အခန်း ၂၅၅
Vol. 25 Ch. 255
Chapter 255
~
အခန်း ၂၅၅ : ကယ်၍ မရတော့
~
အလယ်ခြံဝင်း ...
ကျားကျန်းရှီက တံခါးဝတွင် ထိုင်ကာ ဖိနပ်အောက်ခံများကို ချုပ်နေဆဲဖြစ်ပြီး ချင်ဟွိုင်ရုက ကိုယ်ဝန်ကြီးနှင့်ဖြစ်သော်လည်း ဘေစင်နားတွင် အဝတ်များကို ကြိုးစားပမ်းစား လျှော်ဖွပ်နေလေသည် ။
ယခင်အတိုင်း မြင်ကွင်းမျိုး ဖြစ်သော်လည်း ယန်ကျီဖန့် အနည်းငယ် တွန့်ဆုတ်နေ၏ ။
ပြီးခဲ့သည့်အကြိမ်က သူ စေတနာဖြင့် လာအသိပေးခဲ့သော်လည်း ပြင်းပြင်းထန်ထန် ဆဲဆိုခံခဲ့ရသည် ။
ပြီးခဲ့သည့်အကြိမ်က ကျားဒုံရွှီ ရဲဖမ်းခံရရုံသာ ဖြစ်သော်လည်း အခုတစ်ခါတော့...
သူ အမှန်အတိုင်း ပြောလိုက်သည်နှင့် စည်ပိုင်းကြီး လိမ့်လာနိုင်ပေ၏ ။
သို့သော် သူ ရောက်နေပြီဖြစ်၍ သေချာပေါက် အသိပေးရမည် ။
သူက ကျားမိသားစု၏ တံခါးဝသို့ ရောက်သောအခါ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက်...
" ကျားကျန်းရှီ.. ချင်ဟွိုင်ရု.. ခင်ဗျားတို့ရဲ့ ကျားဒုံရွှီ တစ်ခုခု ထပ်ဖြစ်ပြန်ပြီ.. "
ထိုစကားကို ကြားသောအခါ ကျားကျန်းရှီက ချက်ချင်း ခေါင်းမော့လာပြီး ကျယ်လောင်စွာ ဆဲလေတော့သည် ။
" ယန်အိမ်က တတိယကောင်.. နင် ထပ်လာပြန်ပြီလား ခွေးမသားလေး.. နင် တစ်နေ့လုံး ဘာတွေလုပ်နေတာလဲ.. စားစရာ အပြည့်ရှိနေလို့ အလုပ်မရှိ အကိုင်မရှိ ဖြစ်နေတာလား.. ငါတို့ကို လာနှောင့်ယှက်ရတာ ပျော်စရာကောင်းတယ်လို့ နင် ထင်နေတာလား.. ငါတို့ရဲ့ ဒုံရွှီက အကောင်းကြီးရှိနေတာ.. သူ့ကို ဘာဖြစ်ရမှာလဲ.. သောက်ချီးစားလေး.. "
ချင်ဟွိုင်ရုကလည်း ဝင်ပြောလိုက်သည် ။
" ဟုတ်တယ် ကျီဖန့်.. နင် ငါတို့ရဲ့ ဒုံရွှီကို အဲ့ဒီလိုမျိုး ကျိန်စာမတိုက်နဲ့.. "
ယန်ကျီဖန့်က နှာခေါင်းရှုံ့လိုက်ပြီး...
" ယုံတာ မယုံတာ ခင်ဗျားတို့ သဘောပဲ.. အလုပ်ရုံမှူးက လာပြောခိုင်းလို့သာ မဟုတ်ရင် ကျုပ်လာပြောချင်နေတယ်များ ထင်နေလား ...အလုပ်တွေမှ တစ်ပုံကြီး ... "
" ကျုပ် အမှန်အတိုင်း ပြောပြမယ်.. ကျားဒုံရွှီက စက်မောင်းနေရင်း အမှားလုပ်မိသွားလို့ သူ့ခန္ဓာကိုယ်က စက်ထဲ ညပ်သွားတာ.. သူ့အခြေအနေက အရမ်းဆိုးတယ်.. သူ အသက်ရှင်နိုင်ဖို့တောင် မလွယ်ဘူးလို့ ထင်တယ်.. ခင်ဗျားတို့ ဆေးရုံကို အမြန်သွားကြည့်တာ ကောင်းမယ်.. "
" ခွေးတိရစ္ဆာန်လေး... ငါ့သားကို ဒီလို ကျိန်စာတိုက်ရဲတယ်ပေါ့လေ.. နင့်ကို သေတဲ့အထိ ကုတ်ဆွဲပစ်မယ်.. "
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ကျားကျန်းရှီက ချက်ချင်းပင် ဒေါသတကြီးဖြင့် ရှေ့သို့ ပြေးထွက်လာကာ ယန်ကျီဖန့်ကို ကုတ်ဆွဲတော့သည် ။
မကြာမီပင် ယန်ကျီဖန့်၏ မျက်နှာတစ်ခုလုံး ကုတ်ခြစ်ရာများဖြင့် ပြည့်နှက်သွားတော့၏ ။
အချိန်အနည်းငယ်ကြာပြီးနောက် ယန်ကျီဖန့်က ကျားကျန်းရှီ၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်နိုင်ခဲ့ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည် ။
သူက အေးစက်စွာဖြင့် ....
" စေတနာက ဝေဒနာဖြစ်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာပဲ.. ဘာပဲဖြစ်ဖြစ် ကျုပ် အသိပေးပြီးပြီ.. ယုံတာ မယုံတာက ခင်ဗျားတို့အပိုင်းပဲ.. ဟမ့်.. ကံဆိုးလိုက်တာ.. "
ထိုသို့ပြောပြီးနောက် ယန်ကျီဖန့် ထွက်သွားသည် ။
ချင်ဟွိုင်ရုက ကျားကျန်းရှီကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည် ။
" အမေ.. အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ.. ဒုံရွှီ တကယ်ပဲ ပြဿနာတက်သွားတာများလား.. "
" ဟမ့်.. အဲ့ဒီ ယန်အိမ်က ခွေးမသားလေးကို ညည်း ယုံလို့လား.. သူတို့မိသားစုက ငါတို့မိသားစု ကောင်းစားနေတာကို မမြင်ချင်လို့ သက်သက်လာလုပ်နေတာ.. "
ကျားကျန်းရှီက ဂရုမစိုက်ဟန်ဖြင့် ...
" ငါ့ရဲ့ ဒုံရွှီက အတွေ့အကြုံရှိတဲ့ အလုပ်သမားတစ်ယောက်ပဲ.. သူ ဒီလို အဆင့်နိမ့်တဲ့ အမှားမျိုး ဘယ်လိုလုပ်ပြီး လုပ်မိမှာလဲ.. အဲ့ ခွေးသူတောင်းစားလေး ငါတို့ကို လာလိမ်နေတာ သေချာတယ်.. "
ကျားကျန်းရှီက ထိုသို့ပြောလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်တော့ ပူပန်နေလေပြီ ။
ချင်ဟွိုင်ရုက ....
" အမေ.. ကျွန်မ စိတ်ထဲ တမျိုးကြီး ဖြစ်နေလို့.. ဆေးရုံကို သွားကြည့်ရအောင်လား.. ဒီကနေဆို ခြေလှမ်းနည်းနည်းပဲ လျှောက်ရတာကို.. "
" ကောင်းပြီလေ.. "
ကျားကျန်းရှီလည်း အနည်းငယ် စိုးရိမ်နေသဖြင့် သဘောတူလိုက်ပြီးနောက် အမျိုးသမီးနှစ်ယောက်က တံခါးပြင်သို့ အလျင်အမြန် ထွက်သွားကြသည် ။
ရှေ့ခြံဝင်း ။
ယန်မိသားစု ။
ရန်ရွေ့ဟွားက သူမ၏ တတိယမြောက်သား၏ သနားစရာအခြေအနေကို မြင်သောအခါ ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းမိသွားပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ...
" တတိယသား.. နင် နောက်နောင် ဒီလိုအလုပ်မျိုးတွေ ထပ်မလုပ်နဲ့တော့.. ဒါက ကျေးဇူးတင်မခံရတဲ့ အလုပ်ပဲ.. "
သာမန်အချိန်များတွင်သာဆိုလျှင် သူမက ကျားကျန်းရှီနှင့် သေချာပေါက် နပန်းသွားလုံးမည် ဖြစ်သည် ။
သို့သော် အခုချိန်တွင်မတော့ သူမတို့၏ သားဖြစ်သူ ဒုက္ခရောက်နေချိန်တွင် သူတို့အပေါ် အခက်အခဲ ထပ်မပေးချင်တော့ပေ ။
သူမ၏ သားအတွက်သာ စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ ။
ယန်ကျီဖန့်က စိတ်ပျက်လက်ပျက်ဖြင့် ....
" ကျွန်တော်လည်း မလုပ်ချင်ပါဘူး.. ဒါပေမဲ့ အလုပ်ရုံမှူးက လာပြောခိုင်းနေတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ.. "
ရန်ရွေ့ဟွားက ပြောလိုက်သည် ။
" လိမ်းဖို့ ဆေးနည်းနည်း ယူပေးမယ်.. "
ယန်ကျီဖန့်က ခေါင်းညိတ်လိုက်ပြီး ဆေးလိမ်းပြီးနောက် စက်ရုံသို့ ပြန်သွားသည် ။
...
အခြားတစ်ဖက်တွင် ။
ချင်ဟွိုင်ရုနှင့် ကျားကျန်းရှီတို့က ဆေးရုံသို့ အလျင်စလို ရောက်လာခဲ့ကြသည် ။
မကြာမီပင် ခွဲစိတ်ခန်းအပြင်ဘက်တွင် စိတ်ဓာတ်ကျဟန်ဖြင့် ထိုင်နေသော ယီကျုံးဟိုင်ကို သူတို့ မြင်လိုက်ရသည် ။
သူ၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ ကျားကျန်းရှီနှင့် ချင်ဟွိုင်ရုတို့၏ ရင်ထဲတွင် ချက်ချင်းပင် ထိတ်လန့်သွားတော့သည် ။
ချင်ဟွိုင်ရုက အလျင်အမြန် ရှေ့တိုးသွားပြီး ...
" ဆရာယီ.. ကျွန်မရဲ့ ဒုံရွှီ ဘယ်လိုနေသေးလဲ.. "
သို့သော် ယီကျုံးဟိုင်က မကြားသည့်အလား...
" သွားပြီ.. သွားပါပြီ.. "
ထိုအရာကို မြင်သောအခါ ကျားကျန်းရှီက ဒေါသထွက်သွားသည် ။
သူမက ယီကျုံးဟိုင်ကို ပါးချလိုက်သည် ။
" ဖြန်း.."
ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ်လာပြီးနောက် ယီကျုံးဟိုင် သတိပြန်ဝင်လာ၏ ။
ကျားကျန်းရှီနှင့် ချင်ဟွိုင်ရုတို့ သူ၏ရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ ယီကျုံးဟိုင်၏ မျက်လုံးများက အသက်ဝင်သွားပြီး.....
" နင်တို့ ရောက်လာကြပြီပဲ.. "
ချင်ဟွိုင်ရုက အလျင်အမြန် မေးလိုက်သည် ။
" ဆရာယီ.. ကျွန်မရဲ့ ဒုံရွှီ ဘာဖြစ်သွားတာလဲဟင်.. "
" ဒုံရွှီကလေ.. သူ... ဟူး.. "
ယီကျုံးဟိုင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည် ။
ထိုအရာကို မြင်သောအခါ ချင်ဟွိုင်ရု၏ မျက်နှာက ချက်ချင်းပင် ဖြူလျော့သွားတော့သည် ။
သူမ၏ ယောက်ျားဖြစ်သူ တကယ်ပင် ဒုက္ခရောက်သွားပြီဆိုသည်ကို နောက်ဆုံးတွင် သူမ ယုံကြည်သွားလေတော့သည် ။
"ဖြန်း.."
ကျားကျန်းရှီက ယီကျုံးဟိုင်ကို ထပ်မံ၍ ပါးချလိုက်ပြန်ပြီးနောက်...
" ယီကျုံးဟိုင်.. အဲ့ဒီတုန်းက အဘိုးကြီးကျားကို နင် ဘာတွေ ကတိပေးခဲ့တာလဲ.. နင်က ဒုံရွှီကို ဒီလိုမျိုး စောင့်ရှောက်တာလား.. သူက နင့် တပည့်လေ.. နင့်ရဲ့ မွေးစားသားလေ.. အခုတော့ သူ့ကို ဒီလိုဖြစ်အောင် နင် လုပ်ရက်တယ်.. "
ယီကျုံးဟိုင်က ပါးစပ်ဟလိုက်သော်လည်း ဘာ ပြန်ပြောရမည်ကို မသိတော့ ။
ဒီအချိန်မှာ သူ၏ စိတ်နှလုံးကလည်း အလွန် လေးလံနေခဲ့ပြီး အနာဂတ်အတွက်ပင် လမ်းပျောက်နေသလို ခံစားနေရသည် ။
ထိုအရာကို မြင်သောအခါ ကျားကျန်းရှီက ပို၍ ဒေါသထွက်သွားသည် ။ သူမက နှာခေါင်းရှုံ့လိုက်ပြီး...
" ဟမ့် ..ယီကျုံးဟိုင်.. ငါ့ရဲ့ ဒုံရွှီ ဘာမှမဖြစ်ဖို့ ဆုတောင်းနေလိုက်.. အဲ့လိုမှမဟုတ်ရင် နင့်ကို ငါ အလွတ်မပေးဘူး မှတ်.. "
ယီကျုံးဟိုင်က ခါးသီးစွာ ပြုံးလိုက်သည် ။
သူက ကျားဒုံရွှီ၏ သနားစရာအခြေအနေကို သူ၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရပြီး ဖြစ်သည် ။ သူ့ကို ကယ်တင်နိုင်ဖို့ဆိုသည်က အလွန် ခက်ခဲပေလိမ့်မည် ။
အကယ်၍ ကယ်တင်နိုင်ခဲ့လျှင်ပင် အသက်ရှင်နိုင် ရုံသာ ဖြစ်ပြီး မိသားစုကိုပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည် ။
သူ သေဆုံးသွားသည်ကမှ ပိုကောင်းပေသည် ။
ထိုအခိုက် ခွဲစိတ်ခန်းတံခါး ပွင့်လာပြီး ဆရာဝန် ထွက်လာသည် ။
" ကျားဒုံရွှီရဲ့ မိသားစုဝင်တွေက ဘယ်သူတွေလဲ.. "
ချင်ဟွိုင်ရုက အလျင်အမြန် ရှေ့တိုးသွားပြီး ...
" ကျွန်မက ကျားဒုံရွှီရဲ့ မိန်းမပါ ဆရာ.. ကျွန်မ ယောက်ျား အခြေအနေ ဘယ်လိုရှိလဲဟင်.. "
မေးပြီးနောက် ချင်ဟွိုင်ရုက သူမ ကြားချင်မည်မဟုတ်သော အရာတစ်ခုခုကို ကြားလိုက်ရမည်ကို ကြောက်ရွံ့ကာ စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည် ။
သို့သော် လက်တွေ့ဘဝက ရက်စက်လှသည် ။
ဆရာဝန်က ခေါင်းခါလိုက်ပြီး သက်ပြင်းချကာ...
" စိတ်မကောင်းပါဘူး.. ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်.. သူ့ကို နောက်ဆုံးအနေနဲ့ ဝင်ကြည့်လိုက်ကြပါအုံး.. "
"ဒုန်း.."
ထို စကားကို ကြားသောအခါ ချင်ဟွိုင်ရု၏ ရင်ထဲတွင် မိုးကြိုး ပစ်လိုက်သလို ခံစားလိုက်ရပြီး ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားကာ လဲကျလုမတတ် ဖြစ်သွားသည် ။
ကံကောင်းထောက်မစွာဖြင့် အကြိမ်အနည်းငယ် ယိမ်းယိုင်သွားပြီးနောက် သူမ ကိုယ်သူမ ပြန်လည်ထိန်းနိုင်ခဲ့ပြီး အတွင်းသို့ အလျင်စလို ဝင်သွားသည် ။
ကျားကျန်းရှီကတော့ ဆရာဝန်ကို ဆဲဆိုနေလေ၏ ။
" ဆရာဝန်ယောင်ဆောင်နေတဲ့ အကောင်.. နင် သူ့ကို ကယ်ဖို့ အကောင်းဆုံး မကြိုးစားခဲ့တာ သေချာတယ်.. နင့်ကို ငါ အလွတ်မပေးဘူး.. "
ထိုသို့ပြောရင်း သူမက ဆရာဝန်ကို ကုတ်ဆွဲရန် ရည်ရွယ်ကာ ရှေ့သို့ ပြေးထွက်သွားသည် ။
ကံကောင်းထောက်မစွာဖြင့် ယီကျုံးဟိုင်က သူမကို တားဆီးလိုက်သည် ။
"ကျားကျန်းရှီ.. ပြဿနာမရှာပါနဲ့.. ဒုံရွှီကို နောက်ဆုံးအနေနဲ့ ဝင်ကြည့်လိုက်ပါအုံး.. "
ထိုစကားကို ကြားသောအခါ ကျားကျန်းရှီက လက်လျှော့လိုက်ပြီး အတွင်းသို့ ဝင်သွားသည် ။
ကျားဒုံရွှီက ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ မျက်နှာက မယုံနိုင်လောက်အောင် ဖြူလျော့နေကာ ညည်းတွားနေသည် ။
သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက ဘာမှမရှိတော့ဘဲ ကုတင်ခင်းကိုပင် အနီရောင် သွေးများဖြင့် စွန်းထင်းနေစေသည် ။
ချင်ဟွိုင်ရုက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများက ချက်ချင်းပင် နီရဲသွားတော့သည် ။
သူမက ကုတင်ဘေးတွင် ဒူးထောက်ချလိုက်ပြီး ကျားဒုံရွှီ၏ လက်ကို ဆုပ်ကိုင်ကာ နာကျင်နေသော နှလုံးသားဖြင့် ....
" ဒုံရွှီ.. ရှင် ဘယ်လိုနေသေးလဲဟင်.. "
" ဒုံရွှီ.. ငါ့သားလေး.. "
ကျားကျန်းရှီက ကျားဒုံရွှီအပေါ်သို့ မှောက်ချလိုက်ပြီး ကျယ်လောင်စွာ ငိုကြွေးလေတော့သည် ။
" အ..အမေ.. ကျွန်တော် အရမ်း နာနေပြီ.. "
ကျားဒုံရွှီက အားနည်းနေသော လေသံဖြင့် ပြောလိုက်သည် ။
ထိုအရာကို မြင်သောအခါ ကျားကျန်းရှီက သူ့ကို အလျင်အမြန် လွှတ်ပေးလိုက်ပြီး နှစ်သိမ့်လိုက်သည် ။
" ဒုံရွှီ.. အဆင်ပြေသွားမှာပါ.. မကြောက်နဲ့နော်.. "
ကျားဒုံရွှီက ခါးသက်စွာ ပြုံးလိုက်ပြီး ခက်ခဲစွာဖြင့် ပြောလိုက်သည် ။
" အမေ.. ကျွန်တော့်ကို လိမ်ပြောနေစရာ မလိုပါဘူး.. ကျွန်တော် အသက်ရှင်နိုင်တော့မယ် မထင်ဘူး.. "
" မဟုတ်ဘူး.. မဟုတ်ဘူး.. ဒုံရွှီ.. သား ဘာမှဖြစ်မှာ မဟုတ်ဘူး..အမေ့သားလေး ဘာမှ မဖြစ်ပါဘူးကွယ်.. "
ကျားကျန်းရှီက ထိုအရာကို လုံးဝ လက်မခံနိုင်ခဲ့ပေ ။
" ဒုံရွှီရယ်.. ဟင့်ဟင့်.. "
ချင်ဟွိုင်ရု၏ မျက်ရည်များကလည်း ဆက်တိုက် စီးကျနေခဲ့ပြီး သူမ၏ စိတ်နှလုံးက လုံးဝ အေးစက်သွားသလို ခံစားနေရသည် ။
" ဟွိုင်ရု..ငါ့မိန်းမ.. မငိုပါနဲ့.. "
ထို့နောက် ကျားဒုံရွှီက ကျားကျန်းရှီကို ကြည့်လိုက်သည် ။
" အမေ.. အမေလည်း ငိုမနေပါနဲ့တော့.. ကျွန်တော့်မှာ အချိန်သိပ်မကျန်တော့ဘူး.. ကျွန်တော့်ရဲ့ နောက်ဆုံးဆန္ဒတွေကို ပြောခွင့်ပေးပါအုံး.. "