← Chapters

အခန်း ၄၆၈

Vol. 46 Ch. 468

အခန်း ၄၆၈

Vol. 46 Ch. 468

၄၆၈။ ကျွန်တော်ကတော့အပြစ်ကင်းတယ်

ကျန်းယန်သည် အဇူရာတိမ်ခန်းမဆီသို့ပြန်သွားလိုက်ပြီး ထိုင်ခုံတွင်ဝင်ထိုင်ကာ သေဝပ်ငြိမ်သက်နေကြသော ကျင်းတောက်၊ ကျင်းရှန်နှင့် နောက်လိုက်နောက်ပါများကိုကြည့်သည်။ ထို့နောက် စကားစလိုက်၏။

"စီနီယာများခင်ဗျာ၊ ကျွန်တော်တို့ကြား ဆွေးနွေးစရာတစ်စုံတစ်ရာများ ရှိလို့ပါလား"

သကောင့်သား၏ စိုးရိမ်ပူပန်နေဟန်နှင့် ရှုပ်ထွေးမှုများ ရောနှောထင်ဟပ်နေသော မျက်နှာပေးသက်သက်ကိုသာကြည့်လျှင်တော့ ဘာဆိုဘာမှမသိထားသေးသူလို ထင်ရနိုင်လေသည်။

"ကောင်လေး၊ မင်းအဲ့လိုလုပ်ခဲ့တာ တကယ်ပဲလား"

ယုစုန့်က မနေနိုင်စွာဝင်မေးပေးလာသည်။

ကျန်းယန်ကလည်း တအံ့တသြဟန်ဖြင့် ပြန်မေးသည်။

"ဘာကိုများလဲ"

"မင်းက ကုန်ကြမ်းတွေနဲ့ ဆေးဖက်ဝင်အပင်တွေ ဈေးတက်လာတာကို အခွင့်ကောင်းယူပြီး ငါတို့ရဲ့ဝိညာဉ်ကျောက်တုံးတွေကို အမြတ်ထုတ်လိုက်တာလား။"

ယုစုန့်က ကျန်းယန်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။

ကျင်းရှန်၊ ကျင်းတောင်၊ လျူချွမ်နှင့် လျန့်ယိတို့မှာလည်း ကျန်းယန်တစ်ယောက်တည်းကိုသာစုပြုံကြည့်ကာ အဖြေစောင့်နေကြလေသည်။

ဤတစ်ကြိမ်တွင် ဂိုဏ်းများအားလုံး အတော်လေးအထိနာခဲ့ရသည်မဟုတ်လော။

ဂိုဏ်းဂဏတိုင်း၏ အကြီးအကဲများမှာ ထိုဆုံးရှုံးမှုကို အထပ်ထပ်အခါခါ စူးစမ်းလေ့လာတွက်ချက်ကြည့်တော့ တစ်စုံတစ်ခုကမရိုးရှင်းနေသည်ကို ခံစားလိုက်မိကြရတော့၏။

လွန်ခဲ့သောနှစ်နှစ်ကျော်ခန့်က ကျန်းယန်တစ်ယောက် ကုန်စည်ဈေးနှုန်းများကိုလျှော့ချကာ ကုန်ကြမ်းပစ္စည်းများကို ဈေးတင်ခဲ့သည့်အဖြစ်က ဤအကြံအစည်၏ မူလအစပင်ဖြစ်ပေမည်။

ထို့ကြောင့် ကျန်းယန်ဆီမှ ဖြေရှင်းချက်တစ်ခုတောင်းခံရန် သူတို့အားလုံး စုဝေးရောက်ရှိလာကြခြင်းဖြစ်၏။

ကျန်းယန်က စားပွဲထက် လက်သီးကို ခပ်ပြင်းပြင်းထုချလိုက်ပြီး ဒေါသတကြီးကြွေးကြော်လေ၏။

"စီနီယာတို့ ဘယ်အထောက်အထားရှိလို့ ဒီလိုစကားပြောရတာလဲ၊ တစ်ကမ္ဘာလုံးက ဝိညာဥ်ဆေးပင်တွေအကုန် ဈေးတက်သွားအောင် ကျွန်တော်ကအမိန့်ပေးခိုင်းစေလိုက်ပါတယ်လို့ ပြောချင်နေတာလား"

သူကတော့ ဝန်ခံစကားဆိုဖို့ လုံးဝအစီအစဥ်မရှိ။

ကျင်းတောက်က တည်တည်ငြိမ်ငြိမ်ပင် မေးလာသည်။

"ငါတို့လည်း မင်းအပြင် တခြားတစ်ယောက်တွေးစရာမရှိတော့ဘူး"

"ဟဲဟဲ" ကျန်းယန်က လှောင်ရယ်သည်။

"စီနီယာတို့ဘက်က အဲ့လိုထင်နေမှတော့ တစ်ခါတည်း အပြီးရှင်းလိုက်ကြတာပေါ့"

"လွန်ခဲ့တဲ့သုံးနှစ် ဒီကောင်းကင်အောက်ကတိုက်ကြီးတွေအားလုံး တစ္ဆေဘုံရဲ့တမန်တော်တွေဆီကနေ တိုက်ခိုက်ခံခဲ့ကြရတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အဇူရာတိမ်တိုက်ကြီး တစ်ခုပဲ ဒုက္ခဘေးကနေလွတ်မြောက်ခဲ့တာ၊ ဒါဘာကြောင့်လဲဆိုတာတော့ ကျွန်တော်ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ဟုတ်တယ်မလား"

"ဆိုလိုတာက ကျွန်တော်တို့ အဇူရာတိမ်တိုက်ကြီးတစ်ုခကလွဲ ကျန်တဲ့တိုက်ကြီးတွေအားလုံး စစ်ဘေးဒုက္ခကို အလူးအလဲခံစားခဲ့ရတာ"

"ဒီလိုဒုက္ခတွေ သက်ရောက်ခံစားခဲ့ရတဲ့ဂိုဏ်းငယ်လေးတွေကို ကျွန်တော်တို့ကူညီချင်တဲ့အတွက် ကုစည်ပစ္စည်းတွေကို ဈေးချပေးပြီး အဲ့ဒီအစား လက်နက်ကုန်ကြမ်းတွေကိုပဲ ဈေးတင်ခဲ့လိုက်တာ၊ အားလုံးခံစားနေရတဲ့အခက်အခဲတွေကို ကူညီကျော်လွှားပေးချင်စိတ်နဲ့ပါ"

"စီနီယာကျင်းတောက်လည်း ရောက်လာပြီဆိုတော့ တစ်ခါတည်းပြောလိုက်ကြတာပေါ့။ ခင်ဗျားက ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို သိုလှောင်ထားပြီး ကျုပ်တို့ကို သန်းခုနစ်ထောင်အထက်အထိ ဈေးမြှင့်ပြီးပြန်ရောင်းခဲ့တာလေ၊ ပြီးတော့ ဒီသန်းတစ်သိန်းအကြွေးစာရင်းကိုကျ ကျုပ်တို့တာဝန်ရှိပါတယ်ဆိုပြီး လာပြောနေတယ်ပေါ့။ ကိုယ့်လုပ်ရပ်ကိုယ် ဝန်ခံလိုက်စမ်းပါ"

ကျင်းတောက်က နှစ်ကြိမ်မျှချောင်းဟန့်လိုက်ပြီး ဘာတစ်ခုမှပြန်မပြောတော့ပေ။

ကျန်းယန်က ယုစုန့်ကိုလှမ်းကြည့်ပြီး မေးလိုက်သည်။

"အခု စီနီယာ့အလှည့်ပေါ့။ ခင်ဗျားလည်းကျုပ်တို့ကို ဆေးဖက်ဝင်အပင်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို သန်းငါးထောင်ကျော်အထိဈေးတင်ပြီးရောင်းခဲ့တယ်၊ ဟုတ်သလား မဟုတ်ဘူးလား"

ယုစုန့်လည်း ချောင်းနှစ်ချက်မျှဟန့်ပြီး ဘာတစ်မှပြန်မပြောနိုင်။

ကျန်းယန်က ဒေါင်ဘူအာဘက်လှည့်ကာ မေးခွန်းတစ်ခုထပ်ထုတ်သည်။

"နောက်တစ်ယောက်ကတော့ ခင်ဗျားပေါ့။ ခင်ဗျားတို့ မြင့်မြတ်ဝိညာဥ်ဂိုဏ်းကလည်း ကျုပ်ကို ဆေးလုံးတွေနဲ့ကုန်ကြမ်းပစ္စည်းတွေ သန်းရှစ်ထောင်ကျော်အထိဈေးတင်ရောင်းခဲ့တယ်၊ မှန်တယ်မလား"

ဒေါင်ဘူအာက သူ့နှင့် အကြည့်ချင်းမဆုံအောင်လွှဲရှောင်နေလေသည်။

ကျန်းယန် အသံထွက်ရယ်မောကာ မျက်စိရှေ့ရှိလူများကို ရိုင်းပျစွာလက်ညှိုးညွှန်လျက်ဆိုလိုက်သည်။

"ခင်ဗျားတို့အားလုံး ကျုပ်တို့ကို ဆေးလုံးတွေကုန်ကြမ်းပစ္စည်းတွေ မတန်တဆဈေးတင်ရောင်းလို့ဝတော့မှ ဂိုဏ်းအထိအရောက်လာပြီး ကျုပ်ကို အကြွေးတောင်းကြဖို့ကြံတယ်ပေါ့လေ၊ အဲ့လိုမျိုးလား"

"ကျုပ်တို့အဇူရာတိမ်ဂိုဏ်းက ခင်ဗျားတို့ရဲ့လျော်ကြေးငွေတွေကြောင့် အတိတ်တုန်းက ဝိညာဥ်ကျောက်တုံးတွေအများကြီးစုဆောင်းခဲ့မိတာတော့ အမှန်ပဲ။"

"နှစ်တွေကြာပြီးနောက်ပိုင်း ကျုပ်တို့လည်း အပြာရောင်လကုန်သည်ကြီးများအသင်း ကျေးဇူးနဲ့ ပိုက်ဆံတချို့ရအောင်ရှာနိုင်ခဲ့တယ်"

"ခင်ဗျားတို့သာ ဆေးဖက်ဝင်အပင်တွေနဲ့ ကုန်ကြမ်းသတ္တုတွေကို မတန်တဆဈေးတင်ရောင်းပြီး ကျုပ်တို့ဝိညာဥ်ကျောက်တုံးတွေကို မတရားအမြတ်ထုတ်သိမ်းယူသွားကြတာမလား"

ကျန်းယန်က စားပွဲကို လက်သီးတစ်ချက်ပြင်းပြင်းထပ်ထုကာ အော်လိုက်သည်။

"ကျုပ်တို့ကတော့ ဂိုဏ်းငယ်လေးတွေကိုကူညီဖို့သာ ရည်ရွယ်ခဲ့ပေမဲ့ ခင်ဗျားတို့ကတော့ အဲ့ဒီရည်ရွယ်ချက်ကနေ အမြတ်ရအောင်ထုတ်သွားခဲ့တာ၊ အဲ့ဒါကို ဒီနေ့ဒီအချိန် လာပြီးမေးခွန်းထုတ်ဖို့ ခင်ဗျားတို့မှာ သတ္တိရှိသေးတယ်ပေါ့လေ"

ကျင်းရှန်၊ ကျင်းတောက်နှင့် ဒေါင်ဘူအာတို့တစ်သိုက်မှာ အပြစ်မကင်းစိတ် အနည်းငယ်ခံစားလာရဟန်ပေါ်သည်။ သူတို့ကလိမ်ကကျစ်ကျခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သောကြောင့်။

သို့သော် အဇူရာတိမ်ဂိုဏ်းနှင့်တော့ စာရင်းရှင်းချိန်တန်လေပြီ။

ထိုအချိန်တွင် လင်းယွင်ကျိ၊ ဟွာလင်းကျိနှင့် အခြားသူများမှာတော့ သူတို့စိတ်ခံစားချက်များကို တိတ်ဆိတ်စွာဖိနှိပ်ကာ မည်သည့်သဲလွန်စမှ မျက်နှာမှာမပေါ်မိအောင် အတတ်နိုင်ဆုံးထိန်းသိမ်းလျက်ရှိ၏။

ကျန်းယန်၏ ပိုင်နိုင်သောသရုပ်ဆောင်မှုကြောင့် အတွင်းရေးကိစ္စများကို သူတို့ကောင်းကောင်းသိမထားပေသည့် လက်ရှိတွင်တော့ ကျန်းယန်သာအပြစ်ကင်းသည်ဟု အားလုံးက ယုံမှတ်ကုန်ကြလေသည်။

ကျန်းယန်က ထိုင်ကြည့်နေသောသူအားလုံးကို အေးစက်စက်တစ်ချက်ဝေ့ကြည့်ကာ နှာခေါင်းရှုံ့ရယ်လျက် စကားဆက်သည်။

"ဒီလိုအခြေအနေတွေကြားထဲမှာမှ ကျုပ်တို့ တစ်နှစ်ပတ်လုံး မနားမနေကြိုးစားပြီး ဒီအထိရောက်အောင်တက်လှမ်းခဲ့ရတာ၊ ဒီတော့ မေးစမ်းပါရစေဦး၊ ကျုပ်တို့ ဒီလောက်ကြိုးစားခဲ့ရပြီးမှတော့ ဆုံးရှုံးခဲ့ရတာတွေနဲ့ကာမိအောင် ဝိညာဥ်ဆေးပင်လေး ကုန်ကြမ်းပစ္စည်းလေးနည်းနည်းလောက်တော့ ရောင်းလို့မရဘူးလား"

"ခင်ဗျားတို့တုန်းကကျ ဈေးကို မိုးထိအောင်မြှင့်ရောင်းခဲ့ပြီး ကျုပ်တို့ကျမှ အရှုံးခံရောင်းသင့်တယ်လို့ ထင်နေတာလား"

"နောက်ပြီး ပြန်လှန်မေးကြည့်ရရင် အဲ့ဒီတုန်းကကျုပ်ကို ဝိညာဥ်ဆေးပင်တွေနဲ့ ကုန်ကြမ်းတွေ အများကြီးပစ်ရောင်းခဲ့ပြီး အခုအချိန် ခင်ဗျားတို့ဂိုဏ်းတွေမှာ လက်ကျန်ရောရှိသေးရဲ့လား၊ ကျုပ်ဆီက နည်းနည်းဝယ်သွားချင်သေးလား"

"ဘာကုန်ကြမ်းပစ္စည်းမှမကျန်တော့ဘဲ ပြတ်လပ်နေတဲ့အခါဆိုရင် ခင်ဗျားတို့လည်း ဈေးပိုပေးပြီး ရအောင်ဝယ်ကြမှာပဲမလား"

"တကယ်တော့ ဈေးတွေကလည်း ခင်ဗျားတို့အတင်းလိုက်ဝယ်နေလို့ ခုန်တက်ကုန်ကြတာပဲလေ"

"လူတိုင်းက သူတို့ပစ္စည်းတွေကိုဈေးတင်နေတဲ့အချိန် ကျုပ်ကျမှဘာလို့ ဈေးလျှော့ရောင်းပေးနေရမှာလဲ"

"ကျုပ်တို့အဇူရာတိမ်ဂိုဏ်းက ဘယ်သူ့ကောင်းကျိုးချမ်းသာကိုများ မလိုမလားပိတ်ပင်ခဲ့ဖူးလို့လဲ"

"ဒါမှမဟုတ် ကျုပ်တို့ကိုများ အရိယာသူတော်စင်တွေလို့အထင်မှားပြီး ခင်ဗျားတို့ဆုံးရှုံးသမျှကို တာဝန်ယူပေးမယ်ထင်လို့ လာပုံချနေတာလား"

"အခု ခင်ဗျားတို့ဖြစ်နေတဲ့အခြေအနေကို ခင်ဗျားတို့ကိုယ်တိုင် ဖန်တီးခဲ့ကြတာလေ"

"အခု ကျုပ်ကိုလာပြီးမေးခွန်းထုတ်ဖို့ ဘယ်ကသတ္တိရလာလဲ သိချင်စမ်းတယ်"

အားပြင်းသောချေပစကားများအဆုံး ကျန်းရှန်၊ ‌ဒေါင်ဘူအာနှင့် ကျင်းတောက်တို့တစ်သိုက်မှာ ပါးစပ်အဟောင်းသားဖြစ်လျက် ကျန်ရစ်ခဲ့ကြလေသည်။

ကုန်ပစ္စည်းတွေဈေးတက်သွားရတဲ့အကြောင်းရင်းက တကယ်ပဲ သူတိုအတင်းလိုက်ဝယ်နေလို့ ဖြစ်သွားတာများလား။

သို့သော် ဂိုဏ်းပေါင်းစုံမှာ လူပေါင်းသောင်းခြောက်ထောင် ဤအခြေအနေကို စစ်ဆေးတွက်ဆခဲ့သည့်ရလဒ်မှာတော့ နောက်ကွယ်က မမြင်ရသောလက်မည်းကြီးတစ်ဖက်၏ ထိန်းချုပ်စေစားမှုကို ခံစားမိနေကြခြင်းပင်။

သို့သော် အတိအကျ ဘာတွေဖြစ်ခဲ့သလဲ ဘယ်သူမှမသိကြ။

"ဒီတော့ မင်းပြောချင်တာက ဒါတွေအားလုံးက မင်းနဲ့လုံးဝမဆိုင်ပါဘူးပေါ့"

ယုစုန့်က မျက်မှောင်ကြုတ်လျက်သားဖြင့် ကျန်းယန်ကိုမေးသည်။

သူ့တွင်လည်း ကျန်းယန်က နောက်ကွယ်တွင်ရှိနေခဲ့မည်ဟု စိတ်ခံစားချက်တစ်ခုရှိနေသည်ပင်။

သို့သော် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေအထောက်အထားမရှိခဲ့။

ကျန်းယန် လုပ်ခဲ့သည်ဆိုလျှင်ပင် ဘာကြောင့်လုပ်ရသနည်းဟုပြန်ဖြေရန် သူတို့တွင်အကြောင်းပြချက်မရှိပါပေ။

ဒါက သာမန် ကုန်စည်ကူးသန်းရောင်းဝယ်မှုတစ်ခုပဲ မဟုတ်ဘူးလား။

သူကဘာကြောင့် ကျန်းယန်ကြိုးကိုင်တာကို ဘုမသိဘမသိခံလိုက်ရသလို ဖြစ်နေတာလဲ။

ထိုသို့ ဘုမသိဘမသိခံလိုက်ခြင်း အကြောင်းရင်းမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အပြာရောင်လကုန်သည်ကြီးများအသင်းနှင့် ချင်းယွင်သတင်းစာတို့၏ ဩဇာလွှမ်းမိုးမှု ဝေးလံကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့သည်ကို သူတို့ လုံးဝမသိရှိကြသောကြောင့် ဖြစ်သည်။

သတင်းထွက်လာခဲ့ချိန်တွင်တော့ တလောကလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ကြလေပြီ။

ထို့အပြင် ထိပ်တန်းဂိုဏ်းအချို့၏ လောဘဇောများက အင်အားဖြည့်ပေးသလိုဖြစ်သွားသောကြောင့် ဤကိစ္စရပ်မှာ မြန်မြန်ဆန်ဆန် အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတော့လည်း ထိုမဟာဂိုဏ်းကြီးများမှာ မိမိတို့ဖန်တီးသောကံကြမ္မာကို မိမိတို့သာ ဘေးဒုက္ခအဖြစ် ပြန်လည်ခံစားရခြင်းဖြစ်သည်။

အကယ်၍ သူတို့သာ အဇူရာတိမ်ဂိုဏ်းကို အမြတ်ထုတ်ဖို့မကြံစည်ခဲ့ပါက ဤမျှကြီးမားသောဆုံးရှုံးမှုကို ကြုံတွေ့ရပါဦးမည်လား။

ကျန်းယန်က သူ့ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်ပြီး ဆိုသည်။

“ဒါက လုံးဝ ကျုပ်တို့အပြစ်မဟုတ်ပါဘူး။ အဇူရာတိမ်ဂိုဏ်းက အပြစ်ကင်းတယ်ဆိုတာ ကျုပ်တို့အားလုံးအသိဆုံးပဲ မဟုတ်လား။ ခင်ဗျားတို့လည်း ဒီဂိုဏ်းကနေ ဝိညာဉ်ကျောက်တုံးတွေ အများကြီးအမြတ်ရသွားပြီးပြီလေ။ ကျုပ်တို့မှာ ဝိညာဥ်ကျောက်တုံးတောင် ကုန်လုနီးပါးဖြစ်နေတာကို တရားခံက ဘယ်လိုလုပ်ကျုပ်တို့ဖြစ်ရမှာလဲ"

"တိုက်ကြီးတွေကို လွှမ်းမိုးနိုင်ဖို့ ကျွမ်းကျင်သူဆိုတာလည်း ကျုပ်တို့အဇူရာတိမ်ဂိုဏ်းမှာ ဘယ်နှယောင်များရှိနေလို့လဲ"

"ခင်ဗျားတို့ ကျုပ်ပြောစကားကိုမယုံရင် တခြားကုန်စည်ဈေးနှုန်းတွေကို ကျုပ်တို့မြှင့်ထားမိသလား သွားစစ်ဆေးကြည့်လေ"

သူသည် မသိမသာဖြင့် သူတော်စင်သခင်အတွက် နောက်ထပ်ကျင်းတစ်ကျင်း တူးပေးလိုက်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ကုန်ကြမ်းများနှင့် ဆေးလုံးများကိုဝယ်ယူရန် စျေးနှုန်းမြှင့်တင်ခဲ့သည့် တာဝန်ရှိသူမှာ လန်ကျားအထွတ်အမြတ်မြေဖြစ်နေသောကြောင့် ဖြစ်သည်။

ထိုအဖိုးကြီးမှာ ဝိညာဥ်ကျောက်တုံး သန်းထောင်ချီအမြတ်ထုတ်သွားနိုင်ခဲ့သည်ဖြစ်ရာ ကျန်းယန်ကတော့ ဒီတိုင်းလွှတ်ပေးထားဖို့စိတ်ကူးမရှိ။

"အဲ့ဒီကိစ္စကို ငါတို့သေချာပေါက် စုံစမ်းစစ်ဆေးဦးမှာပါ"

ကျင်းတောက်က အလေးအနက်ခေါင်းညိတ်သည်။

"နောက်တစ်ခုရှိတာက ဒီအကြွေးစာရင်းကို မင်းဘယ်တော့ကျေအောင်ဆပ်ဖို့စီစဥ်ထားလဲ သိချင်သေးတယ်"

ထိုဆေးလုံးများနှင့် မှော်ရတနာများကို ဈေးသက်သက်သာသာနှင့် ရနိုင်မည့်အခြေအနေကို လက်လွှတ်ခံလို့မဖြစ်၊ သူတို့ဆုံးရှုံးထားရသမျှကို ပြန်ကာမိဖို့လိုသည်။

ထို့ကြောင့် သူတို့လာရောက်ရခြင်း ဒုတိယရည်ရွယ်ချက်မှာ အကြွေးမှတ်တမ်းကိုထုတ်ပြရန် ဖိအားပေးဖို့ဖြစ်သည်။

ကျန်းယန်က လက်ကိုယမ်းကာ‌ အေးစက်စက်ဆိုသည်။

"အခု ဆေးလုံးတွေနဲ့ မှော်လက်နက်တွေရဲ့ စျေးနှုန်းက မူလစျေးထက် အဆမတန်မြင့်တက်နေပြီလေ။ ခင်ဗျားတို့က ကျုပ်ကို မူလစျေးနှုန်းအတိုင်း ပြန်ဆပ်စေချင်သေးတာလား”

"စီနီယာတို့ နည်းနည်းပါးပါးအမြတ်ရရင်တော်ရောပေါ့၊ လောဘလေးတွေသိမ်းပါဦး"

"အကယ်၍ ခင်ဗျားတို့ဘက်က ဒါကို လက်ရှိစျေးကွက်ပေါက်စျေးအတိုင်း သတ်မှတ်ပေးမယ်ဆိုရင် ကျုပ်တို့ဘက်ကလည်း အကြွေးမှတ်တမ်းကို အသိအမှတ်ပြုပြီး ကုန်ပစ္စည်းတွေကို တဖြည်းဖြည်းချင်း ပေးပို့သွားမှာပါ။"

"မူရင်းဈေးအတိုင်းမှလိုချင်တယ်ဆိုရင်တော့ ဂိုဏ်းချုပ်အားလုံးကိုဆင့်ခေါ်ပြီး ဒီကိစ္စကို အကဲဖြတ်ချမှတ်ပေးခိုင်းရမယ်ထင်တယ်။ အဲ့ဒီအချိန်မှာပဲ လူတိုင်းအတွက်ရည်ရွယ်ထားတဲ့ ထောက်ပံ့ကြေးတွေကို ခင်ဗျားတို့ကိုယ်ကျိုးအတွက်သိမ်းယူသွားတာကို ကမ္ဘာကြီးက မြင်တွေ့ရဦးမှာပေါ့"

ကျင်းတောက်တို့တသိုက် မျက်နှာအမူအရာများပျက်ယွင်းသွားသည်။ ဤသတင်းသာထွက်လျက် သူတို့ဂိုဏ်း၏ဂုဏ်သရေတော့ အဖတ်ဆယ်စရာမရှိအောင် ပျက်စီးပေလိမ့်မည်။

လူများက သူတို့မျက်နှာရှေ့တည့်တည့်တော့ စော်ကားမော်ကားလုပ်ဝံ့ကြမည်မဟုတ်သော်ငြား တိုးတိုးကြိတ်ကြိတ် ကျိန်ဆဲဝေဖန်သံများကိုတော့ နားမဆန့်သာအောင် ကြားရပေလိမ့်မည်။

ကျန်းယန်က ထပ်ပြောလာသည်။

"ဒါမှမဟုတ် မူလအကြွေးစာရင်းကိုပဲ ပြန်အသိအမှတ်ပြုပေးမယ်ဆိုရင် အဲ့ဒီတုန်းကကုန်စည်ဈေးအတိုင်း ပြန်ဆပ်ပေးလို့ရတယ်။ စီနီယာတို့ ဘယ်လိုတွေးသလဲ"

ကျန်းယန် ခြေတစ်လှမ်းဆုတ်ပေးပြီး သူတို့ကို တွေဝေစေလိုက်သည်။

သန်းခုနစ်သိန်း ရှစ်သိန်းခန့် အမြတ်ထွက်နေသည်ဖြစ်ရာ ဂိုဏ်းအချို့ကို နှုတ်ပိတ်ရန်အတွက် သန်းအနည်းငယ်မျှသုံးစွဲခြင်းက ဘာမှပြောပလောက်မည်မဟုတ်။

ကျင်းတောက်တို့အဖွဲ့ တစ်ယောက်ကိုတစ်ယောက် မျက်စပစ်လိုက်ကြသည်။ သူတို့ကျေနပ်လောက်သည့်အပေးအယူ မဟုတ်ပေလင့်ကစား ဆုံးရှုံးမှုအနည်းငယ်ကိုတော့ ကာမိဖို့လုံလောက်ပေ၏။

ယုစုန့်က ရုတ်တရတ်ထမေးလာသည်။

"ငါ့ဘက်က လျော်ကြေးငွေတင်မက နစ်နာကြေးငွေကို သုံးဆတင်ပြီးတောင်းမယ်ဆိုရင်ရော မင်းဘယ်လိုထင်သလဲ"

ဝိညာဥ်ကျောက်တုံး သန်းပေါင်း၅၀၀အတွက် သူ့ဘက်က စပေါ်ငွေကြိုသွင်းပြီးသားဖြစ်ရာ ထိုစပေါ်ငွေကို အအမ်းပြန်ရပြီး နစ်နာကြေးအဖြစ် နောက်ထပ်သုံးဆပါထပ်ရဦးမည်ဆိုလျှင် ဝိညာဥ်ကျောက်တုံး သန်းတစ်ထောင်ခွဲပမာဏကို ရရှိမည်ဖြစ်သဖြင့် သူ့အတွက်က အမြတ်ကျန်ရုံသာှရိလေသည်။

ကျန်းယန်က ခပ်ဖွဖွပြုံးသည်။

"ကိစ္စမရှိပါဘူး။ တောင်းဆိုချက်ကို ခွင့်ပြုနိုင်ပါတယ်။ ဒါပေမဲ့ အခုကစပြီး ရှို့ယိဘုရားကျောင်းကလူတွေဟာ ဘာပစ္စည်းပဲဝယ်ချင်ပါစေ အဇူရာတိမ်တိုက်ကြီးဆီ ရောက်မလာပါစေနဲ့။ ခင်ဗျားတို့ဘက်က အရင်ဆုံးလူမဆန်ခဲ့တာမလို့ ဒီလိုတားမြစ်ပိတ်ပင်မှုကို တရားမမျှတဘူးလို့ အပြစ်မတင်ပါနဲ့။ ရှို့ယိဘုရားကျောင်းနဲ့ စီးပွားရေးလုပ်တဲ့သူ ဘယ်သူမဆို ကျုပ်တို့အဇူရာတိမ်ဂိုဏ်းနဲ့ စီးပွားရေးမလုပ်ရဘူးလို့ တစ်လောကလုံးကိုပါ ကြေညာလိုက်မှာပါ။ အားလုံး အေးအေးချမ်းချမ်းဖြစ်ကြစေဖို့ပါပဲ"

ယုစုန့်မှာ နှလုံးသားထဲမှစိမ့်တက်လာသော အေးစိမ့်စိမ့်ခံစားချက်ကြောင့် အမြန်ပြင်ပြောလိုက်ရသည်။

"ရပါပြီ၊ စိတ်မရှိပါနဲ့၊ ငါတို့လည်း တခြားတာအိုမိတ်ဆွေတွေအတိုင်းပဲ ယူလိုက်ပါတော့မယ်။ ကုန်ပစ္စည်းတွေကို စပေါ်ငွေပမာဏအတိုင်းပဲ ပေးပို့လိုက်ပါ"

အဇူရာတိမ်ဂိုဏ်းဘက်က ထိုသတင်းကို ထုတ်ပြန်လိုက်သည်နှင့် သူတို့ရှို့ယိဘုရားကျောင်းဘက်တွင် မဟာနှင်းတောင်တန်းတစ်ခုသာကျန်တော့မည်ဖြစ်ကြောင်း သူကောင်းကောင်းနားလည်ပါသည်။

အခြားဂိုဏ်းကိုယ်စားလှယ်များလည်း ခါးသီးစွာပြုံးရုံသာ တတ်နိုင်ကြတော့သည်။ သူတို့သည်လည်း အခြားတောင်းဆိုမှုများကို မလုပ်ရဲကြတော့သဖြင့် ကျန်းယန်ချမှတ်သည့်အခြေအနေများကိုသာ တိတ်တဆိတ်လိုက်နာဖို့ ရှိတော့လေသည်။

တစ်ဆက်တည်းပင် ကျန်းယန်သည် လိုအပ်သောကုန်ပစ္စည်းများကို သွားရောက်ယူဆောင်ရန် စစ်ထူမင်ယွဲ့ကို ညွှန်ကြားခဲ့ပြီး စုစုပေါင်း သန်းသုံးထောင်ကျော်တန်ဖိုးရှိသော ကုန်ပစ္စည်းများကို ဂိုဏ်းအချို့ထံ နေရာ၌ပင် လွှဲပြောင်းပေးအပ်ခဲ့ကာ အကြွေးမှတ်တမ်းများကို ပြန်လည်ရယူခဲ့လိုက်၏။

အဇူရာတိမ်ဂိုဏ်းမှာ ပြန်လည်ထွက်ခွာလာပြီးနောက် ဂိုဏ်းကိုယ်စားလှယ်အချို့မှာ ခေါင်းတယမ်းယမ်းနှင့် ခါးသက်သက်ပြုံးနေကြဆဲပင်။

အမြဲတမ်း အကွက်ကျော်ခံလိုက်ရသည်ဟု ခံစားလိုက်ရပါသော်ငြား မည်သို့အကွက်ကျော်လိုက်မှန်းတော့ မသိလိုက်သည်ချည်းသာ။

“နေရပ်ပြန်ရောက်တာနဲ့ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးကြစို့။ ဒီကုန်ကြမ်းစျေးနှုန်း မြင့်တက်ရခြင်းရဲ့ အကြောင်းရင်းအတိအကျကို ရအောင်ရှာဖွေရမယ်"

ဤသို့ဖြင့် ဂိုဏ်းကိုယ်စားလှယ်များမှာ စုံစမ်းစရာအမှုတစ်ခုကိုကိုင်ကာ အိမ်သို့သာ တန်းပြန်သွားကုန်ကြသည်။

လန်ကျားအထွတ်အမြတ်မြေတွင် သူတော်စင်သခင်မှာ ရုတ်တရက် ချမ်းစိမ့်တက်လာသောခံစားချက်ကြောင့် မအောင့်နိုင်စွာ နှာတစ်ချက်ချေချမိတော့၏။

All Chapters