အခန်း ၄၇၀
Vol. 46 Ch. 470
၄၇၀။ လန်ကျားစာသင်ကျောင်းသို့
ခံစားချက်များကို ဖွင့်ဟရှင်းလင်းပြီးနောက် ကုန်းရှန်းနှင့် သူတွေ့ဆုံခဲ့ရလေသည်။
ကုန်းရှန်းကသူ့ကို နားမလည်နိုင်သလိုကြည့်ကာ မေးလာသည်။
"မင်းကဘာလို့ ငါတို့လန်ကျားပညာသင်ကျောင်းမှာစာသင်ပေးဖို့ ဆုံးဖြတ်လိုက်တာလဲ"
"ကျွန်တော့်ရဲ့ အရည်အချင်းတွေကို စာသင်ပြတဲ့လုပ်ငန်းစဉ်ကနေတစ်ဆင့် ပိုပြီးထက်မြက်အောင် သွေးယူချင်လို့ပါ"
ကျန်းချန်းရှန်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
"နောက်ပြီး စီနီယာတို့ဆီမှာလည်း ဆရာအင်အားလိုအပ်နေတာ အမှန်ပဲမဟုတ်လား"
ကုန်းရှန်းကခေါင်းညိတ်သည်။
"ငါတို့လည်း လူလိုနေတာတော့ဟုတ်တယ်"
"ဒါပေမဲ့ ငါ့ဘက်က မင်းဘယ်သူဘယ်ဝါမှန်းတောင် သိရသေးတာမဟုတ်ဘူး၊ စာသင်ခိုင်းဖို့အထိကျ အဆင်ပြေပါ့မလား"
"နောက်ပြီး မင်းက စာသင်ကြားပို့ချဖို့ အရည်အချင်းရောပြည့်မီရဲ့လား"
ကျန်းချန်းရှန်က ရယ်သည်။
"ကျွန်တော်ရေးသားပြုစုဖူးတဲ့ ကျမ်းတချို့ယူလာခဲ့ပါတယ်၊ စီနီယာ ကျွန်တော့်အရည်အချင်းကို စိတ်ကြိုက်စမ်းသပ်စစ်ဆေးနိုင်ပါတယ်"
ကုန်းရှန်းက ကျန်းချန်းရှန်ကမ်းပေးလာသော ဆောင်းပါးစာစောင်များကို ဖတ်ရှုကြည့်ပြီးနောက် တအံ့တသြရေရွတ်လေသည်။
"မင်းက အရင်းအမြစ်ဆိုင်ရာသီအိုရီကို ရေးခဲ့တဲ့ အဲ့ဒီကျန်းချန်းရှန်ပါလား"
ကျန်းချန်းရှန်အကြောင်းကို သူကြားဖူးသိဖူးခဲ့တာ ကြာပြီဖြစ်သော်လည်း လူချင်းတော့ တစ်ခါမှမဆုံခဲ့ဖူးပေ။
မမျှော်လင့်ထားစွာဖြင့် မိမိရှေ့ရှိ ဤလူငယ်လေးမှာ သူနားနှင့်မဆံ့အောင်ကြားခဲ့ဖူးသည့် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်။
ကျန်းချန်းရှန်က ပြုံးလျက်ဆို၏။
"စီနီယာ မြှောက်ပင့်လွန်းပါတယ်ခင်ဗျာ။ ကျွန်တော်က စီနီယာအစ်ကိုရဲ့ အတွေးအခေါ်လမ်းစဥ်ကိုလေ့လာပြီး အသိအမြင်တချို့ပေါက်မြောက်သွားခဲ့ရုံပါ"
"အဲ့လိုကိုး"
ကုန်းရှန်းက နှစ်ခြိုက်စွာပြုံးကာ ခေါင်းကိုအသာယမ်းလေသည်။
"မင်းက နှိမ့်ချလွန်းပါတယ်ကွာ"
သူ ကျန်းယန်ကိုသိသည်။ ထိုသူသည် လန်ကျားအထွတ်အမြတ်မြေကို အကြိမ်ကြိမ်လှည့်စားခဲ့ဖူးသည့် အလွန်ကောက်ကျစ်စဉ်းလဲသော လူငယ်တစ်ဦးဖြစ်သည်ပင်။
သို့သော် ကုန်းရှန်းသည် ကျန်းယန်ကဲ့သို့လူမျိုးကား ဤသို့ အတွေးအခေါ်ဆိုင်ရာ နက်နဲသည့်သီအိုရီများကို နားလည်နိုင်လိမ့်မည်ဟု လုံးဝမထင်မှတ်ပါပေ။
ကျန်းချန်းရှန်ကလည်း ပြုံးရုံသာပြုံးနေပြီး ဘာမှထပ်ဖြေဆိုလာခြင်းမရှိ။
သူ့ဘက်က နှိမ့်ချဖြေဆိုနေခြင်းမဟုတ်ပါ။ အမှန်မှာ ဤလောကရှိ လူအများစုက သူ၏စီနီယာအစ်ကို ဘယ်လောက်ခြယ်လှယ်နိုင်စွမ်းကြီးကြောင်း သတိမမူမိကြခြင်းသာဖြစ်၏။
သို့သော် သူ့ဘက်ကလည်း အထူးတလည်ဖြေရှင်းနေခြင်းမပြုဘဲ ဤသူများကို စီနီယာအစ်ကိုအား ဆက်လက်၍အထင်သေးခွင့်သာ ပြုထားလိုက်သည်။
တစ်ဆက်တည်းမှာပင် ကုန်းရှန်းသည် ကျန်းချန်းရှန်၏ စာသင်ခွင့်တောင်းဆိုမှုကို ချက်ချင်းလက်ခံပေးလိုက်တော့၏။
ဤမျှထူးချွန်ပေါက်မြောက်သော ပါရမီရှင်လေးကို သူ့ကျောင်းတွင် ဆရာသမားတစ်ယောက်အဖြစ် လက်မခံပေနိုင်စရာအကြောင်းမရှိ။ ဤလူငယ်လေးကို အနီးကပ်ပိုမိုလေ့လာသိရှိရန် အခွင့်ကောင်းတစ်ခုလည်း ဖြစ်သည်မဟုတ်လော။
ထို့အပြင် ကျန်းချန်းရှန်၏ အရင်းအမြစ်ဆိုင်ရာ ကျမ်းစာကို သူအလွန်စိတ်ဝင်စားသောကြောင့်လည်း ပါသည်။
အားလပ်ချိန်များတွင် ထိုအကြောင်းကို ဆွေးနွေးဖလှယ်ခွင့် ရပေဦးမည်။
ကျန်းချန်းရှန်၏ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်အခြေတည်အဆင့်သာရှိသေးသဖြင့် အနည်းငယ် လိုအပ်ချက်ရှိနေသေးသည်ဟု ဆိုနိုင်သော်လည်း ချင်းယွင်မြို့တော်ရှိ ကလေးငယ်များကို သင်ကြားပြသရန်အတွက်မူ လုံလောက်သည်ထက် ပိုနေပါသေးသည်။
ထိုနေ့တွင် ရဟန်းတစ်ပါးသည် ချင်းယွင်မြို့တော်၏ မြို့ဝင်ခွင့်တံဆိပ်တုံးထုရာဌာနသို့ ရောက်လာခဲ့လေသည်။
အရောင်ပြယ်လွင့်နေသော သင်္ကန်းအား ခြုံလွှမ်းထားသည့်ရဟန်းသည် အတော်လေးသာမန်ဆန်သောသွင်ပြင်ရှိ၏။ ထိုသူသည် ကောင်တာတွင်ထိုင်ကာ ချင်းယွင်မြို့ဝင်ခွင့်အတွက် အသိအမှတ်ပြုစာ လျှောက်ထားနေလေသည်။
"နာမည်က?"
ပြည်ဝင်ခွင့်ရုံးအရာရှိက မေးသည်။
ရဟန်းက တစ်ခဏမျှတိတ်ဆိတ်သွားပြီးမှ ခပ်ဖြည်းဖြည်းဆိုလာ၏။
"ဒီဘုန်းကြီးရဲ့ ဘွဲ့နာမည်က ဝူဖားဖြစ်ပါတယ်"
သူ ခေတ္တမျှရပ်နားလိုက်ပြီးမှ တစ်ခုချင်းရှင်းပြလာသည်။
"အမှားအမှန်ကို ဉာဏ်အလင်းဖြင့်သဘောပေါက်ခြင်း ဆိုတဲ့ ဝူ၊ ဗုဒ္ဓလမ်းစဥ်ရဲ့ တရားဓမ္မဆိုတဲ့ ဖားပါ"
အရာရှိက ဝူဖားကို အကဲခတ်သလို သေချာကြည့်ရှုနေပြီးမှ မြို့ဝင်ခွင့်စာကို ထုတ်ပေးလာသည်။
"ကျေးဇူးတင်ပါတယ်"
ဝူဖားသည် ဝင်ခွင့်စာကိုလက်ခံကာ ချင်းယွင်မြို့တော်ထဲသို့ ဝင်ရောက်လာခဲ့တော့၏။
ပျားပန်းခတ်စည်ကားနေသော ချင်းယွင်မြို့တော်ကြီးကိုကြည့်ရင်း ဝူဖားပြုံးမိသည်။
"ဗုဒ္ဓသာသနာထွန်းကားရာ အချက်အချာနယ်မြေပါလား"
သူသည် အမှန်စင်စစ် ကွေ့ယွမ်ဘုရားကျောင်းမှ ဟွေ့ချင်းဖြစ်သည်။ ကွေ့ယွမ်ဘုရားကျောင်းမှ ထွက်ခွာလာပြီးနောက် ချင်းယွင်မြို့တော်ဆီသို့ တန်းတန်းမတ်မတ်ရောက်လာခဲ့ခြင်းပင်။
ကနဦးတွင်တော့ တိုက်ရိုက်ပျံသန်းဝင်ရောက်လာဖို့သာ စီစဥ်ထားခဲ့သည်။
သို့သော် သူသည် ကွေ့ယွမ်ဘုရားကျောင်းတွင်သာ ကြီးပြင်းလာခဲ့သည့် ငယ်ဖြူရဟန်းတစ်ပါးဖြစ်သည့်အလျောက် ခရီးထွက်ရသည့်အကြိမ်ရေ အလွန်နည်းပါးလှသောကြောင့် ချင်းယွင်သို့အလာတွင် ခြေလျင်ခရီးကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်၏။
အဓိကအကြောင်းရင်းမှာတော့ ဗုဒ္ဓလမ်းစဥ်ကို ပို၍နားလည်သဘောပေါက်ဖို့ပင်။
ချင်းယွင်မြို့တော်တွင် သာသနာထွန်းကားပြန့်ပွားလှသည်ကို သူသိထားသော်လည်း အခြားသောနေရာများဖြင့် မည်သို့ကွဲပြားခြားနားကြောင်း သူသေချာမသိထားရသေး။
လမ်းခရီးတစ်လျှောက်တွင် သူသည် လောကီလူသားတို့၏ အကြောင်းအရာပေါင်းစုံကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
မကောင်းမှုဒုစရိုက်များ၊ ကြင်နာသနားမှုများ၊ သတ်ဖြတ်ညှင်းပန်းခြင်းများနှင့် ဆန်းပြားထွေပြားလှသော လုပ်ရပ်ပေါင်းစုံ ရောနှောတည်ရှိနေခဲ့၏။
အကယ်၍ သူသာ လက်ရှိတွင် ဝိညာဥ်အခြေတည်ကျင့်ကြံဆင့်ကို ပိုင်ဆိုင်မထားခဲ့ပါက ဤမြို့သို့မရောက်မီ လမ်းတွင် အကြိမ်ပေါင်းများစွာ အသတ်ခံခဲ့ရလောက်ပြီးလေပြီ။
ဤမျှ များပြားပွေလီလှသော လူ့အရေးကိစ္စများကို ကြုံတွေ့ခဲ့ရပြီး လက်ရှိချင်းယွင်မြို့တော်နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ချင်းယွင်မြို့တော်၏ ဗုဒ္ဓလမ်းစဥ်အပေါ် သူ၏နားလည်သဘောပေါက်မှုက ပိုမိုနက်နဲလာခဲ့သည်။
"မင်္ဂလာပါ၊ အရှင်ဘုရား ဧည့်လမ်းညွှန်လေးများ လိုအပ်ပါသေးသလား"
ဧည့်လမ်းညွှန်တစ်ယောက်က သူ့အနားတိုးကပ်လာကာ မေးလိုက်သည်။
သူ့ရှေ့ရှိ သက်ကြီးပိုင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူကိုကြည့်ကာ ဝူဖားပြုံးချိုစွာ မေးလိုက်သည်။
"ဒကာကြီးက ဘာကြောင့် ဧည့်လမ်းညွှန်လုပ်ချင်တာလဲ သိလို့ရမလား"
ဧည့်လမ်းညွှန်မှာ ထိုမေးခွန်းကြောင့် ဆွံ့အသွားရ၏။
ငါလည်း ဧည့်လမ်းညွှန်မလုပ်ချင်ပါဘူး။ အဇူရာတိမ်ဂိုဏ်းရဲ့ တပည့် ဖြစ်ချင်တာပေါ့၊ ဒါပေမဲ့ သူတို့မှငါ့ကိုလက်မခံတာလေ။
သို့သော် စီးပွားအခွင့်အလမ်းက ရှေ့မှောက်သို့ရောက်ရှိနေသဖြင့် သူ့မှာ စိတ်ရှည်လက်ရှည်ဖြင့်ပင် ရှင်းပြရသည်။
"ဝမ်းစာရှာဖို့အတွက် လုပ်ရတာပေါ့ဘုရား"
"အော်မိထော်ဖော"
ဝူဖားက ဗုဒ္ဓဂုဏ်တော်ကို တိုင်တည်ရေရွတ်လိုက်ပြီးနောက် သက်ကြီးဧည့်လမ်းညွှန်ကို ပြုံး၍ကြည့်ကာ မိန့်တော်မူလေသည်။
"ဒကာကြီးမှာ ကြီးမားတဲ့ပညာသတိရှိတာပဲ။ ဘုန်းကြီးတို့က ဒီမြို့ကြီးအလယ်မှာ ရေစက်ဆုံလို့သာတွေ့ခွင့်ရခဲ့တာ။ ဘုန်းကြီးနဲ့အတူ တရားဓမ္မ လိုက်လံကျင့်ကြံချင်ပါသလား"
"ဒီဘုန်းကြီး ရူးနေတာလား"
ဧည့်လမ်းညွှန်မှာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ရှောင်ပြေးဖို့ပြင်လိုက်သည်။
ပိုက်ဆံလေးနည်းနည်းရဖို့ ကြိုးစားရှာဖွေနေခြင်းသာဖြစ်ပါသော်ငြား တစ်ပြန်ကြီး လိမ်ညာလှည့်စားခံရလုနီးနီး။
ဘယ်လိုဗုဒ္ဓလမ်းစဥ်ကိုများ လေ့ကျင့်နေလို့ လူကိုလှည့်စားဖို့ထိလုပ်ရတာလဲ။
"ဘုန်ကြီးအနေနဲ့ ဒကာကြီးကို အပြစ်မဆိုချင်ပါဘူး။ ရေစက်ရှိပေမဲ့ အချိန်မတန်သေးတာလို့သာ သတ်မှတ်ရမှာပါပဲ"
ဝူဖားက ခေါင်းတခါခါဖြင့် ချင်းယွင်မြို့တော်တွင်းဆီသို့ ဆက်လက်လျှောက်လှမ်းသွားခဲ့လေသည်။
ဧည့်လမ်းညွှန်လူကြီးမှာ ဝူဖား၏ကျောပြင်ကိုကြည့်ကာ ငေးမှိုင်ကျန်ခဲ့လေသည်။ ဒီချင်းယွင်မြို့တော်ကတော့ လူပေါင်းစုံကိုရှိနေတာပါလား။
ချင်းယွင်မြို့တော်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ဖူးသဖြင့် ဝူဖားသည် မြို့တော်၏ စည်းမျဉ်းစည်းကမ်းများကို ကောင်းစွာသိရှိထားကာ ယာယီနေထိုင်ခွင့်လက်မှတ်လျှောက်ထားရန် သက်ဆိုင်ရာဌာနဆီသို့ တန်းတန်းဦးတည်ခဲ့လေသည်။
ယာယီနေထိုင်ခွင့်လျှောက်ထားသည့်နေရာသို့ ရောက်ရှိပြီးနောက် အချိန်အတော်ကြာ စဉ်းစားသုံးသပ်ပြီးမှ အိမ်ထောင်စုစာရင်းပါ တရားဝင်လျှောက်ထားရန် ဆုံးဖြတ်လိုက်သည်။
ဤချင်းယွင်မြို့တော်တွင် ကာလကြာရှည်နေထိုင်သွားဖို့ သေချာသလောက်ရှိနေသည်မဟုတ်လော။
ချင်းယွင်မြို့တော်တွင် အိမ်ထောင်စုစာရင်းမှတ်ပုံတင်သည့်အခါ ဝူဖားသည် မိမိ၏ လက်ရှိကျင့်ကြံဆင့်ကို ဖုံးကွယ်ထားခဲ့ပြီး ရွှေအမြုတေအဆင့်ရှိသည်ဟုသာ ထုတ်ပြခဲ့လိုက်သည်။
ရွှေအမြုတေကျင့်ကြံဆင့်သို့ နှိမ့်ပြောခဲ့ပါသော်ငြား မြို့တော်၏ အဆင့်အလိုက် ခြံဝင်းထောက်ပံ့မှုကိုတော့ ရရှိဆဲပင်ဖြစ်သည်။
ဝူဖားက ထောက်ပံ့မှုကို ငြင်းပယ်ခြင်းမပြုခဲ့ပေ။ ခြံဝင်းပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းရယူပြီးနောက် သူသည် ထိုနေရာတွင် သွားရောက်နေထိုင်ခြင်းမပြုဘဲ လမ်းမများပေါ်သို့သာ ဆက်လက်ထွက်ခွာလာခဲ့၏။
"ဟေ့ ကတုံးကြီး၊ ဒီအဘိုးကြီးကို လက်လေးတစ်ဖက်လောက်ကူပါဦး"
အဘိုးကြီးတစ်ယောက်က တောင်ကုန်းမြင့်ပေါ်သို့ တွန်းလှည်းတစ်စင်းအား ဆွဲတင်နေရင်းမှ အကူအညီတောင်းလာသည်။
ထိုအဖိုးအိုမှာ အတော်လေးအသက်ကြီးရင့်ပြီး အားအင်ချိနဲ့ပိန်လှီလှသဖြင့် မည်သို့ပင် အကြိမ်ကြိမ်ကြိုးစားသော်လည်း လက်တွန်းလှည်းကို အပေါ်သို့ဆွဲမတင်နိုင်ခဲ့ပေ။
ထို့ကြောင့် ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ထားခြင်းမရှိသော ကတုံးနှင့်လူတစ်ယောက်ကို ဖျတ်ခနဲတွေ့လိုက်ချိန်တွင် အဘိုးအို အမိအရလှမ်းအော်ခေါ်လိုက်တော့သည်။
ဝူဖားမှာ တစ်ခဏမျှကြောင်အသွားပြီးမှ အဘိုးအိုကိုကြည့်ကာ ကူတွန်းပေးဖို့လျှောက်လှမ်းလာသည်။
သူသည် ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် ကာယဗလခွန်အားမှာ သာမန်လူသားများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်လှသည်။ ဤသို့ဖြင့် အဖိုးအို၏ နေရာမရွေ့နိုင်သော လက်တွန်းလှည်းကို လှေကားထစ်များအပေါ်သို့ အလွယ်တကူ ကူညီတွန်းတင်ပေးလိုက်နိုင်၏။
"ကျေးဇူးပါကွာ"
အဘိုးအိုက ဝူဖားကို အထက်အောက်စုန်ဆန်အကဲခတ်ပြီးနောက် ဆိုလာသည်။
"မင်းပုံစံကြည့်ရသလောက် သာမန်လူတော့ မဟုတ်လောက်ဘူးမလား"
ဝတ်ဆင်ထားသော အဝတ်အစားများက ဟောင်းနွမ်းရိစုတ်နေသော်ငြား လူပုံပန်းမှာ အတော်သန့်ရှင်းသပ်ရပ်လှသည်ပင်။
သာမန်လူများတွင် ထိုမျှသန့်ရှင်းသပ်ရပ်သောသွင်ပြင်ကို တော်ရုံမတွေ့ရ။
ဝူဖားက ပြုံးလျက်ခေါင်းညိတ်သည်။
"ကျင့်ကြံခြင်းလမ်းစဥ်ကိုလျှောက်လှမ်းခဲ့တာတော့ နှစ်အနည်းငယ်ရှိပါပြီ"
"အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရော ရောက်ပြီးပြီလား" အဘိုးအိုက ပေါ့ပေါ့ပါးပါးပင် မေးလာသည်။
"အခြေခံကိုတော့ တည်ဆောက်ပြီးပြီလို့ ဆိုရမှာပါပဲ" ဝူဖားက ခေါင်းတညိတ်ညိတ်ဖြင့်ဆိုသည်။
သာမန်လူသားတစ်ဦးက ကျင့်ကြံသူတစ်ဦးနှင့် ရိုးရိုးရှင်းရှင်း စကားစမြည်ပြောဆိုနေသည့် ဤကဲ့သို့သောမြင်ကွင်းမျိုးကို ချင်းယွင်မြို့တော်တွင်သာ မြင်တွေ့နိုင်ပေလိမ့်မည်။
"ဒါဆို ဆရာသခင်လို့ခေါ်ထိုက်ပါပြီကွာ"
အဘိုးအိုက ချီးကျူးစကားဆိုလာသည်။
"ကဲ ဒါဆိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီးရေ၊ ဒီအဘိုးကြီးတော့ လှည်းဆက်ဆွဲလိုက်ဦးမယ်ကွာ"
ထို့နောက် လှည်းကိုဆွဲကာ သူ့လမ်းသူဆက်သွားလေတော့သည်။
ဝူဖျားသည် အဘိုးကြီးထွက်ခွာသွားသည်ကို ခဏလောက်စောင့်ကြည့်နေပြီးမှ အရှေ့သို့အပြေးသွားကာ တွန်းလှည်းကိုနောက်မှ အသာကူတွန်းပေးလိုက်သည်။
လှည်းကိုဆွဲကာ ရှေ့တူရူသို့သာဦးတည်နေသော အဘိုးကြီးသည် ရုတ်တရက် လက်ထဲမှအလေးချိန်ပေါ့သွားသည်အား ခံစားမိသောကြောင့် အမြန်ပင်နောက်လှည့်ကြည့်လာသည်။ လိုက်ပါလာသော ဝူဖားကိုမြင်တော့ သူ ကပျာကယာခြေလှမ်းရပ်လိုက်ပြီး ဆို၏။
"ကျင့်ကြံသူကြီးရေ ကျုပ်ကိုဆက်ကူညီဖို့မလိုတော့ပါဘူး။ ဒီလောက်တော့ လုပ်နိုင်ပါသေးတယ်"
"ရပါတယ်ဗျာ ကျွန်တော်လည်း တခြားလုပ်စရာမရှိလို့"
ဝူဖားက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
အဘိုးကြီးမှာ အကြိမ်အနည်းငယ် ထပ်မံငြင်းဆန်ရန် ကြိုးစားခဲ့သော်လည်း ဝူဖားက လှည်းကိုလွှတ်မပေးသဖြင့် စကားမဆိုတော့ဘဲ ဆက်သာဆွဲသွားခဲ့လေတော့၏။
ထို့နောက် တစ်အောင့်မျှကြာသော် အဘိုးအိုကထပ်လှည့်ကြည့်လာကာ ပြောလာသည်။
"ဆရာကြီး၊ ကျုပ်မှာ ခင်ဗျားကိုပေးစရာ ဘာပိုက်ဆံမှမရှိဘူးနော်"
"ဟားဟား အလကားလုပ်ပေးတာပါဗျာ" ဝူဖားက ရယ်ရယ်မောမောဆိုလိုက်သည်။
"အားလေးနည်းနည်းသုံးပေးရုံကို ဘာမှမပြောပလောက်ပါဘူး"
အဘိုးကြီးမှာ ပိုလို့ပင် ကူကယ်ရာမဲ့ဖြစ်သွားရရှာသည်။ ဒီကျင့်ကြံသူကတော့ ဘာထူးထူးဆန်းဆန်းတွေ ကြံစည်နေတာပါလိမ့်။