အခန်း ၄၇၃
Vol. 46 Ch. 473
၄၇၃။ စီးချင်းထိုးပွဲ
ကျန်းယန်ကတော့ စန်းစုန့်၏စကားများကို အတည်ယူဟန်မတူ။ မဟာတာအိုကို ပေါက်မြောက်တဲ့အထိ ကျင့်ကြံနိုင်တဲ့သူတစ်ယောက်ရဲ့ စိတ်ပိုင်းဖြတ်ခြင်းအကြောင်းရင်းက အဲ့လောက်ရိုးရှင်းနေနိုင်မှာတဲ့လား။
"ဘာပဲဖြစ်ဖြစ် အဆင့်ချိုးဖျက်နိုင်တာကို ဂုဏ်ပြုပါတယ်။"
ကျန်းယန်က ပြုံးလျက်ဆိုလိုက်သည်။
"ကျွန်တော်တို့ရဲ့ ထုံးတမ်းစဥ်လာအရ အဆင့်ချိုးဖျက်ခြင်းအထိမ်းအမှတ်အနေနဲ့ ဂုဏ်ပြုပွဲပြုလုပ်ပေးပါလိမ့်မယ်"
"ကောင်းတယ် ကောင်းတယ်"
စန်းစုန့်က သဘောကျစွာဖြင့် ခေါင်းကိုထပ်ခါထပ်ခါညိတ်သည်။
"ဒီတစ်ကြိမ်ရော စားပွဲဘယ်နှဝိုင်းခင်းကြမလဲဟေ၊ ဘာဟင်းတွေတည်ခင်းဧည့်ခံမလဲ စီစဥ်ရဦးမှာပေါ့"
ကျန်းယန်က ဒေါသတကြီး ပြန်ပြောလာ၏။
"ကျုပ်ကိုတကယ်ပဲ အဲ့လောက်စေတနာရှိလှပြီလို့ထင်နေတာလား၊ ဂုဏ်ပြုပွဲကျင်းပရတဲ့အကြောင်းရင်းက ခင်ဗျားကိုအသုံးချပြီး လက်ဆောင်တွေအမြတ်စားဖို့အတွက်ပဲ နားလည်လား။ ဒီချင်းယွင်မြို့တော်မှာ ကျင့်ကြံသူတွေ သိန်းနဲ့သန်းနဲ့ချီပြီးရှိနေတာ၊ အဇူရာတိမ်ဂိုဏ်းက ဂုဏ်ပြုပွဲလုပ်မှတော့ သူတို့အားလုံး လက်ဆောင်တစ်ခုစီကိုင်ပြီး ရောက်အောင်ကိုလာရမှာပဲ။ ဒီတစ်ကြိမ်မှာလည်း ကျုပ်က ဝိညာဥ်ကျောက်တုံးတွေ သိန်းချီတဲ့အထိရဦးမှာ"
"အယ်"
ဆရာအိုကြီး ပါးစပ်ပိတ်သွားရတော့၏။
လင်းယွင်ကျိတို့အုပ်စုမှာတော့ ခေါင်းတယမ်းယမ်းဖြင့်သာ အသာရှောင်ထွက်သွားကြတော့၏။
မည်သို့ပင်ဆိုစေ သူတို့အားလုံး ဤသို့သောရန်ပွဲမျိုးကို အကြိမ်ကြိမ်အခါခါမြင်ဖူးပြီးဖြစ်ရာ ရေးကြီးခွင်ကျယ်မဟုတ်လှတော့။
စန်းစုန့်က နာကျင်ခါးသက်သောအပြုံးဖြင့် ကျန်းယန်အားပြောသည်။
"မင်းကွာ ဒီအဘိုးကြီးရဲ့မျက်နှာကို ဒီလောက်ထိရက်ရက်စက်စက် အိုးမဲသုတ်မှဖြစ်မှာလား"
ကျန်းယန်က ပြုံးစိစိဖြင့် ဘာမှပြန်မပြော။
ထိုအချိန်တွင် ချင်းယွင်မြို့တော်ထဲ၌ မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ခံစားလိုက်ရသော သတ်ဖြတ်လိုခြင်းအရှိန်အဝါကြီးကြောင့် သေမလောက်ကြောက်ရွံ့ထိတ်လန့်နေကြရသည်။ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားလှစွာ လက်ဆောင်များကိုထုပ်ပိုးရင်း အဇူရာတိမ်ဂိုဏ်းမှ မကြာခင်ကျင်းပမည့်ဂုဏ်ပြုပွဲကြီးအား တက်ရောက်ဖို့ပြင်ဆင်နေကြတော့၏။
သူတို့ ချင်းယွင်မြို့တော်ထဲနေထိုင်လာသည်မှာ နှစ်များစွာကြာမြင့်ခဲ့လေပြီ။ အဇူရာတိမ်ဂိုဏ်းတွင် ကျင့်ကြံဆင့်တစ်ခါချိုးဖျက်သည်နှင့် ထုံးထမ်းစဥ်လာအတိုင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲတစ်ခုရှိလာတော့မည်ကို ကြိုသိထားကြပြီးဖြစ်သည်။
သူ၏ သင်ကြားပို့ချမှုများကို နာကြားမှတ်ယူရန် တန်းစီရောက်ရှိနေကြသည့် သိန်းချီသော ကျင့်ကြံသူလူတန်းကြီးကို မြင်လိုက်သောအခါမှ စန်းစုန့်မှာ စိတ်လက်ပေါ့ပါးရွှင်မြူးသွားရကာ ကျင့်ကြံသူတို့ကို မိမိတတ်မှတ်ခဲ့သမျှအား ရက်ရောစွာ ပို့ချဟောကြားပေးလေတော့၏။
လေ့ကျင့်ရေးကွင်းပြင်ကြီးထဲတွင် စုစည်းနေကြသော လူစုလူဝေးကြီးကို မျက်မှောင်ကြုတ်ကြည့်ရင်း ကျန်းယန်မေးလိုက်သည်။
"ဆရာ၊ တာအိုဆရာအိုကြီးတောင် နောက်တစ်ဆင့်တက်သွားပြီ၊ ဦးလေးခုနစ်က ဘာလို့ အခုထိ အဆင့်မချိုးဖျက်နိုင်သေးတာလဲ၊ တစ်ခုခုများလွဲချော်နေလို့လား"
ပိုင်ယွင်ကျိသည် သီးသန့်ကျင့်ကြံရာသို့ နောက်ဆုံးမှဝင်သွားသူဖြစ်သော်လည်း နှစ်အတော်ကြာသည်အထိ အပြင်ထွက်မလာခဲ့သေး။
အဇူရာတိမ်ဂိုဏ်း၏ ခုနစ်ယောက်မြောက်အကြီးအကဲဖြစ်သော ပိုင်ယွင်ကျိတစ်ယောက်သာလျှင် သီးသန့်ကျင့်ကြံရာမှ ထွက်မလာသေးသော တစ်ဦးတည်းသောသူပါပင်။
ချင်းယွင်ကျိ၏အမူအရာက တစ်နည်းတစ်ဖုံ လေးနက်သွားခဲ့သည်။ သူ ပိုင်ယွင်ဖုန်းကိုတစ်ချက်လှမ်းကြည့်ပြီး ဆိုလိုက်သည်။
"အစ်ကိုခုနစ်က အိပ်ပျော်နေတာလေ"
သူ၏ကျင့်ကြံရေးနည်းလမ်းမှာ သူများနှင့်မတူ တမူထူးခြားသည်။ ဤတစ်ခေါက်အိပ်ပျော်နေရာမှ ပြန်နိုးထလာချိန်တွင်တော့ တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖျက်ပြီးလောက်သင့်လေပြီ။
သို့သော် သူ၏ကျင့်ကြံရေးလမ်းစဥ်သည် ဝိညာဥ်သန့်စင်ခြင်းကို အဓိကထားလေသောကြောင့် နှစ်ခြိုက်စွာအိပ်မောကျသွားရာမှ ပြန်လည်နိုးထလိုစိတ်မရှိတော့မည်ကိုတော့ စိုးရိမ်ရတတ်၏။
"ကျွန်တော်တို့ဝင်သွားပြီး နှိုးလိုက်ရင်ရော"
ကျန်းယန်ကမေးလိုက်သည်။
ချင်းယွင်ကျိ၏အမူအရာမှာ အခက်တွေ့နေဟန်ရှိ၏။ သူလည်း စိုးရိမ်ပါသော်ငြား ပိုင်ယွင်ကျိကိုနှိုးလိုက်မှ အရှိန်မှန်မှန်နှင့်သွားနေသော ကျင့်ကြံရေးလမ်းကြောင်းအား ကြားဝင်ဖြတ်လိုက်သလိုဖြစ်မှာကိုလည်း စိုးရသေးသည်ပင်။
သို့သော် ပိုင်ယွင်ကျိသာ ပြန်လည်နိုးထလိုစိတ်မရှိခဲ့လျှင်တော့ ပြဿနာကကြီးလေပြီ။
အဘယ့်ကြောင့်ဆိုသော် ပိုင်ယွင်ကျိသည် ဝိညာဥ်စွမ်းအားကိုကျင့်ကြံခြင်းဖြစ်သောကြောင့် တံခါးပိတ်ကျင့်ကြံရာတွင်လည်း သူများနှင့်တူလေ့မရှိ။
"နောက်တစ်နှစ်လောက် ထပ်စောင့်ကြည့်ရအောင်ပါ"
ချင်းယွင်ကျိက ပြတ်သားစွာဆိုသည်။
"လောင်ချီရဲ့ပါရမီစွမ်းရည်အရဆိုရင် ကျင့်ကြံရာကနေ ထွက်လာသင့်တာကြာပြီ"
"နောက်တစ်နှစ်စောင့်လို့မှ ထွက်မလာသေးရင်တော့ ပြဿနာတစ်ခုခုဖြစ်နေပြီလို့ ယူဆရတော့မှာပဲ"
"ဘာပြဿနာပဲဖြစ်ဖြစ် ငါတို့အပြင်ကဝင်ဖြေရှင်းပေးရတော့မယ့်အခြေအနေ ရောက်နေပြီ"
ကျန်းယန်က ခေါင်းညိတ်လိုက်သည်။
တစ်နှစ်အတွင်းတော့ ဘာမှလက်လွန်မသွားစေဖို့ မျှော်လင့်ရမည်ပင်။
အဇူရာတိမ်ဂိုဏ်းတွင် စန်းစုန့်တစ်ယောက်ကတော့ သူကျင့်ကြံနားလည်ခဲ့သမျှကို ဟောကြားပို့ချလို့နေသည်။
ထိုအချိန်တွင် ချင်းယွင်မြို့တော်ထဲရှိ ရှို့ယိဘုရားကျောင်းမှလူများသည် စန်းစုန့် ကျင့်ကြံဆင့်ချိုးဖျက်လိုက်သည့်အကြောင်းကို ရှို့ယိဘုရားကျောင်းဆီသို့ သတင်းပို့အကြောင်းကြားခဲ့ကြ၏။
စန်းစုန့်တစ်ယောက် တာအိုဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်သို့ တက်ရောက်သွားပြီဟုကြားသော် ကျောင်းထိုင်ဆရာတော်မှာ အကြီးအကျယ် ဒေါသထွက်ပြန်တော့သည်။
စန်းစုန့်တစ်ယောက် အရင်ကတည်းက အဆင့်ချိုးဖျက်ပြီးသွားလောက်ပြီဟု သူတို့သံသရှိခဲ့သော်လည်း ထိုအချိန်က အဇူရာတိမ်ဂိုဏ်းမှ မည်သည့်တုံ့ပြန်မှုမှမရှိခဲ့သလို သူတို့အတွက် သေချာသောသက်သေအထောက်အထားလည်းမရှိခဲ့။
ယခုတော့ သေချာသွားခဲ့လေပြီ။
"ဒီသောက်အဇူရာတိမ်ဂိုဏ်းကတော့"
ကျောင်းထိုင်ဆရာတော်က ကြမ်းတမ်းစွာဆဲရေးကာ ယုစုန့်ကိုအော်ငေါက်လိုက်သည်။
"ချင်းယွင်ကျိကို အခုပဲရှေ့ထွက်ပြီး ငါနဲ့လာတိုက်ဖို့သွားပြောချေစမ်း။ ငါတို့ လူသိရှင်ကြားတိုက်ခိုက်ရမယ့်အချိန်ရောက်ပြီ။ သူရှုံးရင် စန်းစုန့်ကို ငါတို့ဆီပြန်ပေးရမယ်လို့"
ထိုလူအိုကြီးမှာ ဤနှစ်ရာပေါင်းများစွာကာလများအတွင်း တစ်ကြိမ်တစ်ခါမှ အဆင့်ချိုးဖျက်နိုင်ခဲ့သူ မဟုတ်ပါလျက် ယခုတော့ တာအိုဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်သို့ပင် တက်ရောက်သွားခဲ့လေပြီ။
နောက်တစ်ဆင့်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဖြစ်၏။
သူတို့ပင်လျှင် ကပ်ဘေးကို ဖြတ်သန်းကျော်လွန်နိုင်ခြင်းမရှိသောကြောင့် ဂိုဏ်းကြီးတစ်ခုလုံး၏ အမြင့်ဆုံးအဆင့်သည် တာအိုဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်တွင်သာ ရပ်နေခဲ့ရသည်။
ထပ်ပေါင်းဆိုရလျှင် ရှို့ယိဘုရားကျောင်းမှာ မိမိတို့ပိုင်ဆိုင်သော ဝိညာဥ်ကျောက်တုံးအမြောက်အများကို အဇူရာတိမ်ဂိုဏ်းဆီမှ အလိမ်ခံလိုက်ရလေသလားဟုပင် သံသယရှိနေဆဲအခြေအနေဖြစ်လေရာ ကျောင်းထိုင်ဆရာတော်၏ ရန်ငြှိုးဟောင်းများထဲသို့ ချော်ရည်ပူများလောင်းထည့်လိုက်သလိုသာ ရှိတော့၏။
ဓားသမားတစ်ယောက်သည် ဒေါသကိုဆွခံရလျှင် ဓားကိုအရင်ဆွဲထုတ်မည်မှာ သဘာဝပင်။
သို့သော် ဂိုဏ်းချင်းယှဥ်တိုက်ဖို့အတွက်မှာ အဇူရာတိမ်ဂိုဏ်းမှမိစ္ဆာများရန်ကို စိုးရိမ်ရသေးသဖြင့် ချင်းယွင်ကျိကို စီးချင်းထိုးစိန်ခေါ်ဖို့သာ တတ်နိုင်တော့လေမည်။
ဤသို့ဖြင့် ရှို့ယိဘုရားကျောင်းသတင်းစာတွင် ကျောင်းထိုင်ဆရာတော်သည် ချင်းယွင်ကျိအား စီးချင်းထိုးရန်စိန်ခေါ်သည့်အကြောင်း လူသိရှင်ကြား ကြေညာလိုက်လေတော့၏။
ယုစုန့်သည် အဇူရာတိမ်ဂိုဏ်းသို့ ကိုယ်တိုင်ကိုယ်ကျသွားကာ ချင်းယွင်မြို့တော်တွင်ဖြန့်ဝေဖို့ သတင်းစာများကိုလည်းသယ်ဆောင်သွားသည်။ ဤသတင်းကို ကမ္ဘာတစ်ခုလုံး မဖြစ်မနေသိကိုသိရမည်။
အဇူရာတိမ်ဂိုဏ်းသို့အရောက်တွင် ယုစုန့်သည် ချင်းယွင်ကျိနှင့်ကျန်းယန်အား မျက်နှာချင်းဆိုင်တွေ့ကာ ဆိုလေသည်။
"ဆရာတော်ရဲ့စိန်ခေါ်မှုကို အကြောင်းပြန်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ"
ကျန်းယန်က ချင်းယွင်ကျိကိုလှည့်ကြည့်ကာ မေးလိုက်သည်။
"ဆရာ့မှာ တိုက်ဖို့ခိုက်ဖို့ အချိန်ရောရှိရဲ့လား"
ဤစိန်ခေါ်ပွဲကို လက်ခံ၏ မခံ၏မှာ ဆရာဖြစ်သူ၏ဆုံးဖြတ်ချက်အပေါ် မူတည်သည်ပင်။ သူ့အတွက်အဆင်ပြေရာကို သူကိုယ်တိုင်ရွေးချယ်လိမ့်မည်။
"ပြဿနာမရှိပါဘူး" ချင်းယွင်ကျိက ခေါင်းညိတ်လျက်ဆိုသည်။
သူသည်လည်း ကပ်ဘေးဖြတ်ကျော်ခြင်း အလယ်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကာ တာအိုနယ်ပယ်ထဲမှမိစ္ဆာများလည်း အသွင်ပြောင်းပြီးသွားပြီဖြစ်သည်။ လက်ရှိအချိန်သည် ပွဲကြီးပွဲကောင်းတစ်ခုနွှဲဖို့ အသင့်တော်ဆုံးသောအချိန်ကာလပင်။
သူ့အရည်အချင်းများကိုသွေးယူရန်နှင့် အင်အားတိုးမြှင့်ရန်အတွက် တိုက်ပွဲကောင်းကောင်းတစ်ခုကို လိုအပ်နေချိန်လည်း ဖြစ်သည်မဟုတ်လော။
ဆရာဖြစ်သူ၏ လက်ခံကြောင်းတုံ့ပြန်မှုကိုကြားသော် ကျန်းယန် ယုစုန့်ကိုပြောလိုက်သည်။
"ကျွန်တော့်ဆရာကလည်း ဆရာတော်နဲ့လက်ရည်ယှဥ်ဖို့ အချိန်ပေးချင်စိတ်ရှိတယ်ဆိုတော့ကာ တပည့်ဖြစ်သူကျွန်တော်လည်း ဘာမှထပ်ပြောစရာမရှိတော့ပါဘူး။ စိန်ခေါ်မှုကို တရားဝင်လက်ခံဖို့အချိန်ကိုသာ စောင့်မျှော်ပေးပါ။ ဒါပေမဲ့ အဇူရာတိမ်ဂိုဏ်းက တခြားဘာတောင်းဆိုမှုကို လက်ခံမှာမဟုတ်ကြောင်း အသိပေးပါရစေ။"
ဒီဆရာအိုကြီးကိုလုဖို့ နောက်ထပ်အလောင်းအစားတစ်ခုပဲမဟုတ်လား။
ဒီပြဿနာကိုပဲ ဘယ်အချိန်ထိ ရှင်းနေရဦးမှာလဲ။
ယုစုန့်ကပြုံးလျက် ကျန်းယန်အားမေးလေသည်။
"ကြည့်ရတာ ခင်ဗျားဆရာနိုင်လိမ့်မယ်လို့ ယုံကြည်မှုသိပ်မရှိထားပုံပဲနော်"
ကျန်းယန်က အလွန်တရာလေးနက်သောအသံဖြင့် ဆို၏။
"ဒါက ကျွန်တော်တို့ယုံကြည်မှုရှိမရှိ မေးခွန်းထုတ်နေရမယ့်အချိန်မဟုတ်ဘူး။ ကျွန်တော်တို့ ဂိုဏ်းသားအချင်းချင်း ခင်ဗျားတို့ထင်တာထက် ဘယ်လောက်တန်ဖိုးထားပြီး ကာကွယ်ပေးတတ်သလဲဆိုတာ သက်သေပြရမယ့်အချိန်ပဲ"
"ဂိုဏ်းသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ညီကိုရင်းချာမောင်နှမတွေ၊ မိသားစုဝင်တွေပဲ။ တိုက်ပွဲတစ်ခုမှာ လောင်းကြေးစားကြေးအဖြစ် ထည့်သုံးရမယ့် အရာဝတ္ထုတွေမဟုတ်ဘူး"
"ရှို့ယိဘုရားကျောင်းက ဘာလို့ ကိုယ့်လူတွေကိုယ် စည်းစည်းလုံးလုံး မထိန်းသိမ်းနိုင်တာလဲသိလား"
"ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့က ဂိုဏ်းသားတွေကို လူလိုသူလိုမဆက်ဆံခဲ့လို့ပဲ"
"ခင်ဗျားတို့ သူတို့တန်ဖိုးကို စသဘောပေါက်လာချိန်မှ သေချာဆွဲမထားမိခဲ့တာကို နောင်တတွေအကြီးအကျယ်ရပြီး အရှုံးကြီးရှုံးပြီလို့ခံစားလာရတာ၊ အဲ့ဒီအချိန်မှ သွေးရူးသွေးတန်း ဒီလိုတွေထလုပ်တော့တာပဲလေ"
"အေးပါ ဟုတ်ပါပြီ"
စန်းစုန့်က အထဲသို့လျှောက်ဝင်လာပြီး စိတ်မရှည်လက်မရှည် ဖြတ်ပြောလာသည်။
"ငါအကုန်ကြားပြီးပြီ ဟုတ်ပြီလား"
ထို့နောက် သူတို့ဘေးတွင်ထိုင်ချကာ ယုစုန့်ကို အသံနိမ့်နိမ့်လေးလေးဖြင့် ပြောလာ၏။
"ကျန်းယန်က ငါ့ခံစားချက်အတွက်စိုးရိမ်ပေးပြီး ငါ့ကို လောင်းကြေးတစ်ခုအဖြစ်အသုံးမပြုချင်တာ မင်းနားလည်တယ်မလား၊ ငါကတော့ ဘာခံစားချက်မှ သောက်ဂရုစိုက်တဲ့ကောင်မဟုတ်ဘူး"
"ဒါပေမဲ့ ငါလည်း တာအိုဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ရောက်နေပြီး နောက်ပိုင်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ထိ တက်ရောက်နိုင်ချေရှိနေတော့ မင်းတို့ရဲ့ကြီးမြတ်လှသောကျောင်းထိုင်ဆရာတော်က ဒီလောင်းကြေးနဲ့တန်ဖိုးချင်းတူညီတဲ့ ဘာပစ္စည်းကိုများ လောင်းကြေးထပ်မယ်စိတ်ကူးထားသလဲ"
စန်းစုန့်၏လေသံမှ ပြတ်သားစိမ်းသက်မှုကို အာရုံခံလိုက်မိချိန်တွင် ယုစုန့်မှာ မျက်နှာပျက်ယွင်းသွားခဲ့ရ၏။
"စန်းစုန့်၊ ဒါက ဆရာတော်ကမင်းကိုတန်ဖိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲကွ"
စန်းစုန့်ကပြုံးလျက် ဆိုသည်။
"ဆရာတော်ငါ့ကိုဘယ်လောက်ထိတန်ဖိုးထားသလဲဆိုတာ ငါသေချာမြင်တွေ့ခဲ့ရပြီးပါပြီ။ မေးတာကိုပဲဖြေ၊ ငါ့ရဲ့ တာအိုဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်နဲ့တန်တဲ့ ဘယ်လိုလောင်းကြေးကို မင်းတို့ဘက်ကပြင်ဆင်ထားလဲ"
ယုစုန့် ငြိမ်ကျသွားလေသည်။
ကျောင်းထိုင်ဆရာတော်သည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်တွင် ရောက်နေခဲ့ပြီးသည်မှာ နှစ်ပေါင်းသုံးရာကျော်ကြာလေပြီဖြစ်သောကြောင့် ချင်းယွင်ကျိကိုအနိုင်ယူဖို့လောက်ကတော့ ပြဿနာမရှိသည့်အခြေအနေပင်။
အနိုင်ကို ကြိုသိပြီးသားဖြစ်ပါလျက် လောင်းကြေးကိုတော့ မပြင်ဆင်ခဲ့ရပေ။
ယုစုန့် ငြိမ်ကျသွားသည်ကိုမြင်တော့ စန်းစုန့်ကပြုံးလျက် ဆိုသည်။
"ငါ့ဘက်က တစ်ခုတောင်းဆိုမယ်ဆိုရင်ရော"
"ကျောင်းထိုင်ဆရာတော်သာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ငါ့ရဲ့ တာအိုဘုရားကျောင်းဟောင်းလေးမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေအကုန် ဒီကိုပြန်သယ်လာပေးရမယ်။ ဘယ်လိုလဲ"
"သားမွေးအင်္ကျီစုတ်တောင်မကျန် ငါ့ဆီကိုအကုန်ပို့ပေးရမယ်။ တစ်ခုခုမေ့ကျန်ခဲ့တာရှိရင် မင်းတို့က အစားထိုးဖြည့်ပေးရမယ်"
"ဘာရယ်"
ယုစုန့်မှာ မျက်နှာအကြီးအကျယ်ပျက်လျက် ထအော်လာသည်။
ဤသည်မှာ ရှို့ယိဘုရားကျောင်းနှင့် လုံးလုံးလျားလျားအဆက်ဖြတ်လိုသည့် တောင်းဆိုမှုမျိုးမဟုတ်ပါလော။
စန်းစုန့်က ခပ်ဖျော့ဖျော့ပြုံးသည်။
"ဒီနှစ်တွေအတွင်း ငါလည်း အတော်လေးတွန့်ဆုတ်ခဲ့မိတာအမှန်ပဲ။ ဒါပေမဲ့ ကိစ္စတွေအများကြီးဖြစ်ပျက်ပြီးသွားတဲ့နောက် မင်းတို့ရဲ့စိတ်ရင်းအစစ်အမှန်ကို ငါမြင်ခဲ့ရပြီးပြီ။ ဒါကြောင့် ငါ့ဘက်ကလည်း စိတ်ရင်းမှန်ကိုထုတ်ပြတဲ့ သဘောပါပဲ"
"နေရာက ငှက်မွေးတံဆိပ်တော်ခန်းမမှာပဲလား"
ယုစုန့်က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ထပ်မေးလာသည်။
"မင်းတကယ်ပဲ ဂိုဏ်းကိုပြန်မလာချင်ဘူးလား၊ တကယ်လို့ ဆရာတော်ကနိုင်သွားရင်ရော"
စန်းစုန့်က ပြတ်သားခိုင်မာသောမျက်နှာဖြင့် ယုစုန့်ကိုကြည့်သည်။
"ငါသေရင်တောင် အဲ့ဒီကိုပြန်မသွားဘူး"
"ကောင်းပြီ"
ယုစုန့်၏မျက်နှာအမူအရာမှာလည်း ပကတိအေးစက်သွားတော့၏။