← Chapters

အခန်း ၄၇၁

Vol. 46 Ch. 471

အခန်း ၄၇၁

Vol. 46 Ch. 471

၄၇၁။ ဘုန်းကြီး၏အနာဂတ်

ဝူဖားသည် အသက်အရွယ်ကြီးရင့်လှပြီဖြစ်သော အဘိုးအိုကို ကူညီချင်၍ လှည်းတွန်းပေးခဲ့သော်လည်း ထိုအဘိုးအိုမှာ ဝူဖားကို လှည့်ကြည့်လှည့်ကြည့်လုပ်ကာ အတော်အနေရခက်ပုံရပြီး အနည်းငယ် ကြောက်ရွံ့နေပုံလည်းရလေသည်။

ဝူဖား ကူကယ်ရာမဲ့စွာဖြင့် စကားဆိုလိုက်သည်။

"မကြောက်ပါနဲ့၊ ဘုန်းကြီးကဒီလိုပဲကူညီတာပါ၊ တစ်ခုခုပြန်ပေးချင်တယ်ဆိုရင် ဘုန်းကြီးမေးတဲ့မေးခွန်းတစ်ခုကို ဒကာကြီးဖြေပေးပါလေ၊ ဗုဒ္ဓဘာသာကို ဒကာကြီးဘယ်လိုထင်လဲ"

"ဘာကြီးရယ်"

အဘိုးအိုမှာ ဆွံ့အသွားဟန်ရှိသည်။

"ဗုဒ္ဓဘာသာဆိုတာဘာကြီးလဲ "

"ဗုဒ္ဓဘာသာဆိုတာကိုတော့ ငါလည်းတစ်ခါမှမကြားဖူးဘူးကွ"

အဘိုးကြီးမှာ ဦးနှောက်ထဲဗလာဖြစ်လျက် ခေါင်းကိုသာခါပြလိုက်သည်။

"အဲ့ဒါကြီးက စားလို့ရလို့လား"

ဝူဖားမှာလည်း အအံ့သြကြီးအံ့သြနေရသည်။

တစ်ခဏမျှအကြာတွင် ဝူဖားသည် အားရပါးရရယ်ချလိုက်တော့၏။

"ဗုဒ္ဓလမ်းစဥ်သင်ကြားမှုတွေက စားလို့ရနိုင်တယ်တဲ့လား၊ အဖြေကောင်းပါပဲ။ ဒီဘုန်းကြီးတော့ အတွေးအမြင်သစ်တစ်ခုရသွားပြန်ပြီပေါ့"

"ကျေးဇူးပါ"

ဝူဖားက အဘိုးအိုကြီးဦးညွှတ်နှုတ်ဆက်ကာ လှည့်ထွက်လာခဲ့လိုက်သည်။

အဘိုးအိုမှာ ဝူဖားထွက်ခွာသွားသည်ကို ကြောင်တောင်တောင်ကြည့်ရင်းကျန်ရစ်ခဲ့လေသည်။ ဒီကျင့်ကြံသူတွေကတော့ တကယ်ကိုထူးဆန်းကြတာပဲ။

ဝူဖားသည် ထွက်ခွာလာပြီးနောက် စိတ်ထဲတွင် အလွန်ပင်လှုပ်ခတ်သွားရသည်။ ချင်းယွင်မြို့တော်သည် ဗုဒ္ဓတရားတော်များ ထွန်းကားရာနယ်မြေဟူသည့် ဂုဏ်သတင်းနှင့်အညီ သူ၏ ဗုဒ္ဓဘာသာဆိုင်ရာ အသိအမြင်ကို အလွယ်တကူ တိုးတက်မြင့်မားလာစေသည်ပင်။

ထိုနေ့မှစ၍ ဝူဖားသည် အိမ်တွင်မကပ်တော့ဘဲ တစ်နေ့တစ်နေ့ လမ်းကြိုလမ်းကြားများတွင်သာ လှည့်ပတ်ကျက်စားရင်း အကူအညီလိုအပ်သူများကို နေရာမရွေး အချိန်မရွေး ကူညီဖေးမရင်း သူ၏ အသိအမြင်နားလည်မှုများကို တိုးတက်အောင်ကြံဆောင်လေတော့၏။

ဝူဖား၏အပြုအမူမှာ လူအများကြား ထူးဆန်းနေသော်ငြား ဘယ်သူကမှတော အထူးတလည်အာရုံမစိုက်ခဲ့ကြ။

ဒီတိုင်း နည်းနည်းလွတ်နေတဲ့ အဆင့်နိမ့်ကျင့်ကြံသူလေးတစ်ယောက်ပဲမဟုတ်လား၊ ဘယ်သူကဂရုစိုက်နေမှာလဲ။

ချင်းယွင်မြို့တော်ရှိ လူဦးရေသိန်းချီထဲတွင် ထူးထူးဆန်းဆန်းပြုမူတတ်သူ များစွာရှိသည်မဟုတ်ပါလား။

"ဟွေ့ချင်းလား"

ထိုစဥ် ရုတ်တရက်ဖြတ်ဝင်လာသောခေါ်သံကြောင့် ဝူဖား နေရာတွင်ခဏမျှ ခဲသက်သွားခဲ့ရသည်။

မိတ်ဟောင်းဆွေဟောင်းတစ်ယောက်လား။

သူလှည့်ကြည့်လိုက်တော့ ကောင်းကင်နှလုံးသားကျွန်းမှ ယိလင်ကို မြင်လိုက်ရလေသည်။

"ဒကာမကြီး၊ ဒီဘုန်းကြီးရဲ့ဘွဲ့နာမည်က အခု ဝူဖားဖြစ်သွားပါပြီ"

ဝူဖားက နာမည်တပ်ကာ တစ်ဖန်မိတ်ဆက်လိုက်သည်။

"ဒကာမကြီးကို ဒီနေရာမှာတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"

"ဉာဏ်အလင်းရဲ့ ဝူလား"

ယိလင်က တအံ့တသြရေရွတ်လေသည်။

ကွေ့ယွမ်ဘုရားကျောင်းမှ ဘွဲ့အမည်ပေးပုံပေးနည်းမှာ အတော်လေးစနစ်ကျကာ အဓိပ္ပာယ်တိကျတတ်၏။

ဤဘုန်းကြီးသည် သူ၏ယခင်ဘွဲ့အမည်ကို စွန့်လွှတ်လိုက်ပြီး ဝူဖားဟု အမည်ပြောင်းခေါ်တွင်ထားသည်ပင်။ ကွေ့ယွမ်ဘုရား‌ကျောင်းကိုများ သစ္စာဖောက်တဲ့သ‌ဘောလား။

ဒီနာမည်ကိုမှယူထားရအောင် ဘယ်လိုတရားဓမ္မကိုများ ဉာဏ်အလင်းပွင့်သွားလို့ပါလိမ့်"

ရုတ်တရတ် သူမသည် ဝူဖားထံမှဖြာထွက်လာသော အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး ထိုအလင်းတန်းမှာ လောကတစ်ခုလုံးကို လွှမ်းခြုံလင်းချင်းစေတော့မည်ဟန် ရလေသည်။

ယိလင်မှာ ခြေလှမ်းမှားစွာ အနောက်ကိုဆုတ်လိုက်မိသည်။ ဘာတွေဖြစ်နေတာလဲ။

သို့သော် ချက်ချင်းပင် အဖြစ်အပျက်ကို သူမနားလည်သဘောပေါက်သွားခဲ့သည်။ သူမသည် ဝူဖား၏အနာဂတ်နိမိတ်ကို ထိုးဖောက်သိမြင်လိုက်ရခြင်းပင်။

သို့တိုင် တအံ့တသြဖြစ်လို့မဆုံးနိုင်သေးပေ။ ဤသို့သောနိမိတ်ပုံရိပ်၏ အဓိပ္ပာယ်မှာ ဝူဖားသည် အနာဂတ်တွင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လာတော့မည်ဟူ၍ပင်။

ဝူဖားက သူ့ကို မျက်လုံးအပြူးသားဖြင့်ကြည့်နေသော ယိလင်အား ခေါင်းအသာဆတ်ပြလိုက်၏။

"ဒကာမကြီး တခြားပြောစရာမရှိတော့ရင် ဒီဘုန်းကြီးကို အရင်သွားခွင့်ပြုပါဦး"

ထိုသို့ပြောပြီး သူ လှည့်ထွက်လာခဲ့လိုက်၏။

မိတ်ဟောင်းဆွေဟောင်းတစ်ယောက်နှင့် မတော်တဆပြန်ဆုံရုံမျှဖြင့် သူ၏ ဗုဒ္ဓလမ်းစဥ်လေ့လာရေးခရီးကို နှောင့်နှေးခံလို့မဖြစ်။

တစ်ဖက်မှာတော့ ယိလင်သည် ဝူဖား၏အနာဂတ်နိမိတ်ကြောင့် နေရာတွင်ပင် မလှုပ်မယှက် အံ့သြတကြီးကျန်ရစ်ခဲ့လေသည်။

"ဉာဏ်အလင်းတန်းပဲ"

ယိလင်က သူမဘာသာ ခပ်တိုးတိုးရေရွတ်လိုက်ပြီး ချင်းယွင်တည်းခိုခန်းဆီသို့ လှည့်ပြန်လာခဲ့လိုက်သည်။ သူမက ချွန်းရှောင်ကိုညွှန်ကြားလိုက်၏။

"ကျန်းယန်ကိုအကြောင်းကြားလိုက်၊ ငါ ချင်းယွင်မြို့တော်ထဲမှာ ထူးခြားတာတစ်ခုတွေ့ခဲ့လို့ သူကိုလူချင်းတွေ့ပြီး ပြောပြရမယ်လို့"

အခုချိန်တွင် ကွေ့ယွမ်ဘုရားကျောင်းနှင့် သူတို့၏ မဟာမိတ်အဖွဲ့မှာ ရန်ဘက်ဖြစ်နေကြသည်။

ယခု ဝူဖား၏ ဗုဒ္ဓဘာသာကျင့်ကြံမှုလမ်းစဉ်တွင် အချိုးအကွေ့ကြီးတစ်ခု ဖြစ်ပွားခဲ့ဟန်ရပြီး နောင်တွင်လည်း ကြီးမားလှသော အနာဂတ်အလားအလာရှိနေသည် ဖြစ်ရာ ဤအကြောင်းအရာကို ကျန်းယန်ထံ မဆိုင်းမတွ အကြောင်းကြားတင်ပြရပေမည်။

ချွန်းရှောင်သည်လည်း ယိလင်၏အဆင့်အတန်းကိုသိထားပြီး သတင်း၏အရေးပါမှုကို သတိထားမိဟန်ဖြင့် ကျန်းယန်ရှိရာသို့ချက်ချင်းသွားကာ တင်ပြလိုက်သည်။

ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ချွန်းရှောင်သည် ယိလင်ကို အဇူရာတိမ်ဂိုဏ်းဆီသို့ခေါ်လာရန် လူတစ်ယောက်စေလွှတ်လိုက်သည်။

"ဘာတွေ့ခဲ့လို့လဲ"

ကျန်းယန်က လိုရင်းကိုသာ တည့်တည့်မေးလာသည်။

သူသည် လက်ရှိတွင် သီးသန့်ကျင့်ကြံချိန်ယူထားသည်ဖြစ်ရာ ဂိုဏ်းကိစ္စအဝဝကို ဖြေရှင်းကိုင်တွယ်နေစရာမလိုပေ။

"ကျွန်မ ဟွေ့ချင်းနဲ့တွေ့ခဲ့တယ်၊ သူကဘွဲ့နာမည်ကို ဝူဖားလို့ပြောင်းထားတာတဲ့"

ယိလင်က သူမတွေ့ခဲ့သမျှကို အရှိအတိုင်းသာပြန်ပြောပြသည်။

"ကျွန်မ သူ့အနာဂတ်နိမိတ်ကိုလည်း ဝိုးတဝါးမြင်လိုက်ရတယ်။ နောင်တစ်ချိန်မှာ သူက အံ့မခန်းလောက်အောင်အင်အားကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်၊ ကျွန်မမြင်လိုက်ရတဲ့အလင်းတန်းဟာဆိုရင် လောကကြီးတစ်ခုလုံးကို အလင်းပေးနိုင်တဲ့အထိ ကျိန်းစပ်တောက်ပနေတာ"

"ဟုတ်သလား"

ကျန်းယန်၏မျက်လုံးများလည်း ပြူးကျယ်သွားရသည်။

သူ့အနေဖြင့် ဟွေ့ချင်းကိုမတွေ့ရသည်မှာ နှစ်အတော်ကြာလှပြီဖြစ်သောကြောင့် ထိုရဟန်းမှာ ဗုဒ္ဓဘာသာကို စွန့်လွှတ်လိုက်ပြီဟုသာ ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။

မထင်ထားစွာဖြင့် ထိုရဟန်းသည် ဘွဲ့အမည်ကိုပင် ဉာဏ်အလင်းပွင့်ခြင်းဟုအဓိပ္ပာယ်ရသော ဝူဖားဟု ပြောင်းလဲလိုက်ပြီး ချင်းယွင်မြို့ထဲသို့ပင် ရောက်ရှိနေခဲ့လေပြီ။

ယိလင်၏ အနာဂတ်နိမိတ်ဖတ်စွမ်းရည်အရ ဝူဖားသည် ဗုဒ္ဓလမ်းစဥ်ကို အဆုံးထိတိုင် စစ်မှန်စွာ နားလည်သဘောပေါက်နိုင်ကြောင်း ပို၍သေချာစွာ သက်သေပြနေလေသည်။

ကျန်းယန် ခေတ္တမျှတွေးတောလိုက်ပြီးမှ မေးလိုက်သည်။

"မင်း အနာဂတ်ကိုကြိုမြင်ရတိုင်း အဲ့ဒါတွေအကုန် တကယ်ဖြစ်လာတတ်တာလား"

ယိလင်က ခေါင်းညိတ်ပြလိုက်ပြီးမှ ပြန်လည်ခေါင်းခါပြသည်။

"ကျွန်မတို့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေအရ အနာဂတ်ဆိုတာ မရေရာပါဘူး။ ကျွန်မတို့အာရုံက အရိပ်အယောင်တစ်ခုကို မြင်တွေ့လိုက်ရတယ်ဆိုရင် အနာဂတ်အစစ်လည်းဖြစ်နိုင်သလို အဲ့လိုအနာဂတ်ဖြစ်ပေါ်လာစေဖို့ တွန်းအားတစ်ခုလည်း ဖြစ်နိုင်တယ်"

"ဒါကြောင့် ကျွန်မမြင်လိုက်တဲ့အရာတိုင်းက အနာဂတ်မှာဖြစ်ကိုဖြစ်လိမ့်မယ်လို့တော့ တပ်အပ်မပြောနိုင်ဘူး"

"ဒါပေမဲ့ ကလေးဘဝကလည်းက ကျွန်မရဲ့အတွေ့အကြုံတိုင်းမှာတော့ မြင်လိုက်ရင် ဖြစ်ကိုဖြစ်ခဲ့တာပါပဲ"

"ဥပမာ အရင် ပါရမီရှင်တိုက်ပွဲမှာတုန်းက သွေးတွေတသွင်သွင်အပြည့်စီးနေတဲ့ မြစ်ကြောင်းတွေကိုမြင်လိုက်ရတာကြောင့် ပွဲကိုတားဖို့ကြိုးစားပေမဲ့ နောက်ဆုံးတော့လည်း မြင်ခဲ့တဲ့အတိုင်းဖြစ်သွားတာပါပဲ"

ကျန်းယန်၏မျက်ခုံးများက ပိုလို့နက်ရှိုင်းစွာ တွန့်ချိုးလာသည်။

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူသော အချိန်ကာလသုံးခုသည် သုတေသနများနှင့် သီအိုရီများစွာတွင် အဓိကအကြောင်းအရာအဖြစ် ပါဝင်ခဲ့ဖူးသည်။

ထိုသီအိုရီများကလည်း မှန်ကန်ကြောင်းသက်သေ ရှိပါသလား။

သူသည် ကောင်းကင်နှလုံးသားကျွန်းမှ အနာဂတ်ဆီသို့ ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရသော ဝတ်ရုံနက်ဝတ်အမျိုးသားကို ရုတ်တရက်သတိရသွားကာ မေးလိုက်သည်။

"ကောင်းကင်နှလုံးသားကျွန်းကနေ အနာဂတ်ဆီ ပြည်နှင်ဒဏ်ပေးခြင်းခံရတဲ့ ဝတ်ရုံနက်နဲ့လူက အချိန်တန်ရင် အဲဒီနေရာမှာ သေချာပေါက်ပြန်ပေါ်လာမှာလား"

"အနာဂတ်ကိုရောက်တဲ့အခါ အဲ့ဒီဝတ်ရုံနက်နဲ့လူ ပြန်ပေါ်မလာတာရော မဖြစ်နိုင်ဘူးလား။"

"ဒါမှမဟုတ် အချိန်အတိအကျပေမဲ့ နေရာပြောင်းပြီး ပြန်ပေါ်လာမယ်ဆိုရင်ရော။"

ယိလင်က ခေါင်းကိုတွင်တွင်ခါပြသည်။

"အချိန်ခရီးသွားလွန်းပျံယာဉ်က ကျွန်မတို့ ကောင်းကင်နှလုံးသားကျွန်းရဲ့ အစွမ်းထက် အမတလက်နက်တစ်ခုပါ။ သူက ကောင်းကင်နှလုံးသားကျွန်းကို အန္တရာယ်ကနေ အကြိမ်ကြိမ်ကယ်တင်ပေးခဲ့ဖူးတာပဲ။ ဘာပြဿနာမှရှိလာမှာ မဟုတ်ပါဘူး"

"ကျွန်မတို့တစ်ခါက အင်အားကြီးရန်သူတွေကို အနာဂတ်ဆီ ပြည်နှင်ဒဏ်ပေးခဲ့ဖူးတယ်၊ သတ်မှတ်ထားတဲ့အချိန်မှာ အဲဒီရန်သူတွေ အဲဒီနေရာမှာပဲပြန်ပေါ်လာတာကို ကျွန်မတို့ကြိုစောင့်ပြီး ရှင်းလင်းအောင်မြင်ခဲ့ဖူးတယ်"

"ဒါကြောင့် အဲ့ဒီဝတ်ရုံနက်နဲ့လူလည်း နောင်ဆယ့်ငါးနှစ်အကြာမှာ အဲ့ဒီနေရာမှာပဲ သေချာပေါက် ပြန်ပေါ်လာလိမ့်မယ်"

"အခုဆိုရင် ဆယ့်ငါးနှစ်တောင်မလိုတော့ပါဘူး"

"ငါနားလည်ပြီ" ကျန်းယန်က ခေါင်းညိတ်လိုက်သည်။

"ဝူဖားနဲ့ပက်သက်တဲ့ကိစ္စတော့ ငါသေချာစဥ်းစားပြီးမှ ဘာလုပ်ရမလဲထပ်ပြောပေးမယ်"

"မိစ္ဆာဘုရင်နဲ့လည်း ဆွေးနွေးစရာကိစ္စလေးတွေ ရှိနေသေးလို့ မင်းကိုအချိန်အကြာကြီးဆွဲမထားတော့ပါဘူး"

ကျန်းယန်က သူမအား ပြန်ရန်စကားစသဖြင့် ယိလင်းလည်း ဘာမှဆက်မပြောဘဲ တောင်အောက်သို့သာဆင်းလာခဲ့လိုက်သည်။

သူမသည်လည်း ချင်းယွင်မြို့သူတစ်ပိုင်းဖြစ်နေလေပြီ။ အရင်နှစ်များတုန်းက အဇူရာတိမ်ဂိုဏ်းသို့ အခေါက်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့ဖူးသဖြင့် အ‌တော်လေးကျွမ်းဝင်လျက်ရှိကာ စည်းကမ်းချက်များကိုလည်း အတိအကျလိုက်နာနေစရာမလိုတော့။

ကျန်းယန်သည် ယိလင်ထွက်သွားသည်အထိ စောင့်နေပြီးမှ အနောက်တောင်တားမြစ်နယ်မြေဆီသို့ ထွက်လာခဲ့လိုက်သည်။

"စီနီယာတို့ အချိန်ခရီးသွားခြင်းအကြောင်း လေ့လာခဲ့ဖူးကြလား" ကျန်းယန်ကမေးလိုက်သည်။

မိစ္ဆာများအားလုံး ထိုမေးခွန်းကြောင့် တအံ့တသြဖြစ်သွားကြဟန်ရှိ၏။ ဂူဒူအာက ပြန်မေးလာသည်။

"မင်း အချိန်ခရီးသွားနိုင်တဲ့လူအကြောင်း ကြားလာခဲ့လို့လား။ တစ်ယောက်ယောက်က အချိန်မဟာတာအိုရဲ့ လျှို့ဝှက်ချက်တွေကို နားလည်သဘောပေါက်သွားတာလား။ အဲ့လူက ဉာဏ်အလင်းပွင့်ပြီးသွားပြီလား။ အဲ့လိုဆိုရင် ငါတို့ သူ့ကိုသတ်ပြီး သူ့ရဲ့ တာအိုအသီးအပွင့်ကိုလုယူဖို့ နည်းလမ်းရှာရမယ်"

ဤကဲ့သို့သော အံ့သြဘနန်းဖြစ်ဖွယ် တာအိုအသီးအပွင့်သည်ကား ကျင့်ကြံသူအတိုင်းအတွက် ဆွဲဆောင်မှုကြီးတစ်ခုသာပင်။

ထိုမိစ္ဆာများ၏အမြင်တွင်လည်း ကျန်းယန်သည် ထိုအဆိုပြုချက်ကို ချွင်းချက်မရှိသဘောတူပေမည်ဟု။

"ဘာတာအိုအသီးအပွင့်မှမဟုတ်ဘူး" ကျန်းယန်က ခေါင်းခါလိုက်သည်။

"အမတလက်နက်တစ်ခုပါပဲ"

"ကောင်းကင်နှလုံးသားကျွန်းက ထူးဆန်းတဲ့ အမတလက်နက်တစ်ခုကိုသုံးပြီး တစ္ဆေတမန်တော်တစ်ယောက်ကို နောက်ထပ်၁၅နှစ်အကြာ အနာဂတ်ဆီ ပြည်နှင်ဒဏ်ပေးလိုက်တာ။"

"ဒါနဲ့ သူတို့ ကောင်းကင်နှလုံးသားကျွန်းကလူတွေဆီမှာလည်း အနာဂတ်ဖြစ်ရပ်ကို ကြိုတင်သိမြင်နိုင်တဲ့ ထူးဆန်းတဲ့စွမ်းရည်တစ်ခု ရှိကြတယ်"

ဂူရွှယ်က လေးနက်စွာပြောကြားလာသည်။

"ဒါက အချိန်မဟာတာအိုရဲ့ စွမ်းအားအခွဲတစ်ခုပဲ။ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ရုံပဲဆိုရင်တော့ အဲ့ဒီတာအိုအသီးအပွင့်က ဘာမှမထူးခြားပါဘူး။ ဒါပေမဲ့ အဲဒီအမတလက်နက်ကတော့ အနာဂတ်ဆီကိုပါ ခရီးသွားနိုင်တဲ့အထိဆိုရင် အလွန်ထူးခြားတဲ့ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ရမယ်"

"ဘာကြောင့်လဲဆိုတော့ အခုအချိန်ထိ အချိန်မဟာတာအိုကို အလုံးစုံသိမြင်နားလည်တဲ့အထိ ကျင့်ကြံနိုင်ပြီး အနာဂတ်ကိုခရီးသွားနိုင်တဲ့သူ တစ်ယောက်မှ ငါမတွေ့ဖူးသေးလို့ပဲ"

"အဲ့ဒီအမတလက်နက်ကိုပဲ သွားခိုးလိုက်ပြီး သူ့ရဲ့မဟာတာအိုလမ်းစဥ်ကို လေ့လာလိုက်မယ်ဆိုရင်ရော၊ မင်းအတွက်လည်း သေချာပေါက် အကျိုးအမြတ်တစ်ခုခုရပါလိမ့်မယ်"

All Chapters