← Chapters

အခန်း ၅၆၃

Vol. 57 Ch. 563

အခန်း ၅၆၃

Vol. 57 Ch. 563

အခန်း (၅၆၃)

" အင်ပါယာဆရာ အဆင်ပြေရဲ့လား။ " ကျောက်ဖုန်းက ကွေ့ကူကျိကို ကြည့်ပြီး မေးလိုက်သည်။

" အရှင်မင်းသားရောက်လာတာ ကံကောင်းတယ်။ မဟုတ်ရင် ကျွန်တော်မျိုး ကျဆုံးသွားလောက်ပြီ။ " ကွေ့ကူကျိက ပြုံး၍ ပြောလိုက်သည်။

ကျောက်ဖုန်း၏ စွမ်းအားက ပိုမိုသန်မာလာခဲ့ပြီဖြစ်သည်။ သူက ​ဗုဒ္ဓကိုယ်ပွားကိုပင် သတ်နိုင်ခဲ့သည်။ သိုင်းတာအို၏ တိုက်ခိုက်ရေးစွမ်းအားက အင်မော်တယ်လမ်းစဉ်ထက် တစ်ဆင့်သာလွန်သော်လည်း ကျောက်ဖုန်းကတော့ တစ်ဆင့်သာ သာလွန်နေခြင်းမဟုတ်ပေ။

" ​ဗုဒ္ဓကျင့်ကြံသူတွေရဲ့ နည်းစနစ်တွေကို အထင်သေးမီတဲ့ပုံပဲ။ သူတို့က ယဇ်ပူဇော်တဲ့ နည်းစနစ်တွေနဲ့ အင်မော်တယ်ဘုံက ​ဗုဒ္ဓရဲ့ ကိုယ်ပွားကိုတောင် တိုက်ရိုက်ပင့်ဖိတ်နိုင်တယ်။ အင်ပါယာဆရာခုခံနိုင်ခဲ့လို့ မဟုတ်ရင် ချင်စစ်သည်တွေ အကြီးအကျယ် ဆုံးရှုံးရလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းသားက ​ဗုဒ္ဓရဲ့ ကိုယ်ပွားကို သတ်ဖြတ်လိုက်တော့ ​ဗုဒ္ဓဂိုဏ်းက ချင်နဲ့ ရန်သူဖြစ်သွားပြီ။ နောက်ကို ပိုပြီး သတိထားရလိမ့်မယ်။ ​ဗုဒ္ဓဂိုဏ်းရဲ့ နည်းစနစ်တွေက အင်မော်တယ်ဘုံမှာ ကြောက်စရာအကောင်းဆုံးထဲမှာ ပါတယ်။ " ကွေ့ကူကျိက စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

" အင်ပါယာဆရာ ဒီနေ့ ကျုပ်က ​​ရန်တန်​ဗုဒ္ဓရဲ့ ကိုယ်ပွားကို မသတ်ခဲ့ရင်တောင် ​ဗုဒ္ဓဂိုဏ်းက ချင်ကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ဒါက..." ကွေ့ကူကျိက ဘာပြောရမှန်းမသိဖြစ်သွားသည်။

အင်မော်တယ်များနှင့် ​ဗုဒ္ဓများက ချင်နှင့် ရှန်းကျိုးကို ခွဲဝေစားသောက်မည့် အသားတုံးအဖြစ် ရှုမြင်နေကြပြီး ချင်က ခုခံသည်ဖြစ်စေ မခုခံသည်ဖြစ်စေ ပြောင်းလဲသွားမည်မဟုတ်ပေ။

" ဒါကြောင့် သူတို့ ကျူးကျော်လာရင် သူတို့ကို အမြစ်ပြတ်သုတ်သင်ရမယ်။ လာသမျှ အကုန်သတ်ပစ်မယ်။ လက်ရှိလူသားဘုံမှာ ချင်က အာဏာအရှိဆုံးပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် သူက ရန်တန်​ဗုဒ္ဓ၏ ကိုယ်ပွားကို သတ်ဖြတ်ခဲ့ပြီး အကျိကးအမြတ်များ ရရှိခဲ့သောကြောင့် သူက အင်မော်တယ်များနှင့် နတ်ဘုရားများ ဆင်းသက်လာရန်ပင် မျှော်လင့်နေသည်။

" ကောင်းပြီ။ အင်ပါယာဆရာ ဒီ​ဗုဒ္ဓဘုရားကျောင်းက ဘယ်လိုပုံစံလဲဆိုတာ သွားကြည့်ရအောင်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး ကောင်းကင်မှ ဆင်းသက်သွားသည်။

ကွေ့ကူကျိက နောက်မှ လိုက်ပါသွားပြီး သူတို့က ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားကြသည်။ ဘုရားကျောင်းက အလွန်ခမ်းနားပြီး အကောင်းဆုံး ပစ္စည်းများကို အသုံးပြုထားသည်။ ချင်စစ်သည်များကလည်း ဘုရားကျောင်းထဲသို့ ဝင်ရောက်လာကြပြီး ဘုရားကျောင်းထဲတွင် အစေခံများစွာ ကျန်ရှိနေသေးသည်။

" ခေါင်းတုံးနဲ့ကောင်တွေကို အကုန်သတ်ပစ်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " ချင်စစ်သည်များက စတင်သတ်ဖြတ်ကြပြီး ဘုရားကျောင်းတစ်ခုလုံး သွေးများဖြင့် စွန်းထင်သွားသည်။

ကျောက်ဖုန်းနှင့် ကွေ့ကူကျိတို့က ဘုရားကျောင်း၏ ခန်းမသို့ ရောက်ရှိလာကြပြီး ထိုနေရာတွင် ​​ဗုဒ္ဓအမျိုးမျိုးကို ရည်စူး၍ ဆောက်လုပ်ထားသော ရုပ်တုများရှိနေသည်။

" အငြိုးဓာတ်တွေ ပြင်းထန်လှချည်လား။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" မှန်တယ်။ " ကွေ့ကူကျိက ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ကျောက်ဖုန်းက အတွင်းခန်းမဆီသို့ လျှောက်သွားသည်။ ရှေ့ခန်းမတွင် ရွှေရောင်​ဗုဒ္ဓရုပ်ပွားတော်များဖြင့် ပြည့်နှက်နေသော်လည်း နောက်ခန်းမတွင် အလောင်းတောင်နှင့် သွေးပင်လယ်ဖြစ်နေသည်။ သူတို့၏ သေဆုံးပုံများက အလွန်ဆိုးရွားလှပြီး ခန္ဓာကိုယ်မှ အတွင်းအင်္ဂါများ ထုတ်ယူကာ အသားများကိုလည်း ကြာပွင့်များအဖြစ် ပြုလုပ်ထားကြသည်။

" အရှင်မင်းသား ဒီလိုအရာတွေက အင်မော်တယ်ဘုံမှာ သာမန်ပါပဲ။ နတ်ဆိုးတွေနဲ့ ယှဉ်ရင် ​ဗုဒ္ဓဂိုဏ်းနဲ့ ကောင်းကင်ဘုံက ပိုဆိုးတယ်။ သူတိူ့က အပြင်ပန်းမှာ သန့်ရှင်းပြီး ဂရုဏာကြီးမားပုံပေါက်ပေမယ့် သူတို့ သတ်ပစ်ရမယ်လို့ ပြောနေတဲ့ နတ်ဆိုးတွေကတော့ တကယ်နတ်ဆိုးတွေမဟုတ်ဘဲ သူတို့အဖွဲ့အစည်းကို မဝင်တဲ့ သီးခြားကျင့်ကြံသူတွေဖြစ်နေတတ်တယ်။ "

" နတ်ဆိုးတွေက လူတွေကို စားသောက်ကြပေမယ့် သူတို့က ဒါကို ဖုံးကွယ်ဖို့လည်း မကြိုးစားကြဘူး။ ဒီနေ့ခေတ် အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက နတ်ဆိုးတွေနဲ့ မခြားပါဘူး။ " ကွေ့ကူကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။ ယ

" အင်ပါယာဆရာ အင်မော်တယ်ဘုံမှာ ရှိတဲ့အရာတွေကို ပြောင်းလဲပစ်ချင်သလား။ " ကျောက်ဖုန်းက ကွေ့ကူကျိကို မေးလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကွေ့ကူကျိက တုန်လှုပ်သွားပြီး ကျောက်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ " အရှင်မင်းသား ဒါက ခက်တယ်။ မဖြစ်နိုင်သလောက်ပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော်မျိုးက ချင်ကို ဝင်လာပြီးတဲ့နောက်မှာတောင် အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေကို ဆန့်ကျင်ဖို့ ဘာမျှော်လင့်ချက်မှမထားဘူး။ ချင်က သူတို့ကို အနိုင်ရဖို့ အခွင့်အရေးမရှိဘူး။ ကျွန်တော်မျိုးလိုချင်တာကတော့ ဘဝမှာ နောင်တမရှိဘဲ သေသွားဖို့ပါပဲ။ "

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ဒေါသမထွက်ပေ။ ကွေ့ကူကျိကို ဖတ်ခေါ်စဉ်ကတည်းက သူက ကွေ့ကူကျိ၏ အတွေးများကို ခန့်မှန်းမိပြီးသားဖြစ်သည်။ ကွေ့ကူကျိက အင်မော်တယ်ဘုံမှ ဆင်းသက်လာသူဖြစ်သောကြောင့် အင်မော်တယ်ဘုံမှ ကောင်းကင်ဘုံနှင့် ​ဗုဒ္ဓဂိုဏ်း၏ စွမ်းအားကို ပိုသိပြီး ချင်အင်ပါယာက အင်မော်တယ်များနှင့် ​ဗုဒ္ဓများအား ခုခံနိုင်မည်မဟုတ်သည်ကိုလည်း သူသိထားသည်။

" အင်ပါယာဆရာ အနာဂတ်က ခန့်မှန်းလို့မရပါဘူး။ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက ချင်ကို သားကောင်လို့ မြင်ပြီး ရှန်းကျိုးက သက်ရှိတွေကို သွေးအစာလို့ မြင်ရင် ချင်ကရော အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေကို သားကောင်လို့ မြင်လို့မရဘူးလား။ ချင်ရဲ့ တိုးတက်မှုအတွက် အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေကို လှေကားထစ်အဖြစ် မသုံးနိုင်ဘူးလား။ အင်မော်တယ်ဘုံက အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေရဲ့ စည်းမျဉ်းအောက်မှာ ရှိနေတယ်။ ဒါပေမယ့် ချင်က ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေကို ပြန်ရေးပြီး ပြန်တည်ဆောက်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးက ချင်ကို ဝင်လာပြီးသားပါ။ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ချင်နဲ့အတူ ရပ်တည်သွားမယ်။ " ကွေ့ကူကျိက လေးနက်စွာ ပြောလိုက်သည်။

" အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက ကောင်းကင်နဲ့ မြေကြီးကို ထိန်းချုပ်နိုင်ပေမယ့် အနာဂတ်ကို ဘယ်သူခန့်မှန်းနိုင်မှာလဲ။ " ကျောက်ဖုန်းက ရယ်မော်လိုက်ပြီး ခန်းမအပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။ " ဝမ်ပင်း၊ တုဆွေ "

" အရှင်မင်းသား " ဝမ်ပင်းနှင့် တုဆွေတို့က ဝင်လာပြီး ဦးညွှတ်လိုက်ကြသည်။

" ဒီဘုရားကျောင်းထဲက ​ဗုဒ္ဓကျမ်းစာတွေအကုန် ရှင်းပစ်လိုက်။ အနာဂတ်မှာ ချင်က သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်အပြင် ​ဗုဒ္ဓလမ်းစဉ်နဲ့ပါ တိုးတက်လာလိမ့်မယ်။ အင်မော်တယ်ဘုံမှာရှိတဲ့ အရာအားလုံးကို အစားထိုးပစ်မယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဝမ်ပင်းနှင့် တုဆွေတို့က ချက်ချင်း ပြန်ဖြေလိုက်ကြသည်။

ရှန်းယန်မြို့တော်၊ နံနက်ခင်းညီလာခံခန်းမ။

ကျောက်ဖုန်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ပြန်ရောက်လာခဲ့သည်။

" ဖုန်းအာ ဘယ်လိုလဲ။ " ပလ္လင်ပေါ်မှ ရင်ကျန့်က ကျောက်ဖုန်းပြန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း မေးလိုက်သည်။

" ပြီးသွားပြီ။ အနောက်ဘက်နယ်မြေမှာ အတားအဆီးတွေ မရှိတော့ဘူး။ တစ်လအတွင်း အနောက်ဘက်နယ်မြေကို သိမ်းပိုက်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အင်မော်တယ်ဆရာတောင် မခုခံနိုင်တာ ဘယ်လိုရန်သူမျိုးလဲ။ " ရင်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ​ဗုဒ္ဓ " ကျောက်ဖုန်းက စကားတစ်ခွန်းသာ ပြန်ဖြေလိုက်သည်။

" ​ဗုဒ္ဓလား။ " ရင်ကျန့်အပါအဝင် အရာရှိများအားလုံးက မျက်လုံးပြူးသွားကြသည်။ သူတို့အားလုံးက အင်မော်တယ်များနှင့် ​ဗုဒ္ဓများအကြောင်း ကြားဖူးပြီးသားဖြစ်သည်။

" အင်မော်တယ်တွေ အောက်ဘုံကို ဆင်းလာလို့မရဘူးဆို ဘာလို့​ဗုဒ္ဓတစ်ပါးက ရောက်လာတာလဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" တကယ်ဆင်းသက်လာတာမဟုတ်ပါဘူး။ စိတ်အသိမျှင်တစ်ခုပါပဲ။ ​ဗုဒ္ဓကျင့်ကြံသူတစ်​ယောက်က သွေးနဲ့ ​ပူဇော်ပြီး ​ဗုဒ္ဓကိုယ်ပွားကို ပင့်ဖိတ်လိုက်တာ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ဆင်းသက်လာသော ​ဗုဒ္ဓက အတိတ်​ဗုဒ္ဓရန်တန်ဖြစ်​သည်ကိုတော့ သူမပြောခဲ့ပေ။

" အင်ပါယာဆရာရဲ့ စွမ်းအားက ဒီလောက်သန်မာတာတောင် ကိုယ်ပွားတစ်ခုကို ရင်ဆိုင်ဖို့ ခက်ခဲနေတယ်ဆိုတော့ ဆင်းသက်လာတဲ့​ဗုဒ္ဓက အတော်အဆင့်မြင့်တဲ့သူတစ်ယောက်ဖြစ်ရမယ်။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။

" ခမည်းတော် ဆွေးနွေးတာ ဘယ်ရောက်သွားပြီလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ခမည်းတော် ဒီလတွေအတွင်းမှာ အနောက်ဘက်နယ်စပ်က စခန်းနှစ်ခုအပြင် အခြားစခန်းလေးခုက ရှန်းထျန်းအဆင့် စစ်သည်တွေကို ပြောင်းရွှေ့ပြီး ရှန်းယန်အပြင်ဘက်မှာ တပ်စွဲထားပါတယ်။ ဒါ့အပြင် ဆေးပညာခန်းမ၊ ရတနာသန့်စင်ခြင်းခန်းမနဲ့ အစီအရင်ခန်းမတို့ကလည်း လူတစ်ထောင်စီ ရွေးချယ်ထားပါတယ်။ အင်ပါယာကျောင်းတော်က လူတစ်သောင်း ရွေးချယ်ထားပါတယ်။ အားလုံးကို မြို့ပြင်မှာ နေရာချပြီးပါပြီ။ " ကျောက်ချီက ပြောလိုက်သည်။

" ဒါဆို ညီလာခံပြီးရင် ငါသူတို့ကို ကျင့်ကြံခြင်းနေရာကို ပို့ပေးလိုက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ခမည်းတော် တတိယညီ၊ စတုတ္ထညီနဲ့ ပဉ္စမညီတို့ကိုလည်း သူတို့ထဲမှာ ထည့်ထားပါတယ်။ ပြီးတော့ ဦး​ရီးတော်တွေရဲ့ သားသမီးတွေလည်း ပါပါတယ်။ ညီမငယ်တွေကိုတော့ စိတ်ဝိညာဉ်ဆေးပင်တွေစိုက်ပျိုးဖို့ စိတ်ဝိညာဉ်ဆေးပင်ဥယျာဉ်မှာ ထားထားပါတယ်။ " ကျောက်ချီက ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ ထိုကိစ္စနှင့် ပက်သက်၍ သူက ဘာမှမပြောပေ။ သူ၏ ကလေးများက ကြီးပြင်းလာပြီဖြစ်ပြီး အင်ပါယာမိသားစုဝင်များဖြစ်သောကြောင့် အရင်းအမြစ်များကိုလည်း ရရှိမည်ဖြစ်ပြီး ချင်အင်ပါယာကိုလည်း ထောက်ပံ့ပေးရမည်ဖြစ်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အရှင်မင်းသားကို လျှောက်တင်ပါတယ်။ အင်ပါယာကျောင်းတော်ကို တည်ထောင်တာ သုံးနှစ်ရှိပါတယ်။ စတင်တည်ထောင်ချိန်ကတည်းက အခုအချိန်ထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဝန်ကြီးနှစ်ယောက်နဲ့ ဆွေးနွေးပြီး​တဲ့နောက်မှာ အကြံဉာဏ်အသစ်အချို့ ရရှိလာပါတယ်။ " လွီပုဝေက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

" ကျုံးဖု အသေးစိတ်ပြောပါဦး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters