အခန်း ၁၆၂
Vol. 17 Ch. 162
Chapter 162: ပါရမီစွမ်းရည်၏လျှို့ဝှက်လုပ်ဆောင်ချက်။
အချိန်ငါးနှစ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။
စုယွမ်က တည်ငြိမ်စွာဖြင့်လက်ဖက်သောက်ရင်း စာအုပ်ထူကြီးတစ်အုပ်ကို သေချာကြည့်ရှုနေသည်။
သူ့ဘေးတွင်မူ ယင်းကျိုးကျုံးက အပြုံးတစ်ခုနှင့် မိတ်ဆက်ပေးနေ၏။
“ဒီတစ်ခေါက်စာအုပ်တွေက ရှေးဟောင်းအပျက်အစီးတွေထဲက တူးဖော်ရရှိခဲ့တာပါ။ အရင်က အဲ့ဒီနေရာမှ တားမြစ်အစီအရင်တွေအများကြီးရှိတော့ တကယ်ကို ရတနာနယ်မြေထင်ခဲ့တာ။ နောက်တော့ ဖွင့်လိုက်မှ ထူးဆန်းတဲ့စာအုပ်တွေအပုံလိုက်ကိုပဲ တွေ့လိုက်ရမယ်မထင်ထားဘူး။ ကျွန်တော်တို့ယင်းမိသားစုကလည်း မူရင်းစာအုပ်တွေကိုပဲ စုဆောင်းတာမလို့ အကုန်သိမ်းယူလာခဲ့တာပဲ။ ကျင့်ကြံရေးနဲ့ပတ်သတ်တာမပါတောင် ရှေးခေတ်ကအလေ့အထ၊ရိုးရာ၊ ယဉ်ကျေးမှုတွေနဲ့ ဒဏ္ဍာရီတွေပါတာမလို့ အကြီးအကဲစုသဘောကျမယ်လို့မျှော်လင့်ပါတယ်။”
စုယွမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“မင်းတို့ယင်းမိသားစုမှာ နည်းလမ်းလေးတွေရှိတာပဲ၊ ဒီလိုရှေးဟောင်းစာအုပ်တွေကို တောင်တွေ့နိုင်တယ်ဆိုတော့၊ ဒါအတွက် ဝိညာဉ်ကျောက်တုံးနည်းနည်းတော့ သုံးလိုက်ရတယ်မလား။”
“ဟားဟား၊ ကျွန်တော်တို့ယင်းမိသားစုက စာအုပ်ကျမ်းဂန်တွေစုဆောင်းရတာကိုလည်း ဝါသနာထုံလို့ပါဗျာ။ အကြီးအကဲလိုအပ်တယ်ဆိုရင်ပဲ ကျွန်တော် ယူလာပေးမှာပါ။ ဝိညာဉ်ကျောက်တုံးဆိုတာ ကိစ္စကြီးမဟုတ်ပါဘူး။”
ယင်းကျိုးကျုံးက အူလှိုက်သဲလှိုက်ရယ်မောရင်းဆိုလာသည်။
စုယွမ်လည်း ခေါင်းညိတ်ပြီး ဆိုလိုက်သည်။
“မင်း ဒီနှစ်တွေထဲ ကောင်းကောင်းလုပ်ခဲ့တာပဲ။”
ယင်းမိသားစုမှာ သူနှင့်ပတ်သက်မိစဉ်ကတည်းက သူတို့က ဆက်တိုက် စာအုပ်ကျမ်းစာများကို ပို့ပေးခဲ့၏။ ဤနှစ်များအတွင်း ပေးပို့သောစာအုပ်အရေအတွက်မှာ နည်းပါးလာလေသည်၊ ထိုအရာမှာ ယင်းမိသားစု၏တတ်နိုင်စွမ်းအလွန်ရောက်သွားသည်မျိုးကြောင့်မဟုတ်၊ ထိုအစား ဈေးကွက်ထဲတွင်ပင် စာအုပ်ပြတ်လတ်လာသောကြောင့်ဖြစ်သည်။ ယခု နောက်ဆုံးပို့သည့်အသုတ်ကလည်း ရှေးဟောင်းအပျက်အစီးများထဲမှ ရရှိလာခြင်းဖြစ်ရာ ရှားပါးအဖိုးတန်ဟု ပြော၍ရ၏။
တစ်ခဏမျှ တွေးတောပြီးသည့်နောက်တွင် သူ အိတ်ထဲမှ ကတ်ပြားတစ်ခုကို ထုတ်၍ ယင်းကျိုးကျုံးထံကမ်းလိုက်၏။
“ဒါ ငါ့ရဲ့ခုနစ်စဉ်ကြယ်ကတ်ပြားပဲ။ မင်းတို့ယင်းမိသားစုက ဒုက္ခတစ်ခုခုကြုံတွေ့လာရင် ဒီကတ်ပြားကို အသက်သွင်းလိုက်။ ငါ ဖြေရှင်းပေးမယ်။ “
စုယွမ် သာမာန်လျှံကာသာပြောလိုက်သည်။
ဤသို့ကြားတော့ ယင်းကျိုးကျုံး၏မျက်လုံးမှာ တောက်ပသွားပြီး သူ ချက်ချင်း ကျေးဇူးတင်လာတော့သည်။
“ကျေးဇူးတင်ပါတယ်၊ အကြီးအကဲစု။”
စုယွမ် လက်ဝှေ့လိုက်သည်။
“မင်းလုပ်စရာရှိတာသာ ဆက်လုပ်ပါ။”
“ဒီတပည့်နှုတ်ဆက်ပါတယ်။”
ယင်းကျိုးကျုံးလည်း ကတ်ပြားကို သူ့သိုလှောင်အိတ်ထဲ ဂရုတစိုက်ထည့်လိုက်ပြီး သေချာအရိုအသေပြုသွား၏။
သူ မိသားစုဆီသို့ ပြန်ရောက်သောအခါတွင် အနှီကတ်ပြားကို ယင်းမိသားစု၏ခေါင်းဆောင်ထံ ပေးလိုက်သည်။ ထို့နောက် ၎င်းကို အလုံခြုံဆုံးနေရာတွင် ထားလိုက်ပြီး မိသားစုအကြီးအကဲများ၏စောင့်ကြပ်မှုနှင့် တသားတည်းဖြစ်စေလိုက်၏။
ဤသည်မှာ ယင်းမိသားစု၏အသက်ကယ်ကတ်ပြားပင်။ ထိုကတ်ပြားဟာ ယင်းမိသားစု၏ဘေးကင်းမှုနှင့် အေးချမ်းမှုကို အာမခံပေးနိုင်၏။ အမှန်တကယ်ဆိုလျှင် ထိုကတ်ပြားမှာ ထုတ်သုံးသည်ထက် ထုတ်မသုံးထဲ ဒီအတိုင်းထားခြင်းကတောင် ပို၍ အသုံးဝင်လှသည်ပေ။
ထင်ထားသည့်အတိုင်း ထိုသတင်း ပျံ့နှံ့သွားသည်နှင့် ဘေးပတ်ဝန်းကျင်ရှိမိသားစုများ၏ယင်းမိသားစုအပေါ်ဆက်ဆံပုံမှာ များစွာပို၍ တိုးတက်လာခဲ့၏။ ဤသို့ဖြင့် ယင်းမိသားစု၏လွမ်းမိုးမှုမှာ တိတ်တဆိတ် အင်အားကြီးထွားလာတော့သည်။
စုယွမ်သည် ခြံဝန်းထဲတွင် စာအုပ်များကို ဖတ်ရင်းသာ ရက်တော်တော်များများကို ကုန်ဆုံးဖြစ်၏။ သူ့လက်ထဲရှိနောက်ဆုံးသောစာအုပ်မှာ ဒဏ္ဍာရီအကြောင်းဖြစ်ရာ သူ စိတ်ဝင်တစားကို ဖတ်နေမိလေသည်။
ဤကျမ်းစာစာအုပ်အတွဲမှာ ၎င်းကိုယ်၌ကတောင် ဒဏ္ဍာရီတစ်ခုဖြစ်၏။ ထို့အပြင် ၎င်းက ရှေးကအင်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါးမှ ချန်ရစ်ခဲ့ခြင်းဖြစ်နိုင်ပြီး ယခုအချိန်အထိ လက်ဆင့်ကမ်းလာခြင်း ဖြစ်ရမည်။
“ရေးထားတာက ကမ္ဘာကြီး ပထမဆုံးစတင်ပေါ်ပေါက်တုန်းကဆိုရင် ချင်းခယ်ကုန်းမြေက တိုက်အကြီးကြီးတစ်ခုရဲ့အစိတ်အပိုင်းလေးတစ်ခုပဲဖြစ်ခဲ့တာတဲ့။ လူသားမသေမျိုးစစ်ပွဲတစ်ခုပြီးသွားတဲ့အခါကျမှ တိုက်ကြီးက အပိုင်းပိုင်းပျက်ပြီး တချို့က ပင်လယ်ထဲနစ်သွားတာ။ နောက်တော့ ကျန်ခဲ့တဲ့အစိတ်အပိုင်းသေးသေးလေးက ချင်းခယ်ကုန်းမြေဖြစ်လာတာဆိုပဲ။”
စုယွမ် ပြောစရာစကားပျောက်ရှသွားရသည်။ ဤချင်းခယ်ကုန်းမြေကတောင် မသေးငယ်သည်လေ၊ အနှီကုန်းမြေက ယခင်ကကမ္ဘာရှိနယ်မြေပေါ်များစွာ ပေါင်းထားတာထက်တောင် ကြီးမားပါ၏။ ဤသို့သောကုန်းမြေကြီးကိုတောင် အစိတ်အပိုင်းတစ်ခုဟုသာဆိုရလျှင် သူ စိတ်ကူးယဉ်ကြည့်၍တောင်မရပါပေ။ ထို့ကြောင့် သူ ဒါကို ဒဏ္ဍာရီသက်သက်အဖြစ်သာ မှတ်ယူလိုက်ပေသည်။
စုယွမ် မေးစေ့ကို ပွတ်လိုက်သည်၊ သူ၏လက်ချောင်းများကလည်း လူသားမသေမျိုးစစ်ပွဲဟူသောစာလုံးတွင် ပွတ်သပ်နေမိ၏။ ထို လူသားမသေမျိုးဟူသောအခေါ်အဝေါ်အရ ၎င်းက မသေမျိုုးဖြစ်သွားသောလူသားများအကြားက တိုက်ပွဲကို ဆိုလိုသည်လား၊ သို့မဟုတ် လူသားနှင့် မသေမျိုးကြားက တိုက်ပွဲကို ဆိုလိုသည်လားကို သူ တွေးနေမိသည်။
ရုတ်တရက် သူ့စနစ်မျက်နှာပြင်တွင် 【အန္တာရယ်ကျရောက်ချိန်တိုးတက်မှု】စွမ်းရည်က လင်းလက်လာပြီး သူအသက်သွင်းမှာကို စောင့်နေဟန်ပြသလာသည်။
စုယွမ် မျက်မှောက်ကြုတ်သွား၏။
ဤသည်မှာ ပထမဆုံးအနေဖြင့် 【အန္တာရယ်ကျရောက်ချိန်တိုးတက်မှု】က အလိုအလျောက် အချက်ပြလာခြင်းပါပေ။
သူ အနှီစွမ်းရည်က ထိုသို့ပြင်းပြင်းထန်ထန်အချက်ပြလာနိုင်သည်ဟု မထင်ထားခဲ့ပါချေ။
အများကြီးပင် မတွေးတော့ဘဲ သူလည်း စိတ်ကို စုစည်း၍ ထိုစွမ်းရည်ကို နှိပ်ကြည့်လိုက်သည်။
နောက်တစ်ခိုက်တန့််တွင် လျှပ်စီးတစ်ကြောင်းက သူ့အမြင်အာရုံထဲ ပေါ်လာ၏။
“ကောင်းကင်ဘုံကို တက်လှမ်းတာက လိမ်ညာတာပဲ။”
ခြောက်သွေ့ပျက်စီးနေဟန်ရသောအသံတစ်ခုက အချိန်နှင့်နေရာကို ဖြတ်ကျော်ကာ ဟိုးအဝေးအတိတ်တစ်နေရာဆီမှ သူ့နားထဲ ပျံ့လွှင့်လာလေသည်။
အနှီအသံက စုယွမ်၏အသိစိတ်ပင်လယ်ထဲဝင်ရောက်လာသည်နှင့် သူတောင် ချက်ချင်း ဖျက်စီးခံရတော့မည်အတိဒုက္ခရောက်တော့မလို ခံစားလိုက်ရ၏။
ထိုအချိန်တွင် ရှိန်ဝါမြင့်စွမ်းရည်က တဖြတ်ဖြတ်လင်းလာပြီး ထိုဖိအားထံမှ သူ့ကို ကာကွယ်လာလေသည်။
စုယွမ်မှာ အသိစိတ်ပြန်မရခင် တစ်ခဏမျှတောင် အေးခဲနေခဲ့ရ၏။ နောက်တစ်ခိုက်တန့်တွင်တော့ သူ့လက်ထဲရှိ ရှေးဟောင်းကျမ်းစာမှာ ရုတ်တရက် ချက်ချင်း လောင်ကျွမ်းသွားတော့သည်။
ရုတ်ချည်းလောင်ကျွမ်းသွားသောစာအုပ်များကို ကြည့်ရင်း စွမ်းရည်မှတဆင့်မြင်လိုက်ရသောမြင်ကွင်းကို ပြန်တွေးကာ စုယွမ်မှာ သူတော့ဖြင့် ကိစ္စအကြီးကြီးတစ်ခုကို ရိပ်ခနဲသိလိုက်ရကြောင်း နားလည်သွားတော့၏။
ထို့နောက်တွင် သူ စိတ်အာရုံစွမ်းရည်ရှိအတွေးများကြားမှ အတွေးမျှင်တန်းတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး ၎င်းကလည်း ကောင်းကင်ဘုံအဆင့်ဆင့်ဝေးကွာနေဟန်ရှိကြောင်း တွေ့လိုက်ရသည်။
စုယွမ်လည်း ချက်ချင်း ဝင်ကြည့်လိုက်သည်။
သူ၏အသိစိတ်ပင်လယ်မှာ ချက်ချင်း အရှိန်အဟုန်မြင့်သွားလျက် အထက်ကိုးဘုံအလွန်ကို ပျံသန်းသွား၏။
ကမ္ဘာမြေကြီးတစ်ခုလုံးမှာ သူ့အောက်တွင် ရှိနေပြီး သူ၏အသိစိတ်ပင်လယ်ကလည်း အထက်ကိုးဘုံအလွန် မိုးကြိုးနှင့်လျှပ်စီးများသာ ပြည့်နှက်နေသောနေရာတစ်ခုဆီသို့ ရောက်ရှိသွားသည်။
လူသူကင်းမဲ့ခြောက်သွေ့နေသောကုန်းမြေတစ်ခုက မိုးကြိုးများ၊လျှပ်စီးများအလယ်တွင် တည်ရှိနေ၏။ ကျောက်သားများဖြင့်ဖွဲ့စည်းထားသောဘီလူးကြီးတစ်ကောင်က မိုးကြိုးနှင့်လျှပ်စိးများအကြား အနှီကျွန်းပေါ်တွင်လဲလျောင်းနေသည်။ ၎င်း အသက်တစ်ချက်ရှုချိန်တိုင်းတွင်လည်း မိုးကြိုးတို့က ပေါက်ထွက်လာပြီး ထိုမှတဆင့် မိုးကြိုးပင်လယ်ကြီးဖြစ်ပေါ်လာရတာဖြစ်ပေ၏။
အနှီမိုးကြိုးဘီလူးကြီးက ရုတ်တရက် အိပ်နေရာမှ မျက်လုံးများဖွင့်လာသည်။ သူ၏ကျောက်သားနဖူးကြီးကလည်း သူ မျက်လုံးဖွင့်လိုက်သည်နှင့် တွန့်ရှုံ့လို့သွား၏။ ထို့နောက် ၎င်းက အောက်ဘက်သို့ တစ်ချက်ကြည့်လိုက်ကာ ထို့နောက်တွင် မျက်လုံးပြန်မှိတ်သွားလေသည်။
စုယွမ်၏အသိစိတ်ပင်လယ်ကလည်း အလိုအလျောက် ငြိမ်သက်နေမိသည်။ သူဟာ အနှီမိုးကြိုးဘီလူးကြီးကို ကြည့်ရင်း စိတ်ထဲတွင်လည်း သံသယများစွာပေါ်လာရ၏။
ထို့နောက်တွင် သူ၏အရှိန်အဝါက ရုတ်တရက်ထိုးတက်သွားကြောင်းခံစားလိုက်ရသည်။
လေဟာနယ်အဆင့်၊ ခန္ဓာကိုယ်စုစည်းခြင်းအဆင့်၊ အတိဒုက္ခအဆင့်နှင့် နောက်ဆုံးတွင် မဟာယာနအဆင့်အထိ၊ မယုံနိုင်လောက်သည့်အဆင့်အထိ ရောက်ရှိသွားရ၏။ သူဟာ သူ့အသိစိတ်ပင်လယ်ထံတိုးဝင်လာကြသော လောကကြီး၏ဆန္ဒအချို့ကိုတောင် ခံစားမိလိုက်သည်။
သူ စကားတစ်ခွန်းမှပင် မဆိုဘဲ ရှိန်နှုန်းမြင့်စွမ်းရည်ကို ပိတ်လိုက်ပါ၏။
ထို့နောက် ချက်ချင်း စိတ်အာရုံအခြေအနေမှလည်း ထွက်လိုက်သည်။
မိုးကြိုးဘီလူးကြီးက နောက်တစ်ခိုက်တန့်တွင် မျက်လုံးနှစ်လုံးလုံးဖွင့်လာ၏။ သူက ကောင်းကင်ကို ကြည့်ရင်း နှုတ်ခမ်းများကွေးတက်သွားလျက် ဆိုလာသည်။
“သေမျိုးအဆင့်ကောင်းကင်တာအိုလား။ မင်းဘာလို့ ငါ့ကို စိုက်ကြည့်နေရတာလဲ။”
ရုတ်တရက် အာရုံက ပြန်ပြေပျောက်သွား၏။
“အဓိပ္ပာယ်မရှိတာတွေ။”
မိုးကြိုးဘီလူးကြီးမှာ အထင်သေးသွားရသည်။
ဘီလူးကြီးမှာ မျက်လုံးများပြန်ပိတ်လျက် ပြန်အိပ်လိုက်တော့သည်။
ခြံဝန်းထဲရှိ စုယွမ်မှာ မျက်လုံးများကို ဖွင့်လိုက်၏။
သူ့မှာ ခန္ဓာကိုယ်တစ်ခုလုံး သတိမထားလိုက်မိခင်ကပင် ချွေးအေးများဖြင့် ရွှဲနှစ်နေတာကို သိလိုက်ရသည်။