အခန်း ၁၆၉
Vol. 17 Ch. 169
🍄 Chapter 169
သူငယ်တန်းတွင် စာမေးပွဲများမရှိသော်လည်း ဤနှစ်ဝက်တွင် မိသားစုအတွင်း တစ်ခုတည်းသောဂုဏ်ပြုလက်မှတ်ဖြစ်သည့် သူငယ်တန်းမှ အကောင်းဆုံးစွမ်းဆောင်ရည်ဆုကို ရှောင်လန် ရရှိခဲ့သည်။
အကြီးနှစ်ယောက်ကို အားပေးရန်အတွက် ချန်မေ့လန်က ၎င်းကို အထူးတလည် ဘောင်သွင်းကာ အိပ်ခန်းနံရံတွင် ချိတ်ဆွဲထားပေးခဲ့သည်။
ယွမ်ယွမ် နှုတ်ခမ်းဆူလိုက်သည်။
“မေမေ၊ နောက်နှစ်ဝက်ကျရင် သမီး သေချာပေါက် ကြိုးစားပြီး ဂုဏ်ပြုလက်မှတ်တစ်စောင် ရအောင်ယူလာခဲ့မယ်”
ထိုစဉ် အပြင်ဘက်မှ စာပို့သမားတစ်ဦးက လှမ်းခေါ်လိုက်သည်။
“ဒါ ယန်ရှန်းနန်အိမ်လားခင်ဗျာ၊ မှတ်ပုံတင်စာရှိလို့ပါ”
ယန်ရှန်းနန်ဆိုသည်မှာ ယွမ်ယွမ်၏ အမည်အပြည့်အစုံ ဖြစ်သည်။
သူမထံသို့ မည်သူကစာပို့လာသနည်း။
ချန်မေ့လန် အပြင်ထွက်ကာ စာပို့သမားထံမှ စာအိတ်ကို လက်ခံယူလိုက်သည်။
အလွန် ကြီးမားသော စာအိတ်ကြီးတစ်ခုဖြစ်ပြီး အတွင်းတွင် အထူကြီး ပါရှိနေပုံရသည်။
ယွမ်ယွမ်က သိချင်စိတ်ဖြင့် မေးလိုက်၏။
“မေမေ၊ ဒါ ဘာလဲဟင်”
ချန်မေ့လန်လည်း ဘာမှန်းမသိပေ။ ဖွင့်ကြည့်လိုက်သောအခါ သူမနှင့် ယွမ်ယွမ် နှစ်ဦးလုံး အံ့သြတကြီး အော်ဟစ်လိုက်မိကြသည်။
ယနေ့ခေတ်တွင် ရုပ်ရှင်ကြော်ငြာခြင်းမှာ အနာဂတ်ကာလကဲ့သို့ မီဒီယာများ နေရာတိုင်းတွင် ကြော်ငြာသည့်ပုံစံမျိုး မဟုတ်ချေ။
အသုံးအများဆုံး နည်းလမ်းမှာ ပို့စကတ်များဖြစ်သည်။ ရုပ်ရှင်တစ်ကားအတွက် အဓိကသရုပ်ဆောင်များ၏ ပို့စကတ် အများအပြားကို ရိုက်ကူးပြီး စာအုပ်ဆိုင်များနှင့် သတင်းစာဆိုင်များတွင် ရောင်းချလေ့ရှိ၏။
ယွမ်ယွမ်သည် ဇာတ်ကား၏အစပိုင်းတွင်သာ ပါဝင်ခဲ့ပြီး ဇာတ်ဆောင်မင်းသမီး၏ သေဆုံးသွားသောသမီးအဖြစ် သရုပ်ဆောင်ခဲ့ရသည်။
သူမ၏ စခရင်ပေါ်တွင် ပါဝင်သည့် အချိန်စုစုပေါင်းမှာ ၅ မိနစ်ခန့်သာ ရှိသည်ဟု ဆိုသည်။
သူမလည်း ပို့စကတ်များတွင် ပါဝင်ခွင့်ရရှိမည်ဟု၊ ထိုအထဲတွင် ဇာတ်ဆောင်မင်းသမီးနှင့်အတူ ပါဝင်မည်ဟု ချန်မေ့လန် တစ်ခါမျှမတွေးထင်ခဲ့မိချေ။
သို့သော် ၎င်းမှာ ယွမ်ယွမ်ထံသို့ အမှတ်တရအဖြစ်ပေးပို့လိုက်ခြင်းသာ ဖြစ်နိုင်ပြီး ရောင်းချရန် ထုတ်ဝေမည်မဟုတ်လောက်ပေ။
ရှောင်လန်က ပုံတစ်ပုံကို ယူလိုက်ပြီး ချက်ချင်းပင် အံ့သြတကြီး အော်လိုက်သည်။
“မေမေ၊ ဒါအစ်မလေ...”
ပုံများအားလုံးမှာ ဇာတ်ဆောင်မင်းသမီးနှင့်အတူ ရိုက်ကူးထားသော ယွမ်ယွမ်၏ပုံများသာ ဖြစ်သည်။
ယွမ်ယွမ်က ပုံများကို တစ်ပုံချင်းစီ ကြည့်လိုက်သည်။
သူမ မှတ်မိသည်မှာ ဇာတ်ဆောင်မင်းသမီးက သူမကိုဖက်ကာ အချိန်ကြာမြင့်စွာ ကစားခဲ့သည်ကိုသာ ဖြစ်ပြီး ထိုအချိန်က တစ်စုံတစ်ယောက်က သူမအား ဓာတ်ပုံရိုက်နေလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။
သူမက ဇာတ်ဆောင်မင်းသမီးကို ပြုံးပြနေသောပုံများ၊ ဇာတ်ဆောင်မင်းသမီးနှင့်အတူ အဝေးသို့ ငေးမောကြည့်နေသောပုံများ ပါဝင်သည်။
စတူဒီယို၏ နောက်ခံမှာ အဝါရောင်သဲများနှင့် ရှေးဟောင်း ရဲတိုက်ကြီးတစ်ခုဖြစ်၏။
သူမနှင့် ဇာတ်ဆောင်မင်းသမီးနှစ်ဦးလုံးသည် ဇာတ်ကားထဲမှ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
စတူဒီယိုတစ်ခုသာ ဖြစ်သော်လည်း ဓာတ်ပုံများက သူမ တကယ်ပင် သဲကန္တာရထဲတွင် ရောက်နေသကဲ့သို့ ထင်ရစေ၏။
နောက်ဆုံးတွင် သူမ တစ်ယောက်တည်း ရိုက်ထားသောပုံတစ်ပုံကို တွေ့လိုက်ရသည်။
သားအမိသုံးယောက် အတူတကွစုဝေးနေကြပြီး ချန်မေ့လန်သည် စာအိတ်ထဲမှ ငွေလွှဲလက်မှတ်တစ်စောင်ကို ထုတ်ယူလိုက်သည်။
ဤသည်မှာ ဇာတ်ကားထဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ယွမ်ယွမ်၏ လုပ်အားခ ဖြစ်သည်။
လက်ရှိတွင် ရုပ်ရှင် လုပ်အားခများမှာ သတ်မှတ်ထားသော လစာများအပေါ်တွင်သာ အခြေခံဆဲဖြစ်သည်။
ထို ရုပ်ရှင်သရုပ်ဆောင်များပင်လျှင် တစ်လလျှင် ယွမ် ငါးရာ သို့မဟုတ် ခြောက်ရာခန့်သာ ရရှိကြသည်။
ယွမ်ယွမ်သည် နှစ်ရက်သာ ရိုက်ကူးခဲ့ရပြီး ယွမ် နှစ်ဆယ် ရရှိခဲ့၏ယ
သို့သော် ၎င်းမှာ ဇာတ်သိမ်းသီချင်းအတွက် ရရှိခဲ့သော ငါးယွမ်အပြီးတွင် သူမ၏ ဒုတိယမြောက်ဝင်ငွေ ဖြစ်သည်။
ယွမ်ယွမ်သည် ငွေလွှဲလက်မှတ်ကို ကိုင်ထားရင်း ဝမ်းသာအားရ ပြောလိုက်၏။
“မေမေ၊ မေမေ့အတွက် ဆွဲကြိုးတစ်ကုံး ဝယ်ပေးချင်တယ်”
ရှောင်ဝမ်က စန္ဒရားဝယ်ရန် အမြဲတောင်းဆိုနေသဖြင့် ရှောင်လန်ကလည်း သတိရသွားကာ စားပွဲကို ပုတ်ရင်း ပြောလိုက်သည်။
“စန္ဒရားဝယ်မယ်၊ စန္ဒရားဝယ်မယ်”
ချန်မေ့လန်သည် ဤငွေလွှဲလက်မှတ်ကို ငွေမထုတ်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ၎င်းကို ဘောင်သွင်းကာ နံရံတွင် ချိတ်ဆွဲထားလိုသည်။
သူတို့အိမ်သို့ လာရောက်သူတိုင်း ယွမ်ယွမ်သည် “အဝါရောင်မြစ်၏ သီချင်း” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရှိစေရန် ဖြစ်သည်။
သို့သော် ထိုအချိန်၌ ပြတင်းပေါက် အပြင်ဘက်မှ ကလေးအသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ခွင့်ပြုပါခင်ဗျာ၊ ဒါ ချန်မေ့လန်ရဲ့ အိမ်လား”
၎င်းမှာ လုတာ့ပေါင်၏ အသံဖြစ်သည်။ ချန်မေ့လန် ချက်ချင်းပင် လိုက်ကာကို မ,တင်လိုက်၏။
ထို့နောက် လုတာ့ပေါင်သည် လက်တစ်ဖက်ဖြင့် နဖူးကိုအုပ်ထားကာ ပခုံးများယိမ်းယိုင်လျက် တံခါးပေါက်မှ ဝင်လာသည်ကို မြင်လိုက်ရသည်။
သူ့အနောက်တွင် ကလေးတစ်စု လိုက်ပါလာပြီး အံ့သြစရာကောင်းသည်မှာ လုကျင်းယွီပါ သူတို့နောက်မှ ကပ်ပါလာခြင်းဖြစ်သည်။
ထို့အပြင် လုကျင်းယွီသည် ရှောင်ဝမ်ကို ဆွဲကိုင်ထားပြီး ရှောင်ဝမ်၏လက်ထဲတွင် ယွမ်ယွမ်၏ သီချင်းဆိုသံများ အသံသွင်းထားသော ကက်ဆက်ခွေများ အပြည့်ပါသည့် ခြင်းတောင်းလေးတစ်လုံးကို ကိုင်ထားလေသည်။
ယွမ်ယွမ်မှာ တံခါးပေါက်မှ အပြေးအလွှားထွက်လာရင်း လုကျင်းယွီကို လှမ်းဆွဲကာ ပြောလိုက်၏။
“အစ်ကိုကြီး၊ အစ်ကို့ကို ဘယ်သူ ရိုက်တာလဲ၊ ဦးလေး၊ ကျွန်မ အစ်ကိုကို လွှတ်ပေးပါ”
လုတာ့ပေါင်က ရင်ဘတ်ကို ကော့ကာ ယွမ်ယွမ်ကို တိုက်ရိုက်ရင်ဆိုင်လျက် ကျယ်လောင်စွာ ပြောလိုက်သည်။
“ကောင်မလေး၊ မင်း မျက်လုံးကို ဖွင့်ကြည့်စမ်း၊ မင်းအစ်ကိုက အရင်ရိုက်တာလေ၊ ငါ့နဖူးကို ကြည့်စမ်း”
ယွမ်ယွမ်သည် နောက်ဆုတ်မည့်သူ မဟုတ်ချေ။ သူမ ခုန်ထကာ လုတာ့ပေါင်ကို လက်ညှိုးထိုးလျက် ချေပလိုက်သည်။
“နင် လိမ်နေတာပဲ၊ ငါ့အစ်ကိုက လူတွေကို ဘယ်တော့မှ မရိုက်ဘူး၊ နင်ပဲ သူ့ကို အရင်ရန်စတာနေမှာပေါ့”
လုကျင်းယွီသည် လူကြီးတစ်ယောက်ဖြစ်ရာ သူတို့နောက်ကွယ်တွင် ကြံစည်နေနိုင်သော်လည်း သေချာပေါက်ပြုံးသာနေလေသည်။
သူက ရှောင်ဝမ်ကို ချန်မေ့လန်ဘက်သို့တွန်းပို့ကာ ပြုံးလျက် ပြောလိုက်၏။
“ဒီလိုပါ၊ ညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ တာ့ပေါင်နဲ့ ရှောင်ဝမ်တို့ ပထမဆုံးအကြိမ်တွေ့ကြတာ၊ ရှောင်ဝမ်က အတော်လေးဒေါသကြီးတယ်၊ သူက တာ့ပေါင်ကို အုတ်ခဲနဲ့ ရိုက်လိုက်တာ”
သူသည် မွန်တာဂတ်ဝတ်စုံနှင့် လည်စည်းကို ဝတ်ဆင်ထားပြီး အတော်လေး ကြည့်ကောင်းနေသည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြုံးလျက် မေးလိုက်၏။
“ယန်ကျောက် အိမ်မှာမရှိဘူးလား၊ အို... ရှောင်ဝမ်ရဲ့ အပြုအမူက တော်တော်လေး ပြုပြင်ဖို့ လိုနေသေးတာပဲ”
ရှောင်ဝမ်တွင် ထိခိုက်ဒဏ်ရာ မရှိသော်လည်း သူ၏ခြင်းတောင်းငယ်လေးထဲရှိ ကက်ဆက်ခွေ အများအပြားမှာ ဖုန်များ ပေကျံနေပြီး အချို့မှာ ပျက်စီးသွားကာ ဖားဥများကဲ့သို့ ခြင်းတောင်းမှ တွဲလောင်းကျနေလေသည်။
ရှောင်ဝမ်က အလျင်အမြန် ကာကွယ်ပြောဆိုလိုက်သည်။
“မေမေ၊ သား တကယ် တမင်လုပ်တာ မဟုတ်ပါဘူး၊ အဲဒီ လူဝကြီးက သားကို အရင်ရန်စတာ”
အမှန်တကယ်ပင် လုတာ့ပေါင်က အရင်ရန်စခဲ့ပြီး ရှောင်ဝမ်ကို တွန်းပင်တွန်းခဲ့သေးသည်။
သို့သော် ရန်ဖြစ်သည့်အခါတွင်မူ ယန်ကျောက်၏သားသည် မည်သူ့ကိုမျှ နောက်ဆုတ်ပေးလေ့မရှိချေ။
ရှောင်ဝမ်သည် အုတ်ခဲတစ်လုံးကို ကောက်ယူကာ သူ့ခေါင်းကို မဆိုင်းမတွပင် ထုချလိုက်ခြင်းဖြစ်သည်။
ယန်ကျောက်သည် အိမ်လခကောက်ခံရန် ဗုဒ္ဓဟူးနေ့ကို သတ်မှတ်ထားခဲ့ပြီး ယနေ့မှာ ဗုဒ္ဓဟူးနေ့ဖြစ်သည်။
သို့သော် သူ အလုပ်တွင် ရှိနေဆဲဖြစ်ပြီး အစောဆုံး ညနေ ၆ နာရီခွဲမှသာ အလုပ်ဆင်းမည်ဖြစ်သည်။ ယခု ညနေ ၄ နာရီသာ ရှိသေး၏။
ရှောင်ဝမ်သည် ကက်ဆက်ခွေများရောင်းချရန် ရွာထဲတွင် လှည့်လည်နေခဲ့ပြီး လုတာ့ပေါင်မှာ ကျိုးရွှယ်ချင်း၏ အသည်းကျော်ဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
များသောအားဖြင့် သူ့ကို မြင်ပါက ရှောင်ဖယ်သွားလေ့ရှိရာ ယနေ့တွင် အဘယ်ကြောင့် တာ့ပေါင်ကို ရိုက်ခဲ့ရသနည်း။