ကြီးပုံ မရဘူး။”

“.......”

ရှောင်ပေါင် စကားမပြောနိုင်တော့ချေ။ အစ်မရယ်... ကိုယ့်ဘာသာ သီးသန့် ချက်စားတာလေးများ... အဲဒီလောက်ထိ ဒရာမာ ခင်းနေကြတာလား။

“ကိစ္စ မရှိပါဘူး... ညီလေးဟုန် သဘောပါပဲ။”

ချန်ယုက တည်ငြိမ်ဟန်ဆောင်လိုက်၏။ စိတ်ထဲမှာ မကျေနပ်သော်လည်း အပြင်မှာတော့ ထုတ်မပြချေ။

“ကဲ... သွားကြစို့။”

သူတို့ သုံးယောက် ထွက်သွားတော့မှ ရှောင်ပေါင် စိတ်သက်သာရာ ရသွားသည်။

“တောက်... ငါ့ဘာသာငါ ထမင်းချက်စားတာတောင် ဒီလောက် ခက်ခဲနေရတာလား။”

သူ သက်ပြင်းချလိုက်ပြီး မီးမွှေးလိုက်၏။ ထင်းခြောက်တွေ မီးတောက်လာသည်နှင့် မီးတောက် စက်ကွင်း ကိုပါ မောင်းနှင်လိုက်သည်။ မီးတောက်ငယ်လေးတွေ ပေါ်လာတော့မှ သံမဏိ ဒယ်အိုးကြီးကို တင်လိုက်၏။

အဘိုးကြီး ယင်းကျိုယိုလို ဒယ်အိုးအတွင်းပိုင်းကို ဖောက်ထွင်း မမြင်နိုင်သော်လည်း ရှောင်ပေါင် ခံစားလို့ ရနေ၏။ မီးအပူရှိန်က ဒယ်အိုး မျက်နှာပြင် တစ်ခုလုံးကို ညီညီညာညာ ပျံ့နှံ့သွားသည်။ သံမဏိ ဒယ်အိုး နှင့် မီးတောက် စက်ကွင်း တို့၏ လိုက်ဖက်ညီမှုက ပြီးပြည့်စုံလွန်းလှပသည်။ အပူချိန်က နေရောင်ခြည် ဖြာကျသလို ညင်သာပြီး ထိရောက်၏။ ပါဝင်ပစ္စည်းများ၏ အရသာကို ဆွဲထုတ်ပေးနိုင်စွမ်း ရှိသည်။

ရှောင်ပေါင် ကျေနပ်စွာဖြင့် ဆီလောင်းထည့်လိုက်၏။

စီ... စီ... စီ။

ဆီပူသံလေးက သာယာနာပျော်ဖွယ် ကောင်းလှ၏။ ဆီပူပူလေးတွေက စည်းချက်ကျကျ ကခုန်နေသကဲ့သို့ပင်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ထည့်ပြီး ဆီသတ်လိုက်ရာ ခဏအကြာမှာတော့ မွှေးပျံ့သည့် အနံ့များ ထွက်ပေါ်လာသည်။

ပါးပါးလှီးထားသည့် အာလူးချောင်းလေးများကို ထည့်လိုက်၏။ အာလူးများ နူးလုနီးပါး ဖြစ်လာချိန်မှာ ခုနစ်ရောင်ခြယ် မျှစ်ချဉ် ကို ထည့်လိုက်၏။

“ဝိုး... မွှေးလိုက်တာ။”

ရှောင်ပေါင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ဤပစ္စည်းတွေက ပုံမှန် ချက်စားဖူးနေကျ ပစ္စည်းတွေပဲ ဖြစ်သော်လည်း ယနေ့တော့ သံမဏိ ဒယ်အိုးကြောင့် အနံ့အရသာက နှစ်ဆ၊ သုံးဆလောက် ပိုမွှေးနေ၏။ အထူးသဖြင့် မီးအပူချိန် ထိန်းချုပ်မှုက ကွက်တိ ဖြစ်နေသောကြောင့် အာလူးချောင်းလေးများမှာ ရွှေအိုရောင် သမ်းနေပြီး မျှစ်ချဉ်၏ အချဉ်ဓာတ်က အာလူးသားထဲထိ စိမ့်ဝင်သွားသည်။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ပေါင်းစပ်လိုက်သည့်အခါ တကယ့်ကို နှလုံးသားကို ကိုင်လှုပ်နိုင်သည့် မွှေးရနံ့ကြီး ထွက်ပေါ်လာတော့၏။

ဟိုဘက်မှာ အပြာရောင် သရဖူ ကြက် ကင်နေသည့် သုံးယောက်သားလည်း အနံ့ကို ရသွားကြသည်။

“ရှလွတ်... မွှေးလိုက်တာ။”

ချန်ဖုန်း အော်လိုက်မိသည်။ သူက မီးဖိုပေါ်မှာ တင်ထားသည့် ကြက်ကင်ကို စိုက်ကြည့်ရင်း ပြောဆို၏။ “နောင်တော် ချန်... လအနည်းငယ် မတွေ့တာနဲ့ နောင်တော်ကြီး လက်ရာက တော်တော် တက်လာပါလား။ ကောင်းကင်ဘုံ ... အနံ့က ထိပ်တန်းပဲ။”

“ဟုတ်တယ်... ဟုတ်တယ်... တော်တော် မွှေးတာပဲ။”

စူးထျန် လည်း လက်ဝါးနှစ်ဖက် ပွတ်သတ်ပြီး သွားရည်ကျနေပြီ ဖြစ်သည်။

“နောင်တော်ကြီး... ဒီတစ်ခါ ဘာအမွှေးအကြိုင်တွေ သုံးထားတာလဲ... ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ... သွားရည်တောင် ထိန်းမရတော့ဘူး。ဟားဟား... ဟို ဟုန်ရှောင်ပေါင် ဆိုတဲ့ ကောင်လေးတော့ သနားစရာပဲ... လေယင်မြို့ရဲ့ ထိပ်တန်း အရသာကို မြည်းစမ်းခွင့် ရမယ့် အခွင့်အရေးကို လက်လွတ်ခံလိုက်ရပြီလေ။”

“.......”

ချန်ယု မျက်နှာကြီး ထူပူလာ၏။ အနေရခက်လွန်းသောကြောင့် ဘာပြန်ပြောရမှန်း မသိချေ။ သူ ခဏလောက် တိတ်ဆိတ်နေပြီးမှ လက်ညှိုးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ဟုန်ရှောင်ပေါင် ရှိသည့် ဘက်ကို ညွှန်ပြလိုက်ပြီး ပြောလိုက်၏။ “အဲ... မင်းတို့ ရနေတဲ့ အနံ့က ဟိုဘက်က လာတာ။”

“…….” ချန်ဖုန်း စကားမပြောနိုင်တော့ချေ။

စူးထျန်လည်း မှင်သက်သွားသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

စူးထျန် တစ်ယောက် မျက်နှာကြီး နီရဲလာသည်။ ရှက်လွန်းသောကြောင့် မြေကြီးထဲ ဝင်ပုန်းချင်စိတ် ပေါက်သွား၏။

သူမက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ “နောင်တော်ကြီး... ရှင် ... ရှင် နောက်နေတာ မဟုတ်လား။”

All Chapters