အခန်း ၁၇၇
Vol. 18 Ch. 177
Chapter 177
စုယွမ်ကတော့ တည်တည်ငြိမ်ငြိမ်သာ ဆိုလာဆဲ။
“မစိုးရိမ်ပါနဲ့၊ ကိစ္စတိုင်းက ထိန်းချုပ်မှုအောက်ပဲ ရှိသေးပါတယ်။”
စုယွမ်လည်း သူ့ကိုယ်ပေါ်ရှိဖိအားမှာ နောက်တစ်ဆင့်ထပ်တိုးသွားရကြောင်းခံစားလိုက်ရသည်၊ ၎င်းက ကောင်းကင်ဘုံအတိဒုက္ခဒုက္ခအဆင့်လေးအရှိန်အဝါအဖြစ်ပြောင်းလဲသွားရခြင်းဖြစ်၏၊ ကိစ္စများသည်ကား ရှိန်ဝါမြင့်စွမ်းရည်၏လုပ်နိုင်စွမ်းထဲတွင် ရှိနေဆဲဖြစ်သည်။
ကောင်းကင်ပြင်မှလည်း တိုင်လုံးကြီးမျှရှိသော မိုးကြိုးချက်မှာ စုယွမ်၏ရှေ့သို့ လျင်မြန်စွာကျရောက်လာ၏။
သို့လင့်ကစား အနှီမိုးကြိုးမှာ စုယွမ်နားကပ်လာသည်နှင့် ရှိန်ဝါမြင့်စွမ်းရည်မှရသောကောင်းကင်ဘုံအရှိန်အဝါများကြောင့် မိုးကြိုးမှာ အရှိန်လျော့သွားရပြန်သည်။
စုယွမ်ကတော့ လက်တစ်ဖက်ဆန့်ထုတ်၍ မိုးကြိုးချက်ကို ဖမ်းလိုက်ရာ လက်ချောင်းထိပ်များတွင်လည်း အပေါ်ယံထိရှရာအနည်းငယ်ရှိသွားလေ၏။ ထို့နောက် သူ မိုးကြိုးချက်ကို ဝေဟင်ကမ္ဘာပန်းကန်လုံးဆီသို့ပေးလိုက်ပါသည်။
လောင်ချမ်မှာ တုန်တုန်ရင်ရင်ဖြင့် မိုးကြိုးချက်ကို သန့်စင်ရန် လက်ကမ်းယူလိုက်ရသည်။ ထိုကြောက်မက်ဖွယ်ရာမိုးကြိုး၏အကူအညီကြောင့် လောင်ချမ်မှာ ဆဌမအဆင့်အနိမ့်တန်းဝိညာဉ်ရတနာအဆင့်ထိ ပြန်လည်ရောက်ရှိသွားတော့၏။
လောင်ချမ်မှာ တစ်နေ့တွင် ကောင်းကင်ဘုံမိုးကြိုးကို သုံးရင်း မိမိအဆင့်ကို ပြန်လည်မြင့်တင်နိုင်သွားမည်ဟု မထင်ထားခဲ့ပါချေ၊ ယခုတောင်လျှင် သူဟာ အရာအာလုံးကို အိမ်မက်အသွင် ခံစားနေရဆဲ။
ထို့နောက် မျှော်လင့်ထားလေသည့်အတိုင်း ဒုတိယမြောက်လေဟာနယ်အဆင့်မိုးကြိုးချက်မှာလည်း စုယွမ်၏လက်ထဲတွင်ပင် ပိတ်မိသွားရင်း လောင်ချမ်စီကမ်းပေးလာလေသည်။
ဝေဟင်ကမ္ဘာပန်းကန်လုံးမှာတော့ ဆဌမအဆင့်သို့ တည်တည်ငြိမ်ငြိမ်ရောက်ရှိသွားလေပြီး ဆဌမအဆင့်အလတ်တန်းသို့တောင် အဆင့်မြင့်နေပြီ။
မကြာမီတွင် ကောင်းကင်ဘုံအတိဒုက္ခတိမ်တိုက်များကလည်း နောက်ဆုံးမိုးကြိုးချက်ကို ပစ်လာသည်။
ထိုအချိန် ခုနစ်စဉ်ကြယ်ဂိုဏ်း၏အပြင်ဘက်တွင် ဝေဟင်နတ်ဆိုးဂိုဏ်း၏ဝိညာဉ်အသွင်ကူးပြောင်းခြင်းနှောင်းပိုင်းအဆင့်အကြီးအကဲတစ်ဦးက အံ့လောက်ဖွယ်အရှိန်ဖြင့် ခုနစ်စဉ်ကြယ်ဂိုဏ်း၏အပြင်တွင်ရပ်ရင်း ဂိုဏ်းထဲကျရောက်နေသော ကောင်းကင်ဘုံအတိဒုက္ခကို ကြည့်နေလေသည်။
“ဒါ အဆင့်သုံးကောင်းကင်ဘုံအတိဒုက္ခလား။”
ထိုအကြီးအကဲမှာ ထျန်လင်းဟုအမည်ရပြီး ဝေဟင်နတ်ဆိုးဂိုဏ်းရှိနာမည်ကြီးဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲများထဲမှ တစ်ဦးဖြစ်သည်။ သူ၏ခွန်အားအစစ်အမှန်မှာ မည်သူမှ ခန့်မှန်း၍မရပေ။ သူ့လက်ထဲတွင် သူတော်ဂိုဏ်းမှ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူနှစ်ဦးသေဆုံးသွားချိန်မှစလို့ သူဟာကျော်ကြားလာရခြင်းဖြစ်ပေ၏။
အကြီးအကဲထျန်လင်းမှာ အတိဒုက္ခတိမ်များကို သေချာမြင်လိုက်ရချိန်တွင် စိတ်အစုံမှာ ဗလာကျင်းသွားခဲ့ရသည်။ အဆင့်သုံးကောင်းကင်ဘုံအတိဒုက္ခဆိုသည်မှာ တော်တော်လေးကို ရှားပါးသောအတိဒုက္ခဖြစ်၏၊ အကြောင်းမှာ စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်ကျင့်ကြံသူတစ်ဦးဆိုလျှင် အဆင့်သုံးအတိဒုက္ခကို မဖြစ်ပွားစေနိုင်သလို အတိဒုက္ခအဆင့်ကျင့်ကြံရေးကို ရောက်လျှင်လည်း အဆင့်လေးမှသာ စတင်သည်ပေ။
ထိုသို့သော် အဆင့်သုံးအတိဒုက္ခမျိုးမှာ သီအိုရီအရသာ တည်ရှိနေပြီး ကျင့်ကြံရေးလောကထဲတွင် ဘယ်တုန်းကမှပေါ်လာဖူးသည်မဟုတ်လင့်ကစား ယနေ့တွင်တော့ သူ မျက်ဝါးထင်ထင်မြင်လိုက်ရချေပြီ။
ဤအခြေအနေမှာ သူ့ကို ရှုပ်ထွေးသွားစေသည်။ သူလည်း တစ်ခဏမျှတွေးတောပြီးနောက်တွင် ဖြစ်နိုင်ချေနှစ်မျိုးကိုသာ တွေးမိ၏။
“ဒါက အတိဒုက္ခအဆင့်ရဲ့အားအနည်းဆုံးသူ ကျော်ဖြတ်နေလို့ပဲဖြစ်ဖြစ်၊ သမိုင်းတစ်လျှောက် အသန်မာဆုံးစိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ပါရမီရှင်တစ်ယောက်ယောက် ကျော်ဖြစ်နေလို့ပဲဖြစ်ဖြစ် ဖြစ်ရမယ်။”
အကြီးအကဲထျန်လင်း၏နှလုံးသားမှာ တုန်လှုပ်သွားရသည်။ သူ ခုနစ်စဉ်ကြယ်ဂိုဏ်းထဲ အတိဒုက္ခအဆင့်ကျင့်ကြံသူကြီးတစ်ဦးရှိနေမည်ဟုတော့မထင်ပါချေ၊ ထိုသို့ဆိုလျှင် ၎င်းက ခုနစ်စဉ်ကြယ်ဂိုဏ်းဟာ ကျင့်ကြံရေးလောကသမိုင်းတစ်လျှောက် အားအကောင်းဆုံးသောစိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်ကျင့်ကြံသူကို မွေးထုတ်ပေးနိုင်လိုက်ပြီဟု ဆိုလိုနေသည်လေ။
ထိုယူဆချက်မှာ အလွန်တရာ ကြီးကျယ်လွန်ပြီး မယုံကြည်နိုင်စရာဖြစ်နေလျှင်တောင် သီအိုရီအရဆိုလျှင် အနှီအဖြေကသာ ယုတ္တိအရှိဆုံးဖြစ်သည်။
အကြီးအကဲထျန်လင်းလည်း ခုနစ်စဉ်ကြယ်ဂိုဏ်းထဲ ခုနစ်စဉ်ကြယ်ဆက်ခံသူအရှင်တစ်ပါးပေါ်ထွက်လာသည်ဆိုသော သတင်းကို ပြန်အမှတ်ရသွားခဲ့သည်။ ယခင်ကတော့ သူ ခုနစ်စဉ်ကြယ်ဆက်ခံသူဆိုသူအကြောင်း နည်းနည်းမှစိတ်မဝင်စားခဲ့သော်ငြား ယခုတွင်တော့ ကိစ္စများမှာ နတ်ဆိုးဂိုဏ်းတို့၏ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေရလေပြီ။ အကယ်၍ ထိုခုနစ်စဉ်ကြယ်ဆက်ခံသူသာ ပိုမိုအဆင့်တက်မြင့်မားလာပါက နတ်ဆိုးဂိုဏ်းများတော့ ကပ်ဘေးတစ်ခုကို ကြုံတွေ့ရတော့ချေမည်ပင်။
ထိုသို့တွေးရင်း အကြီးအကဲထျန်လင်းမှာ မနေနိုင်တော့တော့ နတ်ဆိုးဂိုဏ်းများဆီပြန်သွား၍ အခြေနေအရပ်ရပ်ကို ပြောပြချင်မိသော်ငြား တစ်ဖက်တွင်လည်း သူ ထိုမြင်ကွင်းကို ဆုံးအောင် ကြည့်ချင်သေး၏။ အကယ်၍ တစ်ဖက်လူကသာ ထိုအတိဒုက္ခကို မကျော်ဖြတ်မရှင်သန်နိုင်ခဲ့ပါလျှင် အကောင်းဆုံးသတင်းပါပေ။
ရလဒ်ထွက်လာသည်နှင့် သူလည်း ပြန်သွားပါမည်လေ။
ထိုအချိန်တွင် စုယွမ်ကတော့ ကောင်းကင်ဘုံအတိဒုက္ခကို စိုက်ကြည့်နေသည်။ နောက်ဆုံးသော ရေတံခွန်ကြီးအလားထူထဲသော ကြောက်မက်မိုးကြိုးချက်မှာ သူ့အကြည့်အောက်တွင်ပင် ဆင်းသက်လာလေ၏။
စုယွမ်လည်း ထပ်မံ၍တစ်ခါ ထိုမိုးကြိုးကို လက်တစ်ဖက်တည်းဖြင့် လှမ်းဖမ်းလိုက်ပေသည်။ သူ၏လက်ဖဝါးပြင်ကတော့ လုံးဝကို အနက်ရောင်ပြောင်းသည့်အထိ ဒဏ်ရာရသော်ငြား ၎င်းက အပေါ်ယံအရေးပြားဒဏ်ရာလေးသာ ဖြစ်ပါ၏။
သူ ထိုမိုးကြိုးကို လောင်ချမ်ထံကမ်းပေးလိုက်သည်။
“မြန်မြန်လုပ်၊ ကောင်းကင်ဘုံအတိဒုက္ခတိမ်တွေပျောက်သွားတာနဲ့ ငါလည်း ဒီမိုးကြိုးကို ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူး။”
စုယွမ် အလောတကြီး နှိုးဆော်လိုက်၏။
လောင်ချမ်မှာ ထပ်၍ထိပ်လန့်သွားရပြန်သည်၊ ထိုသို့သော အရာမျိုးလည်း ရှိသေးပါသလား။
သူလည်း မနှောင့်နှေးရဲဘဲ ဝေဟင်ကမ္ဘာပန်းကန်လုံး၏သန့်စင်နှုန်းမြင့်လိုက်သည်။
သို့သော် ကောင်းကင်ရှိအတိဒုက္ခတိမ်များမှာ နောက်ဆုံးမိုးကြိုးကို ပစ်ပြီးသည်နှင့် ချက်ချင်း စတင်လွှင့်ပြယ်လာရသည်။
စုယွမ်မှာလည်း အတိဒုက္ခတိမ်တို့ လွင့်ပြယ်လာတာကိုသာ ကြည့်ရင်း အခြားလုပ်နိုင်တာမရှိတော့ပါပေ။
“တကယ်လို့ မိုးကြိုးရဲ့နောက်ဆုံးအပိုင်းကို သန့်စင်လို့မရရင်လည်း ထားလိုက်တော့။”
စုယွမ် ချက်ချင်းပြောလိုက်၏။
“အဲ့ဒါဆိုရင် အဲ့ဒီမသန့်စင်ရသေးတဲ့ကောင်းကင်ဘုံမိုးကြိုးကို ဘာလုပ်လိုက်ရမလဲ။ ကောင်းကင်ဘုံမိုးကြိုးဆိုတာ အရမ်းအားကောင်းလွန်းတာ၊ ကျွန်တော် ဆဌမအဆင့်တော်တော်မြင့်သွားတောင် လေဟာနယ်အဆင့်ကျင့်ကြံသူတစ်ယောက်လောက်ရဲ့ဆက်တက်တိုက်အားဖြည့်ပေးနေတာမရှိရင် ကျွန်တော် ခံနိုင်မှာမဟုတ်ဘူး။”
လောင်ချမ်လည်း မြန်မြန်ပြန်ပြောလိုက်သည်။
“အဲ့ဒါဆိုရင်လည်း ဂိုဏ်းအပြင်ဘက်ကိုသာ လွှင့်ပစ်လိုက်ချေ။”
စုယွမ်က အလွန်တည်ငြိမ်စွာ အေးအေးလေးပြောလာ၏။
သူလည်း ဂိုဏ်းအပြင်ဘက်နေရာလှမ်းကြည့်လိုက်တော့ အတွေးတစ်ချက်က သူ့အာရုံကို ဆွဲဆောင်သွားလေသည်။
ထိုအတွေးနောက်လိုက်ရင်း သူ ကြည့်လိုက်၏။
စုယွမ် ထူးဆန်းသော ကျင်ကြံသူတစ်ဦးက ထို့နောက်တွင် ခိုးကြောင်ခိုးဝှက်လုပ်နေတာကို တွေ့လိုက်ရသည်။
ထို့နောက် မိုးကြိုးတိမ်များ ကွယ်ပျောက်တော့မည့်အချိန်တွင် ထိုကျင့်ကြံသူ၏ကိုယ်ပေါ်၌ အဖြူရောင်အလင်းတစ်ချက်လင်းသွားသည်။ ထိုသည်မှာ ထိုသူမှ ကျော်ကြားမှုအမှတ်များရရှိလာသည်ဆိုသော အဓိပ္ပာယ်ပင်။
【ဒင်၊ကျော်ကြားမှုအမှတ်+ 88000】
“ကျော်ကြားမှုအမှတ် ၈၀၀၀၀တောင်လား။ နောက်ပြီး အဲ့တစ်ယောက်ကိုယ်ထဲ နတ်ဆိုးချီတွေနဲ့ဆိုတော့ နတ်ဆိုးကျင့်ကြံသူများလား။”
ထိုသည်ကိုတွေ့တော့ စုယွမ်လည်း ဝေဟင်ကမ္ဘာပန်းကန်လုံးဆီမှ မသန့်စင်ရသေးသည့်မိုးကြိုးတစ်ပိုင်းတစ်စကို ပြန်ဆွဲယူကာ ထိုဘက်နေရာသို့ ပစ်လိုက်ပေသည်။
ထိုအချိန် အကြီးအကဲထျန်လင်းမှာတော့ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကျင့်ကြံသူတစ်ဦးက အဆင့်သုံးကောင်းကင်ဘုံအတိဒုက္ခကို ဖြတ်ကျောင်သွားနိုင်တာကို အံ့ဩနေဆဲပင်၊ ထိုသို့တွေးနေရုံရှိသေး၊ အလွန်လျင်မြန်သောအရှိန်ဖြင့် မိုးကြိုးချက်တစ်ခုမှာ သူ့ဆီပျံသန်းလာတာကိုမြင်လိုက်ရ၏။
တစ်ချိန်တည်းတွင်ပင် စိတ်ကူးတောင်မယဉ်ဖူးသည့် ကောင်းကင်ဘုံအရှိန်အဝါတစ်ခုမှာ သူ့ပေါ်လွှမ်းခြုံလာရာ သူ့မှာ ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်ကျလျက် တစ်ကိုယ်လုံးလှုပ်မရဖြစ်သွားလေသည်။ ထိုခံစားချက်မှာကား သူ ကောင်းကင်ဘုံအတိဒုက္ခကို ထပ်၍ကျော်ဖြတ်နေရသည့်အတိုင်း။
ထို့နောက်တွင်တော့ သူ့မှာ ထိုမိုးကြိုးဘောလုံးကြီးက သူ့ဆီရောက်လာတာကိုသာ ကူရာမဲ့ကြည့်နေမိရတော့၏။
“ဒါဘာကြီးလဲ။ မလာနဲ့။”
ထိုအတွေးမှာကား အကြီးအကဲထျန်လင်း၏စိတ်ထဲကျန်ရစ်ခဲ့သောနောက်ဆုံးအတွေးဖြစ်လေပြီး ထိုအခိုက်အတန့်တွင်ပင် သူက မိုးကြိုးချက်ဆီမှ လုံးလုံးဖုံးလွှမ်းခံလိုက်ရတော့လေသည်။