← Chapters

အခန်း ၂၂၈၄

Vol. 142 Ch. 2284

အခန်း ၂၂၈၄

Vol. 142 Ch. 2284

အခန်း ၂၂၈၄ သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါ ပေါက်ကွဲထွက်ခြင်း

အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီး၊ အရာအားလုံးက အစီအစဉ်တကျ လည်ပတ်နေခဲ့ကာ ဝမ်ချောင်နှင့်ရွှီချီချင်တို့၏ မင်္ဂလာပွဲအတွက် တစ်လကျော် အချိန်လိုသေးသည်။ ထိုအချိန်တွင် ဝမ်ချောင်၏စာကြည့်ခန်းအတွင်း၌ လူရိပ်တစ်ခုက မတ်မတ်ထိုင်နေပြီး လက်ထဲရှိ သတင်းစက္ကူ အချပ်များကို စစ်ဆေးကြည့်ရှုနေခဲ့သည်။

“အရှင်၊ ကျွန်တော်တို့ နိုင်ငံအသီးသီးက လူတွေကို စေလွှတ်ခဲ့ပြီး၊ ကျန်းချိုးကျန့်ချုံးတို့ ကိုယ်တိုင်တောင် ထွက်လာခဲ့တဲ့အပြင် လျှို့ဝှက်နဂါး ကိုယ်ရံတော်တွေကိုပါ စေလွှတ်ခဲ့ပေမဲ့၊ အခုအချိန်အထိ အမည်းရောင်ဝတ်စုံဝတ် လူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဘာတစ်ခုမှ မရသေးပါဘူး”

“မြောက်ဝင်ရိုးစွန်း ခရီးစဉ်ကစပြီး အမည်းရောင်ဝတ်စုံဝတ် လူတွေရဲ့စခန်းကို ဖျက်ဆီးခဲ့ပြီးကတည်းက၊ ဒီလူတွေက အလင်းကနေ အမှောင်ထဲကို ကူးပြောင်းသွားခဲ့ပြီး နောက်ထပ် ဘာသတင်းနဲ့ လှုပ်ရှားမှုမှ မရှိတော့ပါဘူး”

ဝမ်ချောင်က နောက်ဆုံး သတင်းစာလိပ်ကို ကြည့်ရှုပြီးသွားချိန်တွင်၊ သိန်းငှက်အိုကြီးက ဝမ်ချောင်၏ နောက်ကျောဘက်တွင် မတ်တပ်ရပ်နေပြီး ခန္ဓာကိုယ်တစ်ဝက်မှာ အရိပ်ထဲတွင် ပုန်းကွယ်နေကာ ရုတ်တရက် စကားစပြောလိုက်သည်။

“သူတို့ ကြောက်သွားတယ်။ ဒါမှမဟုတ် တကယ်ပဲ ပျောက်ကွယ်သွားတယ်လို့ ငါ မထင်ဘူး၊ သူတို့ရဲ့ အရင် လုပ်ထုံးလုပ်နည်းတွေအရ ဆိုရင်တော့ ပိုကြီးမားတဲ့ လျှို့ဝှက်ကြံစည်မှု တစ်ခုကို ကြံစည်နေတာ ဖြစ်နိုင်တယ်”

စာကြည့်ခန်းထဲတွင် တိတ်ဆိတ်သွားခဲ့ပြီး၊ ခဏအကြာတွင် စာကြည့်ခန်း မျက်နှာချင်းဆိုင်ရှိ အခြားထောင့်တစ်နေရာမှ အက်ကွဲကွဲ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအသံနှင့်အတူ မျက်နှာတွင် အထူကြီးဖြစ်သော သံမည်း မျက်နှာဖုံးကို တပ်ဆင်ထားသည့် အရပ်ရှည်ရှည် လူရိပ်တစ်ခုက မှောင်မိုက်နေသော ထောင့်ထဲမှ ထွက်ပေါ်လာခဲ့သ်ည။ ထိုသူမှာ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော မျက်နှာမဲ့လူ ကျန်းချန်းဒိုပင် ဖြစ်သည်။

“မင်းတောင် သူတို့ရဲ့ သဲလွန်စကို ရှာမတွေ့ဘူးလား”

ဝမ်ချောင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး၊ မျက်နှာချင်းဆိုင်ရှိ မျက်နှာမဲ့လူကို ကြည့်ကာ ပြောလိုက်သည်။

မျက်နှာမဲ့လူသည် ယိုကျိုးတိုက်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိဘဲ၊ သူ၏ တာဝန်မှာ ဝမ်ချောင်၏ ဘေးနားရှိ မည်သူနှင့်မျှ မတူညီပေ။ ကက်စပီယန်ပင်လယ်တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်၊ မျက်နှာမဲ့လူသည် ထုံးစံအတိုင်း ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းထဲသို့ ခိုးဝင်သွားခဲ့ပြီး အတွင်းတွင် ပုန်းအောင်းနေကာ မည်သည့်လှုပ်ရှားမှုမျှ မလုပ်ဘဲ ပိုမိုများပြားသော သဲလွန်စများကို ရှာဖွေရန် ကြိုးစားနေခဲ့ပြီး တပြိုင်နက်တည်းမှာပင် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ အမြင့်ဆုံး လျှို့ဝှက်ချက်ဖြစ်သည့် ‘ထျန်း’ရှိရာ နေရာကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။

မျက်နှာမဲ့လူပင်လျှင် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ သဲလွန်စများကို ဆုံးရှုံးသွားလိမ့်မည်ဟု ဝမ်ချောင်တွေးထင်မထားခဲ့ပေ။

“ထိုက်ချန်နဲ့ ထိုက်ရှီတို့ ဆက်တိုက် အသတ်ခံလိုက်ရတာက၊ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းအတွင်းမှာ ကြီးမားတဲ့ တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့တယ်၊ ဒါ့အပြင် ထိုက်စုလို့ ခေါ်တဲ့ လူတစ်ယောက်က အရမ်းအစွမ်းထက်တယ်။ ကျွန်တော် သူ့ကို မမြင်ဖူးပေမဲ့၊ ဒီလူက ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းအတွင်းကို လူတစ်ယောက် ခိုးဝင်လာတာကို သတိထားမိသွားပုံရပြီး အတွင်းကနေ သေချာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ”

“ဒါ့အပြင် သံသယရှိခံရတဲ့ ဌာနခွဲ အားလုံးကို လှုပ်ရှားမှုတွေ ရပ်ဆိုင်းလိုက်ပြီး တိုက်ရိုက် ဖျက်သိမ်းလိုက်တယ်။ ကျွန်တော် ပုန်းအောင်းနေတဲ့ ဌာနခွဲကလည်း အဲဒီအထဲက တစ်ခုပဲ”

မျက်နှာမဲ့လူက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“ထိုက်စုလား”

ဝမ်ချောင်မှာ ဤစကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤသည်မှာ ဤနာမည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

မျက်နှာမဲ့လူက ပေါ့ပေါ့ပါးပါးသာ ပြောလိုက်ပြီး အလွန်အမင်း အသေးစိတ် မပြောခဲ့သော်လည်း၊ ထိုက်စု ဟူသော နာမည်ကို သိရှိနိုင်ခြင်းကပင် အတော်လေး ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။

သိသာထင်ရှားစွာပင် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းအတွင်းတွင် ထိုက်ချန်နှင့် ထိုက်ရှီတို့ကဲ့သို့ စွမ်းအားကြီးမားသော သိုင်းပညာရှင်များအပြင် ဉာဏ်ရည်၊ ဗျူဟာနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများလည်း ရှိနေသည်။

“သိပါပြီ”

ဝမ်ချောင်က လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ပြီးနောက်၊ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ကာ နက်ရှိုင်းသော တွေးတောမှုထဲသို့ နစ်မြောသွားခဲ့သည်။

စာကြည့်ခန်းထဲတွင်မူ သိန်းငှက်အိုကြီးနှင့် မျက်နှာမဲ့လူတို့က ချက်ချင်း သဘောပေါက်သွားကြပြီး အသက်ရှူအောင့်လိုက်ကာ တပြိုင်နက်တည်း နောက်သို့ ဆုတ်ခွာသွားကြပြီး အနှောင့်အယှက် မပေးရဲကြပေ။

သူတို့နှစ်ဦးသည် ဝမ်ချောင်၏ နောက်သို့ လိုက်ပါလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ၊ ဝမ်ချောင်ကြီးမားသော ကိစ္စရပ်များနှင့် ကြုံတွေ့ရချိန်တိုင်း ယခုကဲ့သို့ပင် မျက်လုံးမှိတ်ကာ တွေးတောတတ်သည်ကို အသားကျနေခဲ့ပြီ ဖြစ်သည်။

“ ‘ထျန်း’.....”

ဝမ်ချောင်က ခေါင်းကို အနည်းငယ် မော့ကာ တီးတိုး ရေရွတ်လိုက်သည်။

ရိုးရှင်းလှသော စကားလုံး တစ်လုံးတည်းဖြစ်သော်လည်း၊ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဝမ်ချောင်၏ ဦးနှောက်ထဲတွင် လှိုင်းဂယက်များ ထဖြစ်ပေါ်စေခဲ့သည်။

ယိုကျိုးစစ်ပွဲမှာ အချိန်အတော်ကြာကတည်းက ပြီးဆုံးသွားခဲ့ပြီး၊ မြောက်ဝင်ရိုးစွန်းခရီးစဉ်ကလည်း လုံးဝအောင်မြင်ခဲ့ကာ၊ ဝမ်ချောင်သည် ပိုမိုများပြားသော လျှို့ဝှက်ချက်များကို သိရှိလာခဲ့သော်လည်း သိရှိလာလေလေ၊ ဝမ်ချောင်၏ စိတ်ထဲတွင် ပို၍ရှုပ်ထွေးလာလေလေဖြစ်သည်။ နောက်ဆုံးတွင် အရာအားလုံးမှာ လှည့်ပတ်နေသော်လည်း ‘ထျန်း’ ဟူသော နာမည်ကို မကျော်လွန်နိုင်ကြောင်းကို ဝမ်ချောင်ရုတ်တရက် သတိပြုမိသွားခဲ့သည်။

ဧရာမ သားရဲတပ်ကြီးနှင့် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းတို့ကြားတွင် အလွန်ရှုပ်ထွေးလှသော ဆက်စပ်မှုများ ရှိနေသည်။

ကြီးမားသော အအေးလှိုင်းကြီးကို ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းက စတင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ထိုက်ရှီ၊ ထိုက်ချန်၊ ထိုက်ရှန်၊ ထိုက်ကျုံးနှင့် အခြားသူများအားလုံးမှာ ‘ထျန်း’ ၏ လက်အောက်ခံများ ဖြစ်ကြသည်။

အရာအားလုံးကို ‘ထျန်း’ က သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး၊ သူတော်စင် ဧကရာဇ် နှစ်ပေါင်းများစွာကြာအောင် အမြဲတမ်း ကာကွယ်နေခဲ့ရသည်မှာလည်း ‘ထျန်း’ထံမှပင် ဖြစ်သည်။

ထိုက်ရှီကို အနိုင်ယူပြီး၊ ဝင်ရိုးစွန်းဒေသရှိ အချိန်နှင့် နေရာလွတ် ဖြတ်သန်းပေါက်ကို ဖျက်ဆီးပစ်နိုင်ခြင်းက၊ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းနှင့် ဖြစ်ပွားနေသော စစ်ပွဲကို အနိုင်ရရှိသွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။

‘ထျန်း’ သက်ရှိထင်ရှား ရှိနေသရွေ့ အရာအားလုံးက ခေါင်းအုံးမြင့်မြင့်အိပ်ကာ စိတ်အေးလက်အေး နေနိုင်မည့် အချိန်သို့ ရောက်ရှိရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။

‘ထျန်း’ က ဆန္ဒရှိလျှင် ဒုတိယအကြိမ် သန့်စင်ခြင်း အစီအစဉ်ကို အလွယ်တကူ စတင်နိုင်ပြီး လောကီ မင်းဆက် တစ်ခုလုံးကို ဖြုတ်ချကာ လူသား ယဉ်ကျေးမှု တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သေးသည်။

ဤသည်မှာ စစ်ပွဲ ပြီးဆုံးသွားပြီးနောက် ဝမ်ချောင်၏ စိတ်ထဲတွင် အမြဲတမ်း အနည်းငယ် စိုးရိမ်ပူပန်နေရသည့် အကြောင်းရင်းပင် ဖြစ်သည်။

သို့သော်လည်း ယခုလို အခြေအနေမျိုးတွင် ‘ထျန်း’ ကို ထားလိုက်ဦး၊ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ သဲလွန်စများပင် လုံးဝပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်သည် နက်ရှိုင်းသော တွေးတောမှုထဲသို့ နစ်မြောသွားခဲ့သည်။

“သိပါပြီ၊ မင်းတို့ အရင် ထွက်သွားကြပါဦး”

ဝမ်ချောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် စကားပြောလိုက်သည်။

သူတော်စင် ဧကရာဇ် သက်ရှိထင်ရှား ရှိစဉ်အချိန်က၊ နှစ်ပေါင်းများစွာ အချိန်ယူကာ စိတ်အင်အားများစွာ စိုက်ထုတ်ပြီး ‘ထျန်း’၏ အမှန်တကယ် တည်ရှိရာ နေရာကို အမြဲတမ်း ရှာဖွေချင်ခဲ့သော်လည်း အမြဲတမ်း မအောင်မြင်ခဲ့ရာ၊ သိန်းငှက်အိုကြီးနှင့် မျက်နှာမဲ့လူတို့ ချက်ချင်း ရှာမတွေ့နိုင်ခြင်းမှာလည်း သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ မင်းကို သေချာပေါက် တူးဖော်ထုတ်ပစ်မယ်”

ဝမ်ချောင်သည် ပြတင်းပေါက်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ပြတင်းပေါက် အပြင်ဘက်ရှိ တဖြည်းဖြည်း ပွင့်လာသော မက်မွန်ပန်းများကို ကြည့်ကာ လက်သီးကို ဆုပ်ထားရင်း စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။

ဝမ်ချောင်က လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ကို ငြိမ်သက်စေလိုက်သော်လည်း၊ ဤအချိန်မှာပင် ရင်ဘတ်ထဲမှ ထူးဆန်းပြီး အလွန် နေရခက်သော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အစပိုင်းတွင် သိပ်မသိသာလှသော်လည်း၊ တဖြည်းဖြည်းနှင့် ပို၍ ပြင်းထန်လာခဲ့ကာ ထိုခံစားချက်မှာ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုမျှမက ဤကဲ့သို့ ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေသည့် ခံစားချက်က ပို၍ပြင်းထန်လာချိန်တွင် ဝမ်ချောင်၏ရင်ထဲ၌ သွေးများ ဆူပွက်နေသည့် ခံစားချက်တစ်မျိုးပင် ထွက်ပေါ်လာခဲ့သည်။

“သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါပဲ”

ဝမ်ချောင်၏စိတ်ထဲတွင် တုန်လှုပ်သွားခဲ့ပြီး ဦးနှောက်ထဲတွင် အတွေးတစ်ခုက ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။ ဤခံစားချက်နှင့် ပတ်သက်၍ ဝမ်ချောင်သည် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေခဲ့သော်လည်း ဤတစ်ကြိမ် ပေါက်ကွဲထွက်လာမှုမှာ အနည်းငယ် မတူညီသကဲ့သို့ သူ အမြဲတမ်း ခံစားနေရသည်။

သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါ။

ဤသည်မှာ ဝမ်မိသားစု၏ မျိုးဆက်တစ်ခုခြားပြီး ဆင်းသက်လာသော မိသားစု မျိုးရိုးဗီဇ ရောဂါ ဖြစ်သည်။

မျိုးဆက်တစ်ခုစီတွင် ပုံမှန်အားဖြင့် လူတစ်ဦး၌သာ ပေါ်လာလေ့ရှိသော်လည်း၊ ဤမျိုးဆက်သို့ ရောက်သောအခါ မည်သည့်အကြောင်းကြောင့် ဝမ်ချောင်က ဒုတိယအစ်ကိုဝမ်ပိုကဲ့သို့ပင် ဤရူးသွပ်သော သွေးရောဂါ ကူးစက်ခံရသနည်းဆိုတာကို မသိရှိရပေ။

လွန်ခဲ့သော သုံးလေးနှစ်ခန့်က သူ ဤကမ္ဘာသို့ စတင် ပြန်လည်မွေးဖွားလာချိန်တွင်၊ ခန္ဓာကိုယ်ထဲရှိ ရူးသွပ်သော သွေးများကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ပြီး ၎င်းကို အောင်မြင်စွာ ဖိနှိပ်ထားနိုင်ခဲ့ကြောင်းကို ဝမ်ချောင် သေသေချာချာ မှတ်မိနေသေးသော်လည်း၊ မည်သည့်အကြောင်းကြောင့် ဤကြမ်းတမ်းရက်စက်သော ဆန္ဒများက အချိန်အတော်ကြာ ကွာဟသွားပြီးနောက် ရုတ်တရက် ထပ်မံ ပေါက်ကွဲထွက်လာရသနည်းဆိုတာကို မသိရှိရပေ။

ထို့အပြင် အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့သောကြောင့် ဟုတ်မဟုတ် မသိရသော်လည်း၊ ဤတစ်ကြိမ် သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါ၏ ပြင်းထန်မှုမှာ ယခင်ကထက် အနည်းဆုံး ဆယ်ဆအထက် ရှိနေကြောင်းကို ဝမ်ချောင်ခံစားနေရသည်။

“ဝုန်း”

ဝမ်ချောင်အစွမ်းကုန် ဖိနှိပ်နေချိန်မှာပင်၊ အနည်းငယ်မျှ လက္ခဏာပြခြင်း မရှိဘဲ ဝုန်းခနဲ အသံတစ်သံနှင့်အတူ၊ ရင်ဘတ်ထဲရှိ ထို မီးတောက်များကဲ့သို့ သတ်ဖြတ်ချင်သော ခံစားချက်က ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။

ဝမ်ချောင်သည် မျက်စိရှေ့တွင် နီရဲသွားသည်ကိုသာ ခံစားလိုက်ရပြီး၊ ကမ္ဘာကြီးတစ်ခုလုံးမှာ မျက်တောင်တစ်ခတ်အတွင်း သွေးကဲ့သို့ နီရဲသွားခဲ့ကာ၊ တပြိုင်နက်တည်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများ ဖောင်းကြွလာပြီး အကြောစိမ်းများ ထောင်တက်လာကာ၊ ရင်ထဲ၌ အဆုံးအစမရှိသော သတ်ဖြတ်ချင်သည့် ဆန္ဒများ ပြည့်နှက်နေသည်ကိုသာ ခံစားလိုက်ရပြီး ချက်ချင်းပင် အပြတ်အသတ် သတ်ဖြတ်ပစ်ချင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ”

မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ ဝမ်ချောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိတော့ဘဲ၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များကို ချက်ချင်း စုစည်းကာ ခန္ဓာကိုယ်ထဲရှိ သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါကို ရူးသွပ်စွာ ဖိနှိပ်လိုက်သည်။

သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါနှင့် ပတ်သက်၍ တကယ်တော့ ဝမ်ချောင်သည် အတော်လေး အတွေ့အကြုံ ရှိနေသင့်သော်လည်း မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ၊ ဝမ်ချောင်က ဖိနှိပ်လေလေ သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါက ပို၍ပြင်းထန်လာလေလေ ဖြစ်နေပုံရသည်။

ထို့အပြင် ယခင်က အသုံးပြုခဲ့သော နည်းလမ်းများက သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါအပေါ် လုံးဝအကျိုးသက်ရောက်မှု မရှိတော့သကဲ့သို့ ဖြစ်နေရာ၊ ၎င်းက ဝမ်ချောင်၏ စိတ်ထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှု တစ်မျိုးကို ဖြစ်ပေါ်လာစေခဲ့သည်။

ဤသည်မှာ ပုံမှန် ဖြစ်စဉ်တစ်ခု လုံးဝမဟုတ်ပေ။

သို့သော် ဝမ်ချောင်မှာ သေချာ တွေးတောနေရန် အချိန်မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ထဲရှိ လှုပ်ရှားနေသော သွေးများကို သူ အစွမ်းကုန် ဖိနှိပ်နေချိန်မှာပင်၊ လုံးဝမျှော်လင့်မထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သောကြောင့်ပင် ဖြစ်သည်။

အနည်းငယ်မျှ လက္ခဏာပြခြင်း မရှိဘဲ ဆံပင်မျှင်လေးကဲ့သို့ သေးငယ်သော်လည်း၊ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်ချင်သည့် အငွေ့အသက်တစ်ခုက ပြတင်းပေါက်ကို ရုတ်တရက် ဖောက်ထွင်းဝင်ရောက်လာကာ စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီး ဝမ်ချောင်အပေါ်သို့ ပစ်မှတ်ထား ကျရောက်လာခဲ့သည်။

ဝမ်ချောင်မှာ မူလက ခန္ဓာကိုယ်ထဲရှိ သတ်ဖြတ်ချင်သော ဆန္ဒကို အစွမ်းကုန် ဖိနှိပ်နေခဲ့သော်လည်း ဤသတ်ဖြတ်ချင်သည့် အငွေ့အသက် ထွက်ပေါ်လာခြင်းက၊ ရေနံဆီထဲသို့ မီးတောက်တစ်ခု ပစ်ထည့်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး ဝမ်ချောင်၏ ရင်ထဲရှိ သတ်ဖြတ်ချင်သော ဆန္ဒကို မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်သွားစေခဲ့သည်။

တိုတောင်းလှသော မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ ဝမ်ချောင်၏ရင်ထဲရှိ ထိုရူးသွပ်သော စိတ်ဆန္ဒများက ချက်ချင်းပင် ဆယ်ဆထက်မက အင်အားကြီးမားလာခဲ့သည်။

“ဘယ်သူလဲ”

ဝမ်ချောင်က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ၊ ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးနှစ်လုံးမှာ သွေးကြောများ ပြည့်နှက်နေပြီး သွေးစက်ကျမတတ် နီရဲနေခဲ့သည်။

ဝုန်း…

မျက်တောင် တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ရှားသွားပြီး ချက်ချင်း လေထဲသို့ ထိုးဖောက်ထွက်ခွာသွားကာ စာကြည့်ခန်းထဲမှ ထွက်လာခဲ့ပြီး ထိုသတ်ဖြတ်ချင်သည့် အငွေ့အသက် ထွက်ပေါ်လာရာ အရပ်ဆီသို့ ခြေရာခံ လိုက်လံသွားတော့သည်။

တပြိုင်နက်တည်းမှာပင်၊ လေးသံကြားပြီး လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ အဝေးဆီသို့ လျှပ်စီးအလား ထွက်ပြေးသွားသော လူမည်းရိပ်တစ်ခုကို ဝမ်ချောင် သေသေချာချာ မြင်တွေ့လိုက်ရသည်။

“ဘယ်ကို ပြေးမလို့လဲ”

ဝမ်ချောင်၏ မျက်နှာအမူအရာက အေးစက်သွားပြီး၊ စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် လိုက်လံသွားတော့သည်။

ဝမ်ချောင်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အမြန်နှုန်းမှာ မည်မျှမြန်ဆန်မည်နည်း။ အချိန်ခဏလေးအတွင်းမှာပင် ဝမ်ချောင်နှင့် တစ်ဖက်လူ၏ အကွာအဝေးမှာ ပေအနည်းငယ်မျှသာ ကျန်ရှိတော့သည်အထိ နီးကပ်သွားခဲ့သည်။

နောက်တစ်ခဏတွင် လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့ကြောင်းကို သိရှိသွားပုံရကာ ရှေ့မှ မျက်နှာဖုံးစွပ်လူက ခေါင်းကို ရုတ်တရက် လှည့်လာခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ ထိုမျက်နှာဖုံးစွပ် လူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွားပြီး အနည်းငယ်မျှ ထိတ်လန့်နေခြင်း မရှိသည့်အပြင်၊ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားကာ လျှို့ဝှက်ကြံစည်မှု အောင်မြင်သွားသည့် ခံစားချက်မျိုးကို ထုတ်ဖော်ပြသနေခဲ့သည်။

ဝုန်း

အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုမျက်နှာဖုံးစွပ်လူက ဓားတစ်ချက် ထိုးချလိုက်သည်။ ဓားနှင့် အတူတစ်သားတည်းဖြစ်သွားပြီး ကာကွယ်ခြင်း မရှိဘဲ တိုက်ခိုက်မှု သက်သက်ဖြင့် ဝမ်ချောင်ဆီသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်လာခဲ့သည်။

ထိုသူက လက်စွမ်းပြလိုက်သည့် အချိန်မှာပင် အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဖြတ် ဖြတ် ဖြတ် ခနဲ အသံများနှင့်အတူ တပြိုင်နက်တည်း လိုလိုပင် အခြားသော အရပ်မျက်နှာများမှ တူညီသော ဝတ်စုံကို ဝတ်ဆင်ထားသည့် နောက်ထပ် မျက်နှာဖုံးစွပ် လူလေးဦးက လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် အခြားသော ပုန်းအောင်းနေသည့် နေရာလေးခုမှနေ၍ လေထဲသို့ ထိုးဖောက် ထွက်ပေါ်လာကြသည်။

လူငါးဦးက အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြပြီး အားလုံးမှာ ဓားနှင့်အတူတကွ ဖြစ်နေကြကာ အမြန်နှုန်းမှာ လျင်မြန်လှသည်။ ထို့အပြင် လူငါးဦး၏ ဓားကွက်များမှာ အလွန်တရာ အဆိပ်ပြင်းကာ အကွက်တိုင်းက အသက်အန္တရာယ်ကို ပေးနိုင်ပြီး နေရာလွတ် ချန်ထားခဲ့ခြင်း မရှိပေ။

“သေချင်နေတာပဲ”

ဝမ်ချောင်၏ မျက်နှာအမူအရာက အေးစက်သွားပြီး၊ အလောင်းများ တောင်လိုပုံကာ သွေးများ ပင်လယ်လို စီးဆင်းနေသည့် အသက်နှင့် သေခြင်းတရားကြားမှ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးရာ ဤအဆင့်ရှိ တိုက်ပွဲမျိုးကို သဘာဝကျစွာပင် သူက ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ဝမ်ချောင်အာရုံစိုက်ဆုံးအရာမှာ ဤလူအနည်းငယ်၏ ဇစ်မြစ်ပင် ဖြစ်သည်။

တစ်ဖက်လူက သူ ချထားသော ကာကွယ်ရေးများကို ထိုးဖောက်နိုင်ခဲ့ရာ လုံးဝသာမန်လူများ မဟုတ်နိုင်ပေ။

“ဝုန်း”

ဝမ်ချောင်က လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်သော်လည်း နောက်တစ်ခဏတွင် သူ လုံးဝမျှော်လင့်မထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဝုန်းခနဲ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပြီး၊ မူလက ဝမ်ချောင်သည် ဤလူအနည်းငယ်ကို ဖမ်းဆီးကာ သူတို့ကို ဒဏ်ရာရရုံသာ ပြုလုပ်မည် ဖြစ်သည်။

သို့သော် ဤတစ်ချက် တိုက်ခိုက်မှုတွင် ဝမ်ချောင်သည် စွမ်းအင်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ၊ ဝမ်ချောင်နှင့် ပေအနည်းငယ်ခန့် ကွာဝေးသော နေရာမှာပင် ထိုမျက်နှာဖုံးစွပ် လူအနည်းငယ်မှာ စုတ်ပြဲနေသော အဝတ်အိတ်များကဲ့သို့ လေထဲတွင် ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားခဲ့ပြီး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း အပိုင်းအစများက အရပ်လေးမျက်နှာ ရှစ်မျက်နှာသို့ လွင့်စင်သွားခဲ့သည်။

လူငါးဦး၏ခန္ဓာကိုယ်ထဲရှိ သွေးများကလည်း ရေတံခွန်တစ်ခုအလား ဝမ်ချောင်၏ ခေါင်းနှင့် မျက်နှာ တစ်ပြင်လုံးသို့ ပန်းထွက်လာခဲ့သည်။

ခဏအကြာတွင် ဝမ်ချောင်သည် မျက်စိရှေ့ရှိ ကမ္ဘာကြီး တစ်ခုလုံး အလွန်အမင်း နီရဲနေသည်ကိုသာ ခံစားလိုက်ရပြီး၊ ပျစ်ချွဲနေသော သွေးတစ်လွှာဖြင့် ပက်ဖြန်းခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ ချက်ချင်းပင် လူတစ်ကိုယ်လုံး အံ့သြမှင်သက်သွားခဲ့သည်။

ပို၍ကြောက်စရာကောင်းသည်မှာ ဤ ပျစ်ချွဲနေသော သွေးများက ခန္ဓာကိုယ်ပေါ်သို့ ပက်ဖြန်းခံလိုက်ရချိန်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာခဲ့ပြီး၊ နှာခေါင်းထဲသို့ ဝင်ရောက်လာသော ပြင်းထန်လှသည့် သွေးရနံ့ကို ရှူရှိုက်လိုက်ရသောအခါ ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲတွင် အမြဲတမ်း အပြင်းအထန် ဖိနှိပ်ထားခဲ့ရသော သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါမှာ လှောင်အိမ်ထဲမှ ထွက်လာသော သားရဲကြီး တစ်ကောင်ကဲ့သို့ ချက်ချင်း ဖြစ်သွားကာ ထပ်မံ၍ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ပေ။

ဝမ်ချောင်က ခေါင်းကို မော့လိုက်ရာ ကောင်းကင်ယံရှိ နေမင်းကြီးပင်လျှင် သွေးကဲ့သို့ နီရဲနေခဲ့ပြီး၊ ထို့အပြင် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲရှိ ရူးသွပ်သော သွေးများနှင့် အနည်းငယ် တုံ့ပြန်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း အဆုံးအစမရှိသော သွေးရောင် အလင်းတန်းများက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့ပြီး အနောက်တောင်စစ်ပွဲ၊ တာ့လာစ် စစ်ပွဲ၊ ခိုရာစန်း စစ်ပွဲ၊ အနောက်မြောက်စစ်ပွဲ၊ ယိုကျိုးစစ်ပွဲ......၊ ဝမ်ချောင်ဤဘဝတွင် ဖြတ်သန်းခဲ့ဖူးသော ကြီးငယ်မဟူ စစ်ပွဲများ အားလုံးက ရင်ထဲတွင် ပေါ်လာခဲ့သည်။

ထိုအတိတ်က စစ်မြေပြင် မြင်ကွင်းများ၊ အသူရာ ငရဲဘုံကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများက အဆက်မပြတ် ဝင်ရောက်လာကာ ဦးနှောက်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

******

All Chapters