← Chapters

အခန်း ၂၅၆

Vol. 25 Ch. 256

အခန်း ၂၅၆

Vol. 25 Ch. 256

Chapter 256

~

အခန်း ၂၅၆ : နောက်ဆုံးဆန္ဒ

~

​သူ၏ နောက်ဆုံး လက်ကျန် အင်အားများကို ထုတ်သုံးနေရသည့်အလား ကျားဒုံရွှီ၏ မျက်နှာပေါ်တွင် ဤအချိန်၌ ရှင်းပြ၍မရသော သွေးရောင်အနည်းငယ် ပြန်ပေါ်လာသည် ။

​သူက အားတင်း၍ ပြုံးလိုက်ပြီး သူ၏ ဘဝတွင် အရေးအကြီးဆုံးဖြစ်သော မိန်းမနှစ်ယောက်ကို ကြည့်လိုက်သည် ။ တစ်ယောက်က သူ၏ မိခင်အိုကြီး ။ နောက်တစ်ယောက်ကတော့ သူ၏ ချစ်လှစွာသော မိန်းမ ။

​သူက သူတို့ကို အချိန်အနည်းငယ်ကြာ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့၏ ။

ဤအချိန်များ ပြန်မရတော့မည်ကို သူ သိနေခဲ့ပုံရသည် ။ ထို့နောက်တွင်တော့ ကျားဒုံရွှီက သူ သေဆုံးပြီးနောက်ပိုင်းအတွက် ကြိုတင် အစီအစဥ်များ စတင် ချမှတ်တော့သည် ။

​သူက ကျားကျန်းရှီကို အရင်ဆုံး ကြည့်လိုက်ပြီး....

​" အမေ.. ကျွန်တော် မရှိတော့ရင် ဟွိုင်ရုကို ကျွန်တော့်အလုပ် ဆက်လုပ်ခိုင်းလိုက်ပါ.. ဒါမှ သူ တရားဝင်အလုပ်သမား ဖြစ်လာတဲ့အခါ ကလေးတွေရဲ့ အိမ်ထောင်စုစာရင်းကိုလည်း မြို့ပေါ်ကို ရွှေ့လို့ ရသွားမှာ.. ပြီးတော့ အနာဂတ်မှာ ပုံသေ ရိက္ခာရလာရင် ဘဝက သိပ်ပြီး ခက်ခဲတော့မှာ မဟုတ်ဘူး.. "

​" ငါ........ "

​"အ.. အမေ.. ကျွန်တော် ပြောတာကို အဆုံးထိ နားထောင်ပေးပါ... "

​ကျားဒုံရွှီက ကျားကျန်းရှီ၏ စိုးရိမ်ပူပန်မှုများကို နားလည်ထားသည် ။ ထိုအရာက သူ မရှိတော့သည့်နောက် ချင်ဟွိုင်ရု နောက်အိမ်ထောင်ပြုသွားမည်ကို စိုးရိမ်နေခြင်းမှလွဲ၍ အခြား မရှိပေ ။

​သူက စကားဖြတ်ပြောလိုက်သည် ။

​" အမေ.. ဟွိုင်ရုက မိန်းမကောင်း တစ်ယောက်ပါ.. သူ နောက်အိမ်ထောင် ပြုမှာ မဟုတ်ပါဘူး.. သူက ကလေးတွေကို ပြုစုပျိုးထောင်ပေးပြီး အမေ့ကိုလည်း လုပ်ကျွေးပြုစုမှာပါ.. "

​ထိုသို့ပြောပြီးနောက် ကျားဒုံရွှီက သူ၏ မိန်းမကို ကြည့်လိုက်သည် ။

​" ဟွိုင်ရု.. မင်း နောက်အိမ်ထောင် ပြုမှာလား.. "

​ချင်ဟွိုင်ရုက ရှိုက်ကြီးတငင် ငိုကြွေးနေသည် ။

​သူမက ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး ကတိပေးလိုက်သည် ။

​" အီး..ဒုံရွှီ.. စိတ်မပူပါနဲ့.. ကျွန်မ နောက်အိမ်ထောင် မပြုဘူး.. ပန့်ကန့်တို့ကို အရွယ်ရောက်လာတဲ့အထိ ကျွန်မ သေချာပေါက် ပြုစုပျိုးထောင်ပေးမှာပါ.. "

​" ကောင်းပါပြီ.. ကိုယ် မင်းကို ယုံတယ်.. "

​ကျားဒုံရွှီက အသက်တစ်ချက် ရှူလိုက်ပြီး...

​" အလုပ်ကိစ္စအတွက်ကတော့ အမေ ယီကျုံးဟိုင်ကို သွားပြီး အကူအညီ တောင်းလိုက်ပါ.. သူက အဆင့် ၈ အလုပ်သမား ဆိုတော့ ခေါင်းဆောင်တွေရှေ့မှာ သြဇာညောင်းတယ်..တကယ်လို့ သူ စေတနာပါပါနဲ့ မကူညီဘူးဆိုရင် အမေ ခြံဝင်းထဲမှာ ပြဿနာသာ ရှာပစ်လိုက် ..ဟီးဟီး.. "

​" ယီကျုံးဟိုင်က သူ့ ဂုဏ်သတင်းကို အလေးထားဆုံးပဲ.. သူ့ရဲ့ ဂုဏ်သတင်းကို ထောက်ပြီးတော့တောင် သူ အကောင်းဆုံး စီစဥ်ပေးလိမ့်မယ်.. "

​" အေးပါ.. အေးပါသားရယ်.. အမေ မှတ်ထားပါ့မယ်.. "

​ကျားကျန်းရှီက မျက်ရည်များကို မျိုသိပ်လိုက်ပြီး အကြိမ်ကြိမ် သဘောတူလိုက်သည် ။

​" ပြီးတော့ မိသားစုမှာ အခက်အခဲတွေ ကြုံလာရင်လည်း သူ့ကိုသာ သွားရှာပါ.. သူသာ မကူညီဘူးဆိုရင် သူ့တပည့် မရှိတော့တာနဲ့ ငါတို့မိသားစု သေမလား ရှင်မလားဆိုတာကိုတောင် ဂရုမစိုက်တော့တဲ့ ကရုဏာတရား ကင်းမဲ့တဲ့လူ ဆိုပြီး လူတိုင်းကို လိုက်ပြောလိုက်.. အဲ့ဒါဆိုရင် သူ အမေတို့ကို သေချာပေါက် အငတ်ထားမှာ မဟုတ်ဘူး.. "

​ကျားဒုံရွှီ စကားပြောရသည်မှာ ပို၍ ခက်ခဲလာသည် ။

​ချင်ဟွိုင်ရုက နှလုံးကွဲကြေမတတ် ခံစားချက်ဖြင့် စောင့်ကြည့်နေခဲ့သည် ။ သူမက ငိုကြွေးရင်း...

​" ဒုံရွှီရယ်.. ဘာမှ ဆက်မပြောပါနဲ့တော့.. ခဏလောက် အနားယူလိုက်ပါအုံး.. "

​ကျားဒုံရွှီက ခေါင်းခါလိုက်သည် ။

​" မရဘူး.. ကိုယ် ပြောရမယ်.. အခု မပြောလိုက်ရရင် နောက်ထပ် ပြောခွင့် ရတော့မှာ မဟုတ်ဘူး.. "

​သူက ချင်ဟွိုင်ရုကို နူးညံ့ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး တိုးတိုးလေး ရယ်လိုက်သည် ။

​" ဟွိုင်ရု.. ကိုယ် တောင်းပန်ပါတယ်.. အခုချိန်ကစပြီး ကိုယ် မင်းရဲ့ အားထားရာ ဖြစ်ပေးနိုင်တော့မှာ မဟုတ်ဘူး.. ဒါ ကိုယ့်အမှားပါ.. မင်း ကိုယ်နဲ့ ပေါင်းသင်းလာတာ အချိန်အတော်ကြာခဲ့ပေမဲ့ ကောင်းမွန်တဲ့ နေ့ရက်လေးတွေတောင် ကိုယ် ဖန်တီးမပေးနိုင်ခဲ့ဘူး.. "

​" မဟုတ်ဘူး ...မဟုတ်ပါဘူး.. ကျွန်မ အရမ်း ပျော်ပါတယ်.. တကယ်ပြောတာပါ.. ရှင့်ကို လက်ထပ်ခွင့်ရခဲ့တာ ကျွန်မ ဘဝမှာ ကံအကောင်းဆုံး အရာပါပဲ.. "

​ချင်ဟွိုင်ရုက သူ့ကို နှစ်သိမ့်ရန် အလျင်အမြန် ပြောလိုက်သည် ။

​ကျားဒုံရွှီက သူ့ကိုယ်သူ သရော်သည့်ဟန်ဖြင့် ခေါင်းခါလိုက်သည် ။ ချင်ဟွိုင်ရု အိမ်ထောင်ကျပြီးနောက်ပိုင်း မည်သို့ ဆက်ဆံခံခဲ့ရသည်ကို သူ မည်သို့များ မသိဘဲ နေမည်နည်း ။

​သို့သော် တစ်ဖက်တွင်လည်း သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သော မိခင်အိုကြီး ဖြစ်နေသောကြောင့် သူ ဘာမှမပြောနိုင်ခဲ့ခြင်းသာ ။

​သူ၏ မိန်းမကို ကောင်းမွန်သော ဘဝတစ်ခု ပေးနိုင်လောက်အောင် အရည်အချင်း မရှိခဲ့သည့် သူ့ကိုယ်သူသာ အပြစ်တင်နိုင်ခဲ့သည် ။

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျားဒုံရွှီက ဆက်ပြောသည် ။

​" ဟွိုင်ရု.. အခုချိန်ကစပြီး မိသားစုက မင်းအပေါ်မှာပဲ မှီခိုရတော့မှာ.. မိန်းမသား တစ်ယောက်တည်းနဲ့ မိသားစုကို ထောက်ပံ့ဖို့ဆိုတာ မလွယ်ကူပေမဲ့ မင်း ရှာကျူးဆီမှာ အကူအညီ သွားတောင်းလို့ ရပါတယ်.. မင်း ဒီခြံဝင်းထဲကို စပြောင်းလာကတည်းက သူ မင်းကို စိတ်ဝင်စားနေတာကို ကိုယ် သိတယ်.. "

​ချင်ဟွိုင်ရု၏ မျက်နှာက ပြောင်းလဲသွားပြီး သူမက အလျင်အမြန် ရှင်းပြလိုက်သည် ။

​" ဒုံရွှီ.. အထင်မလွဲပါနဲ့.. ကျွန်မ ရင်ထဲမှာ ရှင်တစ်ယောက်တည်း ရှိတာပါ.. "

​ကျားဒုံရွှီက လက်ဝှေ့ယမ်းကာ စကားဖြတ်ပြောလိုက်သည် ။

​" ဟွိုင်ရု.. ကိုယ် မင်းကို သံသယဝင်လို့ ပြောတာ မဟုတ်ပါဘူး.. ကိုယ် ဆိုလိုချင်တာက ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ရှာကျူးရဲ့ အကူအညီကို မင်း အသုံးချလို့ ရတယ်လို့ ပြောတာ.. ရှာကျူးက ဘယ်လိုလူမျိုးလဲ ဆိုတာကို ကိုယ် သိတယ်.. သူက စိတ်ကူးသာရှိပြီး သတ္တိမရှိတဲ့ လူမျိုး.. သူ့ကို မျှော်လင့်ချက်လေး ပေးပြီး ဆွဲထားလိုက်ပါ.. "

​" ပန့်ကန့် အရွယ်ရောက်လာတဲ့ အချိန်ကျရင်......... "

​ဒီနေရာအထိ ပြောပြီးသွားသောအခါ ကျားဒုံရွှီ၌ ခွန်အား အနည်းငယ်သာ ကျန်တော့သည် ။

​ဤအရာက အမှန်တကယ်ပင် ရယ်စရာကောင်းလှသည် ။ ချင်ဟွိုင်ရု၏ ယောက်ျား တစ်ယောက်အနေဖြင့် အခုချိန်တွင် သူ၏ မိန်းမကို အခြား ယောက်ျားများကို မြှူဆွယ်ရန် သူ တောင်းဆိုနေခဲ့ရသည် ။

​သို့သော် သူ လမ်းဆုံးသို့ ရောက်နေခဲ့ချေပြီ ။ ခြံဝင်းတစ်ခုလုံးကလည်း လူ့အရေခွံ ခြုံထားသော ဝံပုလွေများနှင့် ပြည့်နှက်နေလေသည် ။

​အကယ်၍ သူ၏ မိသားစု အားကိုးရမည့်သူ တစ်ယောက်ကိုသာ သူ ရှာမပေးခဲ့လျှင် အရိုးပင် မကျန်အောင် ဝါးမျိုခံရနိုင်သည် ။

​အခြားလူတိုင်းက အားကိုး၍ မရနိုင်ဘဲ ရှာကျူး တစ်ယောက်တည်းသာ လက်ခံနိုင်သေးသည် ။

​အနည်းဆုံးတော့ ထိုအရူးက ချင်ဟွိုင်ရုကို အမှန်တကယ် သဘောကျပြီး တပ်မက်သော ရည်ရွယ်ချက်သာ ရှိကာ လက်တွေ့ လုပ်ရဲသည့် သတ္တိမရှိပေ ။

​ချင်ဟွိုင်ရု သဘောမတူသရွေ့ သူ ဘာကိုမှ လုပ်ရဲမည် မဟုတ် ။ ဤသည်ကလည်း ကျားဒုံရွှီက ရှာကျူးကို ရွေးချယ်ရသည့် အကြောင်းရင်းပင် ။

​အချိန်အတော်ကြာအောင် အနားယူပြီးနောက် ...

​ကျားဒုံရွှီက ဆက်ပြောသည် ။

​" ပန့်ကန့်တို့ အရွယ်ရောက်လာတဲ့ အချိန်ကျရင် မင်း သူ့ကို လက်ထပ်ဖို့ သဘောတူလိုက်လို့ ရပြီ.. "

​ချင်ဟွိုင်ရု ထိတ်လန့်သွားပြီး ...

​" ဒုံရွှီ.. ကျွန်မ........ "

​" ကိုယ် ပြောတာ အဆုံးထိ နားထောင်ပါအုံး.. "

​ကျားဒုံရွှီက ခေါင်းအသာ ခါယမ်းလိုက်ပြီး ...

​" မင်းနဲ့ ရှာကျူး လက်ထပ်ပြီးသွားရင် သူ့အိမ်အတွက် မင်း အစီအစဥ် စဆွဲလို့ ရပြီ.. ပြီးတော့ နောက်ခြံဝင်းထဲက နားမကြားတဲ့ အဘွားကြီးလေ.. သူက ရှာကျူးနဲ့ အရင်းနှီးဆုံးပဲ.. ပြီးတော့ သူ့မှာလည်း သားသမီး မရှိဘူး.. "

​" သူ သေသွားတဲ့အခါ သူရဲ့ အိမ်က ရှာကျူးအတွက် သေချာပေါက် ချန်ထားခဲ့မှာဆိုတော့ အဲ့ဒီအိမ်ကိုလည်း ရအောင်ယူဖို့ မင်း အစီအစဥ် ဆွဲလို့ ရတယ်.. "

​" ရှာကျူးရဲ့ အိမ်နဲ့ နောက်ခြံဝင်းထဲက နားမကြားတဲ့ အဘွားကြီးရဲ့ အိမ် ရလာရင် ပန့်ကန့်တို့အတွက် အနာဂတ်မှာ နေစရာ နေရာ ရသွားလိမ့်မယ်.. "

​" ဒါပေမဲ့ မင်း သတိထားရမယ့် တစ်ခုတည်းသော အရာက.. ရှာကျူးနဲ့ မင်းကြားမှာ ကလေး လုံးဝ မရှိစေရဘူး.. ကလေးသာ ရလာရင်......... ကိုယ် စိတ်အေးနိုင်မှာ မဟုတ်ဘူး.. "

​" ဟွိုင်ရု.. ကိုယ့်ကို ကတိပေးနိုင်မလား.. "

​ကျားဒုံရွှီက လေးနက်စွာ မေးလိုက်သည် ။

​ချင်ဟွိုင်ရုက အဆက်မပြတ် ခေါင်းညိတ်လိုက်သည် ။

​" ဟုတ်ကဲ့.. ဟုတ်ကဲ့ပါ.. ရှင့်ကို အားလုံးအတွက် ကျွန်မ ကတိပေးပါတယ်.. "

​" ဒါဆိုရင် ကိုယ် စိတ်ချလက်ချ အနားယူလို့ ရပါပြီ.. "

​ကျားဒုံရွှီက ပြုံးကာ...

​" ရှာကျူး အသက်ကြီးလာလို့ အလုပ်မလုပ်နိုင်တော့တဲ့ အခါကျရင် သူ့ကို မင်း လိုအပ်တော့မှာ မဟုတ်ဘူး.. အဲ့ဒီအချိန်ကျရင် သူ့အိမ်မှာရှိတဲ့ အရာအားလုံးနီးပါးက ငါတို့မိသားစုပိုင် ဖြစ်နေလောက်ပြီဆိုတော့ မင်း သူ့ကို မောင်းထုတ်လိုက်ပြီး ကိုယ့်ဘာသာ ရပ်တည်ခိုင်းလိုက်.. "

​ဤနေရာအထိ ပြောပြီးသွားသောအခါ ကျားဒုံရွှီ၌ နောက်ဆုံး ထွက်သက် တစ်ချက်သာ ကျန်ရှိတော့သည် ။

​ထိုအခါမှသာ သူက ကျားကျန်းရှီကို ကြည့်လိုက်ပြီး ခက်ခဲစွာဖြင့် ပြောလိုက်သည် ။

​" အမေ.. သား တောင်းပန်ပါတယ်.. အမေ့သားက အမေ့ကို ဆက်ပြီး လုပ်မကျွေးနိုင်တော့ဘူး.. ဒါပေမဲ့ ရပါတယ်.. အခုချိန်ကစပြီး ဟွိုင်ရုနဲ့ ပန့်ကန့်က ကျွန်တော့်ကိုယ်စား အမေ့ကို ပြုစုလုပ်ကျွေးကြလိမ့်မယ်.. "

​" အီးး.. "

​ကျားကျန်းရှီက သူမ၏ ပါးစပ်ကို အုပ်ထားပြီး ခေါင်းကို ဆက်တိုက် ညိတ်နေခဲ့ကာ သူမ၏ အိုမင်းနေသော မျက်နှာတစ်ခုလုံး မျက်ရည်များ ဖုံးလွှမ်းနေသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ ။

​ထို့နောက် ကျားဒုံရွှီက ချင်ဟွိုင်ရု၏ ဗိုက်ကို ကြည့်လိုက်ပြီး ခပ်တိုးတိုး ရယ်လိုက်သည် ။

​" ကိုယ့်ရဲ့ တတိယမြောက် ကလေးလေး မွေးလာတာကို ကိုယ် မြင်ခွင့်ရတော့မှာ မဟုတ်ဘူး ထင်တယ်.. ကလေးလေး.. ဖေဖေ တောင်းပန်ပါတယ်နော်.. "

​" ဟွိုင်ရု.. ကိုယ်........ "

​နောက်ဆုံးအချိန်တွင် ကျားဒုံရွှီက လက်လှမ်းကာ ချင်ဟွိုင်ရု၏ ပါးပြင်ကို ပွတ်သပ်ချင်ခဲ့သည် ။

​သို့သော် သူ၏ လက်က တစ်ဝက်သာ ရောက်သေးချိန်မှာပင် အောက်သို့ ပြုတ်ကျသွားလေသည် ။

​ချင်ဟွိုင်ရုက ခေါင်းငုံ့ကြည့်လိုက်ရာ ကျားဒုံရွှီ မျက်လုံးများ မှိတ်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသည် ။

​သူမက ကျားဒုံရွှီ၏ နှာခေါင်းဝသို့ လက်လှမ်းကာ စမ်းသပ်ကြည့်လိုက်၏ ။ သူ အသက်ရှူ ရပ်သွားပြီ ။ ကျားဒုံရွှီ သေဆုံး သွားလေပြီ ။

​" ဒုံရွှီ........ "

​" ငါ့သားကြီး ....အမလေး.. အမေ့သားကြီးရေ....... "

​ချက်ချင်းဆိုသလိုပင် ချင်ဟွိုင်ရုနှင့် ကျားကျန်းရှီတို့၏ ငိုကြွေးသံများ ထွက်ပေါ်လာလေတော့သည် ။

​သူ သေဆုံးပြီးနောက်ပိုင်းအတွက် အစီအစဥ်များ ချမှတ်ပြီးသွားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ အေးချမ်းစွာ ထွက်ခွာသွားခဲ့သည် ။ သူ့ မျက်နှာက အနည်းငယ် ပြုံးရောင်သန်းနေချေသည် ။

​သို့မဟုတ် သူ ထွက်ခွာသွားခြင်းဖြင့် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတော့မည် မဟုတ်သောကြောင့်လည်း ဖြစ်နိုင်ပေသည် ။

​အကယ်၍ သူ အသက်ရှင်နိုင်ခဲ့လျှင် မိသားစု၏ ဝန်ထုပ်ဝန်ပိုးကိုသာ တိုးစေမည်ဖြစ်ပြီး ထိုအရာက သူ မမြင်တွေ့ချင်သော အရာပင် ။

​အပြင်ဘက်ရှိ ယီကျုံးဟိုင်က အမျိုးသမီးနှစ်ယောက်၏ ငိုကြွေးသံများကို ကြားသောအခါ ကျားဒုံရွှီ အမှန်တကယ် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရပြီး သူ၏ မျက်နှာက ပို၍ပင် အိုဇာသွားသည် ။

​ယောက္ခမနှင့် ချွေးမ နှစ်ယောက် အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့ကြသည် ။

​ကျားကျန်းရှီက ရုတ်တရက် လှည့်ကာ ချင်ဟွိုင်ရု၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ...

​" ချင်ဟွိုင်ရု.. ဒုံရွှီရဲ့ စကားတွေကို နင် ကြားတယ်မလား.. နင် ကလေးမွေးပြီးတာနဲ့ သားဆက်ခြားကွင်း သွားထည့်ရမယ်.. ကြားလား.. "

​ကျားကျန်းရှီ မည်သည်ကို ဆိုလိုချင်ကြောင်း ချင်ဟွိုင်ရု သိသည် ။ ရှင်းရှင်းလင်းလင်းပင် သူမကို မယုံကြည်ခြင်းဖြစ်သော်လည်း သူမက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏ ။

​ကျားကျန်းရှီ၏ မျက်နှာအမူအရာက ချက်ချင်းပင် ကြမ်းတမ်းသွားပြီး...

​" ချင်ဟွိုင်ရု.. နင် မှတ်ထားရမှာက ဒုံရွှီက သူ့အလုပ်ကို နင့်ကို ဆက်လုပ်ခိုင်းခဲ့ပေမဲ့ ဒီအလုပ်က အနာဂတ်မှာ ပန့်ကန့်ဆီကို သေချာပေါက် ပြန်ပေးရမယ်.. မှတ်ထားလား.. "

​ချင်ဟွိုင်ရုက ထပ်မံ၍ ခေါင်းညိတ်လိုက်သည် ။

​" ပြီးတော့ နင်သာ နောက်အိမ်ထောင်ပြုရဲ ပြုကြည့်.. နင့်ကို ငါ အလွတ်မပေးဘူး.. ကြားလား.. "

​" ကျွန်မ မပြုပါဘူး.. "

​ချင်ဟွိုင်ရုက အကြိမ်ကြိမ် ကတိပေးလိုက်ပြီးနောက်မှသာ ကျားကျန်းရှီလည်း ငြိမ်သက်သွားတော့သည် ။

All Chapters