အခန်း ၂၄၉
Vol. 25 Ch. 249
Chapter 249
~
အခန်း ၂၄၉ : ကျားဒုံရွှီ ပြဿနာတက်ခြင်း
~
ချင်ဟွိုင်ရုက မတရားခံရသည်ဟု ခံစားရသော်လည်း ရှင်းပြရှာ၏ ။
" အရင်ကဆို ဦးလေးယီက ကျွန်မတို့မိသားစုကို အမြဲကူညီပေးခဲ့တာလေ.. အခု ကျွန်မတို့ဆီမှာ ကောင်းတာတွေရှိနေတာတောင် သူ့ဆီ နည်းနည်းပါးပါး သွားမပေးရင် သူ စိတ်မကောင်းဖြစ်သွားမှာ စိုးလို့ပါ.. "
ယီကျုံးဟိုင်က သူတို့ကို ပြောင်းဖူးမှုန့်နှင့်ဂျုံများ မကြာခဏ ပေးလေ့ရှိသည် ။ သိပ်မများလှသော်ငြား စားနပ်ရိက္ခာများပင် မဟုတ်ပါလော ။
ထို့အပြင် ကျားဒုံရွှီကလည်း ယီကျုံးဟိုင်ထံမှ ငွေခဏခဏ ချေးတတ်လေ၏ ။
ဤကိစ္စကို ယီကျုံးဟိုင် သိသွားပြီး နောင်တွင် သူမတို့မိသားစုကို ဆက်မကူညီတော့မည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည် ။
ယီကျုံးဟိုင်၏ အကူအညီကိုသာ ဆုံးရှုံးလိုက်ရလျှင် သူမတို့မိသားစု ဘဝက ယခုထက် ပို၍ ခက်ခဲသွားပေလိမ့်မည် ။
ကျားဒုံရွှီက နားထောင်ပြီးနောက် အေးစက်စွာ ပြောလိုက်သည် ။
" သူ စိတ်မကောင်းဖြစ်ရင်လည်း လဲသေလိုက်ပေါ့.. သူ့အကူအညီကို ငါ ဂရုစိုက်နေမယ် ထင်နေတာလား.. သူ အိုလာတဲ့အခါ ပြန်လုပ်ကျွေးစေချင်လို့ အခုလို ဟန်ဆောင်ပြီး ကြင်နာပြနေတာလေ.. ဒါပေမဲ့ အခု ငါ ဂရုမစိုက်တော့ဘူး.. ငါ့မိသားစုကို ငါ့ဘာသာ ရှာကျွေးနိုင်တယ်.. "
ကျားကျန်းရှီကလည်း ဝင်၍ ထောက်ခံလိုက်၏ ။
" ဟုတ်တာပေါ့.. အဲ့အဘိုးကြီးသာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကို ဖုံးကွယ်မထားရင် ငါ့သား ဒုံရွှီရဲ့ ဉာဏ်ရည်နဲ့ဆို အဆင့် ၅ အလုပ်သမားဖြစ်နေတာ ကြာလှပြီ.. သူ့အကူအညီကို ဘာလို့ လိုအပ်နေအုံးမှာလဲ.. "
ချင်ဟွိုင်ရုက ကျားဒုံရွှီကို အံ့သြစွာ ကြည့်လိုက်ပြီး ...
" ဒုံရွှီ.. ကြက်သားဝယ်ဖို့ ပိုက်ဆံက ဦးလေးယီဆီက ချေးလာတာ မဟုတ်ဘူးလား.. "
ကျားဒုံရွှီက နှာခေါင်းရှုံ့လိုက်ပြီး..
" ချေးရမှာလား.. ဒီပိုက်ဆံက ငါကိုယ်တိုင် ရှာလာတာ.. "
ကျားကျန်းရှီက ထိုစကားကို ကြားသောအခါ အလျင်အမြန်ပင် ချီးကျူးလိုက်လေ၏ ။
" ငါ့သားက တကယ်ကို အားကိုးရတာပဲ.. "
သို့သော် ချင်ဟွိုင်ရုမှာမူ ပို၍ပင် စိုးရိမ်လာခဲ့သည် ။ ထို့ကြောင့် သူမက ဆက်၍ မေးလိုက်၏ ။
" ဒုံရွှီ.. ဒီပိုက်ဆံတွေကို ဘယ်လိုများ ရှာလာခဲ့တာလဲ.. "
ကျားဒုံရွှီက နေ့စဥ် စက်ရုံတွင် အလုပ်လုပ်နေရဆဲဖြစ်ပြီး သူ၏ လစဥ်လစာကလည်း ပုံမှန်သာဖြစ်သည် ။
ထို့ကြောင့် ဤငွေများမှာ မမှန်ကန်သော လမ်းကြောင်းမှ ရလာမည်ကို သူမ အနည်းငယ် စိုးရိမ်နေမိသည် ။
ဤစကားကို ကြားသောအခါ ကျားဒုံရွှီ၏ မျက်လုံးများက အနည်းငယ် တုန်လှုပ်သွားလေ၏ ။ ထို့နောက် သူက စိတ်မရှည်ဟန်ဖြင့် ချင်ဟွိုင်ရု၏ ပန်းကန်ထဲသို့ အသားတစ်တုံး ထည့်ပေးလိုက်ပြီး..
" ကဲပါ.. ကြက်သားစားနေတာတောင် မင်းပါးစပ်ကို ပိတ်မထားနိုင်ဘူးလား.. "
ထိုစကားကို ကြားလိုက်ရသဖြင့် ချင်ဟွိုင်ရု အလွန် ဝမ်းနည်းသွားသည် ။
ကျားဒုံရွှီက မိသားစု၏ ထောက်တိုင်ဖြစ်သဖြင့် သူ တစ်ခုခုဖြစ်သွားမည်ကို သူမ စိုးရိမ် နေခြင်းသာ ဖြစ်သည် ။
သို့သော် ယခုမူ သူမကပင် အကြောင်းပြချက်မရှိ ပြဿနာရှာနေသကဲ့သို့ ဖြစ်နေချေပြီ ။
ကျားဒုံရွှီက ချစ်တတ်သော ခင်ပွန်းတစ်ယောက်ဖြစ်ရာ သူ၏ဇနီးဖြစ်သူက သူ့အပေါ် စိုးရိမ်နေကြောင်းကို အလျင်အမြန်ပင် နားလည်သွားသည် ။
ထို့ကြောင့် သူက ပြန်လည် ရှင်းပြလိုက်သည် ။
" ကဲပါ.. အတိုချုပ်ပြောရရင် ဒီပိုက်ဆံတွေကို ငါ ခိုးဆိုးလုယက်ပြီး ရလာတာ မဟုတ်ဘူး.. ကျန်တာကိုတော့ ငါ အများကြီး မပြောနိုင်ဘူး.. မင်းတို့ကို ဘဝမှာ ကောင်းကောင်းမွန်မွန် နေစေချင်ရုံလေးပါပဲ.. "
ချင်ဟွိုင်ရု ချက်ချင်းပင် စကားဖြင့် ဖော်ပြ၍မရလောက်အောင် ကြည်နူးသွားသည် ။
သူမက မျက်ရည်များကြားမှ ပြုံးလိုက်ပြီး..
" ကောင်းပါပြီ.. ရှင် အခုလိုပြောလိုက်တော့လည်း ကျွန်မ စိတ်အေးသွားရပါပြီ.. "
" ဒါဆိုလည်း ပြီးတာပါပဲ.. စိတ်အေးအေးသာ ထားပါ.. အခုကစပြီး မင်းတို့အတွက် နေ့တိုင်း အရသာရှိတဲ့ အစားအစာတွေ ဝယ်ကျွေးပြီး ဖက်တီးကြီး ဖြစ်လာစေရမယ်.. "
ကျားဒုံရွှီက နောက်ပြောင်လိုက်လေ၏ ။
ရုတ်တရက် တစ်မိသားစုလုံး ရယ်မောလိုက်ကြသည် ။
...
နောက်ရက်များတွင်တော့ ကျားဒုံရွှီက ဟင်းလျာများကို အမျိုးမျိုးပြောင်းကာ နေ့တိုင်းလိုလို ဝယ်လာခဲ့သည် ။
ယနေ့ ကြက်သားစားရလျှင် မနက်ဖြန်တွင် ဝက်သားဖြစ်ပြီး တစ်ခါတစ်ရံတွင် စီချွမ် ဘဲကင်ကိုပင် ဝယ်လာတတ်သေး၏ ။
ကျားကျန်းရှီနှင့် ကျားပန့်ကန့်တို့အကြောင်းကိုမူ ပြောနေစရာပင် မလိုတော့ချေ ။ အိမ်ရှိ ကောင်းနိုးရာရာ အစားအစာ အများစုမှာ သူတို့အတွက်သာ ဖြစ်ပေသည် ။
သို့သော် ချင်ဟွိုင်ရုနှင့် ရှောင်တန်တို့ပင်လျှင် အသားများများ စားခွင့်ရခဲ့ကြသည် ။
ကျားမိသားစု၏ ပြောင်းလဲမှုများက ခြံဝင်းအတွင်းရှိ လူများကို အံ့အားသင့်သွားစေခဲ့ပြီး သူတို့အချင်းချင်း လျှို့ဝှက်စွာ တီးတိုးဆွေးနွေးနေကြလေ၏ ။
" ကျားမိသားစုက နေ့တိုင်း ငါးတွေ အသားတွေ စားနိုင်ဖို့ ပိုက်ဆံတွေ ဘယ်ကရနေတာလဲ.. သူတို့ သူဌေးဖြစ်သွားကြပြီလား.. "
" သူဌေးဖြစ်ရမှာလား.. ကျားဒုံရွှီက နေ့တိုင်း စက်ရုံမှာ အလုပ်သွားလုပ်နေတာပဲ.. သူ့လစာကလည်း ဒီလောက်ပဲရှိတာ.. ဘယ်လိုလုပ် သူဌေးဖြစ်နိုင်မှာလဲ.. "
" ဒါလည်း ဟုတ်တာပဲ.. ဒါပေမဲ့ ကျားဒုံရွှီက အသားဝယ်ဖို့ ပိုက်ဆံတွေ ဘယ်ကရနေတာလဲ.. "
" အဘိုးကြီးယီဆီက ဖြစ်ရမယ်.. ကျားဒုံရွှီက အဘိုးကြီးယီဆီကနေ ပိုက်ဆံ သွားသွားယူတတ်တယ်လေ.. "
" ဒါပေမဲ့ အဘိုးကြီးယီ မိသားစုတောင် ဒီလောက် ကောင်းကောင်းစားနေရတာ ငါ မတွေ့မိပါဘူး.. သူက အဲ့လောက် သဘောကောင်းနေမှာလား.. "
" ဘာလို့ သဘောမကောင်းရမှာလဲ.. အဲ့အဘိုးကြီးက ကျားဒုံရွှီကို အိုလာတဲ့အခါ ပြန် အားကိုးရမှာလေ.. "
" အင်း.. ဒါလည်း ဟုတ်တာပါပဲ.. "
လူတိုင်းက တီးတိုးဆွေးနွေးနေကြစဥ် ထိုအချိန်၌ ယီမိသားစု၏ အိမ်ထဲတွင်တော့...
ကျားမိသားစုကို ကူညီနေသည်ဟု အများက ထင်မြင်နေကြသော ယီကျုံးဟိုင်၏ မျက်နှာက မည်းမှောင်နေကာ ညစာပင် စားမဝင်ဘဲ ဖြစ်နေလေ၏ ။
အဒေါ်ယီက ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။
" အဘိုးကြီးယီ.. ဘာလို့ ထမင်းမစားတာလဲ.. ဟင်းတွေက အကြိုက်မတွေ့လို့လား.. "
သူမက စားပွဲပေါ်ရှိ အစားအစာများကို လှမ်းကြည့်လိုက်သည် ။ ပုံမှန်နှင့် ဘာမှမကွာခြားလှပါပေ ။
ယီကျုံးဟိုင်က ညည်းတွားလိုက်၏ ။
" တော်တော် အသိတရားခေါင်းပါးတာပဲ.. ဒီ ကျားဒုံရွှီဆိုတဲ့ကောင်က တကယ်ကို အသိတရားခေါင်းပါးလွန်းတယ်.. သူ့အိမ်မှာ အစားအစာ ကောင်းကောင်းတွေ ရှိနေတာတောင် ငါ့ဆီကို နည်းနည်းလေးတောင် လာမပို့ဘူး.. ဒီနှစ်တွေတစ်လျှောက်လုံး သူ့ကို သင်ပေးခဲ့ရတာ ရေစုန်မျောတာပဲ.. "
အဒေါ်ယီ ရုတ်တရက် သဘောပေါက်သွားသည် ။ သူမက နှစ်သိမ့်လိုက်၏ ။
" အဘိုးကြီးယီရယ်.. လွှတ်ထားလိုက်ပါ.. ကျားမိသားစုက ပြေလည်နေတာမှ မဟုတ်တာ.. ရှင် အသားစားချင်ရင် အိမ်မှာ အသားကူပွန်တွေ ကျန်သေးတယ်လေ.. မနက်ဖြန် ကျုပ် သွားဝယ်လိုက်ပါ့မယ်တော်.. "
" ဒါက အသားနဲ့ ဆိုင်လို့လား.. "
ယီကျုံးဟိုင်က မျက်နှာမည်းကြီးဖြင့် ...
" သူ လာပို့ရင်တောင် ငါ စားချင်မှာ မဟုတ်ဘူး.. ငါ လိုချင်တာက သူ့ရဲ့ သဘောထားကိုပဲ..သူ့ရဲ့ စေတနာကိုပဲ .. အခုလိုမျိုး ပြုမူနေမှတော့ ငါတို့ အသက်ကြီးလာရင် သူ့ကို ဘယ်လိုလုပ်ပြီး စိတ်ချရတော့မှာလဲ.. "
ဤကာလအတွင်း ကျားဒုံရွှီ၏ အပြောင်းအလဲများကို သူ သတိထားမိနေခဲ့သည် ။
သူတို့ နှစ်ယောက် အလုပ်အတူတူ မသွားကြတော့သလို တစ်ခါတစ်ရံ စက်ရုံတွင် ဆုံတွေ့လျှင်ပင် နှုတ်ဆက်စကား မပြောဖြစ်တော့ ။
ယခုမူ နေ့စဥ် အရသာရှိသော အစားအစာများ ဝယ်ရန် ကျားဒုံရွှီ ငွေဘယ်ကရနေမှန်းကို ယီကျုံးဟိုင် မသိပေ ။
ဟန်ဆောင်ပြီးတော့ဖြစ်စေ နည်းနည်းပါးပါးလေးပင် လာမပို့ခဲ့ ။
ကျားဒုံရွှီက သူ့အား လုံးဝပင် ဂရုမစိုက်တော့ချေ ။
ကျားဒုံရွှီက သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားတော့မည်ကို မြင်နေရသဖြင့် ယီကျုံးဟိုင်၏ စိတ်အခြေအနေက မတည်မငြိမ် ဖြစ်နေသည် ။
အဒေါ်ယီက သက်ပြင်းချလိုက်ပြီး..
" ဟူး.. ရှာကျူးကိုပဲ ကျုပ်တို့ကို ပြန်လုပ်ကျွေးခိုင်းရင် ပိုကောင်းမယ်လို့ အစကတည်းက ကျုပ် ပြောခဲ့သားပဲ.. အနည်းဆုံးတော့ သူ့မိသားစုမှာ လူကြီးမိဘတွေလည်း မရှိတော့ဘူးလေ.. ပြီးတော့ ရှာကျူးရဲ့ စရိုက်ကလည်း ကောင်းပါတယ်.. ကျုပ်တို့သာ သူ့အပေါ် ကောင်းကောင်းဆက်ဆံပေးရင် သူက ကျုပ်တို့ကို ပြန်စောင့်ရှောက်ပေးဖို့ သေချာပေါက် သဘောတူမှာပါ.. "
ယီကျုံးဟိုင်က ထိုစကားကို ကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ...
" ဒီနှစ်တွေတစ်လျှောက်လုံး ငါကြိုးစားလာခဲ့ရတာတွေက ဒီလိုပဲ အချည်းနှီး ဖြစ်သွားရတော့မှာလား.. "
နှစ်တွေတစ်လျှောက်လုံးတွင် သူက ကျားဒုံရွှီကို သူ့အား စောင့်ရှောက်မည့်သူအဖြစ် များစွာ ရင်းနှီးမြှုပ်နှံခဲ့ရသည် ။
ယခုမူ မည်သည့်အကျိုးအမြတ်မှ ပြန်မရဘဲနှင့် သူ မည်သို့ လက်လျှော့နိုင်ပါမည်နည်း ။
ထို့အပြင် ရှာကျူး၏ မိသားစုတွင် လူကြီးမိဘများ မရှိသည်မဟုတ် ။ ဟဲတာချင်း ရှိနေသေးသည် ။
ဟဲတာချင်းက ရှာကျူး၏ ဖခင်အရင်း ဖြစ်လေသည် ။ တစ်နေ့နေ့ သူပြန်ရောက်လာလျှင် မည်သို့လုပ်မည်နည်း ။
ထိုအချိန်ကျလျှင် ရှာကျူးက သဘောတူခဲ့လျှင်ပင် ဟဲတာချင်းက သေချာပေါက် သဘောတူမည် မဟုတ်ပေ ။
ထို့အပြင် ဟဲမိသားစုတွင် ဟဲယွီဆွေလည်း ရှိနေသေးသည် ။ ထို့အတူ ရှာကျူး၏ ဒေါသကလည်း အလွန် စိတ်လိုက်မာန်ပါနိုင်ပြီး ပြဿနာရှာတတ်သူ ဖြစ်၏ ။
ထို့ကြောင့် လုံးဝ မလွှဲသာမရှောင်သာ အခြေအနေမျိုးမှလွဲ၍ သူ ကျားဒုံရွှီအပေါ် လက်လျှော့မည် မဟုတ်ပေ ။
" အီးဟီးဟီး.. "
အဒေါ်ယီက ဤစကားကို ကြားသောအခါ ငိုရှိုက်ကာ...
" အဘိုးကြီးယီ.. ဒါတွေအားလုံးက ကျုပ် အသုံးမကျလို့ပါ.. ရှင့်အတွက် ကလေးတစ်ယောက်မှ မမွေးပေးနိုင်ခဲ့လို့လေ.. မဟုတ်ရင် အခုလို အပြင်လူကို အားကိုးနေရမှာ မဟုတ်ဘူး.. အီးဟီးဟီး.. "
" ကဲပါ.. ငါ မင်းကို အပြစ်မတင်ပါဘူး.. "
ယီကျုံးဟိုင်က စိတ်ရှုပ်ထွေးစွာဖြင့် လက်ဝှေ့ယမ်းလိုက်သည် ။ သူ စိတ်အနှောင့်အယှက်ဖြစ်နေရသည့်ကြားထဲ အဘွားကြီးကပါ ငိုနေသေး၏ ။
...
အချိန်ကောင်းများက ကြာရှည်မခံတတ် ။
ကျားမိသားစု၏ ကောင်းမွန်သော နေ့ရက်များသည် ရုတ်တရက် ထွက်ပေါ်လာသော သတင်းတစ်ပုဒ်ကြောင့် ပျက်စီးသွားခဲ့ရလေ၏ ။
တစ်နေ့တွင် ယန်ကျီဖန့်က အပြင်ဘက်မှ အပြေးအလွှား ပြန်ရောက်လာပြီး အော်ဟစ်လိုက်သည် ။
" ဒုက္ခပဲ.. ဒုက္ခပဲ.. "
ခြံဝင်းအတွင်း ရှီတိုးနှင့် ဆော့ကစားနေသော ရန်ရွေ့ဟွားက မျက်မှောင်ကြုတ်ကာ ...
" တတိယသား... မနက်စောစောစီးစီး ဘာလို့ အရူးလို ဖြစ်နေရတာလဲ.. ပြီးတော့ နင် အလုပ်မသွားဘူးလား.. အခု ဘာလို့ ပြန်ရောက်လာတာလဲ.. "
ယန်ကျီဝမ်က လီဟွိုက်တဲအား အကဲဖြတ်စစ်ဆေးမှုအတွက် အရည်အချင်းပြည့်မီအောင် တောင်းဆိုပေးခဲ့ပြီး ယန်ကျီဖန့်ကိုယ်တိုင်ကလည်း လုံလောက်အောင် ကြိုးစားခဲ့သောကြောင့် ယခုဆိုလျှင် သူက အဆင့် ၁ အလုပ်သမားတစ်ယောက် ဖြစ်နေလေပြီ ။
ပုံမှန်အားဖြင့် ယန်ကျီဖန့်က အလွန် ကြိုးကြိုးစားစား အလုပ်လုပ်လေ့ရှိပြီး တစ်ခုခု မှားယွင်းခြင်းမရှိပါက ယခုလိုအချိန်တွင် ပြန်ရောက်လာမည် မဟုတ်ချေ ။
ယန်ကျီဖန့်က ပြန်ဖြေလိုက်သည် ။
" အမေ.. ပြဿနာကြီး တက်နေပြီ.. ကျားဒုံရွှီကို ရဲတွေ ဖမ်းသွားကြပြီ.. "
" ဟယ်.. "
ရန်ရွေ့ဟွားက လန့်အော်လိုက်ပြီး..
" တတိယသား... ကျားဒုံရွှီက ဘာလို့ အဖမ်းခံရတာလဲ.. "
" လောင်းကစားလုပ်လို့ လို့ ပြောကြတာပဲ.. ရဲတွေ ကိုယ်တိုင် စက်ရုံကိုလာပြီး အကြောင်းကြားသွားတာ.. ကျွန်တော်တို့ အလုပ်ရုံမှူးက ကျားမိသားစုကို လာပြောပြဖို့ ကျွန်တော့်ကို ပြန်လွှတ်လိုက်တာ.. "
အတိုချုပ် ရှင်းပြပြီးနောက် ယန်ကျီဖန့်က အလယ်ခြံဝင်းဘက်သို့ ပြေးသွားလေ၏ ။
ရန်ရွေ့ဟွားက ရေရွတ်လိုက်သည် ။
" ငါ ထင်သားပဲ.. ဒီကာလတွေအတွင်း ကျားမိသားစုက နေ့တိုင်း အသားတွေ ငါးတွေ ဝယ်စားဖို့ ပိုက်ဆံတွေ ဘယ်ကရနေလဲဆိုတာကို ငါစဥ်းစားနေတာ.. အခုမှပဲ သိတယ် ကျားဒုံရွှီက လောင်းကစားသွားလုပ်နေတာကိုး.. "