အခန်း ၁၆၃
Vol. 17 Ch. 163
Chapter 163
ထိုသတ္တဝါကြီးက ကိစ္စများနှင့် မည်သို့ဆက်နွယ်နေပါသနည်း။
“သေမျိုးလောကအပေါ်မှာ တကယ်ကြီး မိုးကြိုးဘီလူးရှိနေတာပဲ။ သူက ဘာလုပ်နေတာတုန်း။”
“အခုရှေးဟောင်းကျမ်းစာကလည်း သူ့ကြောင့်ပဲ ပျက်စီးသွားတာဖြစ်ရမယ်။ သူက ဘာကို ဖုံးချင်နေတာလဲ။”
စုယွမ် အတွေးနက်နေမိသည်။
【ဒင်၊ သက်တမ်း+100,000】
စုယွမ်မှာ မျက်လုံးများ ပြူးကျယ်သွားရပြီး အနှီစနစ်အသိပေးချက်ကို သေချာပြန်ကြည့်မိရသည်၊ ထို့နောက်တွင်တော့ တကယ်ပဲ အသက်တစ်သိန်းလောက်တိုးသွားကြောင်းသိလိုက်ရပေ၏။
သူ လုံးဝကို အေးခဲသွားရသည်။
“ဒါ...ဒါ 【အန္တာရယ်ကျရောက်ချိန်တိုးတက်မှု】ကရတဲ့ဟာလား။”
“ငါ ဘာလုပ်လိုက်မိလို့လဲ။ တကယ်ပဲ အကြပ်အတည်းတစ်ခုတော့ရှိသွားပုံရပေမဲ့ ငါလည်း တကယ်ပဲ ဘာမှမလုပ်မိပါဘူး၊ ဒီအတိုင်း စိတ်အာရုံစွမ်းရည်လေးပဲ သုံးရုံကို။”
စုယွမ် အနည်းငယ်တွေးပြီးနောက်တွင် သူက ကံကောင်းစွာဖြင့် အန္တာရယ်ကို ရှောင်ရှားနိုင်သွားကြောင်းသိလိုက်ရသည်။ ထို့အပြင် အနှီအန္တာရယ်မှာ ကြီးလွန်းလှရာ ဆုလာဘ်အနေဖြင့် အင်မတန်များပြားသောသက်တမ်းများကို ရရှိခဲ့ပေ၏။
သက်တမ်းတစ်သိန်းဆိုသည်မှာ နည်းနည်းနောနောပမာဏလေးမဟုတ်သည်လေ။
ထိုသက်တမ်း သူ့ကိုယ်ထဲပေါင်းဖြည့်ခံလိုက်ရသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ရုတ်ချည်း ပြောင်းလဲမှုများဖြစ်လာရသည်။ အထူးသဖြင့် သူ၏ဟိုးအောက်ခြေပင်မကတောင် ကျေနပ်နေသောခံစားချက်တစ်ရပ်မှာ သူ့နှလုံးသားထဲ ပြည့်နှက်သွားရ၏။
သူ၏ခန္ဓာကိုယ်မှာ ထူးခြားသောအသက်စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်လိုက်သည့်ပုံပေ။
များပြားလှစွာသောချီစွမ်းအင်တို့မှာ သူ့ကိုယ်ထဲ အဖက်ဖက်မှ တိုးဝင်လာကြသည်။ အနှီချီစွမ်းအင်တို့က ယခင်အတိုင်း အနည်အနှစ်အဖြစ်ပြောင်းမသွား၊ ထိုအစား သူ့အရိုးများထဲထိတိုးဝင်ကာ သွေးကြောများ၏အနက်ရှိုင်းဆုံးနေရာအထိ အားဖြည့်ပေးလာကြ၏။
စုယွမ်လည်း တစ်ချက်တွေးပြီး လွှင့်မြောအလင်းဘူးသီးခြောက်ကို ဆင့်ခေါ်လိုက်သည်။ ထိုအခါ ၎င်းအထဲရှိအဆင့်ခြောက်ရှိယွမ်ရေကန်အစီအရင်က အသက်ဝင်လာလေ၏။ သူ လက်တစ်ချက်ယမ်းလိုက်သည်နှင့် ဝိညာဉ်ကျောက်တုံးမြောက်များစွာက သူ့ဘေးပေါ်လာပြီး အလိုအလျောက်အစီအရင်ထဲမှ စုပ်ယူခံရ၍ သန့်စင်သော ဝိညာဉ်ရေများအဖြစ်ပြောင်းလဲကာ စုယွမ်၏ကိုယ်ထဲစိမ့်ဝင်သွားကြသည်။
များပြားစွာသောဝိညာဉ်ရေများက အရိုးများထဲစိမ့်ဝင်လာကြပြီး အံ့လောက်ဖွယ်အသွင်ပြောင်းမှုကြီးတစ်ခု စတင်လာတော့၏။
သူ၏အရိုးများအရောင်တောင် အဖြူမှ ကျောက်စိမ်းဖြူရောင်၊ ထိုမှတစ်ဆင့် တဖြည်းဖြည်း ရွှေရောင်ကျောက်စိမ်းအဖြစ်ပြောင်းလဲသွားတော့သည်။
သုံးရက်တိတိအချိန်ကကုန်ဆုံးသွား၏။
အရိုးအသွင်ကူးပြောင်းမှုက နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။ ထို့နောက် ရွှေရော်ကျောက်စိမ်းအရိုးများကြား ရွှေနီရောင်သွေးတို့ထွက်လာပြီး မူလသွေးနီတို့နေရာတွင် အစားထိုးသွားကြ၏။
မူသွေးများက ဖယ်ရှားခံလိုက်ရသည့်အနေဖြင့် အပြင်သွားထွက်လာကြရာ စုယွမ်မှာ ချက်ချင်းကို သွေးများဖြင့် စိုရွှဲသွားရတော့သည်။
ထို့နောက်တွင်တော့ သူ၏အရှိန်အဝါမှာ တဖြည်းဖြည့်မြင့်တက်လာလေ၏။
ထိုအရာအားလုံးမှာ အလိုအလျောက်သာဖြစ်နေတာဖြစ်ပြီး စုယွမ် နည်းနည်းလေးတောင် အားမစိုက်လိုက်ရပါပေ။
ရွှေနီရောင်သွေးတို့မှာ သူ၏သွေးသားအဖြစ်အသွင်ပြောင်းသွားကြရာ အသားစိုင်တို့ကလည်း ရွှေရောင်ဖြစ်သွားရ၏။
သူ၏နှလုံးနှင့်ဦးနှောက်နှစ်ခုလုံးမှာ မယုံနိုင်လောက်အောင် သန်မာလာရလေသည်။
အသွင်ပြောင်းသည့်ဖြစ်စဉ်လုံးဝပြီးသွားချိန်တွင် စုယွမ်မှာ သူ၏လောကကြီး၏ချီစွမ်းအင်အပေါ်အမြင်ကလည်း များစွတိုးတက်လာကြောင်သိလိုက်ရ၏။
သတ္ထု၊ သစ်သားနှင့်မီးစွမ်းအင်ချီတို့မှာ ရုတ်တရက် ကိုယ်ပိုင်အသိဉာဏ်ရသွားသည့်အတိုင်း သူ့ဆီ ချက်ချင်း စုစုံလာကြသည်။
တစ်ချိန်တည်းတွင်ပင် စုယွမ်က အခြားချီစွမ်းအင်တို့ကိုလည်း ရှင်းလင်းစွာ နားလည်မြင်တွေ့သွားရ၏၊ ရေ၊ မြေ၊ လေ၊ မိုးကြိုး၊ လျှပ်စီး၊ ရေခဲ၊ အမှောင်ထု၊ အလင်းနှင့်အခြားသောပုံစံမျိုးစုံကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရခြင်းဖြစ်သည်။
ဤသည်မှာ သူ့အမြင်အာရုံထဲရှိမြူခိုးများအားလုံးရုတ်တရက်ကွယ်ပျောက်သွားသည့်အတိုင်း သူဟာ ကမ္ဘာလောကကြီးထဲရှိ အရာအားလုံးကို ရှင်းလင်းစွာမြင်နိုင်လာခဲ့သည်။
“ဒီလောက်ပြင်းတဲ့အသက်စွမ်းအင်။”
လောင်ချမ်မှာ နောက်ဆုံးမှ စကားထပြောလာသည်။
“တကယ်ပဲဘာဖြစ်သွားတာလဲ။ ရုတ်တရက်ကြီး သခင့်ဆီမှာ အသက်စွမ်းအင်တွေပြည့်သွားတာ နတ်ဘုရားသားရဲတစ်ပါးပါးမွေးလာသလိုပဲ။ သခင့်ရဲ့ပါရမီတောင် တော်တော်လေးတက်လာသလိုပဲ။”
“ဟား၊ ဘာမှမဟုတ်ပါဘူး။”
စုယွမ်မှာ ပြုံးလိုက်မိသည်။ သူ လောင်ချမ်၏အဓိပ္ပာယ်ကို နားလည်ပါ၏၊ သူ၏သက်တမ်းကလည်း ရုတ်တရက်ကြီး နှစ်တစ်သိန်းလောက်တိုးသွားသည်လေ။
ဒါဟာ သူ့သက်တမ်းသာတိုးသွားခြင်းမဟုတ်၊ ထိုမျှများသောသက်တမ်းနှင့်ကိုက်ညီမှုရှိစေရန်လည်း သူ့ခန္ဓာကိုယ်ကပါ အလိုအလျောက် သန်မာလာရခြင်းပေ။
စနစ်၏သက်တမ်းတိုးသွားသည်ဟူသောစကားမှာ ကိန်းဂဏန်းအရေအတွက်လောက်သာတိုးသွားသည်မဟုတ်၊ သူ့ခန္ဓာကိုယ်ကိုပါ ဟိုးပင်မနေရာဆီကပါ အဆင့်မြင့်သွားခြင်းဖြစ်ပေသည်။
ထို့အပြင် နှစ်တစ်သိန်းလောက်သက်တမ်းရှိနေသူကလည်း မည်သို့များပါရမီဆိုးဝါးတော့ပါမည်နည်း။ ထို့ကြောင့် သူ့ပါရမီကလည်း အင်အားကြီးပုဂ္ဂိုလ်တစ်ပါးပါးအနေအထားအထိ တိုးမြင့်လာရသည်။ သူက ထိုသို့ပုဂ္ဂိုလ်ကြီးများအကြားတွင် ပါရမီအနည်းဆုံးဖြစ်နေနိုင်သော်ငြား လူသားများထက်တော့ သာလွန်သွားချေပြီ။
တကယ်ကို ထိုးဖောက်ကျော်တက်သွားခြင်းပါပေ။
စုယွမ်မှာ ထိုသို့သောအခွင့်အရေးကြီးမျိုး ရလာမည်မှန်းလည်း မထင်ထားခဲ့ပါပေ။
အကြပ်အတည်းများသည်ကား အန္တာရယ်သာပါဝင်သည်မဟုတ်၊ အခွင့်အရေးများစွာကိုလည်း ရလာနိုင်ပါ၏။
“ဒီစွမ်းရည်ရဲ့လုပ်နိုင်စွမ်းက ငါတွေးထားတာထက်တောင် အများကြီးပိုကောင်းနေတာပဲ။”
စုယွမ် အသက်ပြင်းပြင်းရှုလိုက်ရင်း အမူအရာကလည်းလေးနက်သွားရသည်။
ဤတစ်ခေါက်မှာ သူ ကံကောင်းသွား၍ဟုဆိုနိုင်၏။ အနှီမိုးကြိုးဘီလူး၏ခွန်အားမှာကား သေမျိုးလောက၏လုပ်နိုင်စွမ်းထက် များစွာသာလွန်သည်ပင်။ ယခုအချိန်အထိ သူ အသက်ရှင်နေသေးတာတောင် ကံကောင်းထောက်မသောကြောင့်ဟုသာ ဆိုရချေမည်ပေ။
“သိုသိုသိပ်သိပ်နေတာပဲကောင်းတယ်။ အပြင်လောကကြီးက တအားအန္တာရယ်များလွန်းတယ်။”
စုယွမ် သူ၏ခန္ဓာကိုယ်အသစ်နှင့် ရင်းနှီးအောင်လုပ်လိုက်သည်။ အသက်တစ်ချက်ရူလိုက်တိုင်း များစွာသောချီစွမ်းအင်တို့မှာ သူ့ကိုယ်ထဲ ဒလဟောစီးဝင်လာကြ၏။ သူ ကမ္ဘာမြေကြီးထံကြည့်ရန် အာရုံဖွင့်လိုက်လျှင်လည်း လောကကြီး၏နိယာမများဟာ သူ့ကို ပြောစရာတစ်ခုခုရှိနေသည့်အတိုင်း ချီစွမ်းအင်အမျှင်တို့က မြင်ကွင်းထဲ ကခုန်နေကြလေသည်။
စုယွမ်မှာ ချက်ချင်း ထ၍ ကျင့်ကြံလိုက်ချင်စိတ်ကို မနည်းဖိနှိပ်ထားလိုက်ရသည်။ ထိုအစား သူ တည်ငြိမ်စွာ ပြန်ထိုင်လိုက်ပြီး စိတ်ကိုစုစည်း၍ ချီစုဆောင်းနေလိုက်၏။
သူ၏ပုံစံမှာလည်း တဖြည်းဖြည်းဖြင့် တည်ငြိမ်မှုပြန်ရသွားလျက်၊ ဘာကိုမှမဖြစ်ပျက်ခဲ့လေသည့်အတိုင်းပါပေ။
ဤအတွေ့အကြုံပြီးနောက်တွင် သူ၏စိတ်အခြေအနေခံနိုင်စွမ်းကလည်း များစွာတိုးမြင့်လာခဲ့တော့သည်။