အခန်း ၄၇၄
Vol. 46 Ch. 474
၄၇၄။ အပယ်ခံဂိုဏ်းခွဲ
ချင်းယွင်ကျိနှင့် ဂိုဏ်းသားများမှာ စန်းစုန့်ကို တအံ့တသြလှည့်ကြည့်မိကုန်ကြ၏။
စီးချင်းထိုးပွဲကတော့ အတော်လေးခက်ခဲတော့မည့်ဟန်ပင်။
ယုစုန့်က ချင်းယွင်ကျိဘက်သို့လှည့်ကာ ဆိုသည်။
"ဂိုဏ်းချုပ်ကြီး၊ ဆရာတော်က ကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့တဲ့ပင်လယ်ကို တိုက်ပွဲတည်နေရာအဖြစ်သတ်မှတ်ထားပါတယ်။ အချိန်ကိုတော့ ဂိုဏ်းချုပ်ဘက်ကသတ်မှတ်ပေးပါ"
"လဝက်အကြာမှာ တွေ့ကြတာပေါ့"
ချင်းယွင်ကျိကဆိုသည်။
"ဟုတ်ပါပြီ၊ ဒါဆို နှစ်ပတ်နေရင် တွေ့ကြပါမယ်"
ယုစုန့်က နှုတ်ဆက်စကားဆိုကာ ပြန်သွားခဲ့သည်။
ယုစုန့်ထွက်သွားပြီးနောက် ချင်းယွင်ကျိနှင့် ကျန်းယန်တို့၏အာရုံက စန်းစုန့်ဆီသို့သာဦးတည်သွားကြတော့၏။
စန်းစုန့်က စကားစလာသည်။
"ဂိုဏ်းချုပ်ကို ကြားထဲကဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
"စန်းစုန့်၊ မင်းအဲ့လိုပြောလို့မရဘူးကွ"
ချင်းယွင်ကျိက လေသံမာမာဖြင့် ငေါက်သည်။
"တစ်ဂိုဏ်းတည်းသားချင်း ဘာဒုက္ခကိုမဆို အတူရင်ဆိုင်ရမှာပဲ။ ဘာကြောင့် မင်းဒုက္ခရယ် ငါ့ဒုက္ခရယ်လို့ ခွဲနေဦးမလဲ"
"နောက်ပြီး မင်းကိုဒီခေါ်ထားပြီးမှာတော့ ဒီပြဿနာတွေကိုတာဝန်ယူဖို့ ငါတို့အသင့်ပြင်ပြီးသားပါ"
ထို့နောက် စကားခဏရပ်လိုက်ပြီး ချင်းယွင်ကျိက ဂုဏ်ယူစွာပြုံးလာသည်။
"ဒီအချိန်တော့ ရှို့ယိဘုရားကျောင်းကို အဖြေတစ်ခု တိတိကျကျပေးမှဖြစ်တော့မယ်၊ နောက်ထပ်မနှောင့်ယှက်ရဲအောင် ရှင်းရမယ့်အချိန်ရောက်ပြီ"
"စိုးရိမ်မနေနဲ့၊ မင်းတာအိုဘုရားကျောင်းကို ငါရအောင်ပြန်ယူလာပေးမယ်၊ ဟုတ်ပြီလား"
စန်းစုန့်မှာ သူ့စကားကို ကြောင်အမ်းအမ်းနားထောင်နေလျက် နှလုံးသားထဲ ရောထွေးနေသောခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်နေခဲ့၏။
ရှိုယိဘုရားကျောင်းက ကျုပ်ဘဝနဲ့ အဇူရာတိမ်ဂိုဏ်းက လက်ရှိဘဝကို ယှဥ်ကြည့်လိုက်စမ်းပါလေ...
"ဂိုဏ်းချုပ်၊ ဆရာတော်က ကမ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်ကိုရောက်ပြီးတာ နှစ်တွေအများကြီးကြာပြီနော်"
စန်းစုန့်မှာ ဂိုဏ်းချုပ်၏တန်ဖိုးထားမှုကြောင့် မည်မျှဝမ်းမြောက်နေရပါသော်ငြား အမှန်တရားကိုတော့ တွက်ဆရပေဦးမည်။
ချင်းယွင်ကျိက ခပ်ဖွဖွပြုံးသည်။
"သူက အဲ့ဒီအဆင့်မှာ နှစ်တွေအကြာကြီးရှိခဲ့တာဆိုပေမဲ့ ကျင့်ကြံရေးလောကမှာ ဘယ်သူကဘယ်နေရာကို အရင်ရောက်ထားတယ်ဆိုတာက တကယ့်အင်အားနဲ့မသက်ဆိုင်ဘူးလေ။ တိုက်ပွဲကိစ္စကို မင်းစိတ်ပူနေစရာမလိုပါဘူး။ ငါ့တာဝန်ပဲထားလိုက်ပါ။ အခုတော့ ငါလည်း ပြင်ဆင်မှုလေးတချို့လုပ်လိုက်ဦးမယ်။ လဝက်ကြာမှ စကားထပ်ပြောကြတာပေါ့။"
ထို့နောက် ချင်းယွင်ကျိသည် သီးသန့်ကျင့်ကြံရာသို့ ပြန်ဝင်သွားလေသည်။
ကျောင်းထိုင်ဆရာတော်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ သူ့တွင် ယုံကြည်မှုအလုံအလောက်ရှိပါသော်ငြား ကြိုတင်ပြင်ဆင်ထားပါမှ ပိုလို့စိတ်အေးရမည်ဖြစ်သည်။
ကျန်းယန်မှာ စန်းစုန့်ကို ရှုပ်ထွေးသောအမူအရာဖြင့်ကြည့်နေရင်း ဘာပြောရမှန်းမသိ ဖြစ်လျက်ရှိ၏။
စန်းစုန့်သည် သူ၏ဇာတိနေအိမ်ဖြစ်သော ရှို့ယိဘုရားကျောင်းအား ရင်ဆိုင်ိစန်ခေါ်ခြင်းသည် ကျန်ရစ်သောသံယောဇဥ်ကြိုးမျှင်အားလုံးကို ဖြတ်ချခြင်းသာဖြစ်သည်။
သူရှုံးနိမ့်လျှင် သဘောတူထားသည့်အတိုင်း ရှို့ယိဘုရားကျောင်းကိုပြန်သွားပေးရမည်။ သို့သော် မည်သို့သောမျက်နှာဖြင့် ပြန်သွားရပေမည်နည်း။
အိမ်ပြန်လမ်းတွင် သေခြင်းတရားက သူ့ကိုစောင့်ဆိုင်းနေပေရော့မည်။
စန်းစုန့်ကိုယ်တိုင်က ဘဝကိုလောင်းကြေးထပ်ထားခဲ့လေရာ ကျန်းယန်တွင်လည်း ပြောစရာစကားမရှိတော့။
"ဆရာအိုကြီး ဆုံးဖြတ်ချက်ချလိုက်တာ အရမ်းလောတယ်နော်"
ကျန်းယန်ကနောက်ဆုံးတော့ သူ့ကိုဆူပူလာသည်။
"ခင်ဗျားအဲ့လောက်ထိလုပ်စရာမှမလိုတာ"
အမှန်တော့ သူကျန်းယန်ကို အစောကတည်းကကြိုပြောထားခဲ့လျှင် ကောင်လေးက ကြိုတင်စီစဥ်ပေးထားမည်ဖြစ်ရာ သူ့ကိုယ်သူလောင်းကြေးထပ်စရာအထိမလိုကြောင်း သူသိပါသည်။
စန်းစုန့် အချိန်တစ်ခုအထိ တိတ်ဆိတ်နေပြီးမှ မေးလာသည်။
"ရှို့ယိဘုရားကျောင်းရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံတွေကို မင်းသိသလား"
"မသိဘူးလေ"
ကျန်းယန်က စန်းစုန့်ကို မလေးမစားပြုရာကျမည်စိုးသောကြောင့် ထိုသို့သောမေးခွန်းမျိုး လုံးဝမမေးခဲ့ဖူး။
ဆရာအိုကြီးကလည်း တစ်ကြိမ်တစ်ခါမှ မပြောပြခဲ့ဖူးပါပေ။
"ရှို့ယိဘုရားကျောင်းတွင်းမှာ ဂိုဏ်းခွဲကိုးခုရှိတယ်။ အဲ့ဒီဂိုဏ်းခွဲကိုးခုကို ဂိုဏ်းကြီးတစ်ခုအဖြစ်ပေါင်းစည်းထားတာကြောင့် နာမည်ကို ရှို့ယိလို့ခေါ်တွင်တာလေ"
စန်းစုန့်က အေးဆေးတည်ငြိမ်စွာဖြင့်ပင် ရှင်းပြလာသည်။
"အဲ့ဒီဂိုဏ်းခွဲကိုးခုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ငါတို့ဂိုဏ်းခွဲကတော့ မှေးမှိန်ဆုတ်ယုတ်သွားခဲ့တယ်"
"ငါနဲ့ ငါ့ဆရာသခင်တို့ ရှို့ယိဘုရားကျောင်းမှာ လူရိုသေမခံရတဲ့အကြောင်းရင်းက ငါတို့ဂိုဏ်းခွဲမှာ လူတော်ရယ်လို့ ချွန်ထွက်နေတဲ့သူ မရှိလို့ပဲ။ ဒါကြောင့် ဂိုဏ်းကြီးထဲမှာ လူအသိအမှတ်ပြုမခံရဆုံးဂိုဏ်းခွဲ ဖြစ်ခဲ့တာပေါ့"
"ဆရာသခင်က မမျှော်လင့်ထားတဲ့အချိန်မှာ ဖြုတ်ခနဲကွယ်လွန်သွားခဲ့ပြီး ကျန်ခဲ့တဲ့အမွေအနှစ်ရယ်လို့လည်း မယ်မယ်ရရမရှိပါဘူး။ ငါ့ရဲ့ တာအိုနှလုံးသားကတော့ အဲ့ဒီအချိန်မှာ အမှောင်ဖုံးသွားခဲ့ပြီး ကျင့်ကြံချင်စိတ်တွေပါ ပျောက်ဆုံးသွားခဲ့တာ"
"သူမဆုံးခင် ချင်းရှုဆိုတဲ့တပည့်လေးတစ်ယောက် ခေါ်သွားပေးခဲ့တယ်။ ဒါပေမဲ့ သူ့ကိုယ်ကျင့်စရိုက်ကြောင့် ကျန်တဲ့ဂိုဏ်းသားတွေနဲ့ ပုလဲနံပမသင့်လှဘူး။ ဒီလိုနဲ့ ငါတို့ဂိုဏ်းခွဲက ရှို့ယိဘုရားကျောင်းမှာ အဆင့်နိမ့်ဆုံးဖြစ်ခဲ့ရတာလေ"
"ကံကောင်းတာကတော့ ငါတို့ဂိုဏ်းခွဲက ဘယ်သူ့မျက်နှာမှကြည့်မနေတတ်တာပဲ။ တခြားဂိုဏ်းခွဲတွေဆီက အထင်သေးခံနေရလည်း ငါတို့ရဲ့အဆင့်အတန်းနဲ့နာမည်ကို ကောင်းကောင်းထိန်းသိမ်းထားနိုင်တဲ့အတွက် ဘယ်သူမှဘာမှ ပေါ်တင်မပြောရဲခဲ့ကြဘူးပေါ့"
"ဒါကြောင့် ငါတို့ အဇူရာတိမ်ဂိုဏ်းကိုရွှေ့သွားတော့လည်း သူတို့က သိပ်အာရုံမထားခဲ့တာပဲ"
"မင်းကတော့ ငါတို့ဂိုဏ်းခွဲဟာ ယှဥ်ဘက်မရှိကမ္ဘာ့ထိပ်သီးအဖွဲ့အစည်းလိုထင်ရအောင် ကြွားလုံးတွေအလွန်ထုတ်ခဲ့တာ၊ ငါက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုတက်မယ့် ပါရမီရှင်လို့ မင်းယုံကြည်ခဲ့ပြီး ချင်းရှုကိုလည်း လက်နက်တီထွင်ရာမှာ ပံ့ပိုးခဲ့ နေရာပေးခဲ့တယ်။ ဒီလိုအခြေအနေတွေကြောင့် သူတို့ဘက်ကတစ်ပြန် လက်မလွှတ်နိုင်ဖြစ်လာခဲ့တာလေ"
"သူတို့မျက်လုံးထဲမှာ ဒီဂိုဏ်းခွဲခေါင်းဆောင်ကို ရှို့ယိဘုရားကျောင်းဆီပြန်ခေါ်လို့ရလောက်သေးတယ်လို့ ထင်နေကြဦးမှာပေါ့"
"လက်ရှိအခြေအနေအရ ငါတို့ပြန်သွားမယ်ဆိုရင်လည်း ဘုရားကျောင်းထဲမှာ နေရာတစ်ခုတော့ရမှာပါပဲ"
"ဒါတွေကြောင့် သူတို့က ငါတို့ပြန်လာဖို့ကို အသည်းအသန်ကြိုးစားနေကြတာ"
ကျန်းယန်မှာတော့ ပြောစရာစကားမဲ့နေခဲ့ရသည်။ စန်းစုန့်နှင့်ချင်းရှုတို့ ဂိုဏ်းခွဲတစ်ခုတည်းမှလာကြောင်း သူစောစောသိခဲ့ရလျှင် အခြေအနေကို အခြားနည်းတစ်မျိုးဖြင့် ကိုင်တွယ်ဖြေရှင်းပေးခဲ့မည်ပင်
သူ ဖြည်းညင်းစွာမေးလိုက်သည်။
"ဒါဆို ငှက်မွေးတံဆိပ်တော်ခန်းမကို စကားထဲထည့်ပြောလိုက်တာက ခင်ဗျားရဲ့ပြတ်သားမှုကို သိသာအောင်ပြလိုက်တာပဲပေါ့"
စန်းစုန့်က သက်ပြင်းတစ်ချက်ကို လေးပင်စွာချသည်။
"ကောင်စုတ်လေးရာ၊ ရိုးရိုးသားသားပြောရရင် ငါလည်း ရှို့ယိဘုရားကျောင်းမှာ ပျော်ခဲ့ရတာမှမဟုတ်တာပဲ"
"အဲ့ကလူတွေ ငါတို့ကို အမှိုက်လိုဆက်ဆံစောင်းမြောင်းနေတာမြင်လည်း ဘာမှမလုပ်နိုင်ခဲ့တဲ့အခြေအနေကြီးလေ"
"ဒါပေမဲ့ ဒါငါ့ဂိုဏ်း၊ ငါ့ဆရာရဲ့ဇာတိဂိုဏ်း ဆိုတဲ့အတွေးနဲ့ ဘာမှပြန်မလုပ်ဘဲငြိမ်နေခဲ့ရတာ၊ မင်းငါ့ကိုဒီခေါ်လာတော့လည်း ငါ့မှာ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်ကလွဲ တခြားမရှိဘူး။ ပြန်သွားချင်စရာအကြောင်းမှလည်းမရှိတာလေ၊ မင်း ချင်းရှုကိုပါ ဒီခေါ်လာလိုက်တော့ ငါ့မှာ ပိုတောင်ပြန်ချင်စိတ်မရှိသေးတယ်"
"အနည်းဆုံးတော့ ငါ့ကို ဂိုဏ်းချုပ်ကိုယ်တိုင်က ခေါ်လာပေးခဲ့တာပဲကိုး၊ နောက်ပြီး မင်းကငါတို့ကို မိစ္ဆာတွေကိုနှိမ်နင်းပြီး လောကမှာလူလုံးထွက်ပြဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒီလိုတွေကြောင့် ငါလည်း အဇူရာတိမ်ဂိုဏ်းမှာ အခြေချနေလိုက်ဖို့ စိတ်ပါလာခဲ့တာ"
"ငါဝန်ခံပါတယ်။ ငါရှောင်ပြေးနေခဲ့တာကြာပြီ။ ဒါပေမဲ့ ဘယ်လိုပဲကြိုးစားပါစေ အမှန်တရားလက်အောက်က လွတ်နိုင်တဲ့လမ်းဆိုတာမရှိဘူးလေ။ နောက်ဆုံးတော့လည်း သူတို့ကို ပြန်ပြီးရင်ဆိုင်ရဦးမှာပါပဲ"
"ဒီတစ်ကြိမ်တော့ ငါရှောင်မပေးတော့ဘူး။ ဆုံးဖြတ်ချက်လည်းချပြီးပြီမလို့ သေသေရှင်ရှင် ငါ့စိတ်ကိုပြောင်းမှာမဟုတ်တော့ဘူး"
"ဒီတော့ ဘာဆက်လုပ်မှာလဲ" ကျန်းယန်က ဖြတ်မေးလာသည်။
စန်းစုန့်က ကျန်းယန်ကိုစိုက်ကြည့်ကာ အလေးနက်ဆိုလေသည်။
"ဂိုဏ်းချုပ်နိုင်ရင် ငါနဲ့ရှို့ယိဘုရားကျောင်း ထပ်ပက်သက်စရာအကြောင်းမရှိတော့ဘူး။ ဂိုဏ်းချုပ်ရှုံးရင်တော့ ငါအဲ့ဒီကိုပြန်သွားပြီး ဆရာသခင်လက်လွှဲခဲ့တဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်ရမှာပေါ့"
"ငါဘယ်ကိုပဲသွားရသွားရ ချင်းရှုကိုတော့ မင်းဆီမှာပဲထားခဲ့မှာ၊ သူနဲ့ ရှို့ယိဘုရားကျောင်းကလည်း ဘာမှသိပ်ဆက်စပ်နေစရာ မရှိပါဘူး"
စန်းစုန့်က ကျန်းယန်မျက်လုံးများကို သေချာစိုက်ကြည့်ပြီး စိတ်ရင်းဖြင့်ဆိုလေသည်။
"ကောင်စုတ်လေး၊ မင်း ချင်းရှုကို ကောင်းကောင်းဆက်ဆံပေးမယ်လို့ငါယုံတယ်နော်၊ ငါသူ့ကိုဒီမှာထားခဲ့ရမှာပဲ စိတ်အေးနိုင်မှာ"
"တိုက်ပွဲကိုတော့ ဂိုဏ်းချုပ်လက်ထဲပဲ ဝကွက်အပ်လိုက်ပြီ"
"ဘယ်လိုရလဒ်ပဲလာလာ ငါကတော့ အသာတကြည်လက်ခံလိုက်မှာပဲ"
ကျန်းယန်က မျက်မှောင်ကိုတင်းနေအောင်ကြုတ်ထားသည်။ စန်းစုန့်စကားထဲမှ သေမထူးနေမထူးအဓိပ္ပာယ်ကို သူခံစားမိသည်ပင်။
သူ စန်းစုန့်ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။
"ဆရာအိုကြီး အမှန်အတိုင်းပြောရရင် ကျုပ်လည်းခင်ဗျားကိုပြန်မသွားစေချင်ပါဘူး"
"ခင်ဗျားက သိပ်လည်းမသန်မာဘဲ အပျင်းလည်းထူပေမဲ့ ဘာပဲဖြစ်ဖြစ် ဟင်းချက်တော့ကောင်းတယ်လေ။ ဒီတစ်ခုနဲ့တင် အရမ်းတန်နေပြီ"
"နောက်ပြီး ချင်းရှုကလည်းခင်ဗျားကို အဖေတစ်ယောက်လိုခင်တွယ်ရှာတာ၊ ခင်ဗျားမရှိရင် ချင်းရှုလည်း ဒီမှာဘယ်ပျော်တော့မလဲ"
"ဒါကြောင့် သူများတွေအတွက်ကြည့်ပေးသလို ခင်ဗျားအတွက်ခင်ဗျားလည်းပြန်ကြည့်၊ သူရဲဘောမကြောင်စမ်းပါနဲ့ဗျာ"
"မျှော်လင့်ချက်ဆိုတာ တန်ဖိုးအရှိဆုံးအရာပဲလေ"
စန်းစုန့်က စိတ်တိုတိုဖြင့်ပြန်ပြောလာသည်။
"မင်းငါ့ကိုနေစေချင်တာ ဟင်းချက်ကောင်းလို့ပဲပေါ့လေ"
ကျန်းယန်က ပြန်လည်ချေပသည်။
"ခင်ဗျား သတ်ဖြတ်ခြင်းလမ်းစဥ်ကို ကျင့်ကြံနိုင်ခဲ့တာသိပေမဲ့ တကယ်တမ်း ဟင်းချက်တာကလွဲပြီး ဘာများလုပ်နိုင်သေးလို့လဲ။ ကျုပ်ဘက်က ဘာကိုမျှော်လင့်စရာရှိသေးလို့လဲ။ သူများအထင်သေးတာကိုပဲအပြစ်မြင်မနေနဲ့၊ ကိုယ်အသုံးမကျတာလည်း ကိုယ်မြင်အောင်ကြည့်"
"ငါ...."
ထိရှခံစားနေရသော ဆရာအိုကြီးမှာ ဘာပြန်ပြောရမှန်းမသိရလောက်အောင်ပင် ဒေါသတရှူးရှူးထွက်လာရသည်။
"တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ကိုရောက်နေပြီဆိုတော့ အထွတ်အထိပ်ကိုမြန်မြန်တက်တော့၊ အဲ့ဒါမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ဆက်သွားနိုင်မှာ"
ကျန်းယန်က သူ့ကိုတရစပ်ညွှန်ကြားလာသည်။
"လူကဒီလောက်အိုနေပြီ ဆွဲစရာအချိန်မရှိတော့တာ သတိရဦး"
"အခုလောလောဆယ်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုပဲ ခေါင်းထဲထည့်တာ၊ ထွက်ပြေးချင်တာတွေ ရင်ဆိုင်ချင်တာတွေ လုပ်မနေနဲ့။ ဘာအကြောင်းလာပြပြ ကျုပ်ကလျှော့ပေးမှာမဟုတ်ဘူး နားလည်လား။"
စန်းစုန့်မှာ မခံချင်စွာတဟားဟားရယ်လိုက်ပြီး ထအော်လေသည်။
"တော်ပြီဟေ့ ရှို့ယိဘုရားကျောင်းပဲပြန်သွားတော့မယ်၊ အနည်းဆုံးတော့အဲဒီမှာ ဘယ်သူမှငါ့ကို ကျင့်ကြံဖို့ဆူပူမနေဘူး"