အခန်း ၂၅၃
Vol. 25 Ch. 253
Chapter 253
~
အခန်း ၂၅၃ : နဂိုမူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်း
~
ခြံဝန်းထဲတွင် ...
ရန်ရွေ့ဟွားက ခြံဝန်းထဲတွင် မြေးဖြစ်သူနှင့် ဆော့ကစားနေသည် ။
ထိုစဥ် ယီကျုံးဟိုင်နှင့် ကျားမိသားစုဝင် သုံးယောက် ပြန်လာသည်ကို သူမ ရုတ်တရက် မြင်လိုက်ရ၏ ။
ဒုံရွှီကို မြင်သည်နှင့် သူမက အံ့သြတကြီးဖြင့်...
" အို.. ဒုံရွှီ ပြန်ရောက်လာပြီပဲ.. ကောင်းလိုက်တာ.. နောက်ဆို ပြဿနာတွေ ထပ်မရှာနဲ့တော့နော်.. ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့က အရေးအကြီးဆုံးပဲ .."
သူမ၏ စကားကြောင့် ဒုံရွှီ၏ မျက်နှာက မည်းမှောင်သွားသည် ။
' နောက်ဆို ပြဿနာတွေ ထပ်မရှာနဲ့ ဆိုတဲ့စကားက ဘာကို ဆိုလိုချင်တာလဲ...'
သူတွေးလိုက်၏ ။ သူ ပြဿနာ ရှာခဲ့ခြင်း မဟုတ် ။ ထောင်ချောက်အဆင် ခံခဲ့ရခြင်းသာ ဖြစ်သည် ။
ရန်ရွေ့ဟွားက သူ့အား သရော်နေသည်ဟု ထင်လိုက်သဖြင့် လတ်တလောတွင် သူ အလွန် ဒေါသထွက်သွား၏ ။
ကျားကျန်းရှီကလည်း ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည် ။
သူမက ..
" ရန်ရွေ့ဟွား..နင် က ဘာသဘောနဲ့ ပြောတာလဲ.. ပြဿနာရှာတယ် ဆိုတာက ဘာကိုပြောတာလဲ.. ငါ့ရဲ့ ဒုံရွှီက လူဆိူးရဲ့ ထောင်ချောက်ဆင်တာကို ခံလိုက်ရတာ.. သူကလည်း နစ်နာသူ တစ်ယောက်ပဲ .."
" ဘာတွေ ဖြစ်ခဲ့တာလဲ .."
ရန်ရွေ့ဟွား ရှုပ်ထွေးသွားသည် ။
ဤကိစ္စက မည်သို့မည်ပုံ ဖြစ်နေသည်ကို ဘာကို သူမ နားမလည်နိုင်တော့ ။
" တတိယအဒေါ်... ဒီလို ဖြစ်ခဲ့တာပါ .."
သူမ ယောကျာ်း၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ချင်ဟွိုင်ရုက အခြေအနေကို ရှင်းပြလိုက်သည် ။
မဟုတ်လျှင် နောင်တွင် သူမ၏ ယောကျာ်း အပြင်သို့ မည်သို့ ထွက်ရဲပါမည်နည်း ။
သူက ထောင်ကျဖူးသူ ဆိုသည့် တံဆိပ်ကြီး ကပ်၍ မနေနိုင်ပေ ။
" သြော်.. ဒီလို ဖြစ်ခဲ့တာကိုး .."
ရန်ရွေ့ဟွားက ရုတ်တရက် သဘောပေါက်သွားပြီးနောက် သတိပေးလိုက်သည် ။
" ဒုံရွှီ.. နောင်ဆိုရင် ကောင်းကင်ကနေ မုန့်တွေ ကျလာမယ်ဆိုတာမျိုးကို မယုံနဲ့တော့.. ဘာပဲဖြစ်ဖြစ် မိသားစုတိုင်းက ငါ့ရဲ့ ဒုတိယသားလောက် ကံကောင်းကြတာမှ မဟုတ်တာ .."
ထိုစကားကို ကြားသောအခါ ဒုံရွှီ၏ မျက်နှာက ခရမ်းရောင် ပြောင်းသွားသည် ။
ကျားကျန်းရှီကလည်း အံကြိတ်ထားရင်း ပို၍ ဒေါသထွက်လာ၏ ။
သူမ ပေါက်ကွဲတော့မည့်ဆဲဆဲတွင် ဒုံရွှီက သူမကို တားလိုက်ပြီး...
" အမေ.. ထားလိုက်ပါတော့.. ကျွန်တော် ပင်ပန်းနေလို့ ပြန်ပြီး နားချင်နေပြီ .."
ထို့နောက် ကျားကျန်းရှီ လက်လျှော့ကာ ပြန်ဝင်သွားလေသည် ။
အလယ်ခြံဝန်းသို့ ပြန်ရောက်သောအခါ ...
ယီကျုံးဟိုင်က ဒုံရွှီ အိမ်ထဲဝင်တော့မည်ကို မြင်လျှင် ..
" ဒုံရွှီ.. ရဲစခန်းမှာတုန်းက ငါပြောခဲ့တာကို မင်း ဘယ်လို သဘောရလဲ .."
ဒုံရွှီ စကားမပြောနိုင်မီ ကျားကျန်းရှီက အရင် ဝင်ပြောလိုက်သည် ။
" ဘယ်လိုသဘောရလဲ ဆိုတာက ဘာကိုပြောတာလဲ.. ရှင်က ကူတောင် မကူညီခဲ့ဘဲနဲ့.. ဒါကို ဘယ်လိုများ ထုတ်ပြောရဲရတာလဲ .."
" အခုလို သဘောတူခဲ့ရတဲ့ အကြောင်းရင်းက ဒုံရွှီကို ကယ်ဖို့အတွက်လေ.. အခု ရှင် ဘာကူညီ ရလို့လဲ.."
ယီကျုံးဟိုင်က သူမကို လျစ်လျူရှုလိုက်ပြီး ဒုံရွှီကိုသာ တိတ်တဆိတ် ကြည့်နေလိုက်၏ ။
ဒုံရွှီက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက်...
" ဆရာ.. ကျွန်တော် သဘောတူပါတယ်.. ဆရာ အဆင်ပြေသလိုသာ စီစဥ်လိုက်ပါ .."
ယီကျုံးဟိုင်က ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကာ...
" ကောင်းပြီ.. နောက်ကျတာထက် စောတာက ပိုကောင်းပါတယ်.. ဒီညပဲ လုပ်ကြတာပေါ့..ခဏနေရင် လမ်းရုံးကို သွားပြီး အသိပေးလိုက်မယ် .."
ဒုံရွှီ ခေါင်းညိတ်ပြပြီးနောက် ယီကျုံးဟိုင်က ပျော်ရွှင်စွာ ပြန်သွားလေသည် ။
အိမ်ထဲသို့ ပြန်ရောက်သောအခါ ကျားကျန်းရှီက ..
" ဒုံရွှီ.. မင်းက အပြင်ရောက်နေပြီလေ.. ဘာဖြစ်လို့ ယီကျုံးဟိုင်ကို ခေါင်းကိုင်ဖခင် အဖြစ် အသိအမှတ်ပြုဖို့ သဘောတူလိုက်ရတာလဲ .."
ချင်ဟွိုင်ရုကလည်း နားမလည်နိုင်သည့် အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည် ။
သက်ပြင်းချသံ တစ်ချက် ထွက်ပေါ်လာ၏ ။
ဒုံရွှီက သက်ပြင်းချလိုက်ပြီး...
" ဟူးး...မကြာသေးခင်က ကျွန်တော်ရလာတဲ့ ပိုက်ဆံတွေ ဘယ်ကရလာလဲ ဆိုတာ အားလုံးပဲ သိကြပြီးပြီမလား.. အခုတော့ ဒီကိစ္စက ပြီးသွားပြီဆိုတော့ ဘဝက အရင်လို အခြေအနေကို ပြန်ရောက်သွားတော့မှာ.. ယီကျုံးဟိုင်ရဲ့ အကူအညီသာ မပါဘူးဆိုရင် ကျွန်တော်တို့ ဘယ်လို ဆက်ရှင်သန်ကြမလဲ .."
ဤအတွက်ကြောင့်သာ မဟုတ်လျှင် သူ ယီကျုံးဟိုင်၏ မျက်နှာကိုပင် မမြင်ချင် ။
ယခင်က သူသည် ယီကျုံးဟိုင်၏ ဖိအားပေးမှုကြောင့်သာ ငွေရှာရန် သွေးဆောင်ဖြားယောင်းခံခဲ့ရခြင်း ဖြစ်သည် ။
သို့သော် ဤကိစ္စပြီးနောက် သူ နောက်ထပ် စွန့်စားရဲတော့မည် မဟုတ်ချေ ။
သူသာ ကံမကောင်းခဲ့လျှင် အချုပ်ထဲ ရောက်သွားလောက်ပေပြီ ။
တွေးကြည့်ရုံဖြင့် သူ့အား အလွန် ကြောက်လန့်သွားစေသည် ။
သူ ပြောသည်ကို ကြားသောအခါ ကျားကျန်းရှီနှင့် ချင်ဟွိုင်ရုတို့လည်း သဘောပေါက်သွားကြ၏ ။
အထူးသဖြင့် ကျားကျန်းရှီသည် အသား ထပ်မစားရတော့မည်ကို တွေးမိကာ အလွန် စိတ်ဓာတ်ကျသွားသည် ။
သူတို့ ကောင်းမွန်သော နေ့ရက် အနည်းငယ်ကို စတင် ခံစားနေရုံသာ ရှိသေးသည် ။ မထင်မှတ်ဘဲ ခြေလှမ်းတစ်လှမ်းက သူတို့ကို နဂိုမူလ အခြေအနေသို့ ပြန်ပို့လိုက်လေပြီ ။
စောစောကပင် ခြံဝန်းထဲ နေရာအနှံ့ သူမ လိုက်ကြွားနေခဲ့သေးသည် ။ ယခုတော့ သူမ အရှက်ကွဲရတော့မည့်ပုံပင် ။
ချင်ဟွိုင်ရုက သူ့ကို နှစ်သိမ့်လိုက်သည် ။
" ဒုံရွှီ.. ရပါတယ်.. ရှင် ဘာမှမဖြစ်ရင် ပြီးတာပါပဲ.. ပြီးတော့ ရှင်က ဦးလေးယီကို ခေါင်းကိုင်ဖခင် အဖြစ် အသိအမှတ်ပြုလိုက်ရင် နောင်ကျရင် သူက ကျွန်မတို့ မိသားစုကို ကူညီထောက်ပံ့တာတွေ ပိုတိုးလာနိုင်တယ်လေ .."
" ဟုတ်တယ် ဒုံရွှီ.. အခုကစပြီး ရက်နည်းနည်းကြာတိုင်း သူ့ဆီ သွားပြီး ပိုက်ဆံတောင်း.. သူသာ မပေးဘူးဆိုရင် ငါ သူ့အိမ်တံခါးဝမှာ ထိုင်နေပြီး ပြန်မထဘူး .."
ကျားကျန်းရှီကလည်း ထောက်ခံလိုက်သည် ။
ဒုံရွှီက ဘာမှမပြောဘဲ ခေါင်းသာ ခါယမ်းလိုက်၏ ။
ယီကျုံးဟိုင်က အရူး မဟုတ် ။ ဤသို့သော ကိစ္စမျိုးကို မည်သို့ ခွင့်ပြုပါမည်နည်း ။
အကူအညီတော့ ပေးလိမ့်မည် ။ သို့သော် ကောင်းကောင်းမွန်မွန် နေထိုင်ရမည်ဟုတော့ လုံးဝ တွေးမထားနှင့် ။
သူသာ ဆန္ဒရှိခဲ့လျှင် အစောကြီးကတည်းက အဆင့်တိုးအောင် ကူညီပေးခဲ့မည် ။ ယခုအချိန်အထိ စောင့်နေမည် မဟုတ်ပေ ။
ယွီကျုံးဟိုင်က ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုစေချင်သည့် အကြောင်းရင်းမှာ သူ့အား မယုံကြည်သောကြောင့် ဖြစ်သည် ။
မဟုတ်လျှင် သက်သေအဖြစ် လမ်းရုံးမှ လူများကို ဖိတ်မည် မဟုတ်ပေ ။
' ဒါကတော့...'
ဒုံရွှီက ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်ပြီး ကုတင်ပေါ် လှဲချလိုက်ကာ များမကြာမီ အိပ်ပျော်သွားလေသည် ။
...
မွန်းလွဲပိုင်းတွင် ...
အလုပ်မှ ပြန်လာသူများ ရောက်လာသည်နှင့်အမျှ ဒုံရွှီ လွတ်လာသည့် သတင်းကလည်း ပျံ့နှံ့သွားသည် ။
အဓိက ရင်းမြစ်ကတော့ ခြံဝင်း၏ ရေဒီယို တတိယအဒေါ် ဆီမှပင် ။
ချင်ဟွိုင်ရုက မည်သို့ကြောင့် ရန်ရွေ့ဟွားအား အမှန်အတိုင်း ပြောပြခဲ့ရသနည်း ။
ရည်ရွယ်ချက်မှာ သူမ၏ နှုတ်မှတစ်ဆင့် ဒုံရွှီ၏ နာမည်ကို ရှင်းလင်းရန် ဖြစ်သည် ။
လက်ရှိတွင် အကျိုးသက်ရောက်မှုက အလွန် ကောင်းမွန်ပုံရသည် ။
" ဒါဆို ဒုံရွှီက ထောင်ချောက်ဆင် ခံရတာပေါ့.. ဒါဆိုရင် သူကလည်း နစ်နာတဲ့သူပဲလေ .."
" ဘာပဲဖြစ်ဖြစ် သူ ပြန်ရောက်လာတာ ကောင်းတာပဲ.. မဟုတ်ရင် ချင်ဟွိုင်ရု တစ်ယောက်တည်း ကျန်ခဲ့ရင် သိပ်ကို သနားစရာ ကောင်းနေမှာ .."
" ငါကတော့ သူ့ကိုယ်သူကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိဘူးလို့ ထင်တယ်.. ဒုံရွှီသာ လောဘမကြီးခဲ့ရင် သူ ထောင်ချောက်ဆင် ခံရပါ့မလား .."
" ရိုးရိုးသားသား ပြောရရင် ငါ ဒုံရွှီကို နည်းနည်းတောင် အားကျမိတယ် .."
" မင်းက ဘာကို ဆိုလိုချင်တာလဲ .."
" အနည်းဆုံးတော့ သူ့မိသားစုက အသား တော်တော်များများ စားလိုက်ရတယ်လေ. .."
" ဒါလည်း ဟုတ်တာပဲ .."
မိသားစုတိုင်းက ဒုံရွှီနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုနေကြသည် ။
ယန်မိသားစု ။
မိသားစု တစ်ခုလုံးကလည်း ရန်ရွေ့ဟွားထံမှ ထိုအဖြစ်အပျက်ကို သိရှိခဲ့ကြသည် ။
ယန်ဖူကွေ့က ယန်ကျီဝမ်ကို ဝမ်းသာအားရ ပြောလိုက်သည် ။
" ဒုတိယသား.. ပြီးခဲ့တဲ့ တစ်ခေါက် မင်း ခန့်မှန်းတာ မှားသ့ားပြီ.. ဒုံရွှီက ကံကောင်းတာ မဟုတ်ဘူး.. သူ ထောင်ချောက်ဆင် ခံခဲ့ရတာပဲ .."
ယန်ကျီဝမ်က ဂရုမစိုက်ဘဲ ပြုံး၍...
" ကျွန်တော် သိပါတယ်.. ယေဘုယျအားဖြင့်တော့ ဒီလိုမျိုး ကိစ္စတွေမှာ လောင်းကြေး ဆယ်ခါမှာ ကိုးခါက ရှုံးတာပဲ.. သူ ဘယ်လိုလုပ်ပြီး နေ့တိုင်း ပိုက်ဆံနိုင်မှာလဲ.. .."
ယွီလီက ခေါင်းယမ်းလိုက်ပြီး ...
" ဒုံရွှီ အဖမ်းခံရတာကို ကံကောင်းတယ်လို့တောင် ကျွန်မ ထင်မိတယ်.. မဟုတ်လို့ ဒီလိုသာ ဆက်သွားမယ်ဆိုရင် သူ အကြွေးတွေ တောင်လိုပုံပြီး... အဲ့အခါကျရင်.. "
ကျားမိသားစု၏ ဘဏ္ဍာရေး အခြေအနေက ယခင်ကတည်းက ဆိုးရွားနေခဲ့ပြီး ဖြစ်သည် ။ အကယ်၍ သူတို့သာ အကြွေး ထပ်တင်လာမည်ဆိုလျှင် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ ။
" အင်း.. ဒါလည်း ဟုတ်တာပဲ .."
ယန်ဖူကွေ့က ယန်ကျီဖန့်အား...
" တတိယသား... မင်းရဲ့ အစ်ကိုက အမြဲတမ်း ကိုယ်ပိုင် အမြင်ရှိတော့ သူ့အတွက် ငါ စိတ်မပူဘူး.. ဒါပေမဲ့ မင်း ဒီလို ကိစ္စတွေမှာ ပါဝင်ပတ်သက်ရဲရင်တော့ ငါ သိတာနဲ့ မင်း ခြေထောက်တွေကို ရိုက်ချိုးပစ်မယ် .."
" နားလည်ပါပြီ .."
ယန်ကျီဖန့် ဆွံ့အသွားသည် ။
သူက အရူး မဟုတ် ။ ဤကဲ့သို့ ကိစ္စမျိုး လုပ်စရာ အကြောင်းမရှိချေ ။
ထို့အပြင် သူ့မှာ ပိုက်ဆံ တစ်ပြားမှ မရှိ ။
သူ့လစာထဲမှ လစဥ် ယန်ကျီဝမ်ထံ ပြန်ပေးရသည့် ဆယ်ယွမ်မှလွဲ၍ ကျန်သည်များကို ရန်ရွေ့ဟွားက သိမ်းထားပြီး သူ ဆေးလိပ်ဝယ်သောက်ရန် ယွမ်အနည်းငယ်သာ ချန်ထားရသည် ။
ရန်ရွေ့ဟွားကလည်း တိုက်တွန်းလိုက်သည် ။
" တတိယသား... အလုပ်ကို ကြိုးစားလုပ်ပါ.. နင့် ပိုက်ဆံတွေကို အမေ ကူသိမ်းပေးထားမယ်.. နှစ် နည်းနည်း ကြာရင် နင့်အတွက် မိန်းမ တစ်ယောက် ရှာပေးမယ် .."
" ဟုတ် .."
ယန်ကျီဖန့်က ရိုးရိုးသားသားပင် သဘောတူလိုက်သည် ။
ထို့နောက် ယန်ဖူကွေ့က မေးလိုက်သည် ။
" တတိယသား.. မင်းအတွက် အိမ်ချထားပေးပြီးပြီလား .."
" ချပေးပြီးပါပြီ .."
ယန်ကျီဖန့်က ခေါင်းညိတ်လိုက်ပြီး...
" ဒါပေမဲ့ ကျွန်တော်တို့ ခြံဝန်းထဲမှာ အိမ်တွေ မကျန်တော့ဘူး.. ဘေးနားက နံပါတ် ၉၄ ခြံဝန်းမှာ ချပေးတာပါ.. အရှေ့ဘက် ခြံဝန်းထဲမှာပဲ ဘေးဘက်က အခန်းတစ်ခန်းပါ .."
ယန်ဖူကွေ့က ထပ်မေးလိုက်သည် ။
" သွားကြည့်ပြီးပြီလား.. နေလို့ရော ရရဲ့လား .."
" နေလို့ရပါတယ်.. အရင် အိမ်ငှားတွေ ထွက်သွားတာ လနည်းနည်းပဲ ရှိသေးတာ.. ကုတင် တစ်လုံးတော့ သွားယူရအုံးမယ် .."
ယန်ကျီဖန့် ပြန်ဖြေလိုက်သည် ။
ယန်ဖူကွေ့က ညွှန်ကြားလိုက်သည် ။
" ဒါဆို စနေ တနင်္ဂနွေ ရောက်ရင် အဟောင်းဆိုင်ကနေ တစ်လုံး သွားဝယ်လိုက်.. မင်း အဲ့ဒီကို ပြောင်းနေလိုက်လို့ ရပြီ.. ပြီးတော့ အငယ်ကောင် အတွက် မင်း အခန်းကို ရှင်းပေးလိုက် .."
" ဟုတ်ကဲ့ပါ .."
ယန်ကျီဖန့် ဤကိစ္စကို ကန့်ကွက်စရာ မရှိပေ ။ အိမ်က ဘေးနားပင် ဖြစ်ပြီး ထမင်းစားရန် သူ ပြန်လာရအုံးမည် ။