အခန်း ၂၅၄
Vol. 25 Ch. 254
Chapter 254
~
အခန်း ၂၅၄ : ကျားဒုံရွှီ မတော်တဆမှု ဖြစ်ချင်း
~
ထိုနေ့မွန်းလွဲပိုင်းတွင် ယီကျုံးဟိုင်က လမ်းရုံးသို့သွားကာ ဒုညွှန်မှူး ကောကို ဖိတ်ခေါ်လာခဲ့သည် ။ သူ၏သက်သေခံချက်ဖြင့် မွေးစားခြင်းလုပ်ငန်းစဥ်ကို အဆုံးသတ်လိုက်သည် ။
သို့သော် ကျားဒုံရွှီက လွန်ခဲ့သောရက်အနည်းငယ် ရဲများဖမ်းဆီးခြင်းကို ခံရပြီးကတည်းက စိတ်ဓာတ်ကျနေလေသည် ။
သူ တစ်နေ့လုံး စိတ်လွင့်နေတတ်ပြီး အလုပ်လုပ်နေစဥ်တွင်လည်း မကြာခဏ ငေးမှိုင်နေတတ်သည် ။
ထိုအခြေအနေက နှစ်လသုံးလခန့် ဆက်တိုက်ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင် ကျားဒုံရွှီ မတော်တဆမှု ဖြစ်လေတော့သည် ။
ယနေ့တွင် ကျားဒုံရွှီက အလုပ်ရုံထဲ၌ ပုံမှန်အတိုင်း တွင်ခုံစက်ကို မောင်းနှင်နေလေ၏ ။
သို့သော် သူ၏စိတ်က အလုပ်ထဲတွင် ရှိမနေ ။ မိသားစုကိစ္စများနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကသာ စိုးမိုးနေသည် ။
သူ ငေးမောသွားချိန်တွင် အလုပ်လုပ်နေရင်း အမှားအယွင်းတစ်ခု ဖြစ်သွားကာ ဆူညံနေသော တွင်ခုံစက်ကြားထဲသို့ ကျားဒုံရွှီ၏ ခန္ဓာကိုယ်အောက်ပိုင်းက ရုတ်တရက် ညပ်ပါသွားတော့သည် ။
" အား.. "
ကျားဒုံရွှီက နာကျင်စွာ အော်ဟစ်လိုက်ပြီး ဘေးနားရှိ အလုပ်ခွင်မှ ယီကျုံးဟိုင်ကို အသည်းအသန် အော်ခေါ်လိုက်သည် ။
" ဆရာ..ဆရာ.... ကျွန်တော့်ကို ကယ်ပါအုံး.. "
ယီကျုံးဟိုင်က ကျားဒုံရွှီ၏ အကူအညီတောင်းသံကို ကြားလိုက်ရပြီးနောက် ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည် ။
ကျားဒုံရွှီ၏ ခန္ဓာကိုယ်အောက်ပိုင်းက စက်ထဲတွင် ညပ်နေသည်ကို မြင်လိုက်ရသောအခါ သူ့ မျက်နှာက ချက်ချင်း သွေးဆုတ်သွား၏ ။
သူက အလျင်အမြန် ပြေးသွားကာ စက်ကို ပိတ်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ ။ ကျားဒုံရွှီ၏ ခန္ဓာကိုယ်အောက်ပိုင်း ကြေမွသွားခဲ့ပြီး သွေးများက အိုင်ထွန်းနေသည် ။
' သွားပြီ... '
ထိုအတွေးက ယီကျုံးဟိုင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည် ။
သူက ကျားဒုံရွှီ၏ သနားစရာအခြေအနေကို ကြည့်ရင်း ကျောရိုးတစ်လျှောက် စိမ့်တက်လာသည် ။
ကျားဒုံရွှီ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး နဖူးတွင်လည်း ချွေးစေးများ ပြန်နေကာ နာကျင်စွာဖြင့် ဆက်တိုက် ညည်းညူနေသည် ။
ယီကျုံးဟိုင်က ဘာလုပ်ရမှန်းမသိဘဲ တောင့်တောင့်ကြီး ရပ်နေကာ သူ၏ စိတ်ထဲတွင်လည်း ဗလာကျင်းနေလေ၏ ။ သူ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများအားလုံးက ကျားဒုံရွှီအပေါ်တွင်သာ ပုံအောထားခဲ့ခြင်း ဖြစ်သည် ။ ကျားဒုံရွှီက သူအိုမင်းလာချိန်တွင် ပြုစုစောင့်ရှောက်ပေးကာ သူ၏ နောက်ဆုံးအချိန်များအထိ ရှိနေပေးမည်ဟု မျှော်လင့်ထားခဲ့သည် ။
သို့သော် ယခုတော့ ကျားဒုံရွှီ၏ ခန္ဓာကိုယ်အောက်ပိုင်းက သွေးသံရဲရဲဖြင့် ကြေမွနေပေပြီ ။ ကယ်တင်နိုင်ခဲ့လျှင်ပင် ဒုက္ခိတဖြစ်သွားဖို့က အလွန်သေချာနေသည် ။
ကိုယ်တိုင် မရပ်တည်နိုင်တော့သည့် ဒုက္ခိတတစ်ယောက်က သူ့အား မည်သို့ တာဝန်ယူပေးနိုင်တော့မည်နည်း ။
" ဆရာယီ.. သူ့ကို မြန်မြန် ကယ်လိုက်ပါအုံး.. "
ယီကျုံးဟိုင် ကြောင်အနေသည်ကို မြင်သောအခါ ဘေးနားရှိ အလုပ်ဖော်များက အလျင်အမြန် သတိပေးလိုက်ကြသည် ။
ယီကျုံးဟိုင်လည်း သတိဝင်လာပြီး စက်ကို အမြန်ပိတ်လိုက်သည် ။
သို့သော် ကျားဒုံရွှီ၏ ခန္ဓာကိုယ်အောက်ပိုင်းက တစ်စစီ ကြေမွနေခဲ့ပြီးဖြစ်ကာ သွေးများကလည်း ဆက်တိုက် ပန်းထွက်နေသည် ။
ယီကျုံးဟိုင်က ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်မဲ့မှုနှင့် ကူကယ်ရာမဲ့မှုတို့ ပြည့်နှက်သွားတော့သည် ။
မကြာမီမှာပင် ကျန်းမာရေးဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အလုပ်ရုံသို့ ရောက်ရှိလာကြသည် ။ သူတို့က ကျားဒုံရွှီ၏ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်နှင့် အခြေအနေ မည်မျှဆိုးရွားနေကြောင်း ချက်ချင်း သိလိုက်ကြသည် ။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ကျားဒုံရွှီကို ထမ်းစင်ပေါ်သို့ အမြန်တင်ကာ အရေးပေါ်ကုသရန်အတွက် ဆေးရုံသို့ အလျင်စလို ပို့ဆောင်ပေးလိုက်ကြသည် ။
အလုပ်ရုံထဲရှိ အလုပ်ဖော်များက ကျားဒုံရွှီကို သယ်ဆောင်သွားသည်ကို ကြည့်ရင်း သူတို့၏ စိတ်ထဲတွင် ထိတ်လန့်မှုနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်သွားကြသည် ။
တစ်ယောက်က တိုးတိုးလေး ပြောလိုက်၏ ။
" ကျားဒုံရွှီကတော့ ဒီတစ်ခါ ပြီးသွားပြီပဲ.. ကယ်နိုင်ခဲ့ရင်တောင် သူ သေချာပေါက် ဒုက္ခိတဖြစ်သွားလောက်တယ်.. "
" ဟုတ်တယ်.. သူတို့ မိသားစု အခု ဘယ်လိုလုပ်ကြမလဲ.. ကျားဒုံရွှီက သူတို့မိသားစုရဲ့ ထောက်တိုင်ပဲလေ.. "
" ဟူး.. တကယ်ပါပဲ.. ကောင်းကင်ဘုံကို မှန်းဆလို့မရဘူး.. ကံဆိုးမှုက အချိန်မရွေး ရောက်လာနိုင်တာပဲ.. "
စိတ်အဆင်းရဲဆုံးသောသူက ယီကျုံးဟိုင်ပင် ။ သူက ကျားဒုံရွှီအပေါ်တွင် အားထုတ်မှုများစွာ ပြုလုပ်ထားခဲ့ရသည် မဟုတ်ပါလော ။
မကြာသေးမီကမှ မွေးစားခြင်းလုပ်ငန်းစဥ်ကို အပြီးသတ်ထားခဲ့ခြင်းဖြစ်ပြီး မမျှော်လင့်ဘဲ ရက်အနည်းငယ်အကြာတွင် ကျားဒုံရွှီ ဒုက္ခိတ ဖြစ်သွားခဲ့လေသည်။
ထိုသို့ဆိုလျှင် သူ့အိုမင်းချိန်တွင် ဘယ်သူက ပြုစုစောင့်ရှောက်ပေးတော့မည်နည်း ။
ယီကျုံးဟိုင်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားပြီး ချက်ချင်းပင် အသက်အတော်များများ ကြီးလာသလို ခံစားလိုက်ရသည် ။
သူက ဆေးရုံဘက်သို့ သတိမကပ်ဘဲ တယိမ်းတယိုင် လျှောက်သွားလေတော့သည် ။
ကောတာဖျဲ့ဇီက နောက်ကျမှ ရောက်လာပြီး ဖြစ်ပျက်ခဲ့သမျှကို အလုပ်သမား ရဲဘော်တစ်ဦးထံမှ သိလိုက်ရသည် ။
သူက ...
" တကယ့် ပြဿနာပါလား.. "
အလုပ်ရုံမှူးတစ်ယောက်အနေဖြင့် အလုပ်သမား မတော်တဆဖြစ်မှုအတွက် သူသည်လည်း တာဝန်ရှိပြီး နောက်ပိုင်းတွင် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများနှင့်ပင် ရင်ဆိုင်ရနိုင်သည် ။
သို့သော် ထုတ်လုပ်မှုက ဆက်လုပ်ရမည် ဖြစ်သည် ။
သူက စိတ်တိုတိုဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး အော်လိုက်သည် ။
" မင်းတို့ အားလုံး ဘာလို့ ရပ်နေကြတာလဲ.. အလုပ်လုပ်ဖို့ မလိုတော့ဘူးလား.. "
ထိုစကားကို ကြားသောအခါ အလုပ်သမားများက သူတို့၏ အလုပ်ခွင်များသို့ ပြန်သွားကြပြီး ဆက်လက် အလုပ်လုပ်ကြသည် ။
ကောတာဖျဲ့ဇီက သွေးကွက်များကို ရှင်းလင်းရန် လူတစ်ယောက်ကို ခေါ်လိုက်သည် ။
ထို့နောက် သူ ယန်ကျီဖန့်ကို သွားရှာလေသည် ။
" ယန်လေး.. မင်းနဲ့ ကျားဒုံရွှီက ခြံဝင်းတစ်ခုတည်းကပဲ.. ဒီတစ်ခါ သူ့မိသားစုကို အသိပေးဖို့ မင်းသွားလိုက်တော့.. "
အလုပ်လုပ်နေသော ယန်ကျီဖန့်က ထိုစကားကို ကြားသောအခါ လန့်သွားပြီး ခက်ခဲဟန်ဖြင့်...
" ဆရာ... တခြားတစ်ယောက်ကို သွားခိုင်းလိုက်ရင် မကောင်းဘူးလား.. "
ပြီးခဲ့သည့်အကြိမ်က ဖြစ်ခဲ့သည်များကို တွေးမိသောအခါ သူ တွန့်ဆုတ်နေသည် ။
ပြီးခဲ့သည့်အကြိမ် ကျားဒုံရွှီ ဖမ်းဆီးခံရစဥ်က သူ၏ အသိပေးလိုသော ရည်ရွယ်ချက်က ကောင်းသော်လည်း နောက်ဆုံးတွင် ကျားကျန်းရှီ၏ ဆဲဆိုခြင်းကို ခံလိုက်ရသည် ။
ယခုတစ်ခါ သူ ထပ်သွားလျှင်လည်း အကုတ်မခံရရင် ကံကောင်းပင် ။ ဤတာဝန်ကို သူ တကယ်ပင် မယူချင်တော့ ။
" ဆုံးဖြတ်ပြီးသွားပြီ.. "
ကောတာဖျဲ့ဇီက စကားပြောပြီးနောက် သူ၏ အထက်လူကြီးများထံ အခြေအနေကို တင်ပြရန် အလျင်စလို ထွက်သွားသည် ။
ယန်ကျီဖန့်တွင် ရွေးချယ်စရာ မရှိတော့၍ သူ၏ စက်ကို ပိတ်ကာ အလုပ်ရုံထဲမှ ထွက်လာခဲ့ရသည် ။
သူ စက်ရုံတံခါးဝသို့ ရောက်သည်နှင့် အလုပ်ဆင်းရန် ရောက်လာသော ယန်ကျီဝမ်နှင့် ဆုံမိသွားသည် ။
သူ အလျင်လိုနေသည်ကို မြင်သောအခါ ယန်ကျီဝမ်က သူ့ကို တားလိုက်ပြီး ...
"ကျီဖန့်.. ဘာတွေ အလျင်လိုနေတာလဲ.. "
" အစ်ကိုနှစ်.. "
ယန်ကျီဖန့်က အသံတိုးတိုးဖြင့်...
" ကျားဒုံရွှီ မတော်တဆမှု ဖြစ်သွားတယ်.. သူ စက်ကိုမောင်းရင်း အမှားလုပ်မိသွားပုံရတယ်.. သူ့ခန္ဓာကိုယ်တစ်ဝက်က စက်ထဲ ညပ်သွားတာ.. ကြည့်ရတာ အရမ်းဆိုးတယ်.. အသက်ရှင်နိုင်ဖို့တောင် မလွယ်ဘူး.. "
ယန်ကျီဝမ် လန့်သွားသည် ။
' ကျားဒုံရွှီ တစ်ခုခု ဖြစ်သွားတယ်.. '
အချိန်ကို တွက်ကြည့်လိုက်သည် ။ သူ မှတ်မိတာ မမှားလျှင် ဟွိုင်ဇီက ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလဝန်းကျင်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည် ။
အခုက စက်တင်ဘာလဖြစ်ပြီး ချင်ဟွိုင်ရုက ကိုယ်ဝန်ရှိနေပြီ ဖြစ်၍ ဟွိုင်ဇီကို လာမည့်နှစ် ဖေဖော်ဝါရီလဝန်းကျင်တွင် မွေးဖွားပေလိမ့်မည် ။
ထို့ကြောင့် ကျားဒုံရွှီ၏ မတော်တဆဖြစ်မှုက ဤအချိန်ဝန်းကျင်တွင် ဖြစ်သင့်သည်ပင် ။
မကြာသေးမီက ထိုလူသည် သူ့ရှေ့တွင် ကြွားလုံးထုတ်နေသေးသည်ကို သူ မှတ်မိနေပြီး မမျှော်လင့်ဘဲ မကြာခင်မှာပင် မတော်တဆ ဖြစ်သွားခဲ့သည် ။
အကယ်၍ အံ့သြစရာ တစ်ခုခု မရှိခဲ့ပါက ကျားဒုံရွှီ သေပေတော့မည် ။
အကယ်၍ ကယ်တင်နိုင်ခဲ့လျှင်ပင် ဒုက္ခိတ ဖြစ်သွားပေလိမ့်မည် ။
ဖြစ်နိုင်သည်က ယခင်ဖြစ်ရပ်ကြောင့် ကျားဒုံရွှီ စိတ်ဓာတ်ကျသွားခြင်းလော ။
" အစ်ကိုနှစ်.. ကျွန်တော် အချိန်မရတော့ဘူး.. ကျားဒုံရွှီရဲ့ မိသားစုကို သွားအသိပေးရအုံးမယ်.. "
ယန်ကျီဖန့်က အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည် ။
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ...
" မင်း ငါ့စက်ဘီးကို စီးသွားလိုက်.. မှတ်ထားနော်.. သူတို့ကို ပြောရုံပဲ ပြောလိုက်.. ယုံတာ မယုံတာက သူတို့အပိုင်းပဲ..ပြီးရင် မြန်မြန် လစ်ခဲ့.. "
" နားလည်ပါပြီ.. "
ယန်ကျီဖန့်က ခေါင်းညိတ်လိုက်ပြီး သုံးဘီးစက်ဘီးပေါ် တက်ကာ ပြန်သွားခဲ့သည် ။
...
အချိန်အနည်းငယ် ကြာပြီးနောက် ။
ယန်ကျီဖန့် ခြံဝင်းထဲသို့ ပြန်ရောက်လာခဲ့သည် ။
" ကျီဖန့်.. နင် ဘာလို့ ပြန်ရောက်လာပြန်တာလဲ.. အလုပ် မလုပ်ချင်တော့ဘူးလား.. "
မြေးဖြစ်သူကို ပြုစုစောင့်ရှောက်နေသော ရန်ရွေ့ဟွားက ယန်ကျီဖန့် ပြန်ရောက်လာသည်ကို မြင်သောအခါ ဒေါသထွက်ကာ မေးခွန်းထုတ်လိုက်သည် ။
သူမက တတိယမြောက်သားက ပိုပိုပြီး အကြောင်းပြချက်မဲ့လာသည်ဟု တွေးလိုက်မိသည် ။
အရင်က သူ ကြိုးစားခဲ့သော်လည်း မကြာသေးမီက သူ မကြာခဏ ပြန်ရောက်လာတတ်ပြီး အလုပ်ကိုပင် သေချာလုပ်ရန် အလေးမထားတော့ပေ ။
သူ၏အလုပ်က ဒုတိယသားဖြစ်သူ၏ ကြီးမားသော ကြိုးစားအားထုတ်မှုဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သူ မသိပေဘူးလော ။
" အမေ.. ကျားဒုံရွှီ မတော်တဆ ဖြစ်သွားတယ်.. "
ယန်ကျီဖန့်က ရှင်းပြလိုက်သည် ။
ရန်ရွေ့ဟွားက လန့်သွားပြီး..
" သူ ရဲဖမ်းတာ ထပ်ခံရပြန်ပြီလား.. "
ယန်ကျီဖန့်၏ ပါးစပ်က ထိုစကားကို ကြားသောအခါ တစ်ဆက်ဆက်တုန်ရီသွားသော်လည်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည် ။
" မဟုတ်ဘူး.. အဲ့ဒါထက် ပိုဆိုးတယ်.. ကျားဒုံရွှီက တွင်ခုံစက်မောင်းနေရင်း အမှားလုပ်မိသွားလို့ သူ့ခန္ဓာကိုယ်တစ်ခုလုံး စက်ထဲ ညပ်သွားတာ.. သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပျက်စီးသွားပြီ.. အခုတော့ သူ့ကို ဆေးရုံပို့လိုက်ပြီ.. ဒါပေမဲ့ ကျွန်တော် မြင်လိုက်ရသလောက်တော့ သူ... "
" အို.. "
ရန်ရွေ့ဟွားက အံ့သြစွာဖြင့် အော်ဟစ်လိုက်ပြီး အသံပါ တိုးသွားကာ..
" ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ.. ကျားမိသားစုကတော့ ခက်ခဲတော့မှာပဲ.. "
" ဘယ်သူ ပြောနိုင်မှာလဲ.. "
ယန်ကျီဖန့်က လက်ကို ဝှေ့ယမ်းလိုက်ပြီး..
" အမေ.. ကျွန်တော် အမေ့ကို ဆက်မပြောနိုင်တော့ဘူး.. ကျားကျန်းရှီနဲ့ ချင်ဟွိုင်ရုကို သွားအသိပေးရအုံးမယ်.. "
ထိုသို့ပြောပြီးနောက် ယန်ကျီဖန့်က အလယ်ခြံဝင်းဘက်သို့ ထွက်သွားတော့သည် ။