အခန်း ၄၆၇
Vol. 46 Ch. 467
၄၆၇။ ဝိညာဥ်ကျောက်တုံးဆိုသည်မှာ ငွေကြေးသက်သက်မဟုတ်
ဝိညာဥ်ကျောက်တုံးများကို နယ်ပယ်အတော်များများတွင် လိုအပ်ပေသည်။ ဥပမာ သံကြိုးများကို ပြန်လည်ပြုပြင်ရာ၊ အစီအရင်များ တည်ဆောက်နေရာချရာ၊ လက်နက်များ သန့်စင်ထုတ်လုပ်ရာ စသဖြင့်။ ထို့ကြောင့် ကျန်းယန်သည် ဒီတစ်ကြိမ်တော့ ဝိညာဥ်ကျောက်တုံးများကို လက်ဝယ်သိမ်းထားပြီး အခြားသတ္တုများကိုသာ ဖြန့်ချိဖို့ရွေးချယ်လိုက်သည်။
ဤတစ်ကြိမ်တွင် ဝိညာဥ်ကျောက်တုံးပေါင်း သန်းခုနစ်သိန်းရှစ်သိန်းခန့် ရရှိခဲ့သောကြောင့် ယခင်ကစုဆောင်းမိခဲ့သမျှနှင့်ပေါင်းလျှင် အဇူရာတိမ်ဂိုဏ်းတွင် ဝိညာဥ်ကျောက်တုံးပေါင်း သန်း တစ်ဆယ်သိန်းကျော်အထိ စုဆောင်းရရှိပြီးလေပြီ။
(အင်္ဂလိပ်အခေါ်နဲ့ပြောရင် ဘီလီယံတစ်ထောင်ကျော်/ တစ်ထရီလီယံကျော်)
ကြောက်ခမန်းလိလိ ကိန်းဂဏန်းပါတကား။
အဇူရာတိမ်ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲတွင် တောင်လိုပုံနေသော ရေတွက်လို့မရနိုင်သည့် ဝိညာဥ်ကျောက်တုံးများကိုကြည့်ကာ ချင်းယွင်ကျိ၊ လင်းယွင်ကျိနှင့် အခြားသောဂိုဏ်းသားများမှာ ပါးစပ်အဟောင်းသားနှင့် ကြက်သေသေနေမိကြတော့၏။
လွန်ခဲ့သော ခုနစ်နှစ် ရှစ်နှစ်ခန့်ကဆိုလျှင် ယနေ့မျက်မှောက်မြင်ကွင်းမျိုးကို သူတို့တစ်ခါမှ စိတ်ကူးမယဥ်နိုင်၊ မယဥ်ရဲခဲ့ကြသည်ပင်။
ထိုစဥ်က တစ်ယောက်ယောက်က သူတို့ကို နောင်တစ်ချိန်တွင် အဇူရာဂိုဏ်းသည် ဝိညာဥ်ကျောက်တုံး သန်းဆယ်သိန်းချီသည်အထိပိုင်ဆိုင်လိမ့်မည်ဟု လာရောက်ဟောကြားခဲ့ပါလျှင်ပင် ထိုသူကို ရူးနေသည်ဟုသာ ဝိုင်းပြောမိကြမည်ဖြစ်သည်။
သို့သော် ယခုတော့ မယုံချင်လို့မှမရတော့ပေ။
ချင်းယွင်ကျိတစ်ယောက် အသိစိတ်ပြန်ဝင်ဖို့ အချိန်အတော်ယူလိုက်ရပြီးမှ မေးလာသည်။
"ကာကွယ်ရေးတံတိုင်းတွေဘာတွေ ဆောက်ဖို့ပြင်သင့်ပြီလား"
လွန်ခဲ့သောနှစ်များတုန်းက ကျန်းယန်၏ကောက်ချက်များကို သူကြားခဲ့ဖူးသဖြင့် ဂိုဏ်းဂဏများ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေလာသည့်အခါ ရွေးချယ်စရာမရှိသည့်အဆုံး တဇွတ်ထိုးတိုက်ခိုက်လုယူကြလိမ့်မည်ဟု သူသိထား၏။
အခုဆိုရင် အဲ့ဂိုဏ်းတွေ ချွတ်ခြုံကျနေကြလောက်ပြီမလား။
"ဆရာသခင်၊ အဇူရာတိမ်အစီအရင်ရဲ့ ကာကွယ်နိုင်စွမ်းကို စစ်ကြည့်လို့ရမလား"
ကျန်းယန်ကမေးသည်။
"ကျွန်တော် နောက်ခြေလှမ်းသစ်စဖို့ဆိုရင် အဲ့ဒီအစီအရင်အကြောင်း အရင်သိဖို့လိုတယ်"
ချင်းယွင်ကျိက တစ်ခဏမျှတွေးတောနေပြီးမှ ခပ်ဖြည်းဖြည်းပြောလာသည်။
"မဟာအစီအရင်ဆိုတာ အမတမှော်ရတနာခုနစ်ခုကို ဗဟိုပြုပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့အရာပဲ။ အမတမှော်ရတနာဆိုတဲ့ အစွမ်းသတ္တိသက်သက်ကိုပဲ ထည့်တွက်မယ်ဆိုရင်တောင် အဲ့အစီအရင်ကို မင်းဆရာဦးလေးတွေတာဝန်ယူကိုင်တွယ်မယ်ဆိုရင် အနည်းဆုံး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူ ခုနစ်ယောက်လောက်ကိုတော့ တောင့်ခံနိုင်စွမ်းရှိလိမ့်မယ်"
ဤသတ်မှတ်ချက်မှာ မိစ္ဆာများကို အတွင်းတွင် ဖိနှိပ်ချုပ်ထိန်းထားရသည့်အခြေအနေအတွက် သက်သက်သာဖြစ်သည်။
မည်သည့်မိစ္ဆာကိုမှ ချုပ်ထိန်းထားစရာမရှိသည့် အခြေအနေတွင် မဟာအစီအရင်သည် ထိုထက်ပိုသောစွမ်းအားကိုပင် တောင့်ခံနိုင်စွမ်းရှိပေလိမ့်မည်။
ကျန်းယန်သည် ခေတ္တမျှ ခန့်မှန်းတွက်ချက်နေလိုက်ပြီးမှ ခေါင်းညိတ်ကာဆိုသည်။
"အဲ့လောက်ဆို လုံလောက်ပါပြီ"
သူတို့တွင် လွှတ်ပေးဖို့ပြင်ထားပြီး လွှတ်မပေးရသေးသောမိစ္ဆာ ငါးကောင်ရှိသေးသည်။ အကုန်လုံးကိုစေလွှတ်လိုက်လျှင် မိစ္ဆာစုစုပေါင်း ဆယ်ကောင်ရှိပေလိမ့်မည်။
ထို့ကြောင့် အနည်းဆုံးအထိ လျှော့ပေါ့တွက်ချက်လျှင်တောင်မှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူ ဆယ့်နှစ်ယောက်ထက်ကျော်သောအရေအတွက်ဖြင့် စုပေါင်းတိုက်ခိုက်မည်ဆိုလျှင် ပြဿနာမရှိသေးပေ။
အခြားသောမဟာမိတ်များလည်း ရှိသေးသောကြောင့် ထိုသူတို့ အရာအားလုံးကိုစွန့်လွှတ်ကာ အသက်ပေးတိုက်ခိုက်လာမည်ဆိုလျှင်ပင် သူတို့ တုန်လှုပ်စရာအကြောင်းမရှိသေး။
ရန်သူဂိုဏ်းဂဏမှာ အများဆုံးရှိလျှင် ခြောက်ခုအထိပင်။ ထိုအထဲမှ တစ်ခုအပါအဝင်ဖြစ်သော ယွင်ရှောင်နန်းတော်မှာ တစ္ဆေဘုံတမန်တော်၊ လန်ကျားအထွတ်အမြတ်မြေနှင့် ပင်လယ်ကောင်းကင်မျှော်စင်တို့၏ ပိတ်ဆို့ဝန်းရံမှုကြောင့် အပြင်ကို ခြေပင်လှမ်းမလာနိုင်မည့်အနေအထားရှိ၏။
ထို့ကြောင့် တကယ်တမ်းရင်ဆိုင်ရမည့် ရန်သူအင်အားမှာ အတော်လေးလျော့နည်းသွားပြီဟု ဆိုရပေမည်။
"အခုချိန်မှာဆက်လုပ်ရမယ့် အကောင်းဆုံးအစီအစဥ်က အဲ့ဒီမိစ္ဆာငါးကောင်ကို လွှတ်ပေးလိုက်ဖို့ပဲ"
ကျန်းယန်က ဆက်ပြောလာသည်။
အမှန်တော့ ထိုမိစ္ဆာများကို လွန်ခဲ့သောနှစ်နှစ်ကတည်းက လွှတ်ပေးလိုက်သင့်သည်ဖြစ်သော်ငြား ကျန်းယန်က ကမ္ဘာကိုစတင်လွှမ်းမိုးချုပ်ကိုင်လာနိုင်ခဲ့ကာ ချင်းယွင်ကျိကလည်း ကိုယ်ပွားများအကြောင်း မှတ်တမ်းပြုစုနေခဲ့သောကြောင့် မိစ္ဆာများဘက်ကို နှောင့်နှေးသွားခဲ့ရခြင်းပင်။
ယခုတော့ အချိန်ကျလေပြီ။
ချင်းယွင်ကျိက ခေါင်းညိတ်သည်။
"ကောင်းပြီ မိစ္ဆာတွေကို လွှတ်လိုက်ကြစို့"
ထို့နောက် ကျန်းယန်ကို မိစ္ဆာအားဖမ်းဆီးဖိနှိပ်ထားသော အာကာသအကာအရံဆီသို့ ခေါ်ဆောင်လာပြီး မေးလိုက်သည်။
"ကဲ၊ ဘယ်တာအိုရောင်းရင်း အရင်ထွက်လာမလဲဆိုတာ ဆုံးဖြတ်ပြီးသွားပြီလား"
"ငါ"
သွေးအရိပ်မိစ္ဆာက ရှေ့သို့လှမ်းထွက်လာပြီး ဆိုသည်။
ဤကိစ္စအတွက် သူ ဂူဒူအာနှင့် ကြိုတင်ဆွေးနွေးခဲ့ပြီးဖြစ်ကာ အပြင်ဘက်မှအခြေအနေကိုလည်း အများကြီးမေးမြန်းလေ့လာခဲ့ပြီးဖြစ်၏။ ယခု နှစ်ပေါင်းများစွာ ကြာလွန်သွားပြီးနောက်တွင် သူထွက်လာခွင့်ရခဲ့လေပြီ။
ချက်ချင်းဆိုသလိုပင် သူ့နောက်မှ နောက်ထပ်မိစ္ဆာလေးကောင် အတူလိုက်ပါလာကြသည်။
"ကဲ ဒါဆိုရင် ခင်ဗျားတို့ရဲ့နာမည်အစစ်အမှန်တွေနဲ့ ဝိညာဥ်စွမ်းအား၊ မိစ္ဆာစွမ်းအားတွေကို ကျွန်တော့်ဆီ လက်လွှဲပေးကြရပါမယ်"
မိစ္ဆာများ၏ အမည်နာမအစစ်အမှန်ကိုသုံးပြီး အမြုတေဖွဲ့စည်းကာ ဆရာသခင်ကိုပေးပြီး ဖိနှိပ်သိမ်းဆည်းခိုင်းထားရမည်။
မိစ္ဆာများက မတုံ့မဆိုင်းစွာပင် သူတို့၏နာမည်အစစ်အမှန်များနှင့် ဝိညာဥ်စွမ်းအား၊ မိစ္ဆာစွမ်းအားများကိုပါ သူတောင်းဆိုသလို လက်လွှဲပေးအပ်လာသည်။
စစ်မှန်သော မိစ္ဆာအမည်နာမ အမှတ်အသားငါးခုကို အမြုတေဖွဲ့စည်းကာ ချင်ယွင်ကျိ၏ တာအိုနယ်ပယ်ထဲ ပိတ်ဆည်းချုပ်နှောင်လိုက်ပြီးနောက် ချင်ယွင်ကျိက အာကာသဟင်းလင်းပြင်ကို ဖွင့်လှစ်ပေးလိုက်သည်။
ချင်ယွင်ကျိသည် ဤတစ်ကြိမ်တွင်တော့ အရင်တစ်ခေါက်ထက် ပို၍ပေါ့ပေါ့ပါးပါးရှိလာပုံကာ မိစ္ဆာငါးကောင်အား အားအင်သိပ်မသုံးဘဲ လွှတ်ပေးလိုက်နိုင်၏။
အာကာသအကာအရံထဲတွင် နာမည်များကို ဖိနှိပ်ခံထားရသော မိစ္တာခုနစ်ကောင်မှာ ဤတစ်ကြိမ်တွင်တော့ တစ်ကောင်မျှ အလုအယက် တိုးထွက်သောင်းကျန်းလိုခြင်း မရှိကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် မဟာအစီအရင်၏ ကြောက်မက်ဖွယ်စွမ်းအားကို သူတို့ အာရုံခံလိုက်မိသောကြောင့်ပင်။
ထို့အပြင် သူတို့လည်း အနှေးနှင့်အမြန် အပြင်ထွက်ရတော့မည်ဖြစ်သောကြောင့် အလျင်လိုနေလို့ရော ဘာအကျိုးရှိမည်နည်း။
ချင်းယွင်ကျိက ကျန်းယန်နှင့် မိစ္ဆာငါးကောင်ကို အဇူရာတိမ်တောင်ထွတ်ဆီသို့ ခေါ်ဆောင်ပေးသွားပြီး ကျန်းယန်အား မိစ္ဆာများကို အနောက်ဘက်တောင်ထွတ်ရှိ တားမြစ်နယ်မြေဆီသို့ပို့ဆောင်ပေးလိုက်ရန် ညွှန်ကြားလာသည်။
ထို့နောက် စစ်ထူမင်ယွဲ့တစ်ယောက် အမောတကောရောက်လာကာ ကျန်းယန်အားပြောသည်။
"စီနီယာအစ်ကို ကျွန်မအစ်ကို့ကိုပတ်ရှာနေတာကြာလှပြီ။ ကျင်းတောက်၊ ကျင်းရှန်နဲ့ ယုစုန့်တို့က ကျွန်မတို့ကို အကြွေးပေးရမယ်လို့ အမိန့်လာပေးနေကြတယ်။ သူတို့အခု အဇူရာတိမ်ခန်းမဆောင်ထဲမှာ စောင့်နေကြတယ်။ ဆရာဦးလေးလင်းယွင်က သူတို့နဲ့ဖြေရှင်းဖို့ အစ်ကို့ကိုသွားရှာချည်ဆိုလို့"
ချင်းယွင်ကျိက ကျန်းယန်ကိုကြည့်လိုက်ပြီး မေးသည်။
"ငါဝင်ပါဖို့လိုသေးလား"
ကျန်းယန်က ဉာဏ်များတော့မည့်အပြုံးဖြင့် ဆိုသည်။
"ဆရာသခင် ဝင်ပါဖို့မလိုသေးပါဘူး။ စီနီယာမိစ္ဆာများခင်ဗျား၊ ကျွန်တော်နဲ့ တစ်နေရာကို လိုက်ခဲ့ပေးကြပါဦး"
ကနဦးကတော့ ကျန်းယန်သည် အနောက်ဘက်တောင်ထွတ် တားမြစ်နယ်မြေဆီသို့ ပျံသန်းဖို့ရာပြင်ဆင်ထားသော်လည်း ကျင်းတောက်တို့ ဂိုဏ်းအထိရောက်လာသည်ဟုကြားသော် မိစ္ဆာများကိုအပါခေါ်ကာ အဇူရာတိမ်နန်းတော်ရှိရာသို့ တောင်လမ်းအတိုင်း ဆင်းသက်လာခဲ့လိုက်တော့သည်။
အဇူရာတိမ်ခန်းမဆောင်အတွင်းတွင် ကျင်းတောက်တို့မှာ သူအလာကို ဖင်တကြွကြွစောင့်နေကြလေသည်။ ကျန်းယန်ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် သူတို့မနေနိုင်စွာ ချက်ချင်းထရပ်ကာ သူ့ဆီကအဖြေတစ်ခုရအောင် ဖိအားပေးကြဖို့ ပြင်လိုက်တော့၏။
"အဲ့ဒီအကြွေးစာချုပ်က...."
"စီနီယာတို့ စိတ်သိပ်မလောကြပါနဲ့"
ကျန်းယန်က လက်ကိုဝှေ့ယမ်းကာ စိတ်ငြိမ်ငြိမ်ထားစေလိုက်ရင်း ဆိုသည်။
"ကျွန်တော်တို့အခုပဲ အာကာသဟင်းလင်းပြင်ထဲက မိစ္ဆာမျိုးနွယ်ဝင် စီနီယာငါးယောက်ကို လွှတ်ပေးလာတာပါ။ သူတို့က အဇူရာတိမ်ခန်းမဆောင်ကို မမြင်ဖူးသေးတာကြောင့် ကျွန်တော် တစ်ပတ်လောက်လှည့်ပြပေးနေတာ"
"စီနီယာတို့ကိစ္စတော့ နောက်မှဆက်ရှင်းကြတာပေါ့ဗျာ"
ထို့နောက် သွေးအရိပ်မိစ္ဆာဘက်သို့လှည့်ကာ ပြောလိုက်သည်။
"စီနီယာခင်ဗျာ၊ ဒါကတော့ ကျွန်တော်တို့ရဲ့ အဇူရာတိမ်နန်းတော်ကြီးပဲဖြစ်ပါတယ်။ ကဲ ဒီနေရာကိုမြင်ပြီးသွားပြီဆိုတော့ တခြားမရောက်ဖူးသေးတဲ့နေရာတွေဆီ ထပ်ခေါ်သွားပါဦးမယ်"
ထို့နောက်တော့ သူသည် မိစ္ဆာများကို မူလဦးတည်ရာဖြစ်သော အနောက်ဘက်တောင်ထွတ် တားမြစ်နယ်မြေဆီ ခေါ်ဆောင်သွားလိုက်လေသည်။
အဇူရာတိမ်ခန်းမဆောင်ထဲတွင်တော့ ကျင်းတောက်၊ ကျင်းရှန်နှင့် အခြားသူများမှာ ပါးစပ်အဟောင်းသားဖြင့် တအံ့တသြ ကျန်ရစ်ခဲ့ကြလေ၏။
အဇူရာတိမ်ဂိုဏ်းက နောက်ထပ် မိစ္ဆာငါးကောင် ထပ်လွှတ်ပေးလိုက်ပြန်ပြီလား။
သို့ဆိုလျှင် မိစ္ဆာအကောင်နှစ်ဆယ်ရှိနေလေပြီ။
ကပ်ဘေးဖြတ်ကျော်ခြင်း အလယ်အဆင့်ကိုပင် ရောက်နေပြီဖြစ်သော ချင်းယွင်ကျိကိုပါ ထပ်ပေါင်းထည့်လိုက်လျှင်ဖြင့်...
ဤအင်အားစုမှာ လျှော့ပေါ့တွက်စရာမဟုတ်တော့။
သူတို့ ဘာဆက်လုပ်သင့်ပါသနည်း။
တစ်အုပ်စုလုံး ထိုင်ခုံများပေါ်သို့ ပုံလဲကျသွားကြကာ အဇူရာတိမ်ဂိုဏ်းကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်နည်းဟု တိတ်တဆိတ် တွေးတောအကျပ်ရိုက်ကုန်ကြသည်။
ထိုအချိန်တွင် ကျန်းယန်သည် မိစ္ဆာငါးကောင်ကို အနောက်ဘက်တောင်ထွတ်ရှိ တားမြစ်နယ်မြေ၊ မိစ္ဆာဆယ်ကောင်ဆုံတွေ့မည့် နေရာဆီသို့ ခေါ်ဆောင်သွားပေးလိုက်သည်။
ယခင်အတွေ့အကြုံအတိုင်း နမူနာယူကာ ကျန်းယန်သည် သူတို့ငါးဦးကို ဂူရွှယ်၊ ဂူလင်း၊ ဂူပိုင်၊ ဂူဘင်း၊ ဂူယင်ဟု အမည်ပေးလိုက်သည်။
တကယ်တော့ သူတို့၏ အမည်ရင်းများမှလွဲ၍ တခြား မည်သည့်နာမည်ကိုကင်ပွန်းတပ်ပါစေ အရေးမကြီးလှပေ။
"စီနီယာတို့ လုပ်စရာရှိတာဆက်လုပ်ကြပါ။ ကျွန်တော်က စီစဥ်ရမယ့်ကိစ္စလေးတချို့ ရှိနေသေးလို့ အရင်ပြန်ပါဦးမယ်"
ကျန်းယန် နှုတ်ဆက်စကားဆိုကာ အဇူရာတိမ်ခန်းမဆောင်သို့ ပြန်လာခဲ့လိုက်သည်။
ကျန်းယန်ထွက်သွားပြီးနောက် ဂူဒူအာနှင့် အခြားသူများကို ဂူရွှယ်ကို ဦးညွှတ်လိုက်ကြသည်။
"ခေါင်းဆောင်"
ဂူရွှယ်က ခေါင်းဆတ်ပြပြီး မေးလိုက်၏။
"လက်ရှိအခြေအနေက ဘယ်လိုလဲ"
မေးခွန်းအပြီး သူ့အကြည့်က ဂူဒူအာဆီကျရောက်သွားသည်။
ဂူဒူအာက သူသိသမျှအရာအားလုံးကို ဂူရွှယ်အား အသေးစိတ် ပြန်လည်ရှင်းပြလာသည်။
ထိုအကြောင်းအရာများထဲတွင် တစ္ဆေဘုံမှသတင်းပို့သမားများ ရောက်ရှိကြောင်း၊ မိစ္ဆာမျိုးနွယ်မှ အလည်အပတ်လာရောက်ကြောင်းနှင့် အခြားကိစ္စဝိစ္စများ အစုံအလင်ပါဝင်သည်။
ထို့နောက် ဂူဒူအာက လေးနက်စွာပြောကြားလာသည်။
"ဒီတစ်ကြိမ် ဖန်ဆင်းခြင်းကန်ဖွင့်မယ့်ကိစ္စက ကမ္ဘာတုန်စေလောက်အောင် ရိုက်ခတ်မှုပြင်းလိမ့်မယ်လို့ ကျွန်တော် ပြင်းပြင်းပြပြအာရုံရနေတယ်။ ဒီနေရာက အထက်ဘုံမဟုတ်ပေမဲ့ တိုက်ပွဲတကယ်ဖြစ်လာရင် အထက်ဘုံထက်တော့လျော့မှာမဟုတ်ဘူး"
"ဟိုးအရင်ကာလတုန်းက ဖြစ်ခဲ့ဖူးတဲ့တစ်ခုလောက်ကို ကြမ်းတမ်းလိမ့်မယ်လို့ ထင်ရတယ်"
"အမတတွေ၊ မိစ္ဆာတွေ၊ မွန်းစတားတွေ၊ တစ္ဆေတွေ မျိုးနွယ်အားလုံးက တိုက်ပွဲမှာပါဝင်လာကြလိမ့်မယ်။ ဒီတိုက်ပွဲရဲ့ အနိုင်အရှုံးကို ခန့်မှန်းဖို့တောင်ခက်ပါတယ်"
"နောက်ပြီး ကျွန်တော်တို့ ရှေ့ဆောင်လမ်းပြနှစ်ယောက်ကို ရှာဖွေတွေ့ရှိထားပါတယ်"
သူတို့အားလုံး သူမတူအောင် ပါရမီထူးချွန်ကြတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီ့ထက်ပိုပြီးတိုးတက်လာမယ်ဆိုရင် သာမန်ထက်လွန်ကဲတဲ့အောင်မြင်မှုတွေ ဆွတ်ခူးလာနိုင်မယ့်သူတွေပါပဲ"
ဂူရွှယ် မျက်နှာအမူအရာပြောင်းသွားသည်။
"အဲ့ဒီရှေ့ဆောင်လမ်းပြနှစ်ယောက်ကို ငါတို့ရဲ့လမ်းစဥ်ထဲ ပူးပေါင်းခိုင်းလိုက်တော့"
ဂူဒူအာက ခါးသက်စွာပြုံးလိုက်ပြီး ခေါင်းယမ်းပြလာသည်။
"ကျွန်တော် ဒီတစ်ခုတော့မလုပ်နိုင်လောက်ဘူး။ တစ်ယောက်က ချင်းယွင်ကျိဖြစ်ပြီး နောက်တစ်ယောက်က သူတော်စင်သခင်ပါ။ သူတို့က ကျွန်တော်တို့မျိုးနွယ်စုနဲ့ဆက်စပ်နေတဲ့ အဲ့ဒီကောင်လေးနဲ့တော့ တော်တော်လေး အဆက်အဆံရှိကြတယ်။ ကျွန်တော်လည်း အကြိမ်ရေအတော်များများ ကြိုးစားခဲ့ဖူးပေမဲ့ အဲ့ဒီကောင်လေးကို လမ်းစဥ်ထဲခေါ်သွင်းဖို့ စည်းရုံးမရခဲ့ပါဘူး"
ဂူရွှယ်တစ်ယောက် မျက်ခုံးများ ချက်ချင်းတွန့်ချိုးသွားလေတော့၏။