အခန်း ၂၅၂
Vol. 25 Ch. 252
Chapter 252
~
အခန်း ၂၅၂ : အမှန်တရားက လက်ခံဖို့ရန် ခက်ခဲသည်
~
ကျားကျန်းရှီသည် ယီမိသားစုအိမ်တွင် ယီကျုံးဟိုင်နှင့် အတော်ကြာ စကားပြောပြီးနောက် ကျေနပ်စွာဖြင့် ကျားမိသားစုအိမ်သို့ ပြန်လာခဲ့သည် ။
သူမ တံခါးဝသို့ ဝင်လာသည်နှင့် စောင့်နေသော ချင်ဟွိုင်ရုက ကမန်းကတန်း ရှေ့ထွက်လာပြီး ...
" အမေ.. ဘယ်လိုနေလဲ.. ဦးလေးက ဒုံရွှီကို ကယ်ဖို့ ဆန္ဒရှိလား.. "
" ဒါပေါ့.. ဒီအဘွားကြီး ကိုယ်တိုင် ဝင်ပါမှတော့ သူက ဘယ်လိုလုပ် ငြင်းရဲမှာလဲ.. "
ကျားကျန်းရှီက သူမ၏ ခေါင်းကို မော့ကာ အလွန်ပင် ကျေနပ်နေဟန် ရှိသည် ။
ချင်ဟွိုင်ရု စိတ်သက်သာရာ ရသွားပြီး မြှောက်ပင့်လိုက်သည် ။
" အမေကတော့ အတော်ဆုံးပဲ.. အမေ စကားစလိုက်တာနဲ့ ဦးလေးက လျော့သွားတာပဲ.. "
ကျားကျန်းရှီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး နှာခေါင်းရှုံ့ကာ ...
" ဟမ့် ..ခြံထဲက လူတွေ အကြောင်း အကုန်လုံးကို ငါ အူမချေးခါးမကျန် သိတယ်.. ယီကျုံးဟိုင်က သူ့ဂုဏ်သိက္ခာကို အမြဲတမ်း အလေးထားတာလေ.. ငါ ဒီလို ပြဿနာရှာလိုက်မှတော့ သူ မလုပ်ချင်ရင်တောင် ငြင်းလို့ မရတော့ဘူး.. "
ချင်ဟွိုင်ရုက ထိုစကားကို ကြားသောအခါ ခေါင်းတဆက်ဆက် ညိတ်ပြီး ...
" ဦးလေးက သတ်မှတ်ချက် တစ်ခုခုများ ပြောသေးလား.. "
ကျားဒုံရွှီက လက်ပူးလက်ကျပ် မိသွားခြင်း ဖြစ်သည် ။ သူ့ကို ကယ်နိုင်မည် ဆိုလျှင်ပင် ပေးဆပ်ရမည့် တန်ကြေးကတော့ နည်းမည် မဟုတ်ပေ ။
ထို့အပြင် မိသားစုနှစ်ခုကြားတွင် မကြာသေးမီက မနှစ်မြို့ဖွယ် ကိစ္စလေးများ အတော်များများ ရှိခဲ့ဖူးသည် ။
ယီကျုံးဟိုင်က ဘာမှမပြောသော်လည်း သူ့စိတ်ထဲတွင်တော့ အမြင်အချို့ ရှိနေမည်ပင် ။
ယခုလို အခွင့်ကောင်းနှင့် ကြုံနေချိန်တွင်တော့ သူက သေချာပေါက် သတ်မှတ်ချက်များ တောင်းဆိုလာမည်သာ ။
ထိုစကားကို ကြားလျှင် ကျားကျန်းရှီ၏ မျက်နှာမှာ တင်းမာသွားပြီးနောက် ဂရုမစိုက်သည့်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ...
" သတ်မှတ်ချက်တွေ ဘာတွေတော့ မပါပါဘူး.. တောင်းဆိုချက် သေးသေးလေး တစ်ခုလောက်ပါပဲ.. "
ချင်ဟွိုင်ရုက ဆက်၍ မေးချင်နေသော်လည်း ကျားကျန်းရှီ၏ စူးရဲသော အကြည့်ကြောင့် ထပ်မမေးရဲတော့ချေ ။
မည်သို့ပင် ဆိုစေကာမူ ဤရလဒ်သည်ပင် သူမအတွက်တော့ ကောင်းမွန်နေလေပြီ ။
အနည်းဆုံးတော့ ကျားဒုံရွှီ ပြန်ထွက်လာနိုင်မည်ဖြစ်ပြီး သူတို့၏ ဘဝလေးလည်း ရှေ့ဆက်နိုင်မည် ဖြစ်သည် ။
အကယ်၍ ကျားဒုံရွှီသာ အထဲရောက်သွားပါက သူမဘဝ ရှေ့ဆက်ဖို့ရန် မည်သို့ ရှင်သန်ရမည်ကို တွေးပင် မတွေးရဲပေ ။
...
နောက်တစ်နေ့ မနက်ခင်းတွင် ...
ကျားကျန်းရှီနှင့် ချင်ဟွိုင်ရုတို့က ယီကျုံးဟိုင် နောက်မှလိုက်ကာ ရဲစခန်းသို့ သွားခဲ့ကြသည် ။
ကျားပန့်ကန့်ကိုတော့ ကျောင်းသို့ ပို့ထားခဲ့၏ ။
မနေ့က နေမကောင်းဘူးဟု အကြောင်းပြကာ ကျောင်းခွင့်တိုင်ခဲ့သော်လည်း တကယ်တမ်း၌မူ ပန့်ကန့်သည် ပျင်းပြီး ကျောင်းမသွားချင်သောကြောင့်သာ ဖြစ်သည် ။
ချင်ဟွိုင်ရုက မကျေနပ်သော်လည်း ကျားကျန်းရှီ ကိုယ်တိုင်က ခွင့်ပြုထားသဖြင့် သူမ ဘာမှ ဆက်ပြောစရာ မရှိတော့ချေ ။
နောက်ပိုင်းတွင် ပန့်ကန့် သူခိုး ဖြစ်လာရခြင်းမှာ ကျားကျန်းရှီနှင့် အများကြီး သက်ဆိုင်သည်ဟု ဆိုနိုင်ပေသည် ။
ရှောင်တန် ကိုတော့ အဒေါ်ကြီး(ယီကျုံးဟိုင်၏ ဇနီး)က စောင့်ရှောက်ပေးထားသည် ။
သူတို့ သုံးယောက် ရဲစခန်း၌ ကျားဒုံရွှီနှင့် တွေ့ဆုံခဲ့ကြသည် ။
မနေ့ကနှင့် ယှဉ်လိုက်လျှင် ယခု ကျားဒုံရွှီက အတော်လေး ပြောင်းလဲသွားသည် ။
သူ့ပုံစံမှာ ဖိုသီဖတ်သီ ဖြစ်နေပြီး အင်္ကျီကြယ်သီးများ ပြုတ်ထွက်နေကာ မျက်နှာတစ်ခုလုံးလည်း ပွန်းပဲ့ ဒဏ်ရာများ ရနေ၏ ။
" ဒုံရွှီ.. ရှင် ဘာဖြစ်လာတာလဲ.. "
ထိုမြင်ကွင်းကို မြင်လျှင် ချင်ဟွိုင်ရု စိုးရိမ်သွားပြီး ရှေ့သို့သွားကာ အခြေအနေကို မေးလိုက်သည် ။
ကျားကျန်းရှီကတော့ ကျိန်ဆဲလိုက်ပြီးနောက်...
" ဒုံရွှီ.. အမေ့ကို ပြောစမ်းပါအုံး.. အဲ့လူတွေက သားကို လက်ပါသေးလား.. "
ကျားဒုံရွှီ၏ အကြည့်များက အနည်းငယ် ရှောင်လွှဲနေကာ...
" အမေ.. ကျွန်တော် ဘာမှမဖြစ်ပါဘူး.. ချော်လဲသွားလို့ပါ.. "
အမှန်တော့ သူ အရိုက်ခံခဲ့ရ၏ ။ ရဲစခန်း အချုပ်ထဲ ရောက်လာကြသူ အားလုံးက လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာမှ လူများသာ ဖြစ်ကြသည် ။
ကျားဒုံရွှီ မနေ့ညက လူတစ်ယောက်နှင့် စကားများရာမှ ပညာပေး ခံခဲ့ရ၏ ။
သို့သော် သူ မျက်နှာပျက်မည်ကို စိုးရိမ်သဖြင့် ဆက်မပြောလိုတော့ချေ ။
ကျားကျန်းရှီသည်လည်း သားဖြစ်သူ၏ အကျင့်စရိုက်ကို သိထားသည် ။ သူမက အလွန် မကျေမနပ် ဖြစ်နေသော်လည်း ဆက်၍ မေးခွန်းများ မထုတ်တော့ပေ ။
သူမက နှစ်သိမ့်လိုက်သည် ။
" ဒုံရွှီ.. စိတ်မပူနဲ့.. သား ခဏနေရင် အပြင်ထွက်ရတော့မှာပါ.. "
ကျားဒုံရွှီ လန့်သွားပြီးနောက် အံ့သြတကြီးဖြင့်...
" အမေ.. အမေပြောတာ တကယ်လား.. "
" ဒါပေါ့.. "
ကျားကျန်းရှီက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည် ။
ချင်ဟွိုင်ရုက သူ့ကို သတိပေးလိုက်သည် ။
" ဒုံရွှီ.. ရှင် ဦးလေးကို သေချာ ကျေးဇူးတင်လိုက်ပါအုံး.. "
ကျားဒုံရွှီ နားလည်သွားသည် ။ ကြည့်ရသည်မှာ ယီကျုံးဟိုင် ကိုယ်တိုင် ဝင်ပါပေးလိုက်သည့်ဟန် ရှိသည် ။
စဉ်းစားကြည့်လျှင် သူက ယီကျုံးဟိုင် အိုမင်းလာချိန်၌ လုပ်ကျွေးပြုစုမည့်သူ ဖြစ်ပေသည် ။ ယီကျုံးဟိုင်က သူ့အပေါ် ရင်းနှီးမြှုပ်နှံထားသည်များ များပြားလွန်းလှသဖြင့် လွယ်လွယ်နှင့် လက်လျှော့သွားစရာ အကြောင်းမရှိပေ ။
ထို့ကြောင့် သူက ယီကျုံးဟိုင်ကို ကျေးဇူးတင်စကား ဆပြောလိုက်သည် ။
" ဆရာ.. ကျေးဇူးတင်ပါတယ်.. "
ယီကျုံးဟိုင်က လက်ဝှေ့ယမ်းကာ ...
" ငါ့ကို အစောကြီး ကျေးဇူးတင်မနေပါနဲ့အုံး.. သတ်မှတ်ချက်လေးတွေ ရှိတယ်.. မင်း အမေနဲ့လည်း တိုင်ပင်ပြီးသွားပြီ.. "
ထိုစကားကို ကြားသောအခါ ကျားဒုံရွှီ စိတ်ခံစားချက် မကောင်းတော့ပေ ။
သူ၏ စိတ်ထဲတွင်....
' သူ့ကို အိုစာမင်းစာ လုပ်ကျွေးစေချင်တာတောင်မှ ကူညီပေးဖို့ကို သတ်မှတ်ချက်တွေ ထားနေသေးတယ်.. ဘယ်သူကများ ဒီလိုမျိုး လုပ်တတ်လို့လဲ.. '
ကျားဒုံရွှီက မေးလိုက်သည် ။
" ဘာသတ်မှတ်ချက်တွေလဲ.. "
ယီကျုံးဟိုင်က ပြန်ဖြေသည် ။
" အဲ့ဒါကတော့ ခြံထဲက လူတွေ အကုန်လုံးရဲ့ ရှေ့မှာ မင်းက ငါ့ကို ခေါင်းကိုင်ဖခင် အဖြစ် အသိအမှတ်ပြုရမယ်.. ပြီးတော့ လမ်းရုံးက လူတွေ အသိအမှတ်ပြုမှုနဲ့အတူ အခုကစပြီး ငါ့ကို အိုမင်းလာတဲ့အထိ လုပ်ကျွေးပြုစုပါ့မယ်လို့ အာမခံပေးရမယ်.. "
ကျားဒုံရွှီ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး သူ့အမေအိုကြီးကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်သည် ။
သူ အထဲရောက်နေသည်မှာ တစ်ရက်သာ ရှိသေးသည် ။
သို့သော် ယခုတော့ အဖေတစ်ယောက်ပင် ရနေလေပြီ ။ သူ ဘာတက်နိုင်တော့မည်နည်း ။
ချင်ဟွိုင်ရုက ကျားကျန်းရှီကို အံ့သြတကြီး ကြည့်လိုက်သည် ။
ဤသည်က ယောက္ခမကြီး ပြောသော တောင်းဆိုချက် သေးသေးလေး ဆိုသည်လေလော ။
မနေ့ညကပင် ဤအဘွားကြီးက အရှက်မရှိ ကြွားလုံးထုတ်နေခဲ့သေးသည် ။
ကျားဒုံရွှီ၏ အကြည့်ကြောင့် ကျားကျန်းရှီ အနည်းငယ် အနေရခက်သွားသည် ။ သူမက...
" ဘာပဲဖြစ်ဖြစ် အဘိုးကြီးယီက သားရဲ့ ဆရာလေ.. ပြီးတော့ သူ့မှာ သားသမီးလည်း မရှိဘူး.. နောင်ကျရင် သားက သူ့ကို လုပ်ကျွေးပြုစုရမှာပဲဟာကို.. အခေါ်အဝေါ်လေး ပြောင်းသွားရုံနဲ့ ဘာမှကြီးကြီးမားမား ဖြစ်မသွားပါဘူး.. "
ထိုစကားကို ကြားလျှင် ယီကျုံးဟိုင်၏ မျက်နှာကြီး လငပုတ် ဖမ်းသွားသည် ။
သူ့တွင် သားသမီး မရှိသည်မှာ မှန်သော်လည်း သူ့အနာကို ခဏခဏ လာဆွနေခြင်းကတော့ သိပ်မကောင်း ။
သို့သော် သူ၏ အိုစာမင်းစာ လုပ်ကျွေးပြုစုခံရရေး အတွက်တော့ လတ်တလောတွင် သည်းခံနေရုံမှတစ်ပါး အခြားမရှိချေ ။
ကျားဒုံရွှီ တုံ့ဆိုင်းသွားသည် ။ အရင်ကသာဆိုလျှင် သူ စိတ်ထဲထားနေမည် မဟုတ်ပေ ။
သို့သော် ယခု ယီကျုံးဟိုင်၏ အကျင့်စရိုက်ကို သိသွားပြီဖြစ်သလို မကြာသေးမီက ဖြစ်ခဲ့သည့် မနှစ်မြို့ဖွယ် ကိစ္စများကိုလည်း အမှတ်ရနေသေးသည် ။
ယီကျုံးဟိုင်ကို ခေါင်းကိုင်ဖခင်( မွေးစားအဖေ ..) ဟု ခေါ်ရန် သူ့နှုတ်မှ ထွက်ဖို့ ခက်နေသည် ။
ယီကျုံးဟိုင်က အလောတကြီး မတိုက်တွန်း ။ ကျားဒုံရွှီ သဘောမတူသရွေ့ သူ အလျော့မပေးရန် ဆုံးဖြတ်ချက် ချထားသည် ။
ကျားဒုံရွှီ၏ ကိစ္စအတွက် သူ၏ ကိုယ်ပိုင် မျက်နှာသာပေးမှုများကို အတော်လေး သုံးစွဲရမည် ဖြစ်ရာ သဘာဝကျကျပင် အကျိုးအမြတ်တစ်ခုခုကို ပြန်လည် လိုအပ်နေသည်ပင် ။
သူက ဖြည်းဖြည်းချင်း ပြောလိုက်သည် ။
" ဒုံရွှီ.. ငါ့ကိုလည်း အပြစ်မတင်ပါနဲ့.. မကြာသေးခင်က မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို တကယ် စိတ်ပျက်စေတယ်.. "
ခေါင်းငုံ့ထားသော ကျားဒုံရွှီ၏ မျက်လုံးများထဲတွင် ခက်ထန်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည် ။
စိတ်ပျက်စေသည် ဟူသော စကားက မည်သို့နည်း ။
သူ့အား ထိန်းချုပ်၍ မရတော့မည်ကို သိသွားသောကြောင့် မဟုတ်ပေလော ။
ယောကျာ်းဖြစ်သူက ငြင်းဆန်နေဆဲ ဖြစ်သည်ကို မြင်လျှင် ချင်ဟွိုင်ရုက အလောတကြီး ဝင်ပြောလိုက်သည် ။
" ဒုံရွှီ.. အရင်ဆုံး သဘောတူလိုက်ပါလား.. အိမ်ပြန်ရောက်မှ တခြားကိစ္စတွေ ဆက်ပြောကြတာပေါ့.. "
ချင်ဟွိုင်ရု၏ စိုးရိမ်နေသော အသွင်ကို မြင်လျှင် ကျားဒုံရွှီ၏ စိတ်များ အနည်းငယ် ပျော့ပျောင်းသွားသည် ။
မှန်သည်။ သူ့မိသားစုက သူ့ကိုသာ မှီခိုနေရဆဲပင် ။ အကယ်၍ သူသာ ထောင်ကျသွားပါက သူ့ အမေအို၊ ဇနီးနှင့် ကလေးများ ဘာဆက်လုပ်ကြမည်နည်း ။
ယခု အပြင်သို့ အရင်ရောက်အောင် ထွက်နိုင်သည်က အကောင်းဆုံးပင် ။ ပြီးမှသာ ဆက်ပြောကြမည် ။
" ကျွန်တော်.. "
ကျားဒုံရွှီ သဘောတူတော့မည့် ဆဲဆဲတွင် ရဲတစ်ဦး လျှောက်လာပြီး....
" ကျားဒုံရွှီ.. မင်း အခု ပြန်လို့ရပြီ.. "
" အာ.. "
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျားဒုံရွှီ အပါအဝင် အားလုံး ဆွံ့အသွားကြသည် ။
ကျားဒုံရွှီက မယုံနိုင်ဟန်ဖြင့် ထပ်မံ အတည်ပြုလိုက်သည် ။
"ရဲဘော်.. အဲ့ဒါ ဘာသဘောလဲ.. "
ရဲက ပေါ့ပေါ့ပါးပါးဖြင့် ပြောပြသည် ။
" ဟိုဆန်းက ဝန်ခံသွားပြီ.. သူက မင်းကို ထောင်ချောက်ဆင်ဖို့ သက်သက် လောင်းကစား လုပ်အောင် မြှူဆွယ်ခဲ့တာတဲ့.. မင်းက လောင်းကစား လုပ်ခဲ့တာ မှန်ပေမဲ့ နစ်နာသူ တစ်ယောက် ဖြစ်နေတာရယ် ပြီးတော့ မင်းမှာ လုပ်ကျွေးရမယ့် မိသားစုကြီး ရှိနေတာရယ်ကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်.. "
ကျားကျန်းရှီ - " ... "
ချင်ဟွိုင်ရု - " ... "
ယီကျုံးဟိုင် - " ... "
ကျားဒုံရွှီက နားမလည်ဟန်ဖြင့် မေးလိုက်သည် ။
" ရဲဘော်.. ထောင်ချောက်ဆင်တယ် ဆိုတာက ဘာကို ဆိုလိုတာလဲ.. "
" ကျော့ကွင်း ထောင်တာကို ပြောတာပေါ့.. "
ရဲက စုံထောက်ကြီး ဦးရှံစား အပြုံးဖြင့်...
" ဒီကာလအတွင်းမှာ မင်း နိုင်နေတာတွေ အားလုံးက တကယ် နိုင်နေတယ်လို့ မင်း ထင်နေတာလား.. အဲ့ဒါက သူတို့ တမင်သက်သက် လုပ်ထားတာ.. မင်း အချိုကျွေးပြီးမှ နောက်ပိုင်း ကျော့ကွင်းထဲ ထည့်ပြီး သတ်ဖို့ အတွက်ပေါ့.... "
ထိုစကားကို ကြားလိုက်သည်နှင့် ကျားဒုံရွှီ၏ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီးနောက် ခရမ်းရောင်အထိ ပြောင်းလဲသွားသည် ။
သူက အခုမှ စကစားတတ်သူ တစ်ယောက်အနေဖြင့် အမြဲတမ်း နိုင်နေခဲ့သည်ကို အံ့သြနေခဲ့မိသည် ။ နောက်ဆုံးတော့ ဤအရာအားလုံးက ဟိုဆန်းနှင့် အခြားသူများ၏ ပူးပေါင်း ကြံစည်မှုသာ ဖြစ်နေခဲ့သည် ။
ဟိုဆန်း ဆိုသည်မှာ သူတို့ အလုပ်ရုံမှ လုပ်ဖော်ကိုင်ဖက် တစ်ယောက်၏ သူငယ်ချင်း ဖြစ်သည် ။ သူက ထိုလုပ်ဖော်ကိုင်ဖက်မှတစ်ဆင့် ဟိုဆန်းကို သိကျွမ်းခဲ့ရခြင်းပင် ။
အမှန်တရားက ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ ။
ကျားဒုံရွှီအတွက် ဤအမှန်တရားကို လက်ခံနိုင်ရန် ခက်ခဲနေလေသည် ။