အခန်း ၄၆၉
Vol. 46 Ch. 469
၄၆၉။ အသားစားတဲ့သူကလွတ်ပြီး ဟင်းရည်လေးကပ်သောက်တဲ့သူက အရိုက်ခံရတယ်
လန်ကျားအထွတ်အမြတ်မြေက ကုန်ကြမ်းပစ္စည်းများကို လိုက်လံဝယ်ယူစုဆောင်းခဲ့သည့် ကိစ္စမှာ လုံးဝဖုံးကွယ်ထား၍ မရနိုင်ခဲ့ချေ။
မကြာမီအချိန်အတွင်းမှာပင် မဟာဂိုဏ်းကြီးအချို့က လန်ကျားအထွတ်အမြတ်မြေ၏ လုပ်ရပ်ကို သိရှိသွားကြလေသည်။
ဤပေါ်ပေါက်မှုက မဟာဂိုဏ်းကြီးများစွာကို အကြီးအကျယ် ဒေါသထွက်သွားစေခဲ့သည်။
“ဒါဆို ဒါတွေအားလုံးက မင်းတို့လန်ကျားအထွတ်အမြတ်မြေရဲ့ လက်ချက်ပေါ့လေ”
လူတစ်စုမှာ မေးမြန်းစုံစမ်းရန်အတွက် လန်ကျားအထွတ်အမြတ်မြေဆီသို့ အပြေးအလွှားရောက်ရှိလာကြသည်။
သို့သော်လည်း သူတော်စင်သခင်က ဘာတစ်ခုမှမသိပါဟူသောစကားဖြင့် ဘာကိုမှလည်းဝန်မခံဘဲ အရာအားလုံးကို ပယ်ချလိုက်လေသည်။
သူတော်စင်သခင်၏ တင်းမာသောသဘောထားကို မြင်တွေ့ရပြီးနောက် ဂိုဏ်းကိုယ်စားလှယ်များသည် ဒေါသတကြီးဖြင့် မိမိတို့ဂိုဏ်းများဆီသို့ လှည့်ပြန်သွားကြတော့သည်။ ထို့နောက်တွင် ဂိုဏ်းတစ်ခုချင်းစီ၏ သတင်းစာများ၌ သူတော်စင်သခင်နှင့် လန်ကျားအထွတ်အမြတ်မြေကို ပြင်းပြင်းထန်ထန် ဝေဖန်ပုတ်ခတ်သည့် စာသားများဖြင့် ပြည့်နှက်သွားခဲ့ပြီး တွေးတော၍ရသမျှ ဆိုးဝါးလှသော ဆဲဆိုကဲ့ရဲ့မှုမျိုးစုံကို အသုံးပြုရှုတ်ချကြလေတော့၏။
သူတော်စင်သခင်မှာ အသားတဆတ်ဆတ်တုန်သည်အထိ ဒေါသထွက်ကာ ပြန်လည်ချေပတုန့်ပြန်လေသည်။
ဤသို့ဖြင့် မဟာဂိုဏ်းကြီးအချို့ကြားမှ နှုတ်မှုရေးရာစစ်ပွဲကြီးမှာ တစ်ကျော့ပြန် စတင်လာခဲ့ပြန်သည်။
"ဘာတွေဖြစ်ကုန်ကြတာလဲဟ"
သူတော်စင်သခင်က ဒေါသတကြီး ရေရွတ်လာသည်။
သူ့မှာ ကျန်းယန်လမ်းစဥ်နောက်ကပ်လိုက်ပြီး ဟင်းရည်လေးနည်းနည်းလောက် ခိုးသောက်ခွင့်ရရုံ၊ ဝိညာဥ်ကျောက်တုံး သန်းထောင်ချီသည်ဆိုရုံမျှရခဲ့ရုံသာ ဖြစ်သော်လည်း သူတစ်ယောက်သာ ဦးတည်အပြစ်တင်ခံနေရလေသည်။
ကျန်းယန်က သူ့ထက်အပုံကြီး အမြတ်သာခဲ့သော်လည်း ဤသူများက ထိုလူကိုကျ ဘေးမဲ့ပေးထားကြလေသလော။
သူတော်စင်သခင်မှာ ပြောစရာစကားမဲ့ကာ အလွန်ပင် မခံမရပ်နိုင်ဖြစ်နေလျက်။
သူ အခြေအနေကို လုံးဝနားမလည်နိုင်ခြင်းသာဖြစ်သည်။
သူ့ဘက်က ဘာအမှားတစ်ခုမှလုပ်မထားခဲ့သည် အမှန်ပင်။ နတ်ဆေးရည်များ ဈေးတက်တော့မည်ဟု ခန့်မှန်းလိုက်မိသဖြင့် ကြိုတင်သိုလှောင်ထားမိရုံသာဖြစ်၏။
အဲ့ဒါ ဘာများမှားသွားလို့လဲ။
အသားဟင်းစားရတဲ့သူကကျ အဆင်ပြေနေပြီး ဟင်းရည်လေးကပ်သောက်ရတဲ့သူက အထုအထောင်းခံနေရသတဲ့လား။
အဇူရာတိမ်ဂိုဏ်းမှ ကျန်းယန်မှာမူ မြေပြင်တစ်ခုလုံး အုတ်အော်သောင်းနင်း ပြင်းထန်နေသည့် နှုတ်မှုရေးရာစစ်ပွဲကြီးကို လုံးဝဂရုမစိုက်ဘဲ ရှိနေခဲ့သည်။ သူသည် ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်ပြီးနောက် စွမ်းဆောင်ရည်နှင့်နာမည်ကို ပိပိရိရိဖုံးကွယ်ကာ နောက်ကွယ်တွင် အနားယူနေခဲ့လေပြီ။
"“ဂျူနီယာညီလေးကျန်း၊ ဂိုဏ်းက ချင်းယွင်မြို့တော်တည်ဆောက်ရေးကို အရှိန်မြှင့်ဖို့နဲ့ မြို့တော်ရဲ့ ကျော်ကြားမှုကို မြှင့်တင်ဖို့အတွက် မင်းကို ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင် ခွဲဝေပေးထားတယ်"
ကျန်းယန်သည် ငွေများကို စတင်အသုံးပြုနေလေပြီ။
“ကျွန်တော်တို့ ငါးနှစ်အတွင်းမှာ လူဦးရေတိုးပွားလာအောင် လုပ်ဖို့လိုတယ်၊ တစ်ချိန်တည်းမှာပဲ ချင်းယွင်မြို့တော်ရဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုလည်း မြှင့်တင်ဖို့လိုအပ်တယ်”
"ဟုတ်ကဲ့ စီနီယာအစ်ကို"
ကျန်းကျစ်ချိုးက ပိုက်ဆံကိုယူကာ ထွက်ခွာသွားလေသည်။
"ဂျူနီယာညီမလေး ဝိညာဉ်ကျောက်တုံးတွေကို ထောက်ပံ့ကြေးအနေနဲ့ ဆက်ပြီးတော့ ဖြန့်ဝေပေးလိုက်ပါ"
ကျန်းယန်က စစ်ထူမင်ယွဲ့ကိုပြောလိုက်သည်။
"နောက်ပြီး အဖွဲ့တွေအားလုံးပျင်းရိမနေဘဲ ဆေးလုံးတွေ၊ မှော်လက်နက်တွေ၊ အဆောင်လက်ဖွဲ့ကို မြန်မြန်ဖော်စပ်ထုတ်လုပ်နေတာသေချာအောင် လိုက်စစ်ဆေးပေးထား"
"ဟုတ်ကဲ့ စီနီယာအစ်ကို" စစ်ထူမင်ယွဲ့က ခေါင်းညိတ်လိုက်သည်။
ဤအဖြစ်အပျက်အပြီးတွင် သူမသည် ကျန်းယန်ကို နတ်ဘုရားတစ်ပါးပမာ အလွန်တရာ ကြည်ညိုလေးစားသွားရပြီဖြစ်သည်။
ကျန်းယန်၏အမိန့်မှန်သမျှကို မည်မျှခက်ခဲလေးလံနေပါစေ သူမ ရာနှုန်းပြည့်ကျေပွန်အောင် ထမ်းရွက်တော့မည်ဖြစ်၏။
ကျန်းယန်က ထပ်ပေါင်းပြောလာသည်။
"ဂိုဏ်းရဲ့ အရင်းအမြစ်ခွဲဝေမှုအပိုင်းကို လောလောဆယ် မင်းပဲတာဝန်ယူထားလိုက်ဦး"
"အစ်ကိုကြီးက ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်လုပ်ဖို့ အချိန်နည်းနည်းယူရဦးမှာမလို့"
"ဂိုဏ်းတွေကိုစီမံခန့်ခွဲတဲ့တာဝန်တွေကတော့ ပြီးစီးလုနီးပါးဖြစ်သွားပြီ"
သူ့အနေဖြင့် ဂိုဏ်းအတွက် ဝိညာဥ်ကျောက်တုံးတွေ သန်းသိန်းချီယူဆောင်လာပေးပြီးလေပြီ။ အဇူရာတိမ်ဂိုဏ်းမှာ ဤအခြေအနေတွင်မှ တိုးတက်ဖို့လမ်းမရှိသေးဘူးဆိုလျှင်တော့ မြန်မြန်ပျက်စီးသွားတာကသာ ပိုကောင်းပေလိမ့်ဦးမည်။
"စီနီယာအစ်ကို ကျင့်ကြံခြင်းအပေါ်မှာ အာရုံစိုက်ထားပါ။ ကျန်တာအကုန် ညီမလေးဆီကိုလွှဲထားလိုက်တော့"
စစ်ထူမင်ယွဲ့က အလေးအနက်ခေါင်းညိတ်ကာ ဆိုသည်။
"နောက်ပြီး အကူအညီတစ်ခုခုလိုရင်လည်း ညီမလေးကို အချိန်မရွေးခေါ်လိုက်ပါနော်"
သူမစိတ်ထဲတွင် အတွေးတစ်ခုရှိနှင့်ပြီးသားဖြစ်၏။ နဂိုက ယင်ခန္ဓာကို မွေးရာပါပိုင်ဆိုင်ထားသူဖြစ်ပြီး ထိုက်ယင်အမတပညာရပ်ကိုလည်း ကျင့်ကြံတတ်မြောက်ထားသဖြင့် နှစ်ကိုယ်တူကျင့်ကြံရေးတွင်ကူညီလျှင် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်မဟုတ်လော။
ဤနည်းဖြင့် စီနီယာအစ်ကို သူမကူညီပေးချင်မိလေသည်။
သို့သော် သူမဘက်မှစပြောဖို့ကိုတော့ ရှက်ရွံ့မိဆဲဖြစ်သောကြောင့်ပင်။
စစ်ထူမင်ယွဲ့ထွက်သွားပြီးနောက် ကျန်းယန်က တောင်တစ်သောင်းသတ္ထုတွင်းကြီးထဲမှ ရရှိလာသော ရှားပါးသတ္တုရိုင်းတစ်တုံးကို အမတသန့်စင်အမွှေးတိုင်အိုးထဲသို့ ပစ်ထည့်လိုက်သည်။
"ဒီပစ္စည်းကိုသုံးပြီး မင်းရဲ့ ကြားခံကိုယ်ထည်ကို ပြန်လည်ပြင်ဆင်လိုက်ပါ။ ပြီးရင် မဟာတာအိုစွမ်းအားအားလုံးကို သန့်စင်ထုတ်ယူပြီး ငါ့ကိုယ်ထဲပြောင်းထည့်ပေးရမယ်"
တာအိုဝတ်ရုံကို သူစတင်ပြုပြင်တော့မည်ဖြစ်သည်။
ထို့နောက် ဝိညာဥ်ကျောက်တုံး အရေအတွက်အများကြီးကို အမတသန့်စင်အမွှေးတိုင်အိုးထဲသို့ ထပ်မံပစ်ထည့်လိုက်ပြီး ဝိညာဥ်စွမ်းအားများကို သန့်စင်ထုတ်လုပ်စေသည်။
ရှားပါးသတ္တုရိုင်းသည် အမတသန့်စင်အမွှေးတိုင်အိုးထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်နှင့် အမွှေးတိုင်အိုးမှာ အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာသည်။ ရှားပါးသတ္တုရိုင်းဆီမှ ငွေ့ရည်ဖွဲ့ဖြစ်တည်လာသော မဟာတာအို၏စွမ်းအားမှာ ကျန်းယန်၏ခန္ဓာတွင်းသို့ စိမ့်ဝင်လွှဲပြောင်းလာကာ ကျန်းယန်၏ ဝိညာဥ်အခြေတည်အဆင့် တာအိုဝတ်ရုံကို သိသာထိရောက်စွာ ပြန်လည်ဖာထေးအားဖြည့်ပေးလာသည်။
ကျန်းယန်တစ်ယောက်တော့ အားလပ်ချိန်လေးတချို့ရနေပေသည့် အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးကတော့ ပျားပန်းခတ်အလုပ်များနေကြလေပြီ။
ဝိညာဥ်ကျောက်တုံး သန်းတစ်ထောင်ကို ဆုလာဘ်ရရှိသွားပြီးနောက် ကျန်းကျစ်ချိုးတစ်ယောက် ချင်းယွင်မြို့တော်ထဲတွင် လုပ်စရာရှိတာမှန်သမျှကို သွက်သွက်လက်လက် အကောင်အထည်ဖော်တော့လေသည်။
သီးခြားကျင့်ကြံသူ ရာချီထောင်ချီသောအင်အားမှာ အထိရောက်ဆုံးသော အလုပ်သမားအင်အားစုပင်။
မရေမတွက်နိုင်သော အလုပ်သမားများ၏ အကူအညီဖြင့် ချင်းယွင်မြို့တော်ကား တစ်ရက်ပြီးတစ်ရက် မြင်သာစွာပြောင်းလဲလာတော့သည်။
ထိုသီးခြားကျင့်ကြံသူများမှာလည်း အလုပ်လုပ်ရာတွင် တစ်ဦးတစ်ယောက်မျှ ပျင်းရိဖင့်နွှဲနေခြင်း မရှိကြချေ။
အတိတ်ကာလတုန်းကမူ သူတို့မှာ ငွေကြေးလိုအပ်မှုကြောင့် စီးပွားရှာလိုလျှင် လုယက်သတ်ဖြတ်ခြင်းလမ်းစဉ်ကိုသာ ရွေးချယ်ခဲ့ကြရပြီး အနည်းငယ်မျှ သတိမမူမိပါက အသက်ပျောက်သွားနိုင်သည့် အန္တရာယ်ကို အမြဲရင်ဆိုင်ခဲ့ရသည်။
တချို့ကမူ မူလဗီဇကိုက ရန်လိုတတ်ပြီး တိုက်ခိုက်သတ်ဖြတ်ရသည်ကို နှစ်သက်ကြသည်ဆိုသော်ငြား လူအများစုမှာမူ မိမိတို့ရွေးချယ်ထားသော တာအိုလမ်းစဉ်ကို အေးအေးချမ်းချမ်းကျင့်ကြံပြီး အမတအဖြစ် တက်လှမ်းနေထိုင်ခြင်သူများသာ ဖြစ်ကြ၏။
ယခုတော့ ရိုးရှင်းစွာပင် ဇာတိမြို့တွင်အလုပ်လုပ်ရင်း ပိုက်ဆံရှာနိုင်လေပြီ။ ထို့ကြောင့် အလုပ်ခွင်တွင် မကျေမချမ်းအထွန့်တက်သံ တစ်ခုပင်မကြားရ။
အထူးသဖြင့် အခြေတည်အဆင့်ကျင့်ကြံသူ အများစုမှာ သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းကို လေ့ကျင့်သန့်စင်ဖို့လိုအပ်နေကြသည်။
ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ရခြင်းမှာ သူတို့အတွက် ကိုယ်ကာယပိုင်းလေ့ကျင့်ခန်းတစ်ခုဟုပင် သတ်မှတ်နိုင်နေလေပြီ။
အကယ်၍ ဤအချိန်တွင် ဆေးလုံးအချို့ကိုပါ မှီဝဲလိုက်မည်ဆိုပါက ခန္ဓာကိုယ်သန့်စင်ခြင်း အကျိုးသက်ရောက်မှုမှာ ပိုမိုထင်ရှားလာပေလိမ့်မည်။
ဤသို့ တစ်ချက်ခုတ်နှစ်ချက်ပြတ် အခြေအနေမျိုးတွင် မည်သူက အလုပ်လုပ်ဖို့ပျင်းရိနေနိုင်ပါ့မည်နည်း။
နှစ်လအကြာတွင် ဟော်လင်းကျိတစ်ယောက် တာအိုပေါင်းစည်းခြင်းအဆင့်ကိုချိုးဖျက်ကာ သီးသန့်ကျင့်ကြံရာမှ ပြန်ထွက်လာခဲ့သည်။
ဟော်လင်းကျိ သီးသန့်ကျင့်ကြံရာမှ ပြန်ထွက်လာချိန်တွင် အဇူရာတိမ်ဂိုဏ်း၏ ထုံးတမ်းစဉ်လာအရ ချက်ချင်းပင် ဂုဏ်ပြုစားသောက်ပွဲကြီးတစ်ခုကို ကျင်းပလေတော့သည်။
ချင်းယွင်မြို့တော်ရှိ အလုပ်သမားထုကြီးတစ်ခုလုံးမှာလည်း ဤစားသောက်ပွဲကြီးတွင် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် သုံးရက်တာ ပိတ်ရက်ရရှိခဲ့ကြသည်။
ဟော်လင်းကျိ၏ အတွေ့အကြုံမျှဝေမှုများကို နာကြားမှတ်သားပြီး လူအမြောက်အများပင် ကျင့်ကြံဆင့်များ ချိုးဖျက်တက်ရောက်နိုင်ခဲ့ကြသေး၏။
ဤကျေးဇူးကြောင့် ကျင့်ကြံဆင့်ချိုးဖျက်တက်ရောက်နိုင်ခဲ့သူများမှာ အဇူရာတိမ်ဂိုဏ်းကို ပို၍ပင် တလေးတစားကျေးဇူးတင်မိကာ မြို့တော်အပေါ်တွင်လည်း ပို၍ပင် သစ္စာစောင့်သိလာကြလေသည်။
အဇူရာတိမ်ဂိုဏ်း၏ ထိပ်သီးဆရာသခင်ခုနစ်ပါးတွင် ပိုင်ယွင်ကျိတစ်ယောက်သာ အဆင့်မချိုးဖျက်နိုင်သေးဘဲ ကျန်ရှိနေသေးသည်ပင်။
အဇူရာတိမ်ဂိုဏ်းသား တပည့်တပန်းတစ်သိန်းကျော်မှာ အရင်ကာလများဆီကလို အခြားနေရာဒေသအသီးသီးတွင် သွားရောက်တပ်စွဲနေရန် မလိုအပ်တော့ဘဲ အားလုံးက စခန်းချရာနေရာ၌သာ စိတ်ရောကိုယ်ပါ ကြိုးစားကျင့်ကြံနေကြလေသည်။
ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် ကျင့်ကြံအားထုတ်နေသည့် ဂိုဏ်းသားတစ်ယောက်ယောက်ကိုတွေ့တိုင်း သီးခြားကျင့်ကြံသူများနည်းတူ ချင်းယွင်မြို့တော်သို့ပို့ကာ လေ့ကျင့်ရင်းအလုပ်လုပ်စေသည်။
ဤသည်မှာ ဂိုဏ်းသားများအတွက် စမ်းသပ်မှုတစ်ခုဆိုလည်း မမှားသလို ချင်းယွင်မြို့တော် ဆောက်လုပ်ရေးကိုလည်း ပိုမိုမြန်ဆန်ချောမွေ့စေလေသည်။
အပြာရောင်ဝတ်တပ်ဖွဲ့တွင် ကျန်းချန်းရှန်သည် ကျန်းယန်၏ ကျင့်ကြံရေးလောကတစ်ခုလုံးအား ချုပ်ကိုင်လွှမ်းမိုးမှုဖြစ်စဥ်ကြီးကို ပြန်လှန်သုံးသပ်ရင်း အာမေဋိတ်ပြုမိ၏။
"စီနီယာအစ်ကိုကတော့ ရင်းမြစ်ထုတ်လုပ်ရေးတစ်ခုလုံးကို လက်ဝါးထဲအပိုင်ထည့်ထားပြီး စိတ်တိုင်းကျထိန်းချုပ်နိုင်တဲ့အထိ ကျွမ်းကျင်နေပြီပဲ။ တကယ်ကို ကြောက်စရာကောင်းလိုက်ပုံများ"
ထို့နောက် တစ်ခဏမျှတွေးတောပြီး မှင်တံကိုကောက်ကိုင်ကာ အရင်းအမြစ်များအကြောင်း ကျမ်းစာ၏ အစိတ်အပိုင်းတစ်ခုကို ထပ်ဖြည့်ရေးသားလိုက်သည်။
အရင်းအမြစ်များနှင့်ပက်သက်သော သီအိုရီအကြောင်း သူကျမ်းစာပြုစုနေခဲ့သည်မှာ နှစ်အနည်းငယ်ကြာမြင့်ပြီဖြစ်သော်ငြား ယခုထိ အပြီးမသတ်ရသေးသည့်အပြင် သူလိုချင်သည့်ပန်းတိုင်နှင့်လည်း အတော်အလှမ်းဝေးနေသေး၏။
သို့ပေမဲ့ သူဒီ့ထက်ပိုရေးနိုင်စွမ်းမရှိတော့သည်ကို သိလိုက်ရလေပြီ။
အဘယ့်ကြောင့်ဆိုသော် သူ၏ အရင်းအမြစ်ကျမ်းစာသည် ကျန်းယန်၏လုပ်ကိုင်ပုံများကို လေ့လာဆန်းစစ်ရင်းသာ ပြုစုရေးသားထားခြင်းဖြစ်သောကြောင့်ပင်။
သူ့တွင် ကိုယ်ပိုင်အတွေ့အကြုံ လုံးဝခေါင်းပါးနေခဲ့သည်။
ကျန်းချန်းရှန်သည်လည်း သူ့ပြဿနာကို တဖြည်းဖြည်းပို၍ သတိပြုမိလာခဲ့သည်။
သူ အချိန်အတော်ကြာသည်အထိ တွေးတောစဥ်းစားနေပြီးမှ ချောင်ယင်းကိုခေါ်ကာ ညွှန်ကြားလိုက်သည်။
"ဂျူနီယာညီမလေး၊ အပြာရောင်ဝတ်တပ်ဖွဲ့ရဲ့ အရေးကိစ္စတွေကို မင်းဆီယာယီလွှဲအပ်ခဲ့ဦးမယ်။ ငါ လန်ကျားပညာသင်ကျောင်းမှာ အချိန်တစ်ခုလောက် သင်ကြားပို့ချစရာလေးတွေရှိလို့။ မင်းကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ကိစ္စတွေရှိရင် လန်ကျားပညာသင်ကျောင်းမှာ ငါ့ကိုလာရှာလှည့်"
"စီနီယာအစ်ကိုကျန်း၊ လန်ကျားပညာသင်ကျောင်းမှာ စာသွားသင်ပေးမလို့ပေါ့"
ချောင်ယင်းက တအံ့တသြမေးလေသည်။
ထိုပညာသင်ကျောင်းမှာ လန်ကျားအထွတ်အမြတ်မြေတွင်ရှိသည် မဟုတ်ပေလော။
ကျန်းချန်းရှန်က ပြုံးကာပြောလိုက်သည်။
"ပညာသင်ကျောင်းအကြီးအကဲကတော့ လန်ကျားအထွတ်အမြတ်မြေကဆိုပေမဲ့ တကယ်တမ်းပြောရရင် အဲ့ကျောင်းလည်း ငါတို့ချင်းယွင်မြို့အပိုင်ပါပဲ"
"လန်ကျားပညာသင်ကျောင်းမှာ အရေးပေါ်တာဝန်လေးတချို့ရှိနေတယ်ကြားလို့ ငါသွားပြီးကူညီပေးဦးမလို့"
"စာသင်ရင်းနဲ့ ငါ့ရဲ့အတွေးအခေါ်တွေကိုရော ဒီ့ထက်ပိုထက်မြက်အောင် နာနာသွေးထားရဦးမှာပေါ့"
"စီနီယာအစ်ကို တစ်ခါပြောခဲ့ဖူးသလိုပဲ အသိညာအစစ်အမှန်ဆိုတာ လက်တွေ့လုပ်ရင်းကနေမှ ရှာတွေ့နိုင်တာတဲ့"
"ငါလည်း လက်တွေ့ကျကျအလုပ်လုပ်ဖို့အချိန်တန်ပြီ။ ဒီလိုပဲဆက်နေနေရင် စီနီယာအစ်ကိုရဲ့အတွေးအခေါ်တွေကြားမှာပဲ ပိတ်မိပြီး အစွမ်းအစတုံးသွားလိမ့်မယ်"
"စီနီယာအစ်ကိုကလည်း ပညာရေးပိုင်းမှာ သူမတူအောင်ထူးချွန်တဲ့ စာသင်သားတစ်ယောက်ပဲ၊ ဒါပေမဲ့ ငါကတော့အဲ့လမ်းကိုလိုက်မှာမဟုတ်ဘူး။ ငါက ဒုတိယစီနီယာအစ်ကိုနေရာမှာပဲ ရပ်မနေချင်ဘူး"
"ဒါကြောင့် ဒီအခွင့်အလမ်းကိုအရဖမ်းပြီး အကျပ်အတည်းကြားက ရအောင်ရုန်းထွက်ရလိမ့်မယ်"
သူ့ရှင်းလင်းချက်ကိုကြားပြီး ချောင်ယင်းက အပြည့်အဝနားလည်သွားဟန်ဖြင့် စိတ်ပါလက်ပါခေါင်းညိတ်ပြလာသည်။
"စီနီယာအစ်ကိုကျန်း စိတ်ချလက်ချသာသွားပါနော်"
"ဒီကကိစ္စတွေ ညီမလေးတာဝန်ထားပါ"
"လောလောဆယ်တော့ တပ်ဖွဲ့ဝင်တွေကို အရင်းအမြစ်တွေ ထောက်ပံ့ပေးပြီး ကျင့်ကြံဆင့်တွေဆက်ချိုးဖျက်ဖို့ အားပေးတိုက်တွန်းရုံပဲမလို့ ကိစ္စကြီးကြီးမားမားတော့ ရှိလာမှာမဟုတ်ပါဘူး"
"အဓိကဆောက်လုပ်ရေးစီမံကိန်းကြီး သုံးခုကိုလည်း မေ့မပစ်လိုက်နဲ့ဦးနော်" ကျန်းချန်းရှန်က ညွှန်ကြားလိုက်သည်။
ချောင်ယင်းက ရယ်၏။
"မေ့စရာလားရှင်"