အခန်း ၁၆၈
Vol. 17 Ch. 168
🍄 Chapter 168
သူ ကုတင်ပေါ်မှ ဆင်းသွားသည်ကို ကြည့်ရင်း ချန်မေ့လန် အတွေးထဲတွင်မူ……
‘သောက်ခွေးကောင်ကြီး၊ လက်လှမ်းပြီး ငါ့ကို လာဖက်ထားလိုက်ပါလား၊ ညသန်းခေါင်ကြီးကို၊ အဲဒါက သကြားရေထက် ပိုထိရောက်ပြီး ပိုလည်း ရင်းနှီးမှုရှိတယ်လေ၊ ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေရတာလဲ’
သို့သော် သူက တိတ်တဆိတ် အလုပ်လုပ်ပေးရန်သာ လိုလားနေသဖြင့် ချန်မေ့လန်လည်း လက်ခံလိုက်ရသည်။
အေးခဲသော ဆောင်းရာသီတွင်၊ ဘဝနှစ်ခုလုံး ဖြတ်သန်းပြီးနောက် ဤသည်မှာ အမျိုးသားတစ်ဦးကျိုပေးသော သကြားရေကို ပထမဆုံးအကြိမ် သောက်သုံးရခြင်းဖြစ်သည်။
သူမကိုယ်တိုင် ကျိုစရာမလိုသော သကြားရေမှာ အထူးတလည် ချိုမြိန်နေလေသည်။
သောက်ပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားကာ သက်သောင့်သက်သာဖြင့် အိပ်ပျော်သွားလေသည်။
ထို့အပြင် ဓမ္မတာလာချိန်တွင် သူမ၏အတွင်းခံများကို သူမကိုယ်တိုင်သာ အမြဲလျှော်ဖွတ်လေ့ရှိပြီး အတွင်းခံအတွင်းရှိ အညစ်အကြေးများကို ရေအေးဖြင့် လျှော်မှသာ သန့်စင်သွားမည်ဖြစ်သည်။
ယန်ကျောက်လျှော်လျှင် မသန့်စင်ဘဲ သူမ၏ အတွင်းခံများ ပျက်စီးသွားမည်ကို သူမ အမြဲ စိုးရိမ်ခဲ့သည်။
ထို့ကြောင့် သူမ၏အတွင်းခံများကို အမြဲတမ်း ကိုယ်တိုင်သာ သိမ်းဆည်းပြီး ကိုယ်တိုင်လျှော်ဖွတ်ကာ အခြားမည်သူ့ကိုမျှ ကိုင်တွယ်ခွင့်မပြုခဲ့ချေ။
သို့သော် နောက်နေ့ညနေပိုင်း အိပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ မနေ့ကအတွင်းခံများအား သူ့အဝတ်များနှင့်အတူ လျှော်ဖွတ်ကာ ဘေးချင်းယှဉ်လျက် လှန်းထားသည်ကို သူမ မြင်တွေ့လိုက်ရသည်။
အသစ်စက်စက်နီးပါး သန့်ရှင်းနေလေသည်။
…
ယနေ့တွင် ဆရာဟွမ်နှင့် ယောင်းမဟွမ်တို့ ပြည်နယ်ဆေးရုံသို့ သွားခဲ့ကြလေ၏။
ယခုအခါ ယောင်းမဟွမ်၏ကိုယ်ဝန်မှာ ရှစ်လ ရှိပြီဖြစ်သည်။
အာထရာဆောင်း အဖြေအရ ကလေး၏လည်ပင်းတွင် ချက်ကြိုး ရစ်ပတ်နေသော်လည်း အလွန်ကျန်းမာကြောင်း ဆရာဝန်က ပြောပြခဲ့သည်။
ဆရာဟွမ်တို့ ဇနီးမောင်နှံအတွက် ချန်မေ့လန် တကယ်ကို ဝမ်းသာမိသည်။
ဆရာဟွမ်မှာ ငယ်ရွယ်သေးပြီး မူလတန်းကျောင်းတွင် စာသင်ခြင်းမှလွဲ၍ အခြား မည်သည့်တာဝန်ဝတ္တရားမျှ မရှိချေ။ ကလေး၏အနာဂတ်အတွက် သူမ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်လည်း သူ ကြိုးကြိုးစားစား အလုပ်လုပ်ရပေလိမ့်မည်။
ရွာအဝင်ဝတွင် လူတစ်စု စကားပြောနေကြစဉ် ယန်တာ့ဝေသည် သူ့စက်ဘီးပေါ်မှ ခုန်ဆင်းကာ စကားဝိုင်းထဲသို့ ဝင်ရောက်လာသည်။
“မေ့လန်၊ နင် တကယ်ပဲ ဆောက်လုပ်ရေးလုပ်ငန်းထဲကို ဝင်တော့မှာလား၊ ငါတို့ တုန်းဖန်အုပ်စုက ဝန်ထမ်းအိမ်ရာတွေ ဆောက်တော့မယ်၊
ဒါပေမယ့် ကံမကောင်းစွာနဲ့ ငါက ဖယ်ထုတ်ခံလိုက်ရပြီ၊ အခု ဖန်ရှန်ကပဲ ဆုံးဖြတ်ချက်တွေ ချနေတာ၊ မဟုတ်ရင် အဲဒီပရောဂျက်ကို နင့်ကို ပေးမှာပါ”
အလုပ်မှ ပြန်လာကာ ရွာထဲသို့ဝင်လာသော အိတ်ငယ်လေး တစ်လုံးကိုင်ထားသည့် ယန်ပင်းက ဝင်ပြောလိုက်သည်။
“သူ့ကိုလား၊ မဖြစ်နိုင်တာ၊ ဖန်ရှန်က အခုတလော လုကျင်းယွီနဲ့ အဆက်အသွယ် ရှိနေတယ်လေ၊
လုကျင်းယွီက ဖန်ရှန်ကို လာဘ်ငွေတွေ အများကြီး ပေးနေတယ်လို့ ငါကြားတယ်၊ ငါတို့က ပရောဂျက် သေးသေးလေးတွေပဲ လုပ်တာ၊ ဘယ်လိုလုပ် လာဘ်ထိုးနိုင်မှာလဲ”
သူသည် စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ချန်မေ့လန်ထံသို့ လျှောက်လာခဲ့သည်။
“အဲဒီ ပရောဂျက်ကို သေချာပေါက် လုကျင်းယွီ ရသွားလိမ့်မယ်”
ကျိုးရွှယ်ချင်းက ကျောက်မီးသွေးရောင်းပြီး ငွေရှာခဲ့ပြီး လုကျင်းယွီက သူ၏ ကနဦးအရင်းအနှီးဖြင့် ဆောက်လုပ်ရေး လုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။
ထိုစုံတွဲသည် ယခုအခါ ယန်ကွမ်ရွာ၏ ပြောစမှတ်ဖြစ်နေပြီး ဇနီးမောင်နှံနှစ်ဦးလုံးက နယ်ပယ်နှစ်ခုတွင် ကြီးပွားချမ်းသာနေကြသည်။
ချန်မေ့လန်အနေဖြင့်မူ လာဘ်ပေးလာဘ်ယူခြင်းနှင့် အဂတိလိုက်စားမှုများမပြုလုပ်ရန် ယန်ကျောက်က သတိပေးထားခဲ့ပြီး သူမ ကိုယ်တိုင်လည်း မလုပ်ရဲချေ။
လိပ်ပြာလုံစွာဖြင့် ရိုးသားသောငွေကိုသာ ရှာဖွေချင်သည်။
နောင်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရှိန်အဟုန်မြင့်မားလာသောအခါ ကန်ထရိုက်တာကြီးအများအပြား စုံစမ်းစစ်ဆေးခံရမည်ဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြပေလိမ့်မည်။
ယာယီအကျိုးအမြတ်အတွက် ထိုသို့လုပ်ဆောင်ရန် လုံး၀မတန်ချေ။
သို့သော် ယန်ပင်း၏ စိတ်ပျက်လက်ပျက်မျက်နှာထားကို မြင်သောအခါ ချန်မေ့လန် ရုတ်တရက် တစ်ခုခုကို ရိပ်မိသွားပြီး သူ့အား တမင်သက်သက်မေးလိုက်သည်။
“ဒုတိယအစ်ကို၊ လုကျင်းယွီက လူကောင်းတစ်ယောက်ပါ၊ ပြီးတော့ ကျွန်မပေးတဲ့ လုပ်အားခကလည်း နည်းတယ်လေ၊
လုကျင်းယွီဆီမှာ အလုပ်လုပ်ဖို့ မတွေးဖူးဘူးလား၊ အဲဒါက ကျွန်မဆီမှာလုပ်တာထက် ပိုပြီး အလားအလာမကောင်းဘူးလား”
ယန်ပင်းက ချက်ချင်းပင် ထောင်ချောက်ထဲသို့ဝင်လာကာ ပြုံးလျက် ပြောလိုက်၏။
“မေ့လန်၊ နင့်ကို ငါပြောပြမယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုကျင်းယွီ တကယ်ပဲ ငါ့ဆီလာခဲ့တယ်၊ နင်က ဆောက်လုပ်ရေးအလုပ်မှာ မတော်ဘူးလို့ပြောပြီး သူ့ဆီမှာလာလုပ်ဖို့ ခေါ်တယ်၊
ဒါပေမယ့် သူက ဘယ်သူလဲ၊ ကျိုးရွှယ်ချင်းရဲ့ ယောကျ်ားလေ၊ ပြီးတော့ နင်က ဘယ်သူလဲ၊ ငါ့ရဲ့ယောင်းမလေ၊
ပြီးတော့ ငါက နင့်ဆီမှာ အလုပ်လုပ်နေရုံတင် မကဘူး၊ တခြား ဝင်ငွေတွေလည်း ရှိသေးတယ်၊ သူ ငါ့ကို တစ်လ ယွမ် တစ်ထောင် ပေးမယ်ဆိုရင်တောင် ငါ လုပ်မှာ မဟုတ်ဘူး၊
သူပေးမယ့် ယွမ် ၇၀၀ ဆိုတာကတော့ ဝေးသေး”
မှန်ပေသည်၊ လုကျင်းယွီသည် ဆောက်လုပ်ရေး အလုပ်လုပ်ရန် ကြိုးစားနေရုံသာမက ချန်မေ့လန်၏လူများကိုပါ ခိုးယူရန် ကြိုးစားနေလေသည်။
လုကျင်းယွီက ယန်ပင်းကို မခိုးယူနိုင်ခဲ့ပေ။
အကယ်၍ သူ ခိုးယူသွားလျှင်ပင် ချန်မေ့လန်သည် အခြားတစ်ယောက်ကို အစားထိုး ရှာဖွေနိုင်သေးသည်။
သို့သော် ယခင်ဘဝက လုကျင်းယွီသည် အခြားသူများထံမှ လူများ ခိုးယူရသည်ကို အထူးနှစ်သက်လေ့ရှိသည်။
ထိုလူများကို သူ အသုံးပြုနိုင်သည်ဖြစ်စေ၊ မပြုနိုင်သည်ဖြစ်စေ လူခိုးယူခြင်းက အနည်းဆုံးတော့ ရေတိုတွင် ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်း ရှိလေသည်။
တုန်းဖန်အုပ်စုအတွက် ဝန်ထမ်းအိမ်ရာများမှာ ပရောဂျက်ကြီးတစ်ခုဖြစ်သည်။
သူတို့သည် ဤနှစ်တွင် ပြင်ဆင်မှုများ စတင်မည်ဖြစ်ပြီး နောက်နှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ရေးစတင်နိုင်မည်ဖြစ်ကာ အနည်းဆုံး နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။
ရင်တွင်း၌ ချန်မေ့လန် အထူးတလည် မနာလိုဖြစ်နေမိသည်။
သို့သော် ထိုပရောဂျက်ကို ဖန်ရှန်တာဝန်ယူမည်ဆိုပါက သူမ သေချာပေါက် ရရှိမည်မဟုတ်ပေ။
ဖန်ရှန်သည် တစ်ချိန်က ဟူရှောင်မေ၏ပထွေး ဖြစ်ခဲ့ပြီး ယန်ရှီရှန်း၏ကျေးဇူးရှင်လည်း ဖြစ်ကာ ယန်ရှီရှန်းကို သူ့လက်ဖဝါးပေါ်တွင် ထိန်းချုပ်ထားနိုင်သော အလွန်ကောက်ကျစ်စဉ်းလဲသည့် မြေခွေးအိုကြီးတစ်ကောင်ဖြစ်သည်။
ဆောင်းရာသီကျောင်းပိတ်ရက် နီးကပ်လာပြီဖြစ်ရာ ကလေးများလည်း နောက်ဆုံးစာမေးပွဲကြီးများ ဖြေဆိုပြီးစီးသွားကြပြီဖြစ်သည်။
ယွမ်ယွမ်သည် သင်္ချာတွင် ၁၀၀ မှတ်၊ တရုတ်စာတွင် ၉၆ မှတ် ရရှိခဲ့သော်လည်း သူမ မကျေနပ်နိုင်ဘဲ အမှားများကို ပြင်ဆင်နေလေသည်။
ရှောင်ဝမ်၏စိတ်မှာ ပညာရေးတွင် ဘယ်သောအခါမျှ မရှိချေ။
သူသည် သင်္ချာတွင် ၇၈ မှတ်၊ တရုတ်စာတွင် ၆၁ မှတ် ရရှိခဲ့၏။
ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် သူသည် အတန်းထဲတွင် အောက်ဆုံးမှရေလျှင် တတိယနေရာတွင် ရှိနေသဖြင့် ယွမ်ယွမ်ထက်ပင် အမှားပြင်ဆင်ရာတွင် ပိုမိုကြိုးစားသင့်သော်လည်း သူ စိတ်မဝင်စားချေ။
သူ တိတ်တဆိတ်လစ်ထွက်သွားရယ ငွေရှာရန် ကက်ဆက်ခွေများ သွားရောင်းနေမည်မှာ သေချာသည်။
အိမ်စာများကို ပြင်ဆင်နေစဉ် ယွမ်ယွမ်က ပြောလိုက်သည်။
“မေမေ၊ နင်နင်က ဘာသာရပ် နှစ်ခုလုံးမှာ ၁၀၀ ရတယ်၊ တတိယတပ်ဖွဲ့က စုန့်စုန့်လည်း အဲဒီလိုပဲ၊ သမီး ကောင်းကောင်း မလုပ်နိုင်ခဲ့တာက အတန်းခေါင်းဆောင် ဖြစ်သွားလို့လို့ သမီးထင်တယ်၊
နောက်နှစ်ဝက်ကျရင် သမီး အတန်းခေါင်းဆောင် မလုပ်တော့ဘူး”
ရှောင်လန်သည် သူ့နာရီလေးကို ဖက်ထားရင်း နံရံကို ညွှန်ပြကာ ပြောလိုက်၏။
“သားမှာလည်း ဂုဏ်ပြုလက်မှတ် ရှိတယ်”