အခန်း ၂၂၈၇
Vol. 142 Ch. 2287
အခန်း ၂၂၈၇ ဆင်းဒု ဘုန်းတော်ကြီး၏ အသံလွှင့် ဆက်သွယ်မှု
အချိန်များက အလွန်လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်နှင့် ရွှီချီချင်တို့၏ မင်္ဂလာပွဲအတွက် တစ်လခန့်သာ လိုတော့သည်။
နံနက်ခင်းအချိန် မျိုးနွယ်ခြားဘုရင်စံအိမ်တော်၏ခန်းမဆောင်ကြီး အတွင်းတွင် ဖြစ်သည်။
ဝမ်ချောင်သည် ခြေပိုက်ဆုံထိုင်ကာ တရားထိုင်နေပြီး မှောင်မိုက်နေသော ခန်းမဆောင်ကြီး အတွင်းတွင် တည်ငြိမ်စွာ အာရုံစူးစိုက်ထားကာ အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိပေ။
သူ၏ခေါင်းအထက် ခြောက်ပေ၊ ခုနစ်ပေခန့် အကွာရှိ နေရာတွင် အလင်းစက်ဝန်း တစ်ခုက နေမင်းကြီးအလား အလင်းရောင်များ တောက်ပစွာ ထုတ်လွှင့်နေပြီး လေဟာပြင်ကို လင်းထိန်စေကာ ထိုအလင်းစက်ဝန်းမှတစ်ဆင့် ကြီးမားကျယ်ပြန့်လှသော အဆင့်မြင့် နေရာလွတ် စွမ်းအင် လှိုင်းလုံးများက အရပ်လေးမျက်နှာ ရှစ်မျက်နှာသို့ ဖြာထွက်နေခဲ့သည်။
ထိုအလင်းစက်ဝန်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တစ်ပုံစံတည်း တူညီသော်လည်း အငွေ့အသက် အနည်းငယ်မျှ ကွဲပြားနေသော နောက်ထပ် ဝမ်ချောင်နှစ်ဦးက လေထဲတွင် တပြိုင်နက်တည်း မျောလွင့်နေကာ မျက်လုံးများကို မှိတ်၍ ကျင့်ကြံအားထုတ်နေကြသည်။
ထိုက်ရှီ ချန်ရစ်ထားခဲ့သော အလင်းသရဖူ နတ်လက်နက်ကို အသုံးပြု၍ ကျင့်ကြံခြင်းက သာမန် နည်းလမ်းများထက် အဆင့်မြင့် အချိန်နှင့် နေရာလွတ် စွမ်းအင်များကို ဆယ်ဆခန့် ပိုမိုစုပ်ယူနိုင်ကြောင်းမှာ ဝမ်ချောင် မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အချိန်က နီးကပ်လာပြီဖြစ်ရာ ဝမ်ချောင်သည် ဤနည်းလမ်းကို အသုံးပြု၍ သူ၏ရှန်ထိုက် ကိုယ်ပွားများကို အစွမ်းကုန် လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။
အစောပိုင်းက ထိုကြီးမြတ်သော ရှန်ထိုက်သုံးခု၏ စွမ်းအားများကြောင့်သာလျှင် ဝမ်ချောင်၏ မူလခန္ဓာကိုယ်က အကန့်အသတ်များကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီး ဂူကောင်းကင်အဆင့်သို့ ကြိုတင်ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ကာ ထိုက်ရှီကို ရင်ဆိုင်နိုင်မည့် အရင်းအနှီးကို ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ဝမ်ချောင်၏စွမ်းအားက အလွန်အမင်း တိုးတက်လာခဲ့ပြီဖြစ်ပြီး တပြိုင်နက်တည်းမှာပင် ဂူကောင်းကင်အဆင့်၏ စည်းမျဉ်းများနှင့် အချက်အလက်များစွာကိုလည်း ရရှိထားပြီဖြစ်ရာ သူ၏ကြီးမြတ်သော ရှန်ထိုက်သုံးခုကို တစ်ဖန် ပြန်လည် ပံ့ပိုးပေးနိုင်ပြီ ဖြစ်သည်။
ဆရာဖြစ်သူ မိစ္ဆာ ဧကရာဇ် အဘိုးအိုနှင့် ဝူရှန်း ရွာသူကြီးတို့နှင့် နှိုင်းယှဉ်ပါက၊ ကြီးမြတ်သော ရှေးဟောင်း ရှန်ထိုက် သုံးခုမှာ ထူးခြားသော မွေးရာပါ စွမ်းရည်များရှိနေပြီး မိမိနှင့်တစ်သားတည်း ဖြစ်နေခြင်းတို့ကြောင့် အဆင့်များကို မြှင့်တင်ရန် ပိုမိုလွယ်ကူနေခဲ့သည်။
အကယ်၍ သူ၏ကြီးမြတ်သော ရှန်ထိုက် သုံးခုစလုံးကို ဂူကောင်းကင်အဆင့်သို့ မြှင့်တင်နိုင်မည်ဆိုပါက၊ ဝမ်ချောင်အတွက်သာမက မဟာထန် တစ်ခုလုံးအတွက်ပါ အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ဂူကောင်းကင်အဆင့်ရှိ သိုင်းပညာရှင် လေးဦးကို ပိုင်ဆိုင်ထားပြီး အခြားသော ထိပ်တန်း သိုင်းပညာရှင်များကိုပါ ပေါင်းထည့်လိုက်မည်ဆိုပါက၊ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းမှ အခြားသော ထိပ်တန်း ထိုက်အဆင့်ရှိ သိုင်းပညာရှင်များ တပြိုင်နက်တည်း ပေါ်လာလျှင်တောင်မှ ဝမ်ချောင်အနေဖြင့် အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။
ထို့အပြင် ‘ထျန်း’ ကို ရင်ဆိုင်ရချိန်တွင်လည်း ဝမ်ချောင်၌ နောက်ထပ် စွမ်းအားနှင့် သေချာမှု တစ်ခု ထပ်တိုးလာမည် ဖြစ်သည်။
ဤသည်မှာ ဝမ်ချောင်ဤကာလအတွင်း တွေးတောခဲ့သော ‘ထျန်း’ ကို ရင်ဆိုင်ရန် အတိုက်ရိုက်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။
“ဝုန်း”
အချိန်ခဏလေးအတွင်းမှာပင်၊ လေထဲတွင် မျောလွင့်နေသော အလင်းသရဖူ နတ်လက်နက်က ရုတ်တရက် အဆများစွာ ကြီးမားလာခဲ့ပြီး၊ တပြိုင်နက်တည်းမှာပင် ကြီးမားကျယ်ပြန့်လှသော နောက်ထပ် စွမ်းအင်လှိုင်းလုံးတစ်ခုက ရေတံခွန်တစ်ခုအလား အလင်းသရဖူ နတ်လက်နက်၏အတွင်းပိုင်းမှ လျှံကျလာကာ ဝမ်ချောင်နှင့်လေထဲတွင် ရှိနေသော ကြီးမြတ်သော ရှန်ထိုက်နှစ်ခု အပေါ်သို့ ပန်းကျလာခဲ့သည်။
ထိုကြီးမားကျယ်ပြန့်လှသော စွမ်းအင်များ ပန်းကျလာချိန်မှာပင် ခေါင်းမော့ကြည့်လိုက်ရာ၊ အလင်းသရဖူ နတ်လက်နက်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာတွင် ရင်းနှီးနေသော လူရိပ်တစ်ခုက လျှပ်တစ်ပြက် မြန်ဆန်စွာ ဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသော်လည်း မျက်တောင်တစ်ခတ်မျှသာ ကြာလိုက်ပြီး ပျောက်ကွယ်သွားခဲ့သည်။
၎င်းမှာ ဝမ်ချောင်၏ ကမ္ဘာမြေ ကိုယ်ပွားပင် ဖြစ်သည်
အလင်းသရဖူ နတ်လက်နက်၏ အတွင်းပိုင်းသည် သီးခြားစနစ်တစ်ခု အဖြစ် တည်ရှိနေပြီး ၎င်းကိုယ်တိုင်က သီးခြား နေရာလွတ် တစ်ခုဖြစ်ကြောင်းကို ဝမ်ချောင် အစောကြီးကတည်းက တွေ့ရှိခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဝမ်ချောင်သည် ကမ္ဘာမြေ ရှန်ထိုက်ကို အလင်းသရဖူ နတ်လက်နက်၏ အနက်ရှိုင်းဆုံး နေရာတွင် ထားရှိကာ အလယ်ဗဟိုမှ ပေါင်းစပ်ညှိနှိုင်းရန် အသုံးပြုခဲ့ပြီး၊ ကမ္ဘာမြေ ရှန်ထိုက်၏စွမ်းအားကို ငှားရမ်းကာ ဝမ်ချောင်သည် အလင်းသရဖူ နတ်လက်နက် ၏ အစွမ်းအာနိသင်ကို နှစ်ဆတိုးစေပြီး အချိန်နှင့် နေရာလွတ်၏ အနက်ရှိုင်းဆုံး နေရာများမှ ပိုမိုများပြားသော အဆင့်မြင့် စကြာဝဠာ အချိန်နှင့် နေရာလွတ် စွမ်းအင်များကို စုပ်ယူနိုင်ခဲ့သည်။
ဤနည်းလမ်းဖြင့် ကျင့်ကြံခြင်းက ဝမ်ချောင်၏တိုးတက်မှု အမြန်နှုန်းကို မည်သူကမျှ ယှဉ်ပြိုင်၍ မရနိုင်အောင် ဖြစ်စေခဲ့သည်။
အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီး အဆင့်မြင့် အချိန်နှင့် နေရာလွတ် စွမ်းအင် လှိုင်းလုံးများက ဒီရေအလား စည်းချက်ကျကျ အဆက်မပြတ် ပန်းကျလာကာ၊ ဤကြီးမားကျယ်ပြန့်လှသော စွမ်းအင်များ၏ လောင်းသွန်းမှုအောက်တွင် ဝမ်ချောင်၏ ကြီးမြတ်သော ရှန်ထိုက်အချို့၏အငွေ့အသက်များက အဆက်မပြတ် တိုးတက်လာပြီး စွမ်းအားများကလည်း ပိုမိုကြီးမားလာကာ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင်ပင် အချိန်နှင့် နေရာလွတ် တုန်ခါမှု ဂယက်လေးများ တိတ်တဆိတ် ပေါ်ထွက်လာသည်အထိ ဖြစ်လာခဲ့သည်။
အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိရှိရပေ။
“ဟူး”
ဝမ်ချောင်က သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး စိတ်အာရုံ၏ အနက်ရှိုင်းဆုံး နေရာမှ ပင်ပန်းနွမ်းနယ်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရကာ ချက်ချင်းပင် ကျင့်စဉ်များကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
များပြားလှသော သိုင်းပညာရှင်များ၏ စိတ်ကူးနှင့် မတူညီသည်မှာ စကြာဝဠာ စွမ်းအင်က အဆင့်မြင့်လေလေ စိတ်အာရုံ၊ စိတ်ဆန္ဒနှင့် ကိုယ်ကာယခွန်အားတို့ကို ပို၍စားသုံးလေလေဖြစ်ပြီး မအိပ်မနားဘဲ အဆက်မပြတ် ကျင့်ကြံနေနိုင်မည်တော့ မဟုတ်ပေ။
ဝမ်ချောင်သည် ထိုက်ရှီ၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်ရှုဖူးရာ၊ ထိုက်ရှီကဲ့သို့သော ရှေးဟောင်း သိုင်းပညာရှင်ပင်လျှင် ဤမျှ ပြင်းထန်သော ကျင့်ကြံခြင်းမျိုးကို တစ်နေ့လျှင် သုံးရှီချန်ထက်ပို၍ လုပ်ဆောင်လေ့မရှိပေ။ သို့သော် ဝမ်ချောင်သည် ယခုအခါ လေး၊ငါး ရှီချန်ခန့် ဆက်တိုက် လုပ်ဆောင်နေနိုင်ပြီဖြစ်ရာ၊ ဂူကောင်းကင်အဆင့်ရှိ သိုင်းပညာရှင်များကြားတွင်ပင် ဤသည်မှာ အလွန် ရှားပါးလှပေသည်။
အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် ဖြူဖွေးသော နေမင်းကြီးအတွင်းမှ တောက်ပလှသော ထိုအလင်းသရဖူ နတ်လက်နက်သည် လျင်မြန်စွာ မှေးမှိန်သွားကာ၊ နောက်ဆုံးတွင် အလင်းကွင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲမှ တိုက်ရိုက် ကျဆင်းလာကာ ဝမ်ချောင်၏ ခေါင်းနောက်ဘက်သို့ ကပ်တွယ်သွားခဲ့သည်။
ဝမ်ချောင်၏ ကြီးမြတ်သော ရှန်ထိုက်နှစ်ခုကလည်း ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ဝမ်ချောင်၏ အလင်းသရဖူ နတ်လက်နက်ထဲသို့ တိုးဝင်သွားကာ ပျောက်ကွယ်သွားခဲ့သည်။
ခန်းမဆောင်ကြီး တစ်ခုလုံးက လျင်မြန်စွာပင် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
“ရွှီမိသားစုဆီ သွားသင့်ပြီ”
ဝမ်ချောင်က မြေပြင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။
သူတို့နှစ်ဦး၏ မင်္ဂလာရက်က နီးကပ်လာပြီဖြစ်ရာ အသေးစိတ် ကိစ္စရပ်များကို နှစ်ဖက် လူကြီးမိဘများနှင့် နန်းတွင်းဘက်မှ ဝင်ရောက် ဦးစီးလုပ်ဆောင်ပေးနေသော်လည်း၊ အချို့သော ကိစ္စရပ်များတွင်မူ သူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာရန် လိုအပ်နေဆဲ ဖြစ်သည်။
ထို့အပြင်……ချီချင်ကိုလည်း သွားတွေ့သင့်ပြီလေ။
ဝမ်ချောင်၏ စိတ်ထဲတွင် ဤအတွေး ရုတ်တရက် ဝင်ရောက်လာချိန်မှာပင် ခန်းမဆောင် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်ခွာတော့မည့်အချိန်တွင် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
“ဝုန်း”
အနည်းငယ်မျှ လက္ခဏာပြခြင်း မရှိဘဲ မြေကြီးများ တုန်ခါသွားပြီး၊ တပြိုင်နက်တည်းမှာပင် ရင်းနှီးနေသော အသံတစ်သံက ခန်းမဆောင်ကြီး အတွင်းတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဆင်းဒုမှာ အပြောင်းအလဲတွေ ဖြစ်နေပြီ၊ မျိုးနွယ်ခြားဘုရင်အမြန်ဆုံး ဟိုက်ဒရာဘတ်ကို လာခဲ့ပါ”
ထိုအသံမှာ အလွန်တရာ ကျယ်လောင်နေသော်လည်း မည်သို့မျှ ဖုံးကွယ်၍မရနိုင်သော အားနည်းမှုနှင့် အရေးတကြီး ဖြစ်နေမှုမျိုးကို ဖော်ပြနေခဲ့သည်။
ဆင်းဒု ဘုန်းတော်ကြီး။
ဝမ်ချောင်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် မှတ်မိသွားကာ မျက်နှာအမူအရာ အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။
ဝမ်ချောင်သည် သူနှင့် ထိတွေ့ဆက်ဆံမှု သိပ်မများခဲ့သော်လည်း တစ်ဖက်လူက ဝမ်ချောင်၏ဦးနှောက်ထဲတွင် အလွန်နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားခဲ့နိုင်သူ ဖြစ်သည်။
ဝမ်ချောင်အနေဖြင့် လက်ရှိ ကမ္ဘာကျော်နေသော ဝူရှန်း သံချပ်ကာ မြင်းတပ်ကို တည်ထောင်နိုင်ခဲ့ခြင်း၏ အဓိက အချက်မှာ ဤဆင်းဒုဘုန်းတော်ကြီး အပေါ်တွင် မူတည်နေခဲ့ခြင်း ဖြစ်သည်။
ဝုစ် သံမဏိ လက်နက်များ အားလုံးမှာ ဟိုက်ဒရာဘတ် သတ္တုရိုင်းများမှ ထွက်ရှိလာခြင်း ဖြစ်သည်။
သို့သော် သေချာ ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် ဝမ်ချောင်နှင့် ဤဘုန်းတော်ကြီးတို့ကြားတွင် မတွေ့ရသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပြီး တိတိကျကျ ပြောရမည်ဆိုလျှင် ဝမ်ချောင်သည် ဤဆင်းဒု ဘုန်းတော်ကြီး၏ မျက်နှာအစစ်အမှန်ကိုပင် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဤအချိန် ဤအခိုက်အတန့်တွင် တစ်ဖက်လူ၏အသံကို ကြားရလိမ့်မည်ဟု ဝမ်ချောင်မည်သို့မျှ တွေးထင်မထားခဲ့သလို တစ်ဖက်လူ၏ အသံမှာလည်း အလွန်အမင်း အရေးတကြီး ဖြစ်နေခဲ့သည်။
ဝမ်ချောင်သည် တစ်ခုခုကို ရုတ်တရက် သတိရသွားကာ ရင်ဘတ်ထဲမှ ဆင်းဒု ဘုန်းတော်ကြီး ပေးထားခဲ့သော လေးထောင့်ပုံစံ သံဘူးလေးကို အမြန်ထုတ်ယူလိုက်ရာ ထင်သည့်အတိုင်းပင် ဆင်းဒုဘုန်းတော်ကြီး၏ ရင်းနှီးနေသော အသံက သံဘူးလေးထဲမှ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ဘုန်းကြီးအိုကြီးမှာ နေရမဲ့ အချိန် သိပ်မရှိတော့ဘူး၊ ဒါပေမဲ့ အရှင့်ကို မျက်နှာချင်းဆိုင် ပြောပြရမဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေတယ်။ ‘ထျန်း’ နဲ့ ပတ်သက်တာပဲ”
ဤနေရာသို့ ရောက်သောအခါ သံဘူးလေးထဲမှ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး တပြိုင်နက်တည်းမှာပင် ဘန်းခနဲ အသံနှင့်အတူ ဝမ်ချောင်၏ လက်ထဲရှိ သံဘူးလေးမှာ သဲများနှင့် တည်ဆောက်ထားသော ခံတပ်တစ်ခုအလား ဝမ်ချောင်၏ မျက်စိရှေ့မှာပင် အတွင်းမှ အပြင်သို့ ပြင်းထန်စွာ ပေါက်ကွဲကွဲအက်သွားကာ အနုစိတ်ဆုံး အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
ဝမ်ချောင်သည် လက်ထဲရှိ ဤသတ္တုအမှုန့်ပုံလေးကို ကြည့်ကာ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရုတ်တရက် ထကြွလာခဲ့သည်။
နေရမဲ့ အချိန် သိပ်မရှိတော့ဘူး။
နေရမဲ့ အချိန် သိပ်မရှိတော့ဘူး ဆိုတာ ဘာကိုဆိုလိုတာလဲ။
ဆင်းဒုမှာ တကယ်တော့ ဘာတွေဖြစ်နေတာလဲ။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ ရင်ထဲ၌ ပြင်းထန်သော စိုးရိမ်ပူပန်မှု တစ်မျိုး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အချိန်အတော်ကြာကတည်းက၊ ဝမ်ချောင်၏ အာရုံစိုက်မှုများ အားလုံးသည် အလယ်ပိုင်းဒေသအပေါ်တွင်သာ ရှိနေခဲ့ပြီး အခြားသော နေရာများနှင့် ပတ်သက်၍မူ များများစားစား အာရုံစိုက်ခဲ့ခြင်း လုံးဝမရှိခဲ့ရာ ဤကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု သူ မည်သို့မျှ တွေးထင်မထားခဲ့ပေ။
ဆင်းဒုဟိုက်ဒရာဘတ်၏ သတ္တုရိုင်းများသည် မဟာထန်နှင့် အလွန်နက်ရှိုင်းစွာ ဆက်စပ်နေပြီး ဝမ်ချောင်၏ အနာဂတ် အစီအစဉ်များနှင့်လည်း တိုက်ရိုက် သက်ဆိုင်နေကာ ထိုမျှမက ဆင်းဒုဘုန်းတော်ကြီး၏ နောက်ဆုံး အသံလွှင့် ဆက်သွယ်မှုတွင် ‘ထျန်း’ အကြောင်းကိုပါ ထည့်သွင်း ပြောဆိုသွားခဲ့သေးသည်။
ဝမ်ချောင်သည် ဆင်းဒု ဘုန်းတော်ကြီးနှင့် တစ်ကြိမ်သာ ထိတွေ့ဆက်ဆံဖူးခဲ့သော်လည်း ဆင်းဒု ဘုန်းတော်ကြီး က ‘ထျန်း’ နှင့် ဆက်စပ်မှု တစ်ခုခု ရှိနေမည်ဟု မည်သည့်အခါကမျှ မတွေးထင်ခဲ့ဖူးသလို ဆင်းဒု ဘုန်းတော်ကြီး၏ ထိုစကားက တကယ်တော့ ဘာကိုဆိုလိုခြင်း ဖြစ်သနည်း။
အချိန်ခဏလေးအတွင်းမှာပင်၊ ဝမ်ချောင်သည် ထိုနေရာတွင် မှင်သက်စွာ ရပ်နေမိပြီး ဦးနှောက်ထဲတွင် အတွေးများ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားကာ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။
ဤအရာအားလုံးက အရမ်း ရုတ်တရက် ဆန်လွန်းနေပြီး သူ စဉ်းစားတွေးတောရန် အချိန်လိုနေသည်။
“ဘန်း”
ခဏအကြာတွင် တစ်ခုခုကို တွေးမိသွားပုံရကာ ဝမ်ချောင်၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ရှားသွားပြီး လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲကာ ခန်းမဆောင်ကြီး အတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားပြီး အပြင်ဘက်သို့ ပျောက်ကွယ်သွားတော့သည်။
……
မြို့တော်၊ ရွှီစံအိမ်တော်။
မင်းဆက်ပေါင်းများစွာကို ဖြတ်သန်းတည်တံ့လာခဲ့သော အချိန်ကြာမြင့်ပြီဖြစ်သည့် ရှေးဟောင်း မိသားစုကြီးတစ်ခု အနေဖြင့် အလွန် ထင်ရှားကျော်ကြားသော အချိန်များစွာ ရှိခဲ့ဖူးသော်လည်း ယခုအချိန်မှာမူ ရွှီမိသားစုအတွက် ဂုဏ်အယူရဆုံးနှင့် အာရုံစိုက်ခံရဆုံး အချိန်အခါ တစ်ခု အတိအကျ ဖြစ်နေပေသည်။
တောင်ဘက်မြောက်ဘက် စစ်ချီတိုက်ခိုက်ပြီး တိုက်ပွဲတိုင်းကို အနိုင်ယူကာ ပြိုင်ဘက်ကင်း အောင်မြင်မှုများ ရရှိထားသော အမြင့်မြတ်ဆုံး စစ်ရေးနတ်ဘုရားဖြစ်သူ၊ လက်ရှိ ကုန်းမြေဒေသတစ်ခုလုံးတွင် အင်အားအကြီးမားဆုံးသော မဟာထန်ကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးတည်ဆောက်ခဲ့သူ မျိုးနွယ်ခြားဘုရင်က ရွှီမိသားစုအပေါ် စိတ်ဝင်စားသွားကာ ရွှီမိသားစု၏ သမီးကြီးကို လက်ထပ်တော့မည်ဆိုသည်မှာ မည်သူကမျှ တွေးထင်မထားခဲ့သော ကိစ္စရပ်တစ်ခု ပင်ဖြစ်သည်။
မြို့တော်အတွင်း၌ မည်မျှ မျာပြားသော ချမ်းသာကြွယ်ဝသည့် မိသားစုကြီးများက ဤကိစ္စအတွက် အားကျနေကြမည်ကို မသိရှိနိုင်ပေ။
ဤသည်မှာ အလွန်တရာ မြင့်မားလှသော ဂုဏ်ကျက်သရေ တစ်ခုဖြစ်သည်။
ရှေးခေတ်မှ ယနေ့တိုင်အောင် မင်းဆက်အဆက်ဆက်တွင် မရေမတွက်နိုင်သော သူရဲကောင်း ယောက်ျားကောင်းများ ရှိခဲ့ဖူးသော်လည်း ထိုသူရဲကောင်း ယောက်ျားကောင်းများ အားလုံးမှာ မဟာထန်၏ မျိုးနွယ်ခြားဘုရင်ရှေ့တွင် အရောင်မှိန်သွားရန် သတ်မှတ်ခံထားရပြီးဖြစ်ကာ ဝမ်မိသားစုနှင့် ရွှီမိသားစုတို့ ထိမ်းမြားလက်ထပ်ကြခြင်းကြောင့် သဘာဝကျစွာပင် ရွှီမိသားစုမှာလည်း ဂုဏ်သတင်း ကျော်စောလာပြီး အတူတကွ တိုးတက်ကြီးပွားလာမည် ဖြစ်သည်။
လက်ရှိရွှီမိသားစုတွင် မီးပုံးများချိတ်ဆွဲကာ အလှဆင်ထားပြီး ပျော်ရွှင်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ စည်ကားသိုက်မြိုက်မှု အဆင့်မှာ ဝမ်မိသားစုထက် အနည်းငယ်မျှပင် လျော့နည်းခြင်း မရှိပေ။
သို့သော် ဤသို့ဖြစ်လင့်ကစား ဤအချိန် ဤအခိုက်အတန့်တွင် ရွှီမိသားစု၏ နောက်ဘက်ခြံဝင်းမှာမူ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေပြီး အစေခံမိန်းကလေးများနှင့် အစေခံများ အားလုံးကို စောစီးစွာကပင် အဝေးသို့ ဖယ်ရှားထားကာ ရွှီမိသားစု၏ အိမ်ထောင်ဦးစီးပင်လျှင် အကြောင်းပြချက် တစ်ခုခုရှာ၍ စံအိမ်တော် အတွင်းမှ စောစီးစွာ ထွက်ခွာသွားခဲ့သည်။
ဤအရာအားလုံးမှာ ရွှီမိသားစု၏ သမက်လောင်းလေးက ရွှီစံအိမ်တော် အတွင်းသို့ ယခုလေးတင် ဝင်ရောက်လာခဲ့သောကြောင့်ပင် ဖြစ်သည်။
ဤအချိန် အခိုက်အတန့်တွင် ရွှီချီချင်၏ အိပ်ခန်းလေး အတွင်းတွင် သေသပ်လှပသော ခရမ်းရောင် သဲလက်ဖက်ရည်အိုး တစ်လုံးက လေထဲတွင် တွဲလောင်းရှိနေသည်။ လက်ဖက်ရည်အိုး နှုတ်ခမ်းဝမှ လက်ဖက်ရည်များ စီးကျလာကာ အောက်ဘက်ရှိ သေသပ်လှပသော လက်ဖက်ရည်ခွက် တစ်ခွက်အတွင်းသို့ စီးဝင်သွားပြီး တသွင်သွင် စီးဆင်းနေသော ရေစီးသံများ ထွက်ပေါ်နေကာ၊ မွှေးပျံ့သော လက်ဖက်ရည်နံ့ သင်းသင်းလေးက ရင်ထဲသို့ ဝင်ရောက်လာပြီး အခန်းတစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့သည်။
“ရှင် ဆင်းဒုကို တစ်ခေါက်လောက် သွားချင်နေတယ် မဟုတ်လား”
ဝမ်ချောင်၏ ပြောပြချက်များကို နားထောင်ပြီးနောက် ရွှီချီချင်က မေးမြန်းလိုက်သည်။
သူမ၏ခန္ဓာကိုယ် အချိုးအစားမှာ လှပပြီး ယဉ်ကျေးသိမ်မွေ့ကာ ဝမ်ချောင်၏ မှတ်ဉာဏ်ထဲရှိ နတ်သမီးလေး တစ်ပါးကဲ့သို့ပင် မြင်သူတိုင်းကို ချက်ချင်း စွဲလမ်းသွားစေနိုင်သည်။
“ဒီဟာက…… ငါ လောလောဆယ် မဆုံးဖြတ်ရသေးဘူး”
ဝမ်ချောင်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စကားပြောလိုက်သည်။
“တကယ်တော့ ချောင်အာ ကျွန်မအတွက် စိုးရိမ်နေစရာ မလိုပါဘူး”
ရွှီချီချင်က ပြုံးလိုက်ပြီး ဝမ်ချောင်၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို သိရှိနေပုံ ရသည်။
သူတို့နှစ်ဦး၏ မင်္ဂလာရက်က နီးကပ်လာပြီဖြစ်ရာ ဝမ်ချောင်က သူမ၏ သဘောထားကို ထည့်သွင်းစဉ်းစားနေခြင်းမှာ သိသာထင်ရှားလှပြီး ထို့ကြောင့် အချိန်အတော်ကြာသည်အထိ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေခြင်း ဖြစ်သည်။
“ဟိုက်ဒရာဘတ်က မဟာထန်အတွက် အရေးပါတဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်၊ ဒါ့အပြင် ဆင်းဒုက လက်ရှိအချိန်အထိ ကတိသစ္စာနယ်မြေအတွက် လူအင်အားတွေ ထောက်ပံ့ပေးနေဆဲပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ချောင်အာ တစ်ခေါက်လောက်တော့ သွားသင့်တယ်”
“ဆင်းဒု ဘုန်းတော်ကြီး အဲဒီနေ့က ဒီ လေးထောင့်ပုံစံ သံဘူးလေးကို ချန်ထားခဲ့တာက အပေါ်ယံကြည့်ရင် ချောင်အာကို ပုန်းအောင်းနေတဲ့ အမည်းရောင်ဝတ်စုံဝတ် လူတွေကို ကာကွယ်နိုင်ဖို့အတွက်လို့ ထင်ရပေမဲ့၊ အခု ပြန်ကြည့်မယ်ဆိုရင်တော့ ဘုန်းတော်ကြီးက ဒီနေ့ ဒီအချိန်မျိုး ရောက်လာမယ်ဆိုတာကို အစောကြီးကတည်းက ကြိုတင် တွေးမိထားခဲ့လို့ အခုလိုမျိုး အထူးတလည် စီစဉ်ထားခဲ့တာ ဖြစ်နိုင်တယ်”
“ဒီအချက်ကနေ ကြည့်မယ်ဆိုရင်၊ ဘုန်းတော်ကြီးနဲ့ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းရဲ့ ဆက်ဆံရေးက ကျွန်မတို့ ထင်ထားတာထက် ပိုပြီး နီးကပ်နေနိုင်သလို သူ သိရှိထားတဲ့ သတင်းအချက်အလက်တွေကလည်း ကျွန်မတို့ရဲ့စိတ်ကူးမှန်းဆနိုင်စွမ်းထက် အများကြီး ပိုများပြားနေနိုင်တယ်”
“‘ထျန်း’ရဲ့ လှုပ်ရှားမှုတွေက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး ခြေရာခံရ ခက်ခဲလွန်းတယ်၊ အခုအချိန်အထိ ချောင်အာဆီမှာ သူ့အကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် နည်းနည်းလေးတောင် မရှိသေးဘူး၊ အခုတော့ ဘုန်းတော်ကြီး က လက်ရှိ ‘ထျန်း’ ရဲ့ လျှို့ဝှက်ချက်တွေကို သိရှိတဲ့ တစ်ဦးတည်းသော လူ ဖြစ်နေလောက်ပြီ”
“ကျွန်မ ထင်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ချောင်အာ ဆင်းဒုကို တစ်ခေါက်လောက် သွားသင့်တယ်”
ရွှီချီချင်က လက်ထဲရှိ ခရမ်းရောင် သဲလက်ဖက်ရည်အိုးကို ချလိုက်ပြီး တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့…… တစ်လပဲ လိုတော့တယ်လေ”
ဝမ်ချောင်က တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
ယခင်ဘဝကို ဖြတ်သန်းခဲ့ဖူးပြီး တစ်ကြိမ် သေဆုံးခဲ့ဖူးကာ အရာများစွာကို ဆုံးရှုံးခဲ့ဖူးသောကြောင့် ယခုလက်ရှိ အနီးအနားရှိ လူများ၏ တန်ဖိုးကို ပို၍နားလည်သဘောပေါက်နေပြီး ဝမ်ချောင်သည် ရွှီချီချင်၏ ဘေးနားတွင် အမြဲတမ်း စောင့်ရှောက်နေကာ အနီးအနားရှိ အရေးကြီးသော လူများနှင့်အတူ အိုမင်းရင့်ရော်သွားသည်အထိ အတူတကွ ရှိနေချင်ခဲ့ရာ ဤသည်မှာ သူ တုံ့ဆိုင်းနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
“ဟင်းဟင်း… ချောင်အာရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အသွားအပြန်က အချိန်အရမ်းကြာမှာ မဟုတ်ပါဘူး၊ ဒါ့အပြင် တကယ်လို့ မသွားဘူးဆိုရင် ရှင့်ရင်ထဲမှာ သေချာပေါက် နောင်တရနေလိမ့်မယ်ဆိုတာကို ကျွန်မ သိတယ်”
ရွှီချီချင်က တိုးညှင်းစွာ ပြောလိုက်သည်။
******