အခန်း ၁၆၆
Vol. 17 Ch. 166
🍄 Chapter 166
ထို့နောက် သူသည် ရွာထဲသို့ ဦးတည်လျှောက်သွားလေ၏။
သူ့အိမ်မှာ ကျိုးရွှယ်ချင်းနှင့် လုကျင်းယွီတို့ကြောင့် ဝက်ခြံတစ်ခုပမာ ဖြစ်နေပြီကို ယန်ကျောက်တစ်ယောကခ မကြာမီ တွေ့ရှိရတော့ပေမည်။
လုတာ့ပေါင်သည် ထိုနေရာတွင် ရပ်နေကာ ရှုံ့မဲ့လျက် ငိုတော့မည့်ဆဲဆဲဖြစ်နေ၏။
ချန်မေ့လန်ကို မြင်သောအခါ သူ ခဏတာ ရပ်တန့်သွား၏။
သူမကို ယခင်က ဘယ်မှာမြင်ဖူးသလဲဆိုသည်ကို ပြန်လည် စဉ်းစားနေပုံရသည်။
ချန်မေ့လန် လှည့်ထွက်သွားပြီး သတ္တုဆိုင်းဘုတ်ကို ဆက်လက်ဖြောင့်တန်းနေအောင် ကြိုးစားနေလိုက်၏။
ရှောင်လန်က သူမ အခက်အခဲ ဖြစ်နေသည်ကို မြင်သောအခါ ကူညီရန် လက်လှမ်းလိုက်၏။
“မေမေ၊ ရှောင်လန်က သန်မာတယ်၊ ရှောင်လန် လုပ်ပါရစေ”
ယခင်ဘဝက သူမ ပြုစုပျိုးထောင်ခဲ့သော ကောင်စုတ်လေးကိုမူ ချန်မေ့လန် ဆက်မကြည့်တော့ချေ။
ထိုဘဝက သူမသည် သူ့ကို ရန်ဖြစ်ခဲ့သည်၊ ဆူပူခဲ့သည်၊ ရိုက်နှက်ခဲ့ပြီး သူ၏အနာဂတ်အတွက် ငိုကြွေးခဲ့ရကာ သူမ၏ နှလုံးသားနှင့် ဝိညာဉ်ကို နှစ်မြှုပ်၍ ပြုစုပျိုးထောင်ခဲ့သည်။
ယွမ်ယွမ်ကို ဂရုစိုက်သကဲ့သို့ သူ့ကိုလည်း ထပ်တူထပ်မျှ ဂရုစိုက်ခဲ့သည်။
ထိုကောင်စုတ်လေးသည် ကြီးပြင်းလာသောအခါ အောင်မြင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်လာပြီး ဘီယာဗိုက်ကြီးဖြင့် သူမကို “မေမေ” ဟု ယွမ်ယွမ်ထက်ပင် ပို၍ ချွဲနွဲ့စွာ အမြဲခေါ်ဆိုလေ့ရှိသည်။
သို့သော် သူမနှင့် လုကျင်းယွီတို့ ကွာရှင်းလုနီးပါးအခြေအနေသို့ ရောက်ရှိလာသောအခါ သူသည် သူမကို ထောက်ခံရန်ဝေးစွ၊ အိတ်ကပ်ထဲ လက်နှိုက်ကာ ပြုံးလျက်ရပ်နေခဲ့ပြီး ပြောဆိုခဲ့သည်။
“မေမေ၊ ဖေဖေ့ရဲ့ စီးပွားရေးက အောင်မြင်နေတာလေ၊ ပြီးတော့ ဖေဖေက အခုထိ ငယ်ရွယ်တုန်းပဲ၊
မေမေ့ကိုယ်မေမေ ပြန်ကြည့်ပါဦး၊ အရေးအကြောင်းတွေနဲ့ မိန်းမအိုကြီး တစ်ယောက်လိုပဲ၊
သားတို့ ငယ်ငယ်တုန်းက မေမေ သားတို့အပေါ် တော်တော် ဆိုးခဲ့တာ၊ သားက အငြိုးမထားဘူးလို့ မေမေ ထင်နေတာလား၊
မေမေ့ ဟင်းချက်လက်ရာ ကောင်းလို့ရယ်၊ မေမေက တကယ်တော့ အမေကောင်း တစ်ယောက်ဖြစ်လို့ရယ်သာ မဟုတ်ရင် ဖေဖေ့ကို မေမေနဲ့ ကွာရှင်းဖို့ သား တိုက်တွန်းနေမိမှာပဲ၊ မေမေက ဘာလို့ ဒီလောက်တောင် ပြဇာတ်ဆန်နေရတာလဲ”
သူ့အမြင်တွင် အမေကောင်းတစ်ယောက် မဟုတ်ဘဲ အိမ်အကူကောင်း တစ်ယောက်သာ ဖြစ်သည်။
အကယ်၍ သူသာ သူမကို မိခင်တစ်ဦးအဖြစ် အမှန်တကယ်မြင်ခဲ့မည်ဆိုပါက လူကြီးများအား ဂရုစိုက်ရန် လိုအပ်ကြောင်း နားလည်သဖြင့် အသက် ခြောက်နှစ် ခုနစ်နှစ် အရွယ်တွင် ကိုယ်ပိုင်အဝတ်အစားများကို လျှော်ဖွတ်ပြီး အိမ်မှုကိစ္စများကို ကူညီပေးတတ်သော ရှောင်ဝမ်ကဲ့သို့ ဖြစ်နေသင့်သည်။
ထိုအချိန်မှစ၍ မေ့လန်သည် ကိုယ်ပိုင်ဘဝဖြင့် နေထိုင်ရန် အိမ်မှထွက်ခွာသွားခဲ့ပြီး တာ့ပေါင်၏မိသားစုအတွက် နောက်ထပ်တစ်ခါမျှ ဟင်းချက်မပေးခဲ့တော့ချေ။
ဤသည်မှာလည်း ကောင်းပေသည်။ ဤဘဝတွင်မူ သူ အငြိုးထားရန် အခွင့်အရေးရတော့မည်မဟုတ်ပေ။
………
ယခုအခါ ယန်ကျောက်သည် တစ်ချိန်က သူ၏အိမ်ဖြစ်ခဲ့သော နေရာတွင် ရပ်နေလေသည်။
နှင်းပွင့်များက သူ့မျက်တောင်များပေါ်သို့ ကျဆင်းလာပြီး လျင်မြန်စွာ အရည်ပျော်သွားကာ သူ၏ မျက်လုံးများကို စိုစွတ်သွားစေသည်။
နှင်းနှင့် ရောနှောနေသော မိုးဖွဲဖွဲလေးက အရာအားလုံးကို ညစ်ပတ်သွားစေသည်။
မီးဖိုချောင်အတွင်းရှိ မီးဖိုပေါ်တွင် ဘယ်အချိန်ကတည်းက ရှိနေမှန်းမသိသော သိုးနေသည့်ထမင်းများ ရှိနေ၏။
ဧည့်ခန်းထဲတွင်မူ ခေါက်ဆွဲခြောက်များ၊ ကြက်ဥကိတ်များနှင့် ချွန်းတူဝက်အူချောင်းများ သေတ္တာလိုက် စုပုံနေသည်။
ကွတ်ကီးအများစုမှာ ဖောက်ထားပြီး အနည်းငယ်သာ စားရသေးကာ ကျန်သည်များကို ကြမ်းပြင်ပေါ်တွင် ပစ်ထားလေသည်။
ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ယန်ကျောက် ထွက်လာကာ ယန်ယုံး၏အိမ်သို့ သွားခဲ့သည်။
ယန်ယုံးသည် ရွာသူကြီးဖြစ်ပြီး ယန်ကျောက်၏အိမ်နီးချင်းလည်း ဖြစ်သည်။
“လုကျင်းယွီနဲ့ ကျိုးရွှယ်ချင်းတို့က အမြဲတမ်း အပြင်ထွက်နေကြပြီး အိမ်မှာ ဘယ်တော့မှ မရှိကြဘူးလေ၊
ကောင်မလေးကိုတော့ မြို့တော်က ဂီတကျောင်းကို ပို့ထားတယ်လို့ ပြောတာပဲ၊ ကောင်လေးကတော့ ယန်ကွမ် မူလတန်းကျောင်းမှာ တက်နေတယ်၊
သူတို့က ကျောင်းအုပ်ကြီးစွင်းကို ပိုက်ဆံပေးထားတော့ ဆရာစွင်းကိုယ်တိုင် သူ့ကို ကျူရှင်ပြပေးနေတာ၊
ကျိုးရွှယ်ချင်းရဲ့ အမေက သူ့အတွက် ဟင်းချက်ပေးပြီး စောင့်ရှောက်ပေးပေမယ့် သူက ဘယ်လိုလူမျိုးလဲဆိုတာ မင်းလည်း သိသားပဲ၊
တစ်နေ့လုံး မာဂျောက်သွားကစားနေတာ၊ ကလေးကို ပိုက်ဆံပေးပြီး သူ့ဘာသာနေခိုင်းထားတာလေ၊
အဲဒီကောင်လေးက ပိုက်ဆံတွေသုံးမကုန်အောင် ရှိနေတော့ ဆယ်ကျော်သက်ကောင်လေးတွေ အားလုံးက သူ့နောက်ပဲ လိုက်နေကြတာ”
ယန်ယုံးက သင့်လျော်သော စကားလုံးများကို ရှာဖွေရန် ကြိုးစားရင်း ပြောလိုက်၏။
“အခြေခံအားဖြင့်တော့ သူက ရွာထဲက အာဏာရှင်လေးတစ်ယောက်ပဲ၊ တကယ့် ပြဿနာကောင်လေးလေ”
ယန်ကျောက်က ဖွင့်ဟလိုက်သည်။
“ကျိုးရွှယ်ချင်း ဒီမှာမရှိတာကို ထားလိုက်ပါတော့၊ လုကျင်းယွီကို ဗုဒ္ဓဟူးနေ့ကျရင် ငါ့အိမ်လာဖို့ အကြောင်းကြားပေးပါ၊ ငါ အိမ်ကို ပြန်ယူတော့မယ်”
ယန်ယုံးမှာ အံ့အားသင့်သွားရသည်။
ဤအိမ်သည် ယန်ကျောက်၏မိခင် နေထိုင်ခဲ့သော အိမ်ဖြစ်သည်။ ယခင်က ဟောင်းနွမ်းပျက်စီးနေသော ခြံဝင်းလေးတစ်ခုသာ ဖြစ်ခဲ့၏။
သူ၏ ဖခင်မှာ အိမ်တွင် အနေနည်းပြီး မြို့ပေါ်တွင် ကြီးပြင်းခဲ့ကြသော အစ်ကိုကြီး နှစ်ယောက်ကလည်း ဤနေရာကို သိပ်ပြီးဂရုမစိုက်ခဲ့ကြချေ။
ယန်ကျောက်သည် စစ်တပ်သို့ ဝင်ရောက်ပြီးနောက် နှစ်စဉ် ခွင့်ရက်များတွင် ဤအိမ်ကို အုတ်တစ်ချပ်ချင်းစီ စီကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယန်ကျောက် မိခင်၏အမည် အပြည့်အစုံမှာ ဆုဝမ် ဖြစ်သည်။
သူမ၏ မိသားစုမှာ ပဉ္စမတပ်ဖွဲ့မှဖြစ်ပြီး စာမဖတ်တတ်၊ မရေးတတ်သော ပညာရေးအားနည်းသည့် သာမန် လယ်သမားအမျိုးသမီးတစ်ဦးဖြစ်သည်။
သို့သော် သူမသည် ထူးကဲစွာ လှပပြီး အလွန် ကြင်နာတတ်ကာ သဘာဝအလျောက် သန့်ရှင်းသပ်ရပ်သူ ဖြစ်သည်။ သူမသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ကရုဏာတရားပြည့်ဝသော နှလုံးသားရှိ၏။
ယဉ်ကျေးမှု တော်လှန်ရေး ကာလအတွင်းတွင် အလုပ်ကြမ်းစခန်းများသို့ ပို့ဆောင်ခြင်း ခံခဲ့ရသော “အမည်းရောင် အမျိုးအစားငါးမျိုး” (အမည်ပျက်စာရင်း) ဝင်သူ များစွာကို သူမ ကယ်တင်ခဲ့ဖူးသည်။
အဘိုးအိုယန်သည် တစ်ချိန်က ရွာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော လူမိုက်တစ်ဦး ဖြစ်ခဲ့သည်။
ယန်ကျောက်၏ မိခင်မှလွဲ၍ သူ့ကို မည်သူကမျှ မထိန်းချုပ်နိုင်ခဲ့ချေ။ သူမကသာ သူ့ကို လယ်ထဲတွင် အလုပ်လုပ်ရန် ခိုင်းစေနိုင်ခဲ့သည်။
အဘွားအို ကွယ်လွန်ချိန်တွင် ယန်ကျောက်မှာ စစ်တပ်ထဲတွင် ရှိနေဆဲဖြစ်ရာ အိမ်မပြန်နိုင်ခဲ့ချေ။
သူ့ဖခင်နှင့် အစ်ကိုများမှာလည်း အလုပ်များနေခဲ့ကြ၏။
ယန်ယုံးနှင့် သူ၏ ညီအစ်ကိုများကသာ နာရေးကိစ္စများကို စီစဉ်ပေးခဲ့ကြသည်။
ယန်ယုံး ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့သည်မှာ…. အဘွားအို ကွယ်လွန်ပြီး သုံးရက်ကြာသည်အထိ သူမ၏ ခန္ဓာကိုယ်မှာ နူးညံ့နေဆဲဖြစ်ပြီး မျက်နှာတွင် အပြုံးတစ်ခုရှိနေကာ သူမ၏ခန္ဓာကိုယ်မှ သင်းပျံ့သော ပန်းရနံ့လေးတစ်ခု ထွက်ပေါ်နေခဲ့သည် ဟူ၍ဖြစ်သည်။
ယန်ဖေးဟန်၏ ရာထူးအခြေအနေကြောင့် လူအများအပြား လာရောက်မည်ကို စိုးရိမ်သဖြင့် နာရေးကို အကျဉ်းချုံး၍သာ ပြုလုပ်ခဲ့ကြသည်။
သို့သော် ဖာမန်ဘုရားကျောင်းမှ ဘုန်းတော်ကြီးတစ်ပါး ကြွရောက်လာခဲ့ပြီး ဗောဓိသတ်က သူ၏ အိပ်မက်ထဲတွင် ကိုယ်ထင်ပြကာ အဘွားအို၏နာရေးကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးရန် မိန့်ကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဘုန်းတော်ကြီးက အဘွားအိုသည် တစ်သက်လုံး ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သဖြင့် ကွယ်လွန်ပြီးနောက် သုခဝတီဘုံသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယန်ကျောက်သည် မိခင်နှင့်အတူ ကြီးပြင်းလာခဲ့ပြီး သူမ၏ လွှမ်းမိုးမှုများကြောင့် အလွန်တရာ ကြင်နာတတ်သောနှလုံးသားကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။