← Chapters

အခန်း ၈၇

Vol. 8 Ch. 87

အခန်း ၈၇

Vol. 8 Ch. 87

အခန်း (၈၇) ဒါ .. ဒါ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား>

“မဟုတ်ပါဘူး။”

ချန်ယုသည် မျက်နှာပူပူဖြင့်ပင် ဝန်ခံလိုက်ရရှာသည်။ သို့သော်ငြား ခေါင်းမာမာဖြင့် ဆက်ပြော၏။ “တကယ်ပဲ ဟုန်ရှောင်ပေါင် ဆီက လာတာပါ”

“အဲ... ဟိုလေ။”

ချန်ဖုန်းမှာမူ သူ့စကားသူ ပြန်မပိတ်မိလိုက်သောကြောင့် တော်သေးသည်ဟု တွေးမိလိုက်သည်။ ယခုအချိန်တွင် အနေရခက်မှု အနည်းဆုံး ဖြစ်နေသူ ပီပီ ကြားခံ ဝင်ရောက် ဖြန်ဖြေပေးလိုက်သည်။

“နောင်တော်ချန်... တချို့ဟာတွေက အနံ့ပဲ ကောင်းတာ... စားလိုက်ရင် အရသာက သောက်သုံးမကျတာမျိုး ရှိတတ်တယ်ဗျ။ ဟုန်ရှောင်ပေါင်ရဲ့ ဟင်းက အနံ့တော့ မဆိုးပါဘူး... သို့ပေမဲ့ ကျုပ်ကတော့ ခင်ဗျားလက်ရာကိုပဲ ပိုကြိုက်တာ။”

“ဟုတ်တယ်... ဟုတ်တယ်။”

စူးထျန်လည်း အလိုက်သင့် ဝင်ပြောလိုက်သည်။ သွားရည်ကျချင်ယောင် ဆောင်လိုက်ပြီး မေးမြန်း၏။ “နောင်တော်ကြီး... ကြက်ကင် ရဖို့ ဘယ်လောက် လိုသေးလဲဟင်။”

“ကြက်ဗိုက်ထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ထားတာလေ... အဲဒါတွေ အရသာ စိမ့်ဝင်အောင် မီးအေးအေးနဲ့ ကင်ရမှာ ဆိုတော့ နောက်ထပ် နာရီဝက်လောက်တော့ လိုအုံးမယ်။”

“နာရီဝက်တောင်လား။”

စူးထျန် မျက်လုံးပြူးသွား၏။

“ကြာလိုက်တာနော်။”

“ဟုတ်ပါ့ဗျာ။” ချန်ဖုန်းလည်း ဝင်ရောက် ထောက်ခံလိုက်သည်။

ကသိကအောက် နိုင်လှသော စကားဝိုင်းလေး ပြီးဆုံးသွားသော်လည်း လေထုမှာမူ တင်းမာနေဆဲပင် ဖြစ်၏။ သုံးယောက်သား စကားစ ရှာမရ ဖြစ်နေကြသည်။ အဆိုးရွားဆုံးမှာ သူတို့၏ စိတ်ဝိညာဉ်ကို ကိုင်လှုပ်နေသော၊ နှလုံးသားကို ဆွဲကိုင်ထားသော အနံ့သည် ပျောက်ကွယ်မသွားသည့်အပြင် ပိုမို၍ပင် ပြင်းထန်လာခြင်းပင်။

သုံးယောက်သား မလှုပ်မယှက် ငြိမ်သက်နေကြ၏။ သို့သော်ငြား လျှာဖျားအောက်တွင် စုဝေးလာသော တံတွေးများကိုမူ ထိန်းချုပ်၍ မရနိုင်တော့ချေ။

ဂလု... ဂလု။

တိတ်ဆိတ်နေသော လေထုထဲတွင် တံတွေးမြိုချသံများက ပိုမို ကျယ်လောင်နေသကဲ့သို့ပင်။ ရှက်စရာ ကောင်းလှသည်။

“ကောင်းကင်ဘုံ ... ဒါ ဘယ်လိုအနံ့ကြီးလဲကွာ... သောက်ရမ်း မွှေးလွန်းတယ်။”

ချန်ဖုန်း တစ်ယောက် မီးပုံကို စိုက်ကြည့်နေသော်လည်း စိတ်မှာမူ ဟိုဘက်သို့ လွင့်မျောနေချေပြီ။

“သည်းခံ... သည်းခံရမယ်။”

စူးထျန် စိတ်ကို တင်းထားလိုက်၏။ “ခဏနေရင် ကြက်ကင် ရတော့မယ်... အဲဒီကျရင် အဆင်ပြေသွားမှာပါ။”

နောက်ဆုံးတွင်မူ အပြာရောင် သရဖူ ကြက်ကင်သည် ဆီများ တစီစီ မြည်ကာ ကျက်လာချေပြီ။ သို့သော်ငြား ကြက်ကင်မှာ မွှေးကြိုင်သည်မှာ မှန်သော်လည်း ရှောင်ပေါင်ထံမှ လာသော အနံ့နှင့် ယှဉ်လိုက်ပါက ရွှေနှင့် ချီးကဲ့သို့ ကွာခြားလွန်းလှ၏။ ဟိုဘက်မှ အနံ့က ပိုမို မွှေးကြိုင်လာသည်။

အနံ့နှစ်ခု ရောနှောသွားသည်တိုင်အောင် နှာခေါင်းက အလိုအလျောက် ခွဲခြားနိုင်စွမ်း ရှိနေသည်။ ဟုန်ရှောင်ပေါင်၏ ဟင်းနံ့သည် မမြင်ရသော ကြိုးတစ်ချောင်းကဲ့သို့ပင် နှာခေါင်းထဲမှ တစ်ဆင့် နှလုံးသားထဲထိ ဝင်ရောက်ပြီး ဆွဲချိတ်ထားသကဲ့သို့ ခံစားနေရ၏။

“အံ့ဩစရာပါလား။”

ချန်ယု၏ ယုံကြည်မှုများ တဖြည်းဖြည်း ပြိုလဲကုန်သည်။ “ဒီလောက် အဝေးကြီးကနေတောင် ဒီလို အနံ့မျိုး ပေးစွမ်းနိုင်တယ် ဆိုတော့ ဒါ ဘယ်လို ဟင်းချက်နည်းမျိုးလဲ။ အနံ့သတ်သတ် ယှဉ်မယ် ဆိုရင်တောင် ငါ့အဖေတောင် ဒီအဆင့်ထိ မလုပ်နိုင်ဘူး။”

ဟိုဘက်တွင်မူ ဟုန်ရှောင်ပေါင် ချက်ပြုတ်၍ ပြီးဆုံးသွားပုံရသည်။ တစ်စုံတစ်ရာ ရေရွတ်သံကို ကြားလိုက်ရ၏။ အကွာအဝေးကြောင့် မည်သည်ကို ပြောလိုက်သည်အား သေချာ မကြားရသော်လည်း သူတို့ သုံးယောက်မှာမူ စိတ်ကူးဖြင့် ဖြည့်စွက် နားထောင်လိုက်မိကြသည်။

“မွှေးလိုက်တာ၊ အရသာ ရှိလိုက်တာ၊ လူ့ပြည်မှာ မရှိတဲ့ အရသာပဲ”

အတွေးဖြင့်ပင် သွားရည်ကျလာပြန်သည်။ မျက်စိရှေ့မှ ကြက်ကင်ကြီး ပျောက်ကွယ်သွားပြီး ဟုန်ရှောင်ပေါင် မည်သည့်ဟင်းကို ချက်ပြုတ်နေမည်နည်း ဆိုသည်ကိုသာ စိတ်ရောက်နေမိကြ၏။

ဟုန်ရှောင်ပေါင်သည် ကုန်းစောင်းပေါ် တက်လာပြီး သူတို့ကို လှမ်းခေါ်လိုက်သည်။

“ဟေ့လူတို့... ကျုပ် ဟင်းကျက်ပြီဗျ။ ခင်ဗျားတို့ရဲ့ ကြက်ကင်နဲ့ တွဲစားရင် ပိုကောင်းမလားလို့။ အမြည်း အနေနဲ့ လာစားကြည့်ပါလား။”

စူးထျန် နှင့် ချန်ဖုန်းတို့မှာမူ စိတ်ထဲမှ အော်ဟစ်နေကြလေပြီ။ ‘စားမယ် စားမယ်... အခုချက်ချင်း လာခဲ့မယ်’

သို့သော်ငြား ချန်ယု၏ မျက်နှာကို ထောက်ထားပြီး အောင့်အီးနေရရှာသည်။

“သွားကြတာပေါ့။”

ချန်ယုကမူ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။ ဟန်ဆောင် ပြုံးလိုက်ရင်း ပြောဆို၏။ “ညီလေးဟုန်ရဲ့ ဟင်းနံ့က တော်တော် မွှေးတာပဲ။ ကြည့်ရတာ သူလည်း ဟင်းချက်ပြုတ်ရေး လောကရဲ့ ဆရာတစ်ဆူ ဖြစ်မယ့်ပုံပဲ။ ငါတို့ သွားပြီး ပညာယူကြတာပေါ့။”

ဤစကား ကြားသည်နှင့် ကျန်သည့် နှစ်ယောက်မှာ ဝမ်းသာအားရ ထခုန်လိုက်ကြ၏။ သုံးယောက်သား ပျော်ပျော်ရွှင်ရွှင်ဖြင့် ရှောင်ပေါင် ရှိရာဆီသို့ ချီတက်သွားကြသည်။

စူးထျန်သည် အစားသရဲမလေး ပီပီ ရှေ့ဆုံးမှ ပြေးသွားသည်။ ရေတံခွန်ဘေးရှိ ဒယ်အိုးနား ရောက်သည်နှင့် ချက်ချင်းပင် ကြောင်အမ်းသွားရ၏။

“ဟင်... ဒီအနံ့က ဒီ အာလူးကြော် ပန်းကန်က လာတာလား။”

သူမ မယုံနိုင်စွာ မေးလိုက်သည်။ ဤမျှ နတ်ပြည်ထိ လှိုင်နေသော အနံ့သည် ရိုးရှင်းလှသော အာလူးချောင်းကြော် တစ်ပန်းကန်ကနေ လာသည်လား။

“အာလူးချောင်းကြော်က ဒီလောက် မွှေးလို့ ရသလားဟ။”

ချန်ဖုန်း လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ တံတွေးမြိုချရင်း မေးမြန်းလိုက်သည်။ “သူဌေးလေးဟုန်... ခင်ဗျား နောက်နေတာ မဟုတ်ဘူးနော်။ တကယ်ပဲ ဒီတစ်ပန်းကန်တည်းလား။”

ချန်ယု တစ်ယောက်တည်းသာ အတွင်းသိ အဆင်းသိ တုန်လှုပ်သွားရသည်။ ဟင်းချက်ပြုတ်ရေး ဌာနမှ လူတိုင်း သိကြသည်မှာ သာမန် ကုန်ကြမ်း ပစ္စည်းများဖြင့် အရသာရှိအောင် ချက်ပြုတ်ရန်မှာ အခက်ခဲဆုံး ဖြစ်၏။ အပြာရောင် သရဖူ ကြက် ကဲ့သို့ ပစ္စည်းမျိုးမှာ မည်သို့ချက်ချက် စားကောင်းသည်မှာ သဘာဝပင်။ သို့ပေမည့် အာလူးကဲ့သို့ သာမန် ပစ္စည်းမျိုးကို ဤမျှ မွှေးကြိုင်အောင် ချက်ပြုတ်နိုင်ရန် ဆိုသည်မှာ အဖြေက ရှင်းနေချေပြီ။

ဟုန်ရှောင်ပေါင်သည် တစ်မှတ်တန် ကုန်ကြမ်းကို ဆယ်မှတ်တန် အရသာ ဖြစ်အောင် ဖန်တီးနိုင်ခဲ့၏။ ချန်ယုမှာမူ ခြောက်မှတ်တန် ကုန်ကြမ်းကို ခုနစ်မှတ်၊ ရှစ်မှတ်တန်လောက်သာ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။

“ဟားဟား... ဟုတ်ပါတယ်ဗျာ။”

ရှောင်ပေါင်က ရယ်မောလိုက်၏။ “ဒီတစ်ပန်းကန်ပါပဲ။ မရွံဘူး ဆိုရင် စားကြပါဗျ။”

“မောင်လေးဟုန်... ဒါဆို အစ်မ စားပြီနော်။”

စူးထျန်သည် ပြုံးဖြီးဖြီးဖြင့် ဘေးနားမှ သစ်ကိုင်းခြောက် နှစ်ချောင်းကို ချိုး၊ ဓားဖြင့် အမြန်ခြစ်ပြီး တူ ပြုလုပ်လိုက်သည်။ ပြီးသည်နှင့် အာလူးကြော် တစ်လုပ်ကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်၏။

ထည့်လိုက်သော ခဏမှာပင် ကြွပ်ရွနေသော အာလူးသား၊ မျှစ်ချဉ်၏ စိမ့်ဝင်နေသော အချဉ်ဓာတ်၊ လျှာဖျားကို ပုတ်ခတ်နေသော အစပ်ဓာတ်...

အားလုံး ပေါင်းစပ်သွားသည့်အခါ ဤဟင်းပွဲ တစ်ပွဲတည်းတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး ငြင်းဆန်၍ မရနိုင်သော အရသာ တစ်ခုကို ဖန်တီးပေးလိုက်သကဲ့သို့ ရှိသည်။

တစ်လုပ်တည်းဖြင့်ပင် စူးထျန် မိန်းမောသွားရှာ၏။ အငမ်းမရ ဝါးစားလိုက်၊ ရပ်တန့်ပြီး အရသာခံလိုက်၊ နောက်ဆုံး မြိုချလိုက်ချိန်တွင်မူ သူမ၏ မျက်နှာလေးမှာ ဈာန်ဝင်စားနေသကဲ့သို့ ဖြစ်သွားခဲ့၏။

“ကောင်းကင်ဘုံ ... ကမ္ဘာပေါ်မှာ ဒီလို အရသာမျိုး ရှိသေးတာလား။”

ချန်ဖုန်းကတော့ မထိန်းနိုင်တော့ချေ။ သူလည်း သစ်ကိုင်းချိုးပြီး အာလူးကြော် အများအပြားကို ပါးစပ်ထဲ အတင်း ထိုးထည့်လိုက်၏။ တစ်လုပ်တည်းဖြင့်ပင် မျက်လုံးကြီး ပြူးကျယ်သွားရသည်။ အားရပါးရ ဝါးကာ မျိုချပြီး အော်ဟစ်လိုက်သည်။

“သောက်ကျိုးနည်း... သောက်ရမ်း ကောင်းတာပဲ။”

ချန်ယုလည်း စားချင်စိတ်ကို မထိန်းနိုင်တော့ချေ။ “ညီလေးဟုန်... ငါလည်း စားပြီနော်။”

သူသည် တစ်လုပ် ယူလိုက်၏။ ပါးစပ်ထဲ မထည့်မီ နှာခေါင်းနား ကပ်ပြီး အနံ့ခံကြည့်လိုက်သည်။ အနံ့ ဆယ်မှတ် ဟု သူ့စိတ်ထဲတွင် အမှတ်ပေးလိုက်သည်။

ထို့နောက် နှစ်ချောင်းခန့် ယူပြီး မြည်းစမ်းကြည့်လိုက်၏။ မီးအပူချိန် ထိန်းချုပ်မှု ဆယ်မှတ်... အာလူးက ကျက်နေပေမဲ့ ကြွပ်ရွတဲ့ အရသာ မပျက်ဘူး... အချဉ်ဓာတ်က မျှစ်ချဉ် ဆီက လာတာ ဖြစ်မယ်... အာလူးသားထဲထိ စိမ့်ဝင်နေတယ်... ဒီအရသာက .. ကောင်းကင်ဘုံ …။

စိတ်ထဲမှ ဝေဖန်သုံးသပ်နေမှုများကို ရပ်တန့်လိုက်ရသည်။ ချန်ယုတစ်ယောက် ယခုအချိန်တွင် မည်သည့်အရာကိုမျှ မတွေးတောနိုင်တော့ချေ။ ဤအာလူးချဉ်စပ်ကြော်၏ အရသာ လှိုင်းလုံးကြီးထဲတွင် နစ်မြောသွားသည်။ အရသာများက လျှာဖျားတွင် ကခုန်နေသည်၊ သွားကြားထဲတွင် စီးဆင်းနေသည်... နောက်ဆုံး အစာအိမ်ထဲ ရောက်ရှိသွားချိန်မှာတော့ နွေးထွေးသော စမ်းချောင်းလေး စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

အစာအိမ်ထဲသို့ နွေးထွေးသော နေရောင်ခြည် ဖြာကျသွားသကဲ့သို့ အပူချိန် ကွက်တိ ဖြစ်နေသော ရေနွေးတစ်ခွက် သောက်လိုက်ရသကဲ့သို့ ခံစားရချိန်မှာပင် ရုတ်တရက် စူးထျန် ဆီမှ အော်သံကြီး ထွက်ပေါ်လာသည်။

“အား... ငါ... ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ တိုးလာနေတယ်... ကောင်းကင်ဘုံ ... ဒါ... ဒါ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား။”

All Chapters